Pages

Saturday, September 15, 2012

အလုပ်သမားများ၏ ဆန္ဒထုတ်ဖော်မှုအချို့ ထပ်မံဖြစ်ပွား


နိုနိုအောင်
အတွဲ ၃၀ ၊ အမှတ် ၅၈၆ ( ၁၄ - ၂၀ ၊ ၉ ၊ ၂၀၁၂)

မြူးနှင့်ဆူးအထည်ချုပ်စက်ရုံအလုပ်သမားများ တောင်းဆိုချက်များ ရရှိရေးအတွက်ဆန္ဒဖော်ထုတ်နေစဉ်။
ဓာတ်ပုံ - ရတနာ

ရန်ကုန်မြို့ရှိ စက်ရုံအချို့၌ ယခုလ အစောပိုင်းမှ စတင်ခါ လုပ်ခလစာ ကို အကြောင်းပြု၍လည်းကောင်း၊ လစာတိုး ပေးမည်ဟု စက်ရုံတာဝန် ရှိသူများက ပြောဆိုထားသော်လည်း အမှန်တကယ် ဆောင်ရွက်ပေး ခြင်း မရှိသေးသည့် အတွက်လည်းကောင်း၊ အလုပ်သမား များ၏ ဆန္ဒဖော်ထုတ်မှုအချို့ ထပ်မံ ဖြစ်ပွားခဲ့သည်။

"ကျွန်မတို့ ဆန္ဒပြတာတော့မဟုတ်ပါ ဘူး။ လူတွေအကုန်လုံး ညှိပြီး လစာနည်း တာကို တောင်းဆိုမယ်ဆိုပြီး လာတာ။ အလုပ်ဝင်တာက တစ်နှစ်ကျော်သွားပြီ။ လစာကျပ် ၄၀,၀၀၀ ကနေ ကျပ် ၆၀,၀၀၀ ကြား ရတယ်။ အဲဒါက အချိန်ပိုကြေးပါ အပါအ၀င်ပေါ့။ အချိန်ပိုအပါအ၀င် အလုပ်ချိန်က မနက် ၇ နာရီ ခွဲကနေ ည ၈ နာရီခွဲအထိ ဆင်းရတယ်။ ဆုကြေး ဘာညာ အားလုံးပေါင်းမှ ကျပ် ၆၀,၀၀၀ လောက်ရတယ်"ဟု စက်တင်ဘာလ ၇ ရက်နေ့ နံနက်ပိုင်းက ရှစ်မိုင် အလုပ် သမားရုံးသို့ စုဝေးရောက်ရှိလာကြသော မြူးနှင့်ဆူး အထည်ချုပ်စက်ရုံမှ အသက် ၂၀ အရွယ် မီးပူတိုက်အလုပ်သမတစ်ဦး က ပြောသည်။

"အရင် နှစ်လလောက်ကစပြီး ကျွန်မ တို့ကို အချိန်ပို မဆင်းခိုင်းတော့ဘူး။ အချိန်ပိုမဆင်းရတော့ လစာလည်း နည်း သွားတယ်။ ကျပ် ၅၀,၀၀၀ လောက်ပဲ ရတော့တယ်။ အဲဒါ ဆုကြေးတို့၊ ရက်မှန် ကြေးတို့ ပေါင်းထားပြီးပြီ။ အခြေခံလစာ ဆို နှစ်သောင်းကျော်၊ သုံးသောင်း လောက်ပဲရှိတယ်။ နှစ်လရှိပြီ။ ကျွန်မတို့ က ည ရှစ်နာရီခွဲထိ ဆင်းရမှ၊ အိုဗာတိုင် ကြေးရမှ စားလို့လောက်တာ။ ဒီလစာနဲ့ ဆိုတော့ ဘယ်လိုမှ အဆင်မပြေတော့ ဘူး။ သူများစက်ရုံရသလိုပဲ ရချင်တယ်။ အခု အခြေခံလစာချည်းပဲကို နောက်ထပ် ၃၀,၀၀၀ တိုးပေးဖို့ တောင်းဆိုဖို့ တိုင်ပင် ထားပါတယ်"ဟု ၎င်းက ပြောသည်။

အဆိုပါ မြူးနှင့်ဆူး စက်ရုံမှအလုပ်သမား ၁,၀၀၀ ကျော်သည် လစာနည်းပါး ခြင်းကို တောင်းဆိုရန်အလို့ငှာ လှိုင်သာယာ စက်မှုဇုန်(၄) ရှိ ၎င်းတို့၏စက်ရုံမှ မရမ်းကုန်းမြို့နယ်၊ အလုပ်သမားရုံးဆီ သို့ လမ်းလျှောက်လာခဲ့ကြသည်။

စက်ရုံ၌ အလုပ်လုပ်ကိုင်နေသူ စုစုပေါင်းလူဦးရေ ၁,၃၀၀ ကျော်ရှိပြီး ပိုင်ရှင်မှာ ကိုရီးယား နိုင်ငံသားဖြစ်ကြောင်း သိရသည်။

"ကျွန်မတို့ နေမကောင်း ဖျားနာလို့ ခွင့် မရဘူး။ ခွင့်တိုင်လည်းပဲ လစာဖြတ်တာ ပဲ။ တစ်ရက်ပျက်ရင် လေး၊ ငါး၊ ခြောက် ထောင်ကနေ ၇,၀၀၀ အထိ ဖြတ်တယ်။ လစာဖြတ်တာကလည်း ပုံမမှန်ဘူး။ စူပါ တွေ စိတ်ထဲရှိတဲ့အတိုင်း ဖြတ်တာပဲ။ ကျွန်မဆို ဒီလထဲမှာ နေမကောင်းဖြစ်လို့ နှစ်ရက်ပျက်တယ်။ လစာထုတ်တော့ ၁၅,၀၀၀ လောက်ဖြတ်ထားတယ်"ဟု ၎င်းအလုပ်သမက ပြောသည်။

အလုပ်သမားများသည် စက်ရုံမှ တာဝန်ရှိသူများနှင့် ညှိနှိုင်းရာတွင် အဆင်မပြေသည့်အတွက် အလုပ် သမားရုံးသို့ လာရောက် တောင်းဆိုခြင်း ဖြစ်ကြောင်း အလုပ်သမားများ အခွင့် အရေး လှုပ်ရှားဆောင်ရွက်သည့် အဖွဲ့ အစည်းတစ်ခုဖြစ်သော Action Labour Rights မှ ကိုသူရိန်အောင်က ပြောသည်။

စက်တင်ဘာလ ၇ ရက်နေ့ နံနက်ပိုင်း ကပင် ရွှေပြည်သာစက်မှုဇုန်ရှိ ဆန်းဒါး မော်တော်ယာဉ်ထုတ်လုပ်ရေးမှ အလုပ် သမားများက ဆန္ဒထုတ်ဖော်မှုဖြစ်ခဲ့ ကြောင်း Action Labour Rights မှ ရွှေပြည်သာမြို့နယ် တာဝန်ခံ ကိုကျော် မြင့်က မြန်မာတိုင်း(မ်)ကို ပြောသည်။

စက်တင်ဘာလ ၈ ရက်နေ့က အင်းစိန် မြို့နယ်၊ ဓညင်းကုန်းရှိ အုတ်စက်၌ လည်း အစိုးရနှင့် ပုဂ္ဂလိက လွှဲပြောင်းရာ တွင် အလုပ်သမားများ အလုပ်လက်မဲ့၊ နေစရာမဲ့ ဖြစ်ရသည့်အတွက် အလုပ် သမားများက နစ်နာကြေး၊ သို့မဟုတ် နေစရာအတွက် တောင်းဆိုရန် ပြင်ဆင် နေကြောင်း အလုပ်သမားများအရေး လှုပ်ရှားဆောင်ရွက်သူ ရှေ့နေဦးဌေးက ပြောသည်။

"ဓညင်းကုန်း အုတ်စက်ကို အစိုးရက နေ ပုဂ္ဂလိကကို လွှဲပြောင်းရာမှာ အစိုးရ လက်ထက်မှာလုပ်နေတဲ့ အလုပ်သမား တွေ အလုပ် လက်မဲ့ဖြစ်နေတယ်။ အလုပ် မရှိလို့ ၀င်ငွေလည်း မရှိတော့တဲ့အတွက် ဒုက္ခရောက်နေပြီး သူတို့ကို အရင်ချထား ပေးတဲ့ တန်းလျား တွေကနေ ဖယ်ပေးရ မယ့် အခြေအနေဆိုတော့ နေစရာအဆင် မပြေဘူး။ ထိထိရောက်ရောက်ဖြေရှင်း ပေးတာမျိုးမရှိသေးဘူး"ဟု ၎င်းက ယခုလ ၁၀ ရက်နေ့က ပြောသည်။

0 comments:

Post a Comment