Pages

Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

Tuesday, February 5, 2013

ဗိုလ်ချုပ်အောင်ဆန်း၏ အရည်အချင်းများ

၁။ မောင်အောင်ဆန်းသည် ၁၉၃၂-တွင် တက္ကသိုလ်သို့ရောက်၏။ 
ထိုစဉ်က သူ့အသက် ၁၇ နှစ်သာ ရှိသေး၏။

၂။ အသက် ၂၀ အရွယ်တွင် ကျောင်းသားသမဂ္ဂမှထုတ်ဝေသော အိုးဝေမဂ္ဂဇင်း၏ တာဝန်ခံ အဖြစ် ဆောင်ရွက်ခဲ့၏။

၃။ ၁၉၃၆ ခုနှစ် အသက် ၂၁ နှစ်အရွယ်တွင် ကျောင်းသား သပိတ်ကြီး၏
ခေါင်းဆောင်အဖြစ် ပြတ်ပြတ်သားသား ဆောင်ရွက်ခဲ့၏။

၎။ အသက် ၂၂ နှစ်အရွယ်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂအသင်း၏ ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရ၏။

၅။ အသက် ၂၃ နှစ်တွင် ဗမာနိုင်ငံလုံးဆိုင်ရာ တို့ဗမာ (သခင်)အစည်းအရုံး၌ အထွေထွေ အတွင်းရေးမှူး ဖြစ်လာ၏။

၆။သာယာဝတီ ညီလာခံ၌ ဗြိတိသျှအစိုးရကို လက်နက်ဖြင့် တော်လှန်
ပုန်ကန်ရန် အစီအစဉ်များ ရေးဆွဲပေးခဲ့စဉ်က သူ၏အသက်မှာ ၂၅ နှစ်
သာရှိသေး၏။

(ထိုစဉ်သူ၏ရဲဘော် ရဲဘက်များက သူ၏လက်နက်ကိုင် ပုန်ကန်
တော်လှန်ရေး အစီအစဉ်များကို လုပ်လို့ ဖြစ်ပါ့ မလား -- လက်နက် ဘယ်ကရမှာမို့လဲ စသည်ဖြင့် သံသယရှိကြ၏။ မောင်အောင်ဆန်းသည်
ခေါင်းဆောင်ပီပီ မိမိလုပ်ငန်း၌ တွေဝေခြင်းမရှိ စိတ်အား လျော့တတ်ခြင်းမရှိ “ ဓားပြဂိုဏ်း တွေတောင်မှ လက်နက်ရအောင် ရှာနိုင်သေးတာ
ကျုပ်တို့ကောဘာဖြစ်လို့ လက်နက်မရှာ နိုင်ရမှာလဲ ”ဟု တွေဝေနေသော သူ၏ ရဲဘော်များကို ပြန်ပြောခဲ့၏။)

၇။ အသက် ၂၅ နှစ်သာသာတွင် လက်နက်ကိုင်တော်လှန် ပုန်ကန်ရေးအတွက် နိုင်ငံခြား အကူအညီ ရနိုင်ရန် မြန်မာပြည်မှ တိတ်တဆိတ်ထွက်ခွာသွားခဲ့၏။

၈။ ဗြိတိသျှတို့ကို တိုက်ခိုက်ရန် “ ဗမာ့လွတ်လပ်ရေး တပ်မတော် ” ကို ဖွဲ့စည်းကာ စစ်ဦးစီးဗိုလ်ချုပ်အဖြစ် ခေါင်းဆောင် ကွပ်ကဲ၍ မြန်မာပြည်တွင်း ချီတက်လာချိန်မှာ သူ့အသက်ကား ၂၆ နှစ်အရွယ်ပင် ရှိသေး၏။

၉။အသက် ၃၀-အရွယ်တွင် ဖက်ဆစ်ဂျပန်များကို ဦးဆောင်မှုပြု၍ 
တိုက်ခိုက် ခဲ့သည်။ မြန်မာနိုင်ငံရေး လောကတွင် မကြုံစဘူးသော အမျိုးသားညီညွတ်ရေး တပ်ဦးဖြစ်သည့် ဖဆပလအဖွဲ့ချုပ်ကြီးကို
တောင့်တင်းကြီးမားအောင် တည်ဆောက် စည်းရုံးခဲ့၏။

၁၀။ အသက် ၃၁ နှစ်အရွယ်တွင် သူတိုင်းပြည် လွတ်လပ်ရေး
အတွက် နိုင်ငံရေး နယ်ပယ်တွင် ကမ္ဘာ့ဝါရင့် နိုင်ငံရေး သမားကြီးများ
ဖြစ်သော ဗြိတိသျှ အစိုးရအဖွဲ့ ဗြိတိသျှဘုရင်ခံတို့နှင့် ဥာဏ်ကစားလျက် နိုင်ငံရေး ဆွေးနွေးနိုင်ခဲ့ ပြောဆို နိုင်ခဲ့၏။

၁၁။ ဗြိတိသျှတို့နှင့် အကြိတ် အနယ်အင်အားပြိုင် အရေးဆိုပြောကြား
ပြီးနောက် “ တစ်နှစ် အတွင်း လုံးဝလွတ်လပ်ရေးရရမယ် ” ဟု ကြုံးဝါးကတိပေးခဲ့စဉ်က အသက်မှာ ၃၂ နှစ်သာ ရှိသေး၏။

၁၂။ သူ့အသက် ၃၂-နှစ်တွင် ပထမဆုံး တိုင်းပြုပြည်ပြု လွတ်တော်ခေါ်ယူ ကျင်းပပြီးလျှင် လွတ်လပ်သော သမ္မတမြန်မာနိုင်ငံကို စတင်အုတ်မြစ်ချ
ပေးခဲ့၏။

၁၃။ သူ့အသက် ၃၃ နှစ်တွင် လွတ်လပ်ရေး ဗိမာန်ကြီးကို အုတ်မြစ်ချ တည်ဆောက်ပေးပြီး မသမာသူများ၏ လုပ်ကြံမှုဖြင့် ကျဆုံးသွားရလေ၏။

ဤအသက်အပိုင်းမျှဖြင့် သူလုပ်သွားခဲ့သော ဆောင်ရွက်ခဲ့သော လုပ်ငန်းများကို ကြည့်၍ အောင်ဆန်းသည် ဘယ်လိုလူဖြစ်သည် ဘယ်လို ပညာထက်မြက်ခဲ့သည်၊ ဘယ်လို ဆရာသမားတွေက နိုင်ငံရေး၊ ပညာရေး မျက်စိဖွင့်ပေးခဲ့သည် ဆိုသည်တို့ကို အတုယူလိုက်နာ သင့်ပေသည်။

မောင်လွင်ဟိန်းကို
Myawady News

Thursday, January 31, 2013

မြတ်လယ်တီ တက်နေလင်းသည်မို့

Thursday, January 31, 2013

- လယ်တီဆရာတော်သာ မပေါ်ထွန်း ခဲ့လျှင် ဗုဒ္ဓပိဋကတ်တော်တို့သည် လူသာမာန်တို့လေ့လာရန်မြန်မာစကားပြေဖြင့် များစွာနောက်ကျနေဦးမည်။

- လယ်တီဆရာတော်မပေါ်ထွန်းမီက ဗုဒ္ဓ ၏သတိပဋ္ဌာန်တရားတော်သည် လူသာမာန်များနှင့်မဆိုထားနှင့် ရဟန်းတော်များနှင့်ပင် လားလားမျှ
မထိုက်တန်ဟုဆိုခဲ့ကြဖူးသည်။

- လယ်တီဆရာတော်ပေါ်ထွန်းလာပြီး နောက် သတိပဋ္ဌာန်တရားတော်သည် ရဟန်းတော်များနှင့်သာမက လူသားအား လုံးနှင့်ပါထိုက်တန်သည်ဟု သာသနာ့ စည်ကြီးကိုကျယ်လောင်စွာမြည်ဟီးစေခဲ့ သည်။

- လယ်တီဆရာတော်ကြီးသည် ဘုရားရှင်၏ ပိဋကတ်တော်တို့ကို လူသာမာန်တို့ လေ့လာနိုင်စေရန်သာမက ကျင့်ကြံ ပွားများအားထုတ်
နိုင်စေရန်ပါ ရှင်းကနဲ၊ လင်းကနဲ၊၀င်းကနဲ၊ကွင်းကနဲဖြစ်အောင်
ရေးသားလမ်းညွှန်ခဲ့သော ကျမ်းဒီပနီပေါင်း ၇၀ခန့်ရှိသည်။

- ဗုဒ္ဓဘာသာကို ကမ္ဘာသို့ဖြန့်ချိသော အထင်ရှားဆုံး အဦးဆုံးသာသနာ့ အာဇာနည် ကြီးဖြစ်သည်။

- ညှိုးနွမ်းနေသော သူ့ကျွန်ဘ၀သာသနကို တက်နေ၀န်းလို ထွန်းလင်း
တောက်ပအောင် လုံ့လကြိုးကုတ် အားထုတ်တော်မူ ခဲ့သူဖြစ်သည်။

- ဆရာတော်၏များမြောင်လှသော သာ သနာ့ရေးရာနှင့်လောကဓမ္မ
ရေးရာဆောင် ရွက်ချက်များကြောင့် ဘာသာခြားအင်္ဂလိပ် အစိုးရကပင် အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ် တော်နှင့်ရန်ကုန်တက္ကသိုလ်၏ပထမဦးဆုံး ဂုဏ်ထူးဆောင်ပိဋတ္ထရပါရဂူ ဒေါက်တာ ဘွဲ့ချီးမြှင့်ဆပ်ကပ်ခြင်းခံခဲ့ရသူ သာသနာ့ နေမင်းကြီးဖြစ်သည်။

- အလွန်ကျော်ကြားသော အနာဂတ် ဆရာတော်ကြီး ဦးဘခင်နှင့်ကမ္ဘာအနှံ့ သာသနာပြုနေသော ကမ္ဘာ့ဝိပဿနာ ဆရာကြီး ဦးဂိုအင်ကာတို့သည် လယ်တီ အမွေခံသာသနာ့ အကျိုးတော်ဆောင် ကြီးများဖြစ်သည်။

ငယ်ငယ်တုန်းက မောင်တက်ခေါင်

ဗုဒ္ဓသာသနာတော်သမိုင်းတွင် နေလို လလိုထင်ရှားလာမည့် လယ်တီ
ဆရာတော်လောင်းလျာလေးကို ရွှေဘိုခရိုင်၊ဒီပဲယင်း မြို့နယ်၊စိုင်ပြင်ရွာကြီး၌ အဖဦးထွန်းသာ၊ အမိဒေါ်ကြုံးတို့မှ ၁၂၀၈နတ်တော်လဆန်း ၁၃ရက်၊
အင်္ဂါနေ့တွင် ထူးခြားသော အတိတ်၊ နိမိတ်များဖြင့် ဖွားမြင်ခဲ့သည်ဟု ကျမ်းဂန် များက မှတ်တမ်းတင်ခဲ့ကြသည်။

မွေးချင်း ငါးယောက်အနက်၊ဒုတိမြောက်သားရတနာ ဖြစ်သည်။
ငယ်နာမည် ““မောင်တက်ခေါင်”” ဖြစ်သည်။ ၁၀နှစ်သားအရွယ်တွင် စိုင်ပြင်ရွာ ကျောင်းမတိုက်ဆရာတော်ဦးနန္ဒထံတွင် စာပေစတင်
သင်ကြားခဲ့သည်။

ကိုရင်ငယ်ဘ၀ထဲကပညာဂုဏ်ပြတဲ့ ဆရာတော် အသက်၁၅နှစ်
အရွယ်တွင်စာပေ စတင်သင်ကြားရာ ဦးနန္ဒထံတွင်ပင် ရှင်သာမဏေ
ပြုခဲ့သည်။

လူအမည် မောင်တက်ခေါင် မှ သည် ကိုရင်ဥာဏစကဖြစ်သည်။ ကိုရင်ဘ၀ဖြင့် ကစ္စည်း၊သဒ္ဒါကြီး၊ အဘိဓမ္မတ္ထသင်္ဂဟကျမ်း၊၀ီထိလက်ရိုး၊
မာတိ ကာ၊ဓာတုကထာ၊ယမက၊ပဋ္ဌါနဟူသော ကျမ်းများကိုသင်ကြား
တတ်မြောက်ခဲ့သည်။

အသက် ၁၈နှစ်တွင်ဆရာတော် ဦးဂန္ဓမာထံတွင် ဗေဒင်ပညာကိုလေ့လာ သင်ကြားခဲ့သည်။ ဗေဒင်ပညာတတ်မြောက် ပြီး၊ဗေဒင်နှင့်ပတ်သက်သော ဇာတာဖွဲ့ များ လက်ရိုးလင်္ကာများကိုရေးသားခဲ့ သည်။

ကိုရင်ဘ၀ဖြင့်ပင် သဒ္ဒါဆိုင်ရာ ကျမ်းများကိုသင်ကြားစဉ် ၀စ္စ၀ါစက
ကောက်လည်းရေးခဲ့သည်။ မဟော်ကျေး စေခန်းရတုသည်လည်း ကိုရင်ဥာဏဓဇ ၏ လက်ရာပင်ဖြစ်သည်။

မြင့်မြတ်သောရဟန်းဘ၀သို့ အသက်၂၀ပြည့်သောအခါ စိုင်ပြင်ရွာ
မြင်တင်တိုက်ခဏ္ဍသိမ်၌ ဆရာတော် ဦးနန္ဒကိုဥပဇ္ဈပြု၍မြင့်မြတ်
သောရဟန်း ဘ၀သို့ ရောက်ရှိတော်မူခဲ့သည်။

လယ်တီ ဆရာတော်၏ရဟန်းဘွဲ့မှာ ““ဥာဏဓဇ”” ပင်ဖြစ်သည်။
ရဟန်းသုံးဝါအရတွင် မန္တ လေးမြို့မြောက်ပြင် မင်္ဂလာစံကျောင်းတိုက် ဆရာတော်ကြီး ဦးသုဒဿနထံ၌ စာပေ သင်ကြားတော်မူခဲ့သည်။
မင်းတုန်းမင်းကိုကူညီ ရှင်ဥာဏဓဇ မင်္ဂလာစံကျောင်းတိုက် ၌
ပညာသင်ကြားနေစဉ် ၁၂၂၅မှ၁၂၃၀ ပြည့်နှစ်အတွင်း မင်းတုန်းမင်း
တရားကြီး၏ ပဉ္စမသံဃရတနာတင် ပဋိကတ်သုံးပင် ကျောက်ထက်
အက္ခရာတင်စဉ် ““အဘိ ဓမ္မာကထာဝတ္ထု””ပါဠိတော်ကိုပြန်ဆိုတော် မူသည်။

လယ်တီဆရာတော်၏ဆရာတော်ကြီးများ ရှင်ဥာဏဓဇ၏ ဆရာတော်ကြီးများ
မှာ စံကျောင်းဆရာတော်ဦးသုဒဿန၊မကုဋါရာမကျောင်း ဆရာတော်
ဦးခေမိန္ဒ၊ စလင်းဆရာတော်ဦးပဏ္ဍိစ္စတို့ဖြစ်ပြီး၊ဆရာ တော်ကြီးများထံတွင် ပါဠိပိဋကကျမ်းဂန် များကို အဋ္ဌမထာနှင့်တကွသင်ယူခဲ့သည်။

ရဟန်းရှစ်ဝါတွင် စံကျောင်းတိုက်၌ ပထမ စာချဆရာတော်အဖြစ် တပည့်များကို ပါဠိတော်များကိုသင်ကြားပေးသည်။

စာချ ဖြစ်လာပြီးနောက် ဆရာတော်ကြီးသုံးပါးအပြင်၊အခြားဆရာတော်ကြီး
များထံတွင် စာပေများဆက်လက်ဆည်းပူးခဲ့သည်။ ၁၅၀ါ၊၁၆၀ါ တိုင်
အောင် စာပလေမချပဲ နည်းခံသင်ယူတော်မူသည်။ ဆရာတော် သည်
ရဟန်းပုဂ်္ဂိုလ်ကျော်များထံတွင် သာမက မြန်မာပညာရှိယောမင်းကြီး
ဦးဖိုးလှိုင်နှင့်ဦးဖားတို့ထံတွင် လောကီ၊လော ကုတ်္တရာ နှစ်ဖြာသော ပညာရပ်တို့ကို ဆည်းပူးခဲ့သည်။

အခြားသော စာတတ်၊ ပေတတ်၊ဗေဒင်တတ်၊ဆေးကျမ်းတတ် ပုဂ်္ဂိုလ်များ
ထံသို့သွားရောက်၍လည်း ပညာဗဟုသုတတို့ကို ၀ိရိယကြီးစွာဖြင့် ရှာမီးခဲ့သည်။

လယ်တီဆရာတော်နှင့်နွားမေတ္တာစာရှင်ဥာဏဓဇသည် ၁၂၄၄တွင် မုံရွာမြို့၊
ရွှေစည်းခုံကျောင်းတိုက် ဆရာတော် ၏ ပင့်ဖိတ်လျှောက်ထားချက်အရ ထို ကျောင်းတိုက်သို့ကြွရောက်သတင်းသုံး တော်မူပြီး စာပေပို့ချတော်မူသည်။

၁၂၄၇ တွင် မြန်မာဘုရင်သီပေါမင်းကို အင်္ဂလိပ်တို့ အကျယ်ချပြီးနောက် သူ့ကျွန်ဘ၀တွင် နွားသတ္တစာအမြောက်အများ သေကျေ ပျက်စီးမည်ကို မလိုလား၍ နွားသားစားခြင်းကိုရှောင်ကျဉ်ကာ၊အခြားသူများကို လည်း
နွားသားမစားရန် မေတ္တာရပ်ခံပြီး နွားမေတ္တာစာကိုရေးသားဖြန့်ဝေခဲ့သည်။

လယ်တီဆရာတော်ဟုခေါ်တွင်တော်မူလာပုံ

ရှင်ဥာဏဓဇ ရွှေစည်းခုံကျောင်းတိုက်၌ သီတင်းသုံးစာဝါပို့ချတော်မူနေစဉ် ၁၂၄၈ တပို့တွဲလအတွင်း မုံရွာမြို့ မြောက် အရပ်ရှိ လယ်တီတောထဲသို့ တစ်ပါးတည်း ဒေသစာရီကြွချီတော်မူ၍ ရွှေစည်းခုံ ကျောင်းသို့မပြန်တော့ဘဲ တရားအား ထုတ်တော်မူသည်။

တပည့်ရဟန်းများလိုက် လာရာလယ်တီတော၌ပင်စာဝါများပို့ချ
ပေးတော်မူရင်း ဂန္ဓဓူရ၊၀ိပဿနာဓူရနှစ်မျိုးလုံးကိုမဆုတ်မနစ်
အားထုတ်တော်မူ ရင်း ထိုနေရာ၌ ဆရာတော်ဘုန်းကံမြင့်
ကျောင်းတိုက်ကြီးများဖြစ်လာတော်မူ သည်။

လယ်တီတောထဲတွင် တည်သောကျောင်းတိုက်ဖြစ်၍ လယ်တီကျောင်းတိုက် ဟုခေါ်ဝေါ်တော်မူခဲ့ပြီး စတင်တည် ထောင်သော ရှင်ဥာဏဓဇကိုလည်း လယ်တီဆရာတော်ဟုခေါ်ဝေါ်ကြလေသည်။

ပိဋကတော်ကိုခြောက်ခြားနိုင်သည့် ဆရာတော်

၁၂၅၉တန်ဆောင်းမုန်းလတွင် ပရိ ယတ်္တိသာသနာတော်ကိုတုန်လှုပ်ခြောက် ချားသွားသည့် ““ပရမတ္ထဒီပနီ””ဆိုသော ကျမ်းမြတ်ကိုပြုစုတော်မူခဲ့သည်။ ထိုကျမ်းသည် ဗုဒ္ဓပိဋကတ်စာပေသင်ကြားရေး ဆိုင်ရာကျမ်းမြတ်
တစ်ဆူဖြစ်သည်။ ပါဋ္ဌိ လိုရေးသားသော ထိုကျမ်းမြတ်တွင် အဘိ ဓမ္မတ္ထသင်္ဂဟကျမ်းစင်အဖွင့်ဖြစ်သော ၀ိ ဘာဝနီမည်သော ဋီကာကျော်၏ ချွတ် ယွင်းချက်များကိပြတ်ပြတ်ထင်းထင်းထုတ် ဖော်ဝေဖန်မှုပြုပြီး မိမိ၏အတွေးအမြင် အယူအဆတို့ကို ရဲဝံ့ပြတ်သားမှုအပြည့် ဖြင့် ယုံကြည်ချက်ခိုင်မာစွာနှင့်ရေးသား ဖော်ပြခဲ့သည်။

ထို့ကြောင့် ““ပရမတ္ထဒီပနီ”” ကြောင့် လယ်တီဆရာတော်၏ ပညာရနံ့ သည်လည်းပို၍သင်းပျံ့ကျော်ကြားခဲ့ရ တော့သည်။ပါရမီမြောက်ပညာကြီးတဲ့ လယ်တီဆရာတော်ရဲ့ ပညာရေး ပွဲဦးထွက် ကောင်းပါတယ်။
တပည့်ရဟန်းတွေကိုသောက်သုံးရေ ကိုယ်တိုင်လှူသည့်ဆရာတော်
လယ်တီဆရာတော်သည်၊အဘိဓမ္မာသက်ဆိုင်ရာ ဋီကာကိုသာမက၊
သဒ္ဒါဘက် ဆိုင်ရာ ““နိရုတ္တဒီပနီ””ကျမ်းကိုလည်း ၁၂၆၅တွင်
ပြုစုတော်မူခဲ့သည်။

လယ်တီ ဆရာတော်သည် ပါဠိတော်တွင်သာကျွမ်း ကျင်သည်မဟုတ်
မြန်မာစကားပြေအရေးအသားလည်း အံ့မခန်းကျွမ်းကျင်တော်မူသည်၊
၁၂၅၇တွင် အိန္ဒယပြည်မဟာဗောဓိ သို့ ဘုရားဖူးကြွရန်အလာ ရန်ကုန်-မန္တလေးမီးရထားပေါ်တွင် ခက်ခဲနက်နဲသော ပဋိစ္စသမပ္ပါဒ်လင်္ကာ ၁၃ပုဒ်ကို ရှင်းလင်းစွာရေးဖွဲ့သီကုံးခဲ့သည်။ ရန်ကုန်အရောက်ကျမ်းအပြီးဖြစ်ခဲ့သည်။

လယ်တီဆရာတော်သည် တပည့် ရဟန်းတော်တို့အား စာပေပို့ချပြီး ကျမ်း ဂန်ရေးသားပြုစုတော်မူခြင်း ကမ္မဋ္ဌာန်း တရားအားထုတ်ခြင်း၊တရားဟောခြင်း၊
သာသနာပြုခြင်းစသည့် ဗုဒ္ဓကိစ္စများဖြင့် မအားမလပ်သည့်ကြားမှ လယ်တီကျောင်း တိုက်ရှိ စာသင်သားရဟန်းသံဃာတော် များအား
သောက်သုံးရေကို ကိုယ်တိုင် ခပ်၍လှူဒါန်းတော်မူသည်။

လယ်တီဆရာတော်ဘုရားကြီး၏ အမူအကျင့်များ

လယ်တီဆရာတော်ကြီးသည် မြန်မာ ပြည်အရပ်ရပ်သို့ မကြွရောက်သော
အချိန်များတွင် မိမိသီတင်းသုံးရာ လယ်တီကျောင်းတိုက်ကြီးရှိ စာသင်သားတပည့်ရဟန်း တော်များကို စာပေများကိုယ်တိုင်ပို့ချ
တော်မူသည်။ ထိုကိစ္စပြီးလျှင် ကျမ်းစ များကို ပြုစုတော်မူသည်။
ရဟန်းရှင်လူတို့တောင်းပန်လျက်ထားသည့်အခါလည်း ကျမ်းဂန်များ
ရေးလေ့ ရှိသည်။ ကျမ်းစာရေးချိန်ကိုသီးသန့်ထားလေ့ မရှိပဲ၊ အချိန်ရလျှင်ရသလိုရေးသားတော် မူခြင်းဖြစ်သည်။

စာရေးသည့်အခါ ခဲတံ ကိုသာ အသုံးပြုလေ့ရှိသဖြင့် တပည့်ရဟန်း တစ်ပါးက ခဲတံချောင်းရေ၁၀၀ကျော် ၂၀၀ခန့်ကို အသင့်ချွန်ပေးထားရသည်။
လယ်တီဆရာတော်၏စာအရေးသားသည် မြန်မာဘာသာဖြင့်လွယ်လွယ် ရှင်းရှင်းအနက်ထင်အောင်ရေးသားသော ရေးနည်းဖြစ်သည်။

ပါဠိဘာသာမသင်ရ သော မသင်ဘူးသောသူများ ဆရာတော် ၏ အရေးအသားနှင့်အလွန်ပင်ဆီလျော် လှသည်။ မြန်မာစကားပြေ
သန့်သန့်အရေး အသားကြောင့် ဘုရားဟောအဘိဓမ္မာကျမ်းများသည် ဖတ်ရှုသည် လျှောကနဲ လျှာတွေ၊ဒကာတွေက၊မျက်တွေ့၊လက် တွေ့
ဖြစ်စေသည်မှာ လယ်တီဆရာတော် ကြီး၏ သာသနာပြုပါရမီမြောက်
ဂုဏ်ရည်ကြောင့်ဖြစ်သည်။

လယ်တီဆရာတော်၏ ပိဋကတ် ဘာသာပြန်ရှင်းလင်းချက်များကို ဖတ်ရှု ကျင့်ကြံသူ ယောအတွင်းဝန်ဦးဖိုးလှိုင်က ““ဒီအရေးအသားရှင်းလင်းချက်
တွေကို ဘ၀ရှင်မင်းတရားကြီးသာဖတ်ခွင့်ရမည် ဆိုလျှင် ဘယ်လောက်
ကောင်းလိုက်လေ မလဲ””ဟု မင်းတုန်းမင်းတရားကြီးကို ရော်ရမ်းတမ်းတ
မျက်ရည်ကျခဲ့ဖူးသည်ဆို၏။

ကျမ်းဂန်ရေးသားခြင်းဆိုင်ရာ လယ်တီ ဆရာတော်ကြီးအဆို

ကျမ်းဂန်များအရေးအသားနှင့်ပတ်သက်၍
““လယ်တီဆရာတော်မဟာ ထေ ရုပ္ပတ်္တိကထာ””တွင် ဆရာတော်ကြီးက ““ပါဠိအကိုးအကားများ၍ လူသာမာန်တို့ မဖတ်နိုင်၊ခက်ခဲ၊နက်နဲမှသာ ကျမ်းပြု ဆရာဂုဏ်ထင်ပေါ်ကြသဖြင့် ပါဠိအကိုး အကားများစွာနှင့်
ထုတ်ဆောင်ကြရသော မြန်မာလူမျိုးများမှာ ဓမ္မရသ တရားအရ သာများကို မခံစားကြရဘဲ ကုသိုလ်ရရုံ လောက်နှင့်သာ တစ်ဘ၀ပြီးဆုံး
သွားကြ ရလေသည်။””
““ငါတို့သဘောက၊ကျမ်းပြုဆရာတော် ဂုဏ်မထင်မပေါ်ချင်နေပါစေ၊
ကျမ်းစာ ကြည့်ရှုကြတဲ့စာကြည့်ပရိသတ်တွေ ကွက်ကွက်ကွင်းကွင်း ထင်းကနဲ၊၀င်းကနဲ၊ အသိအလိမ္မာဥာဏ်ရှင်းမှုကိုသာ ပဓာန ထား၍
ရေးသားသော ကျမ်းစာတွေသာ များသည် ပါဠိအကိုးအကားများမှာ မထည့်လျှင် မဖြစ်မှသာထည့်သည်။ ပါဠိ ပါဋ္ဌ်သား နည်းနိုင်သမျှနည်းအောင် ဂရု စိုက်၍ရေးသည်။ သို့သော် ပါဠိတော် စည်းမျဉ်းဓမ္မစည်းမျဉ်း
အလွတ်ရေးသည် မဟုတ်၊စည်းမျဉ်းကိုက်ညီအောင်ရေးသည်”” ဟု
ဖော်ပြထားသည်။

လယ်တီဆရာတော်သည် ခက်ခဲ နက်နဲသောကျန်းဂန်များကိုသာ
လက်စွမ်း ပြရေးနိုင်သည်မဟုတ် စာနု၊စာလှ၊စာအ ဟာရများကို ကဗျာလင်္ကာများကိုလည်း ကျွန်းကျင်စွာဖွဲ့ဆိုနိုင်သည်။ဆရာတော်
ပြုစုရေးသားတော်မူသော ဂန်္ဘီရကဗျာ ကျမ်းမြတ်သည် ဆရာတော်၏
ပြောဆို ဆုံးမမူသြ၀ါဒများကို အနုပညာမြောက် ရေးဖွဲ့သီကုံးထားသော လယ်တီလက်ရာ မွန်ကဗျာကျမ်းဖြစ်သည်။

ပြည်တွင်းပြည်ပသာသနာပြုပုဂ်္ဂိုလ်ကျော်

လယ်တီဆရာတော်ဘုရားကြီးသည် ၁၂၇၅တွင် နိုင်ငံခြားသာသနာပြုအသင်း
ကို ကိုယ်တိုင်ဦးစီးတည်ထောင်ခဲ့သည်။ အနောက်နိုင်ငံများမှ ပညာရှင်
ပါမောက္ခ များမေးသမျှ အဘိဓမ္မာမေးခွန်းများကို ဗုဒ္ဓနည်းကျဖြေဆိုသဖြင့် ဆရာတော်၏ ဂုဏ်သတင်းသည် နိုင်ငံရပ်ခြားတိုင်းပြည် များထိ
ကျော်ကြားတော်မူသည်။

အနောက် နိုင်ငံပါဠိပါမောက္ခများ၏တိုက်တွန်းလျှောက်ထားချက်အရ ပါဠိအဘိဓာတ်ကျမ်းကြီး ပေါ်ထွက်အောင် မစိုးရိမ်ဆရာတော် ဦးသောမ၊
ဦးသူရိယ၊ဦးဥာဏ၊ဦးရာခိန္ဒတို့ နှင့်အတူ စီမံဆောင်ရွက်တော်မူခဲ့သည်။

ရွှေတောင်ကြီးပြိုပြီ

ဆရာတော်ကြီးသည် တစ်ဘ၀၊တစ် သာသနာအတွင်း၊စာပေပို့ချခြင်း၊
ကျမ်း ဂန်ရေးသားခြင်းကမ္မဋ္ဌာန်းအားထုတ်ခြင်း၊ တရားဟောခြင်း၊
သာသနာပြန့်ပွားအောင် ဆောင်ရွက်ခြင်း၊ကပ်ရောဂါကြုံနေရသော သူများကိုကယ်တင်ခြင်း၊မိုးခေါင်သည်ကိုသီလဖြင့်ရွာသွန်းစေခြင်းတို့ကို မနားမနေ ဆောင်ရွက်ရင်း သက်တော် ၇၈နှစ် ၀ါ တော် ၅၈၀ါအရောက် ၁၂၈၅၊ ပထမ၀ါဆို လပြည့် ဗုဒ္ဓဟူးနေ့တွင် ပျဉ်းမနားမြို့၊ လယ်တီ စံကျောင်း၌ ပျံလွန်တော်မူခဲ့သည် မှာ ဗုဒ္ဓသာသနာတော်အတွက်
တန်ဖိုး မဖြတ်နိုင်သော ရွှေတောင်ကြီးပြိုခဲ့ခြင်း ဖြစ်ပါကြောင်း။

အောင်ရဲထွန်း(ဓာတု)
The Hot News
3

လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်း

လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်း
  
January 31, 2013
 
ရန်ကုန်မြို့တော်ကြီးရဲ့ လိုင်းကားမှတ်တိုင်အချို့မှာ လိုင်းကားတစ်စီး ရပ်တိုင်း တစ်စီးနဲ့တစ်စီး အကွာအဝေးကို စာရွက်လေးနဲ့ တေးမှတ်ထားပြီး မိနစ်အပိုင်းအခြားကို ပြောပြပေးနေရတဲ့ အလုပ်သမားလေးများကို တွေ့ဖူးကြပါလိမ့်မယ်။ 

ကားတစ်စီးဝင်လာတာနဲ့ အပြေးကလေးသွားပြီး အကျိုးအကြောင်း ပြောပြရင်း စပယ်ယာ ကမ်းပေးတဲ့ငွေ လေးနှစ်ရာကျပ်ကို လှမ်းယူကာ နောက်ကားအလာကို ဆက်မျှော်ရင်း တစ်နေ့တာ ၀တ္တရားကို တာဝန်ကျေပွန်စွာ ထမ်းဆောင်နေတာကိုတွေ့ရပါတယ်။ 
ဒီလို ပြုလုပ်ပေးနေခြင်းရဲ့ ရည်ရွယ်ချက်က ကားတစ်စီးနဲ့တစ်စီး ထပ်မနေဖို့နဲ့ တစ်စီးနဲ့တစ်စီး အရမ်းကွာဟမသွားစေဖို့အတွက် အားလုံးအဆင်ပြေစေရန် အဓိကထားဆောင်ရွက်ပေးနေခြင်းပဲဖြစ်ပါတယ်။ 

ဒါပေမယ့် လိုင်းကားသမားအချို့ရဲ့ လောဘ၊ မာန၊ အတ္တတွေကြောင့် တစ်ခါတစ်ခါ (ကားချင်းပြိုင်ဖိုက်ကြတဲ့အခါ) ရည်ရွယ်ချက်များ အကျိုးမဲ့ အချည်းအနှီးဖြစ်မှန်း မသိ ဖြစ်သွားကြတာတွေ တွေ့နေရပါတယ်။ 

လိုင်းချင်းတူ ရှေ့ကားတစ်စီးကို ကျော်တက်နိုင်ဖို့ ရှေ့မှတ်တိုင်မှာ ဆင်းမည့်ခရီးသည်ကို ပြူးတူးပြဲတဲ အသဲအသန် (တွန်းမချယုံ တမယ်) တက်သုတ်ရိုက်အဆင်းခိုင်းတာမျိုး၊ တစ်ခါတစ်ခါ ရှေ့ကားကို အမှီလိုက် ဖြတ်ကျော်နိုင်ဖို့အရေး ဆင်းမည့်မှတ်တိုင်ကို ကျော်ရပ်ပြီးမှ ကမန်းကတမ်း အဆင်းခိုင်းကာ ကျော်လာတဲ့နောက် မှတ်တိုင်ကို ကားပြန်စီးဖို့ ငွေပြန်အမ်းလိုက်တာမျိုးတွေ အချို့အချို့ ကြုံဖူး ကြပါလိမ့်မယ်။ 

သူတို့ဆန္ဒပြည့်ဖို့နဲ့ သူတို့ လုပ်ရပ်ကို အချင်းမများချင်လို့ အားနာစိတ်နဲ့ ကြိတ်မှိတ်နားလည်ပေးလို့ ရပေမယ့် အန္တရာယ်များတယ်ဆိုတာ သူတို့ မသိကြဘူးလား။ သိသိကြီးနဲ့ ဖိုက်ကြ၊ မိုက်ကြတဲ့အခါ ကျွဲနှစ်ကောင်ခက်တဲ့ ကြားထဲက မြေဇာပင်ဖြစ်ရသူက ခရီးသည်တွေပဲဖြစ်ပါတယ်။ ပဲကြီးလှော်ကြား ဆားညပ်ဆိုတာမျိုးပေါ့။

တစ်စီးနဲ့တစ်စီး အလုပ်အယက် ကျော်တက်၊ “ချစ်ကိုယ့်တစ်စီးလောက်” ဆိုပြီး ကန့်လန့်ဖြတ်ဝင် ကားတန်းကြီးက လေးငါးတန်းဖြစ်သွားမှတော့ ယာဉ်ကျောတွေ ပိတ်ပြီး ကားပေါ်မှာ ပေးဆပ်လိုက်ရတဲ့ အချိန်ကာလ အပိုင်းအခြားတွေနဲ့ အလဟဿအကျိုးမဲ့လေလွင့် ဆုံးရှုံးသွားတဲ့ စက္ကန့်နာရီတွေကို လနဲ့ နှစ်နဲ့ချီတွက်ရင် နှမြောစရာ အလွန်ကောင်းကြောင်း၊ အချိန်ရဲ့ တန်ဖိုးကို သိသူတိုင်း ဒီကိစ်္စကြီးကို လိပ်ခဲတင်းလင်း ဖြစ်နေခဲ့ကြတာ အတော်လေးကြာနေပါပြီ။ 

ရုံးသွားရုံးပြန်တွေ နောက်ကျ၊ အလုပ်သွား၊ အလုပ်ပြန်တွေ နှောင့်နှေး၊ အချိန်းအချက်တွေလွဲ၊ စားချိန်၊ သောက်ချိန်တွေ မမှန်၊ (ကြီးကြီးကျယ်ကျယ်ပြောရရင် နိုင်ငံတော်အတွက် လုပ်အားတွေဆုံးရှုံး) အကျိုးမဲ့ ဆုံးရှုံးသွားတဲ့ အချိန်တွေကို ပြန်လိုချင်လို့ မရနိုင်တော့သလို၊ ဆုံးရှုံးမှု ပမာဏတွေက များပြားလှပါတယ်။ 

ဒါတွေဟာ ဘယ်သူမပြုမိမိမှုလို့ပဲ တရားနဲ့ ဖြေရလေမလား။ စကားနဲ့ မရှင်းဘဲ ဓားနဲ့ရှင်းရမည့်ကိစ္စမျိုးလဲ မဟုတ်လေတော့ ဒီကိစ္စလေးနဲ့ ဒီနိုင်ငံမှာ လူလာဖြစ်ရတာ လူဖြစ်ရကျိုး မနပ်လေခြင်းရယ်လို့ပဲ ဆိုရလေမလား။ 

ယာဉ်ကြောတွေ နေ့တိုင်းပိတ်နေရတဲ့အထဲ လှည်းတန်း ကုန်းကျော်တံတားကြီးနဲ့ ဘုရင့်နောင်ကုန်းကျော်တံတားကြီးတွေ တည်ဆောက်နေတော့ ပိုဆိုးတာပေါ့ဆိုပြီး တော်တော်နဲ့ မပြီးစီးနိုင်လို့ စီမံခန့်ခွဲမှုတွေ ညံ့ဖျင်းလေခြင်းရယ်လို့ အားမလို အားမရဖြစ်ကာ တံတားကြီးနှစ်ခုကို လက်ညှိုးထိုးတဲ့ သူကထိုးနဲ့ ကိုယ့်လူမျိုး ကိုယ့်စရိုက် အကြောင်းတွေကိုတော့ နည်းနည်းလေးမှ ထည့်သွင်း စဉ်းစားမိကြဟန် မတူပါဘူး။

ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်နေကြသည်ဆိုပေမယ့် နိုင်ငံတကာနှင့် ယှဉ်ကြည့်ရင် လူတစ်ယောက် ဖုန်းတစ်လုံး ပုံပြင်ဟာ လူတန်းစား မရွေး လက်လှမ်းမှီတဲ့အဆင့် မရောက်သေးလေတော့ ငါးထောင်တန် အိပ်မက်ရှည်ကြီးကို မက်ရင်း ကိုင်တွယ် သုံးစွဲနိုင်သူတွေရဲ့ လိုင်းကားပေါ်က ဟမ်းဖုန်းသံတွေကို နားစွင့်ကြည့်လိုက်ရင် “ဟယ်လို ဟုတ်ကဲ့၊ အခုလာ နေပါပြီခင်ဗျ၊ ယာဉ်ကြောတွေပိတ်နေလို့ အခုဘယ်ကိုရောက်နေပါပြီ” ဆိုတဲ့ အသံကတစ်ဖုံ၊ “ဟယ်လို သမီးပါ အမေ၊ သားလေးနိုးနေပြီလား၊ ထမင်းကျွေးထားနှင့်တော့ အမေ၊ ကားတွေပိတ်နေလို့ အိမ်ပြန်ရောက်ချိန် မှန်းလို့မရဘူး” ဆိုတာကတစ်နည်း၊ 

အားလုံးရဲ့ လက်ကိုင်ဖုန်းထဲမှာ ကားပိတ်နေတာတွေနဲ့ပဲ ထပ်နေပါတယ်။ ဘုရင့်နောင်မီးပွိုင့်နားမှာတော့ တံတားတည်ဆောက်ရေးအဖွဲ့ကနေပြီး (လုပ်ငန်းခွင်ဧရိယာ အဆင်မပြေမှုများရှိပါက သည်းခံခွင့်လွှတ်ခြင်းဖြင့် ပူးပေါင်းပါဝင်ပေးကြပါရန် လေးစားစွာ အနူးအညွတ် ပန်ကြားအပ်ပါသည်) ဆိုတဲ့ ဆိုင်းဘုတ်လေး ချိတ်ထားတာကို တွေ့နေရပါတယ်။ 

ထို့အတူပါပဲ၊ လှည်းတန်းမီးပွိုင့်နားမှာလည်း အလားတူ ဆိုင်းဘုတ်လေးကို တွေ့နေရပါတယ်။ “စိတ်ရှည်၊ ဇွဲသန်၊ သည်းညည်းခံ၊ ရောက်ရန်နိဗ္ဗာန်တည်း” ဆိုတဲ့ ဓမ္မဆောင်ပုဒ်လေးကို သွားသတိရမိပါတယ်။ 

လောလောဆယ်မှာတော့ နိဗ္ဗာန်မရောက်သေးရင်နေပါစေ၊ ပစ္စက္ခအခြေအနေမှာ လူတိုင်းလိုရာခရီး အမြန်ရောက်ဖို့ပဲ စိတ်စော တမ်းတနေမိကြမှာ မလွဲပါဘူး။ ဒီတံတားကြီးတွေ မပြီးခင် သည်းညည်းခံနေကြပြီး၊ တံတားကြီးတွေ ပြီးသွားရင်ကော (ဆူးလေကုန်းကျော်တံတားလို တံတားပေါ်ကမသွားဘဲ အောက်ကနေပဲ လမ်းဖြတ်ကူးနေကြဦးမှာလား)

ဒါတစ်ခုတင်မကပါဘူး။ အရာရာတိုင်းမှာပေါ့ဗျာ။
ဗိုလ်ချုပ်ပြောခဲ့ဖူးသလို၊ စည်းနဲ့ကမ်းနဲ့ တိုင်းပြည်မှ မဟုတ်ဘဲ စည်းကမ်းမဲ့ တိုင်းပြည်ဖြစ်နေလေသလား၊ 

စည်းနဲ့ကမ်းနဲ့တိုင်းပြည်ကြီးဖြစ်လာမှ လူတိုင်းပြောနေကြတဲ့ ဒီမိုကရေစီရဲ့ အရသာကို မြိန်ရေယှက်ရေ အပြည့်အ၀ခံစားကြရမှာ မဟုတ်လား။ 

စည်းကမ်းရှိတဲ့တိုင်းပြည်ဖြစ်လာဖို့ ဘယ်လောက်ကြိုးစားကြရဦးမလဲလို့ စဉ်းစားကြည့်လိုက်တဲ့အခါ ပွဲထဲက လူရွှင်တော်တွေ ပျက်သွားတာကို သွားသတိရမိပါတယ်။ 

စည်းမဲ့ကမ်းမဲ့တွေ ပပျောက်ပြီး စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီနိုင်ငံတော်ကြီးဖြစ်လာဖို့ ဘယ်နှစ်နှစ် ကြိုးစားရမလဲလို့ လူရွှင်တော် တစ်ယောက်က မေးလိုက်တော့ တစ်ယောက်က လက်(၄)ချောင်းထောင်ပြပါတယ်။ (၄)လလားလို့မေးတော့ ခေါင်းခါပြတယ်။ 
(၄)နှစ်လားလို့ မေးတော့လဲ ဟင့်အင်းလို့ ငြင်းပြန်ပါတယ်။ 

ဒီလိုနဲ့ စိတ်မရှည်နိုင်တော့ “မင်းထောင်ပြတဲ့ လက်(၄)ချောင်းက ဘာလဲကွာ” လို့ မေးလိုက်မှ “လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်း” တဲ့။

မျိုးဝင်းအောင်(မြင်းမူ)

Saturday, January 26, 2013

ဘုရားရှင်သော်မှ နို့တစ်လုံးဖိုးသာကျေ " ဆိုတာ ဟုတ်ရဲ့လား

http://www.worldofwisdom.asia/2012/08/blog-post_15.html

မည်သည့်ခေတ်က မည်သည့်ပုဂ္ဂိုလ်က စတင်၍ သုံးနှုန်းခဲ့သည်ဟု မသိပါ။
မြန်မာဗုဒ္ဓဘာသာဝင်များအကြားတွင် အမှန်တရားပမာ လက်ဆင့်ကမ်းပြောဆို သုံးနှုန်းရေးသားနေသော စကားတစ်ခုရှိသည်။ ယင်းကား - " ဘုရားရှင်သော်မှ နို့တစ်လုံးဖိုးသာကျေ " ဟူ၍ဖြစ်သည်။

မိခင်မေတ္တာဖွဲ့ သီချင်းတို့တွင်လည်း သည်စကားကို ကြားရဖူးပါသည်။
မိဘမေတ္တာဖွဲ့ စာစီစာကုံးတို့တွင်လည်း သည်စာသားကို တွေ့မြင်ရဖူးသည်။
လူကြီးမိဘတို့က သားသမီးတို့ကို မိဘကျေးဇူးသိရန် ဆိုဆုံးမသည့် အခါတွင်လည်း
"သည်အသုံးအနှုန်း" ကို ကိုးကားပြောဆိုတတ်ကြ၏။
ကောင်းပြီ။

(၁) ဘုရားရှင်သော်မှ မိခင်၏ ကျေးဇူးကို နို့တစ်လုံးဖိုးသာ ကျေအောင် ဆပ်နိုင်တော်မူသည်မှာ "အမှန်တရား" ပေလော။
(၂) ဘုရားရှင်ကိုယ်တော်တိုင်က "သူသည် မိခင်၏ ကျေးဇူးကို နို့တစ်လုံးဖိုးသာကျေအောင် ဆပ်နိုင်သည်" ဟုမိန့်တော်မူခဲ့၍လော။
(၃) မယ်တော် "မာယာ" နှင့် မိထွေးတော် "ဂေါတမီ" တို့က ဘုရားရှင်သည် သူတို့အပေါ် နို့တစ်လုံးဖိုးသာ ကျေအောင် ဆပ်နိုင်သည်ဟု ပြောခဲ့၍လော။
(၄) ထေရ၀ါဒ ပိဋကတ်တော်များတွင် "ဘုရားရှင်သော်မှ နို့တစ်လုံးဖိုးကျေ" ဟူသော စာသားပါဝင်ပါ၏လော။ ဤသို့ဆန်းစစ်လေ့လာသင့်သည်။

စင်စစ်သော် "ဘုရားရှင်သော်မှ နို့တစ်လုံးဖိုးသာကျေ" ဟူသောအသုံးအနှုန်းမှာ
ထေရ၀ါဒပိဋကတ်တော်တွင် လုံးဝမပါဝင်ပါ။

ယင်းစကားမှန်၏ - မှား၏ ဟူသည်ကို မိထွေးတော် ဂေါတမီ၏ မြတ်စွာဘုရားထံ
လျှောက်ထားချက်ကို လေ့လာကြည့်ရုံမျှနှင့် အဖြေမှန်ကို တွေ့နိုင်ပါသည်။
မိထွေးတော် ဂေါတမီက ဘုရားရှင်အား ဤသို့လျှောက်ထားခဲ့ပါ၏။
" သားတော် ဘုရား၊ သားတော်ဘုရားကို မယ်တော်က တိုက်ကျွေးခဲ့တဲ့ ပကတိနို့ရည်က သားတော်ရဲ့ ပကတိ ကိုယ်ခန္ဓာ ကြီးထွားပြီး အို၊ နာ၊ သေ ကိုပဲ ပေးစွမ်းနိုင်ပါတယ်။ သားတော်ဘုရားက မယ်တော်ကို တိုက်ကျွေးတဲ့ ဓမ္မနို့ရည်က မယ်တော်ရဲ့တရားခန္ဓာကိုယ်ကြီးကို ကြီးထွားစေပြီး မအို၊ မနာ၊ မသေရာ မြတ်နိဗ္ဗာန်ကို ပေးပါတယ်။
သားတော် ဘုရားကို မယ်တော်က တိုက်ကျွေးခဲ့တဲ့ ပကတိနို့ရည်ထက်
သားတော်ဘုရားက တိုက်ကျွေးခဲ့တဲ့ ဓမ္မနို့ရည်က တန်ဖိုးကြီးလှပါတယ်။
သားတော်ဘုရားသည် မယ်တော်အပေါ်မှာ နို့ဖိုးအကြွေးမရှိတော့ပါ။
နို့ဖိုးကြွေးကျေပါပြီ "

မိထွေးတော် "ဂေါတမီ" ကိုယ်တော်တိုင်က ဘုရားရှင်အား နို့ဖိုးကြွေးမရှိတော့ပါဟု လျှောက်ထားခဲ့ပါလျက်
ဘုရားရှင်သော်မှ နို့တစ်လုံးဖိုးကျေ ဟူသော စကားကို စတင်၍ ဖြန့်ဖြူးသူက ဖြန့်ဖြူးပြီး
မဝေဖန် မစိစစ်မူလျက် လွယ်လွယ်ပင် နို့သက်ခံခြင်း၊ ယူငင်သိမ်းပိုက်လက်ခံခြင်းမှာ
များစွာ ၀မ်းနည်းဖွယ်ကောင်းလှပါ၏။

ကောင်းပြီ။ ဘုရားရှင်သည် မိထွေးတော် "ဂေါတမီ" အပေါ်တွင်သာ
ကျေးဇူးကို ကျေပြွန်အောင် ပေးဆပ်နိုင်ပါ၏လော။ မွေးမယ်တော်ဖြစ်သော "မယ်တော်မာယာ" အပေါ်တွင်လည်း မွေးကျေးဇူးကို ကျေအောင်ဆပ်နိုင်ပါ၏လော။
ဆန်းစစ်သော် - မြတ်စွာဘုရားသည် မယ်တော်ရင်းကိုလည်း နတ်ပြည်တက်၍
အဘိဓမ္မာတရားဟောကြားပြီး ကျေးဇူးဆပ်တော်မူခဲ့ပါ၏။

ဘုရားရှင်၏ အဘိဓမ္မာတရားကို နာကြားပြီးသောအခါ "မယ်တော်မိ နတ်သား" မှာ
သောတာပန်ဖြစ်သွားပြီး "ဘုံစဉ်စံ အရိယာ" ဖြစ်သွားသောကြောင့်
"အပါယ်ဘေး" မှ လွတ်မြောက်သွားခဲ့ပါသည်။

ဤသို့ဖြင့် ဘုရားရှင်သည် "မိခင်ရင်း" အပေါ်တွင်လည်းကောင်း၊
"မိထွေးတော် ဂေါတမီ" အပေါ်တွင်လည်းကောင်း၊ မိခင်ကျေးဇူးများကို ကျေပြေစေရန်
အမြတ်ဆုံးသော လောကုတ္တရာနည်းအားဖြင့် ကျေးဇူးဆပ်တော်မူခဲ့ပါ၏။

မိခင်ကျေးဇူးကို ဖွဲ့ဆိုရာတွင် အသုံးပြုသော
"ဘုရားရှင်သော်မှ နို့တစ်လုံးဖိုးသာကျေ" ဟူသောစကားကြောင့်-

(၁) ဤလောက၌ သူတစ်ထူး၏ ကျေးဇူးကို သိတော်မူရ၌ အနှိုင်းမဲ့ဖြစ်တော်မူသော "ဘုရားရှင်" အား ပြစ်မှား စော်ကားရာ ရောက်ခြင်း။
(၂) ဘုရားရှင်သော်မှ မိခင်ကျေးဇူးကို နို့တစ်လုံးဖိုးသာ ကျေအောင်ဆပ်နိုင်ရာ သာမန်ပုထုဇဉ်လူသားတို့အဖို့ မိခင်ကျေးဇူးကို ကျေပြေအောင် မဆပ်နိုင်သည်မှာ အပြစ်ပြောဖွယ်မလိုဟူ၍ ခံယူကြခြင်း၊ မိခင်ကျေးဇူးကို ဆပ်ရကောင်းမှန်း မသိသူတို့အဖို့ ဆင်ခြေတက်စရာ၊ စောဒကတက်စရာ "စကား" တစ်ခုအဖြစ် အသုံးချနိုင်ခြင်း။
(၃) "မိခင်ကျေးဇူး ကျေပြေအောင်ဆပ်နည်း" ရှိုသည်ဟုပင် မသိတော့ခြင်း။..... ဟူသော "ရလဒ်ဆိုးများ" ထွက်ပေါ်လာပါသည်။

ကျေးဇူးတော်ရှင် မြတ်စွာဘုရားသည် မိဘ၏ ကျေးဇူးကို အထူးအသိအမှတ်ပြုတော်မူပါ၏။
တိကအင်္ဂုတ္တိုရ်၊ ၄-ဒေ၀၏နုတ၀ဂ်၊ ၅-၁၁ ဗြဟ္မကသုတ်တွင် မိဘကျေးဇူးကို
ဤသို့ ဖော်ကျူးမြွက်ကြားတော်မူခဲ့ပါ၏။

" ရဟန်းတို့၊ မိမိအိမ်၌ မိဘတို့ကို ကျွေးမွေးပြုစု စောင့်ရှောက်ထားသော သားသမီးတို့သည် ဗြဟ္မာ နှင့် အတူနေထိုင်သည်မည်၏။ မိမိအိမ်၌ မိဘတို့ကို ကျွေးမွေးပြုစု စောင့်ရှောက်ထားသော သားသမီးတို့သည်
လက်ဦးဆရာနှင့် အတူ နေထိုင်သည်မည်၏။

ရဟန်းတို့၊ ဗြဟ္မာဆိုသည်ကား အမိ အဖ တို့ကိုခေါ်သော အမည်တည်း။
လက်ဦးဆရာ ဆိုသည်ကား အမိ အဖ တို့ကိုခေါ်သော အမည်တည်း။
အဝေးမှ သယ်ပိုးလာရသော ပစ္စည်းကိုပင် ခံယူထိုက်သည့် အလှူခံပုဂ္ဂိုလ်မြတ်ဆိုသည်ကား အမိ အဖ တို့ကိုခေါ်သော အမည်တည်း။
အဘယ့်ကြောင့်နည်းဟူမူကား အမိအဖတို့သည် သားသမီးတို့အား အလွန်ကျေးဇူးများသော ပုဂ္ဂိုလ်၊ ကြီးပြင်းအောင် စောင့်ရှောက်သော ပုဂ္ဂိုလ်၊ ရင်သွေးကို နို့တိုက်၍ မွေးမြူပြုစုသော ပုဂ္ဂိုလ်တို့ ဖြစ်ကြသောကြောင့်တည်း "

ဘုရားရှင်သည် "မိဘတို့၏ ကျေးဇူး" ကို အထက်ပါအတိုင်း
အသိအမှတ်ပြု ဖော်ညွှန်းတော်မူခဲ့ပြီး မိဘကျေးဇူးကို ကျေပြေအောင် တုံ့ဆပ်နည်းကိုလည်း
(ဒုကအင်္ဂုတ္တိရ်။ ၄-သမစိတ္တ၀ဂ်၊ ဒုတိယသုတ်) တွင်
အောက်ပါအတိုင်း နည်းပေးညွှန်ပြ သြ၀ါဒပေးတော်မူခဲ့ပါ၏။

"ရဟန်းတို့၊ ပုဂ္ဂိုလ်နှစ်ဦးကို လွယ်ကူစွာ ကျေးဇူးတုန့်ပြန်ဆပ်နိုင်သည်ဟု ငါမဟောပေ။ အဘယ်ပုဂ္ဂိုလ်နှစ်ဦးဟူမူ မွေးသည့်မိခင် နှင့် မွေးသည့် ဖခင်တို့ ဖြစ်၏။
ရဟန်းတို့ အသက်တစ်ရာတမ်း၌ဖြစ်၍ အသက်တစ်ရာရှည်သောသူသည် (အသက်ထက်ဆုံး)
အမိကို လက်ျာပခုံးထက်၌ ထား၍ အဖကိုလက်ဝဲ ပခုံးထက်၌ ထား၍
ထိုပခုံးထက်၌ပင် အမိအဖတို့အား မကောင်းသော အနံ့အသက်ကင်းအောင်
အမွှေးအကြိုင် လိမ်းပေးခြင်း၊ ညောင်းညာပင်ပန်းခြင်း မရှိအောင် နှိပ်နယ်ပေးခြင်း၊
ရေးနွေးတန်လျှင် ရေနွေး၊ ရေအေးတန်လျှင် ရေအေး ချိုးပေးခြင်း၊
ခြေဆုပ်လက်နယ် ပြုလုပ်ပေးခြင်းဖြင့် လုပ်ကျွေးပြုစုရာ၏။
အမိအဖတို့ကိုလည်း ထိုပခုံးထက်တွင်ပင် ကျင်ကြီးကျင်ငယ်စွန့်ခြင်းကို ပြုကုန်ရာ၏။
ရဟန်းတို့၊ ဤသို့ပင် လုပ်ကျွေးပြုစုသော်လည်း အမိအဖတို့အပေါ်၌
လုပ်သင့်လုပ်ထိုက်သည်ကို ပြုလုပ်ပေးသည် မမည်သေး။
အမိအဖတို့အား ကျေးဇူးတုံ့ပြန်ဆပ်သည် မမည်သေးပေ။

ရဟန်းတို့၊ အမှန်စင်စစ်အားဖြင့် အကြင်သူသည် သဒ္ဓါတရား ခေါင်းပါးသော
မိဘတို့ကို သဒ္ဓါတရား ရှိအောင် ဆောင်ရွက်ပေး၏။
သီလမရှိသော မိဘတို့ကို သီလရှိအောင် ဆောင်ရွက်ပေး၏။
နှမြောဝန်တို သော မိဘတို့ကို စွန့်ကြဲလှူဒါန်းအောင်ဆောင်ရွက်ပေး၏။
ပညာမရှိသော မိဘတို့ကို ပညာရှိအောင် ဆောင်ရွက်ပေး၏။
ဤသို့ ပြုလုပ်ဆောင်ရွက်ခြင်းအားဖြင့်
အမိအဖတို့အပေါ်၌ လုပ်သင့်လုပ်ထိုက်သည်ကို လုပ်သည် မည်၏။ "

ကျေးဇူးတော်ရှင် မြတ်ဘုရားသည် လောကုတ္တရာနည်းအားဖြင့် မိခင်ကျေးဇူးကို ကျေပြေအောင် ပေးဆပ်တော်မူခဲ့ပြီးဖြစ်သောကြောင့်

"ဘုရားရှင်သော်မှ နို့တစ်လုံးဖိုးကျေ" ဟူသော "ကြီးမားသော အမှား" အား
ဆန့်ကျင်ကြပါစို့။

မင်းနန် (မော်ကျွန်း) အယူအမြင်မှန်ကန်ရေးမှ Credit: mmcybermedia
.......................
Like ·  · 

မိဘတို့အား အကောင်းဆုံး ကျေးဇူးဆပ်နည်း

http://www.worldofwisdom.asia/2013/01/blog-post_25.html

“ ပခုံးထက်၌ ထမ်းလျက်ထား အမိ အဖအား - ညောင်းညာပင်ပန်း နှိပ်နယ်ပေး
ရေပူရေအေး ပေး - ကျင်ကြီးကျင်ငယ်စွန့်ပေစေ လုပ်ကြွေးပြုစုပေ ”
ရဟန်းတို့၊ ဤသို့ပင် အသက်ထက်ဆုံးလုပ်ကျွေးပြုစုသော်လည်း
အမိအဖတို့အပေါ်၌ လုပ်သင့်လုပ်ထိုက်သည်ကို ပြုလုပ်ပေးသည် မမည်သေး။

ရဟန်းတို့၊ အမှန်စင်စစ်အားဖြင့် အကြင်သူသည် သဒ္ဓါတရား ခေါင်းပါးသော
မိဘတို့ကို သဒ္ဓါတရား ရှိအောင် ဆောင်ရွက်ပေး၏။
သီလမရှိသော မိဘတို့ကို သီလရှိအောင် ဆောင်ရွက်ပေး၏။
နှမြောဝန်တိုသော မိဘတို့ကို စွန့်ကြဲလှူဒါန်းအောင်ဆောင်ရွက်ပေး၏။
ပညာမရှိသော မိဘတို့ကို ပညာရှိအောင် ဆောင်ရွက်ပေး၏။
ဤသို့ ပြုလုပ်ဆောင်ရွက်ခြင်းအားဖြင့်
အမိအဖတို့ အပေါ်၌ လုပ်သင့်လုပ်ထိုက်သည်ကို လုပ်သည် မည်၏။

လင်္ကာ by the eXistence
................................
ဘုရားရှင်သော်မှ နို့တစ်လုံးဖိုးသာကျေ " ဆိုတာ ဟုတ်ရဲ့လား

"ဘုရားရှင်သော်မှ နို့တစ်လုံးဖိုးသာကျေ" ဟူသောအသုံးအနှုန်းမှာ
ထေရ၀ါဒပိဋကတ်တော်တွင် လုံးဝမပါဝင်ပါ။

ယင်းစကားမှန်၏ - မှား၏ ဟူသည်ကို မိထွေးတော် ဂေါတမီ၏ မြတ်စွာဘုရားထံ
လျှောက်ထားချက်ကို လေ့လာကြည့်ရုံမျှနှင့် အဖြေမှန်ကို တွေ့နိုင်ပါသည်။
မိထွေးတော် ဂေါတမီက ဘုရားရှင်အား ဤသို့လျှောက်ထားခဲ့ပါ၏။
" သားတော် ဘုရား၊ သားတော်ဘုရားကို မယ်တော်က တိုက်ကျွေးခဲ့တဲ့ ပကတိနို့ရည်က သားတော်ရဲ့ ပကတိ ကိုယ်ခန္ဓာ ကြီးထွားပြီး အို၊ နာ၊ သေ ကိုပဲ ပေးစွမ်းနိုင်ပါတယ်။ သားတော်ဘုရားက မယ်တော်ကို တိုက်ကျွေးတဲ့ ဓမ္မနို့ရည်က မယ်တော်ရဲ့တရားခန္ဓာကိုယ်ကြီးကို ကြီးထွားစေပြီး မအို၊ မနာ၊ မသေရာ မြတ်နိဗ္ဗာန်ကို ပေးပါတယ်။
သားတော် ဘုရားကို မယ်တော်က တိုက်ကျွေးခဲ့တဲ့ ပကတိနို့ရည်ထက်
သားတော်ဘုရားက တိုက်ကျွေးခဲ့တဲ့ ဓမ္မနို့ရည်က တန်ဖိုးကြီးလှပါတယ်။
သားတော်ဘုရားသည် မယ်တော်အပေါ်မှာ နို့ဖိုးအကြွေးမရှိတော့ပါ။
နို့ဖိုးကြွေးကျေပါပြီ "

မိထွေးတော် "ဂေါတမီ" ကိုယ်တော်တိုင်က ဘုရားရှင်အား နို့ဖိုးကြွေးမရှိတော့ပါဟု လျှောက်ထားခဲ့ပါလျက်
ဘုရားရှင်သော်မှ နို့တစ်လုံးဖိုးကျေ ဟူသော စကားကို စတင်၍ ဖြန့်ဖြူးသူက ဖြန့်ဖြူးပြီး
မဝေဖန် မစိစစ်မူလျက် လွယ်လွယ်ပင် နို့သက်ခံခြင်း၊ ယူငင်သိမ်းပိုက်လက်ခံခြင်းမှာ
များစွာ ၀မ်းနည်းဖွယ်ကောင်းလှပါ၏။

မင်းနန် (မော်ကျွန်း)
………………………….

မိဘကျေးဇူး ဆပ်သင့်တယ်

ဘုရားရှင်က လူ့ဘ၀မှာ အမေနဲ့ (၇) ရက်ထဲ နေဘူးတာတောင်
နတ်ပြည်အထိ အမေ့ကျေးဇူးကို လိုက်ဆပ်တယ်။
မင်းတို့တတွေ အမေနဲ့အတူ နှစ် (၂၀) မက အတူနေလာပြီး
အမေချက်ကျွေးတာ နှစ် (၂၀) မက ထိုင်စားလာတာ။
ဒီတော့ အမေ့ကို ကျေးဇူး အများကြီး ဆပ်သင့်တယ်၊ ဆပ်ရမယ်။

(ဒေါက်တာအရှင်ဣန္ဒက - Dhamma Garden)
…………………………….

တူညီပါစေ

ငယ်စဉ်အခါက အမေ့ဆီက
မုန့်ဖိုးတောင်းစဉ်က ခေါ်ခဲ့တဲ့
''အမေ" ဆိုတဲ့လေသံ နှင့်
အခု အမေ့ လက်ထဲကို
ငွေထည့်ပေးတဲ့အခါ ခေါ်တဲ့ လေသံ တူညီပါစေ။

(အရှင် သုမန) တောင်ကြီးမြို့
……………………………………

မိဘမေတ္တာ

လုံခြုံ နွေးထွေး၊ ယုယ ကြင်နာ
ပိုလျှံ အချစ်တွေ၊ ဖွဲ့ စည်းထားတဲ့ အိမ်။

မေတ္တာ ဂရုဏ၊ စေတနာ အပြည့်
ပေးဆပ်ခြင်းတွေ မဆုံးနိုင်တဲ့ မြစ်။

သည်းခံ ခွင့်လွတ်၊ တောင်းဆု အနန္ဒ
အနတ္တ အဆုံးတိုင် ရောက်ရှိမယ့် အလင်း။

( the eXistence )
...................................

ကွက်လပ်ဖြည့်ပါ

လူသားမှန်သမျှ သူတစ်ပါးအပေါ် အလွန်အပြစ်မြင်လွယ်ပါသည်။ သူ့ကျေးဇူးကို သိသူကား အလွန်ရှားပါသည်။ လူသားတို့သည် မိဘ၊ ဆရာ၊ ရဟန်းသံဃာများနှင့် ဆက်ဆံသောအခါ အပြစ်ကို မကြည့်ဘဲ ကျေးဇူးကို ကြည့်တတ်ဖို့ အလွန်လိုပါသည်။ ထိုလိုသော အကွက်ကိုဖြည့်ရန် ဘုန်းကြီး တိုက်တွန်းပါသည်။

( ထီးချိုင့်တည်တောဆရာတော်ဘုရားကြီး )
…………………………………….

လက်ဦးဆရာ၊ မည်ထိုက်စွာ - ပုဗ္ဗာစရိယ၊ မိနှင့်ဘ

ငယ်သော်ကသား၊ လိုလိုက်ငြားက
ကြီးမားသောအခါ၊ ကျားပမာ၊ မှန်စွာကြောက်ဖို့တည်း။

ငယ်သော်ကသား၊ ဆုံးမငြားက
ကြီးမားသောအခါ၊ အားပမာ၊ မှန်စွာကိုးဖို့တည်း။

ငယ်သော်သမီး၊ ဆုံးမနည်းက
ကြီးမားသောအခါ၊ မီးပမာ၊ မှန်စွာပူဖို့တည်း။

ငယ်သော်သမီး၊ ဆုံးမပြီးက
ကြီးသောအခါ၊ ထီးပမာ၊ မှန်စွာအေးဖို့တည်း။

( အရှင်ဇဝန - မေတ္တာရှင် )