Pages

Thursday, October 20, 2011

ဂျီတူဂျီစနစ်ဖြင့် ပြည်ပနိုင်ငံများသို့ အမျိုးသမီးများ တရားဝင်စေလွှတ်နိုင်ရန် စီစဉ်မည်

4296
ပတ်စ်ပို့ရုံးအနီး သွားလာနေသည့် အမျိုးသမီးငယ် အချို့အားတွေ့ရစဉ်


ဂျီတူဂျီစနစ်ဖြင့် အစိုးရချင်း ချိတ်ဆက်ကာ ပြည်ပနိုင်ငံအသီးသီးသို့ အမျိုးသားများနည်းတူ အမျိုးသမီးများကိုလည်း မကြာမီကာလ အတွင်း၌ စေလွှတ်နိုင်ရန် စီစဉ်သွားရန်ရှိကြောင်း အလုပ်သမား ၀န်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးချစ်ရှိန်က ပြောကြားခဲ့ပါသည်။
အမျိုးသမီးများမှာ ပြည်ပနိုင်ငံများသို့ ထွက်ခွာရာတွင် မိမိအစီအစဉ်ဖြင့်သာ ထွက်ခွာမှုများ နေခြင်းကြောင့် ပြည်ပနိုင်ငံများတွင် မလိုလားအပ်သည့် ပြဿနာများ ကြုံတွေ့မှုများ ရှိနေကြသည်။ ထို့ကြောင့် ယခုကဲ့သို့ ပြဿနာများ မဖြစ်ပေါ်စေရန် နောင်တွင် သက်ဆိုင်ရာနိုင်ငံများနှင့် သဘောတူစာချုပ်များ ချုပ်ဆိုကာ အမျိုးသမီးများကို စေလွှတ်နိုင်ရန် စီစဉ်သွားမည်ဖြစ်သည်ဟု သိရသည်။“မိန်းကလေးတွေကို ဂျီတူဂျီ နဲ့ စေလွှတ်တဲ့အခါ တစ်နေရာတည်း စုစုစည်းစည်း လုပ်နိုင်မယ့် အလုပ်မျိုး ဥပမာ စက်ရုံတွေမှာ လုပ်နိုင်အောင်ပဲ စီစဉ်သွားမှာပါ” ဟု အလုပ် သမားဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်က ဆက်လက်ပြောဆိုပါသည်။
ယခုအခါ ထိုင်းနိုင်ငံရှိ စက်ရုံများဆီသို့လည်း အမျိုးသမီး အလုပ်သမားများ စေလွှတ်ခြင်းများ ရှိနေပြီး ဖြစ်သည့်အပြင် ယခင်က ကျန်းမာရေးလုပ်ငန်းခွင်နေရာများ ဖြစ်သည့် သူနာပြု အလုပ်အကိုင် နေရာများတွင်လည်း တရားဝင်စေလွှတ်ခြင်းများ ရှိခဲ့ကြောင်း သိရှိရပါသည်။ယခုကဲ့သို့ထိုင်းနိုင်ငံသို့ အမျိုးသမီး အလုပ်သမား စေလွှတ်ခြင်းမှာ ထိုင်းနိုင်ငံ စက်ရုံများမှ အမျိုးသမီး အလုပ်ခေါ်စာများကို ထည့်သွင်းခေါ်ယူခြင်းများကြောင့် ဖြစ်သည်ဟု သိရှိရပါသည်။
“မြန်မာအမျိုးသမီးတွေ ဘယ်နိုင်ငံကိုသွားသည်ပဲဖြစ်စေ တရားဝင်သွားတာ မဟုတ်တဲ့အတွက် အလုပ်သမား ခေါင်းပုံဖြတ်တဲ့ကိစ္စ၊ လူကုန်ကူးမှု အသွင်ဆောင်တာတွေ အမြဲဖြစ်ကြတယ်။ အဆိုးဆုံးကတော့ အလုပ်သမားတွေခေါ်တဲ့ နေရာကစာချုပ်မှာ ပြထားတဲ့ တရားဝင်လစာနဲ့ တကယ် ရတဲ့လစာ ကွာခြားတဲ့ကိစ္စတွေပဲ” ဟု မလေးရှားရှိ အေဂျင်စီတစ်ခုနှင့် ချိတ်ဆက်ကာ အလုပ်ဆက်သွယ် ဆောင်ရွက်ပေးနေသည့် တရားဝင်လိုင်စင်ရှိ အလုပ်သမား အေဂျင်စီမှတာဝန်ရှိသူ က ပြောကြားခဲ့ပါသည်။
ဂျီတူဂျီစနစ်ဖြင့် အလုပ်သမားဝန်ကြီးဌာနမှ တရားဝင်စေလွှတ်လျက်ရှိသည့် နိုင်ငံများမှာထိုင်းနှင့် တောင်ကိုရီးယားနိုင်ငံ ဖြစ်ကြောင်း သိရှိပါသည်။ ၁၉၉၉ ခုနှစ်မှ ၂၀၁၁ ခုနှစ် သြဂုတ်လပိုင်းအထိ ၁၂ နှစ်တာ ကာလအတွင်းပြည်ပနိုင်ငံအသီးသီး သို့သွားရောက်လုပ်ကိုင်နေကြသော မြန်မာအလုပ်သမားသုံးသန်းခန့်ရှိ ရာထိုအထဲတွင်နှစ်သန်းနီးပါးသည် မိမိအစီအစဉ်ဖြင့်ထွက်ခွာသွားသူ များဖြစ်ကြသည်။
Source: EMG

ထိုင်းရေဘေးကြုံ မြန်မာများအား သံဃာတော်နှင့် စေတနာရှင်များ သွားရောက်ကူညီ

ထိုင်းနိုင်ငံအတွင်း ရေကြီးမှုကြောင့် စားဝတ်နေရေးနှင့် သွားလာရေး ခက်ခဲနေသော မြန်မာ ရွှေ့ပြောင်း အလုပ်သမားများအား ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား သံဃာတော်များနှင့် ကျောင်းသားများ အပါအ၀င် စေတနာရှင်များ စုပေါင်းကာ အစားအစာနှင့် ဆေးဝါးများ သွားရောက်လှူဒါန်းခဲ့သည်။

ပထုံဌာနီမြို့တွင် ရေကြီးမှုနှင့် ကြုံနေရသည်မှာ တစ်လကျော်ရှိပြီဖြစ်ပြီး ယခုအခါ ထောင်နှင့်ချီသော မြန်မာအလုပ်သမားများ အလုပ်လက်မဲ့ပြဿနာနှင့် ရင်ဆိုင်နေကြရသည်ဟု လုံငန်းမဲ့ယိုင်(အထပ်သားစက်ရုံ)မှ မြန်မာရွှေ့ပြောင်းအလုပ်သမား ကိုတင်အောင်ထွန်းက ပြောသည်။
“အလုပ်လည်းပိတ်တာ နှစ်ပတ်ကျော်ပြီ။ တခြားသူငယ်ချင်းတွေဆို တစ်လကျော်ပြီ။ ပိုက်ဆံလည်း မရ၊ အလုပ်လည်း မရှိဘူး။ သူဌေးတွေ ဖုန်းဆက်တာလည်း မရဘူး။ အရမ်း ခက်တယ်။ အရင်က ၅ ဘတ်နဲ့ ဝယ်သောက်ရတဲ့ ရေဗူးက အခုဆို ၃၅ ဘတ်တောင်ပေးရတယ်။ ပိုက်ဆံရှိလို့ ဝယ်စားမယ် ဆိုရင်တောင် မလွယ်ဘူး။”
ထို့အပြင် ပထုံဌာနီ ဈေးအနီးတွင် ငှားရမ်းနေထိုင်ကြသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား တစ်ထောင်ကျော်မှာလည်း ထိုင်းအာဏာပိုင်တို့၏ ကူညီမှု မရဘဲ အချင်းချင်း ကူညီပေးနေရသည်ဟု ၎င်းက ဆက်ပြောသည်။
“အရင် ရေကြီးခါစတုန်းကတော့ ကူညီတယ်။ အခုကျတော့ ထိုင်းတွေကို ပိုပြီး ဦးစားပေးတာပေါ့။ ပစ္စည်းသွားယူမယ်ဆိုရင် ထိုင်းမှတ်ပုံတင်ပြရတာ။ ကိုယ့်အချင်းချင်းပဲ ရှိတာလေးတွေ စုပေါင်းပြီး စားသောက် နေကြတာဗျ။”
ယင်းအထပ်သား စက်ရုံသို့ ဘန်ကောက်မြို့၌ ကျောင်းတက်နေသည့် မြန်မာနိုင်ငံသားများနှင့် စေတနာရှင်များက ကိုယ်ထူကိုယ်ထ ပုံစံဖြင့် နီးစပ်ရာနေရာများသို့ သွားရောက် ကူညီပေးခဲ့သည်ဟု ရေဘေးကယ်ဆယ်ရေး လုပ်ဆောင်နေသူ ကိုရဲထက်က ပြောသည်။
“လောလောဆယ် ပေးဝေ နိုင်တာကတော့ကိုယ့်ရဲ့အဆက်အသွယ်ရှိတဲ့ နေရာတွေကိုပဲ ပေးနိုင် သေးတယ်။ အခုတော့ မြန်မာတွေအများစု နေတဲ့နေရာ(၅၀၀) လောက်ရှိတဲ့နေရာမှာ ပေးနိုင်ပြီ။ ပြီးတော့ ဒီထက်ဆိုးတဲ့နေရာ၊ သွားလာရခက်တဲ့၊ လူသူသွားတာနည်းတဲ့နေရာပေါ့ ဆက်သွားမယ်။”
လမ်းခရီးတလျောက်တွင် လူတရပ်ကျော်ခန့်ထိ ရေများလျှံတက်နေမှုကြောင့် ၎င်းတို့ ယူဆောင် သွားသည့် အစားအစာနှင့် ဆေးဝါးများကို ထိုင်းစစ်တပ်မှ လှေနှင့်ကားများ အကူအညီဖြင့် မြန်မာ ရွှေ့ပြောင်း အလုပ်သမားများထံ သယ်ဆောင်သွားရသည်ဟု ဆက်ပြောသည်။
ပထုံဌာနီမြို့တွင် စက်ရုံပေါင်း ၃၀ခန့်ရှိပြီး စက်ရုံတစ်ရုံတွင် မြန်မာရွှေ့ပြောင်း အလုပ်သမား အနည်းဆုံး ၃၀၀ ခန့်ရှိသည်ဟု သိရသည်။
အလားတူ ယမန်နေ့ကလည်း ထိုင်းနိုင်ငံရောက် ရခိုင်ကျောင်းသား ရဟန်းသံဃာများ အဖွဲ့က မြန်မာရွှေ့ပြောင်း အလုပ်သမားများ နေထိုင်ရာ အဆောင်များသို့ သွားရောက်၍ အခက်အခဲ ဖြစ်နေသူများကို အစားအစာနှင့် ဆေးဝါးပစ္စည်းများ ကူညီပေးခဲ့သည်ဟု အဖွဲ့ ဒု-ဥက္ကဌ ဦးကုဏ္ဍလ က ပြောသည်။
“ဦးဇင်းတို့ဆီမှာရှိတဲ့ အလှူငွေနဲ့ပဲ အယောက်တစ်ထောင် လောက်ကိုပေါ့ မြန်မာရော၊ လာအို၊ ကမ္ဘောဒီယား၊ ထိုင်းရော အားလုံးကို လူမျိုးမခွဲခြားပဲ စားစရာနဲ့ ဆေးတွေသွားဝေကြတယ်။”
ထိုင်းနိုင်ငံရှိ အယုဒ္ဒယ၊ ပထုံဌာနီ၊ ချိုင်နက်နှင့် နက်ခွန်စဝန်မြို့များတွင် ရေကြီးမှုဒဏ်ကို အပြင်ထန်ဆုံး ခံနေရပြီး အိမ်အလုံးရေ ၈ သိန်းကျော် ရေအောက်တွင်နစ်မြုပ်နေသည်ဟု ယခုလ ၁၇ ရက်နေ့ညတွင် ထိုင်းနိုင်ငံရုပ်သံလွှင့် သတင်းဌာနများက ထုတ်ပြန်သည်။
ထို့အပြင် ထိုင်းနိုင်ငံရှိ ခရိုင် ၇၆ ခုအနက် ၆၁ ခုတွင် ရေကြီးမှုဒဏ် ခံနေရပြီး လူဦးရေ ၈၂ သိန်းကျော် ရေဘေးနှင့် ရင်ဆိုင်နေရကာ သေဆုံးသူ (၃၀၀) ကျော်ရှိပြီဟု ဆိုသည်။
ထိုင်းနိုင်ငံအတွင်း ရင်ဆိုင်နေရသော ရေကြီးမှုကြောင့် ပျက်စီးဆုံးရှုံးမှုများနှင့် နစ်နာမှုများအတွက် မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်က ထိုင်းဝန်ကြီးချုပ် မစ္စရင့်လပ်ရှင်နာဝပ်နှင့် မြန်မာနိုင်ငံ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်မှ ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဆူရာပွန် တိုဝီချတ်ချိုင်ကူး တို့ထံသို့ စာနာထောက်ထားကြောင်း သဝဏ်လွှာများပေးပို့ခဲ့သည်ဟု ယနေ့ထုတ် အစိုးရအာဘော် သတင်းစာတွင် ဖော်ပြထားသည်။

ထိုင်းရေဘေးဒုက္ခသည် မြန်မာအလုပ်သမားများကို မြန်မာအချင်းချင်း ကူညီ


ဘန်ကောက်အထက်က အယုဒ္ဓယခရိုင်မှာ မြန်မာရေဘေးဒုက္ခသည်တွေကို မြန်မာအသိုင်းအ၀ိုင်းက ၀ိုင်းဝန်းကူညီ ထောက်ပံ့နေပါတယ်။ အယုဒ္ဓယခရိုင်မှာ မြန်မာရေဘေးဒုက္ခသည်တွေကို ဘန်ကောက်က မြန်မာတွေ၊ ပထုံဌာနီ ၀ပ်သလုံးဘုန်းကြီးကျောင်းက သံဃာတော်တွေနှင့် အေပက်တက္ကသိုလ် မြန်မာကျောင်းသားတွေက အစားအစာ သောက်ရေ လာရောက် ထောက်ပံ့နေတယ်လို့ အယုဒ္ဓက အလုပ်ရုံ အလုပ်သမား ကိုတင်အောင်ထွန်းက ပြောပါတယ်။
“မနေ့ကစပြီးတော့ ခရိုင်သံဃာတွေဦးစီးပြီးတော့ မားမားထုပ်၊ အချိုရည်၊ ရေသန့်ဗူး ကော်ဖီထုပ် ဓာတ်ဆားထုပ်တွေ သူတို့ဝေပေးတယ်၊ ဒီနေ့ တစ်ဖွဲ့လာတယ်၊ ကျောင်းသားတွေပေါ့။ ထင်မင်းနဲ့ ကြက်သားနဲ့ ချက်ထားတာကို သူတို့ဝေပေးတယ်။”
ဘန်ကောက်မြို့ ဘန့်ဘော်ရပ်ကွက်ဇုန်က မြန်မာတွေကလည်း လှူဒါန်းလာတဲ့ အစားအသောက်တွေကို ၀ိုင်းဝန်းစုဆောင်းပြီး အယုဒ္ဓယနှင့် ပထုံဌာနီက မြန်မာရေဘေးဒုက္ခသည်တွေဆီ သွားရောက်ပို့ဆောင်ပေးနေပါ တယ်။
မြန်မာရေဘေးဒုက္ခသည်တွေရဲ့ အခြေအနေနှင့် ရင်ဆိုင်နေရတဲ့ပြဿနာကို ကူညီပေးနေတဲ့ ကိုနေလင်းအောင်က အခုလိုပြောပါတယ်။
“ဘယ်လောက်အထိ ဒုက္ခရောက်နေလဲဆိုတော့ ရေကြီးနေလို့ အပြင်ထွက်တဲ့အခါ လမ်းတစ်ဝက်မှာ ပလိပ်တွေနှင့်တွေ့ရင် ပြဿနာတက်တယ်။ ဒဏ်ငွေ အရိုက်ခံရတာတွေဖြစ်တယ်။ ဒီသတင်းတွေကြားတော့ ဘယ်မှလဲမသွားရဲဘဲ၊ မသွား မလာရဲ ဖြစ်နေကြတယ်။ အယုဒ္ဓယစက်ရုံမှာ အလုပ်လုပ်နေကြတဲ့ မြန်မာတွေကတော့ ၅ သောင်းအထက်မှာရှိတယ်။ ဒုက္ခရောက်လို့ သူတို့ဖုန်းနံပတ်တွေ အဆက်အသွယ်ရထားတဲ့ ၁ သောင်းကျော်လောက်တော့ ကျနော့်စာရင်းမှာရှိတယ်။”
ရေဘေးဒုက္ခသည်တွေကို ထိုင်းအစိုးအရက အကူအညီပေးရာမှာ မသမာမှုတွေ မဖြစ်ပွားစေရန်နှင့် အပိုအလိုမရှိအောင် ဆောင်ရွက်နိုင်ရန် အိမ်ထောင်စု မှတ်ပုံတင်စာရင်းတွေအရ ရပ်ကွက်အလိုက် ပေးနေခြင်း၊ ပုဂ္ဂလိက ပရဟိတ အဖွဲ့အစည်းတွေရဲ့ အကူအညီကို ရယူဖို့လည်း ထိုင်းစကား ကောင်းမွန်စွာ မပြောနိုင်ခြင်းတို့ကြောင့် မြန်မာဒုက္ခသည်တစ်ချို့ အကူအညီမရရှိသေးပါ။ ထိုင်းအစိုးရက ရေဘေးကြောင့် လူ ၃၁၇ ဦးသေဆုံးပြီး ၉ သန်းခန့် ရေဘေးဒုက္ခခံနေရကြောင်း အောက်တိုဘာလ ၁၉ ရက်က ထုတ်ပြန်ပေးထားပါတယ်။ ဘန်ကောက်နှင့် နယ်နိမိတ် တစ်ဆက်တည်း ပထုံဌာနီက ရေတား သဲအိတ်တမန်အချို့ပြိုကျတာကြောင့် အရေးပေါ်ကယ်ဆယ်ရေး စင်တာရှိရာ ဒွန်မောင်းနှင့် ရန်စစ်ရပ်ကွက်ဇုန်တွေကို ရေစတင်ဝင်ရောက်နေပြီး ဘန်ကောက်မြို့တော်အတွင်းကို ကာကွယ်ထားတဲ့ ရေတား အုတ်တမံအချို့ အပိုင်းတွေကို ရေစတင်တိုက်စားနေပါတယ်။

ရခိုင်ကမ်းရိုးတန်းသို့ မုန်တိုင်းငယ် ဖြတ်ကျော်ဝင်ရောက် မောင်တောမြို့နယ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တောင်ဘဇားမြို့အကြားသို့ ဖြတ်ကျော်ဝင်ရောက်ပြီး တစ်နာရီ

b29_14

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်လျက်ရှိသော မုန်တိုင်းသည် ရခိုင်ပြည်နယ်သို့ ဖြတ်ကျော်ဝင် ရောက်ခဲ့ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။
အောက်တိုဘာလ ၁၉ ရက်နေ့၊ မြန်မာစံတော်ချိန် ည ၈ နာရီ တိုင်းထွာချက်အရ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းတွင်ဖြစ်ပေါ်နေသည့် မုန်တိုင်းငယ်သည် မောင်တောမြို့နှင့် ဘင်္ဂဒေ့ရှ်နိုင်ငံ တောင်ဘဇားမြို့အ ကြား ဖြတ်ကျော်ဝင်ရောက်ခဲ့ကြောင်း သိရသည်။ မုန်တိုင်းဖြတ်ကျော်ဝင်ရောက်မှုကြောင့် မိုးသက်လေပြင်းကျရောက်ပြီး တစ်နာရီလျှင် မိုင် ၆၀ မှ ၇၀ ကြား တိုက်ခတ်ခဲ့ကြောင်း သိရသည်။ ည ၁၀ နာရီ ၃၀ တိုင်းထွာချက်အရ မုန်တိုင်းငယ်မှာ အရှေ့မြောက်ဘက်သို့ ဆက်လက်ရွှေ့လျားကာ အားပျော့သွားကြောင်း၊ လေတိုက်နှုန်း တစ်နာရီ မိုင် ၄၀ မှ ၅၀ သို့ လျော့ကျသွားကြောင်း သိရသည်။ မုန်တိုင်းအရှိန်ကြောင့် ရခိုင်၊ ရှမ်းပြည်နယ်များနှင့် စစ်ကိုင်း၊ မန္တလေး၊ မကွေးတိုင်း ဒေသကြီးတို့တွင် မိုးကြီးနိုင်ကြောင်း သိရှိရသည်။
b29_14_1
မုန်တိုင်းအရှိန်ကြောင့် ရခိုင်ပြည်နယ် မောင်တောမြို့နှင့် စစ်တွေမြို့တို့တွင် အောက်တိုဘာလ ၁၈ ရက်မှစ၍ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး အောက်တိုဘာလ ၁၉ ရက် အထိ မိုးသက်လေပြင်းများ ကျရောက်ခဲ့ကြောင်း၊ စစ်တွေမြို့ ကျောင်းတက်လမ်းရပ်ကွက်၊ အိုးတန်းရပ်ကွက်၊ လမ်းမတော်ရပ်ကွက်တို့တွင် လေဆင်နှာမောင်းတိုက်ခတ်ခဲ့၍ အိမ်ခေါင်မိုးများလန်ခြင်း၊ သစ်ပင်များ ကျိုးကျခြင်းများ ဖြစ်ပေါ်ခဲ့သည်။ ''ဒီနေ့ မနက် ၁၀ နာရီကစပြီး လေကတ၀ုန်းဝုန်းနဲ့တိုက်ခဲ့တယ်။ ခဏရပ်လိုက်၊ ပြန်တိုက်လိုက်နဲ့ အဆက်မပြတ်ဘဲ။ အိမ်ထဲမှာပဲနေခဲ့ရတယ်။ ဈေးဆိုင်တွေလည်း အကုန် ပိတ်သိမ်းထားခဲ့တယ်။ လေဒဏ်ကတော့ အခု ည ၁၁ နာရီအချိန်အ ထိ တော့ခံနေရတုန်းပဲ''ဟု မောင်တော မြို့ဒေသခံတစ်ဦးက ဆိုသည်။

မနက်ဖန် ဘန်ကောက်မြောက်ဘက်ပိုင်းထဲရေစ၀င်မယ်

ခလောင် ရမ်စစ်က ရေဟာ ဒီညမှာ ဘန်ကောက်မြောက်ဘက်ပိုင်း စိုင်မိုင် နယ်ထဲက ခလောင် ဟော့ဝါကို စတင်ဝင်ရောက်နိုင်ပြီး မနက်ဖန်မှာ ဘန်ကောက်ကို စတင်ဝင်ရောက်နိုင်တယ်လို့ ဘန်ကောက်အုပ်ချူပ်ရေးမှုး Sukhumbhand Parigatra က အင်္ဂါနေ့က ပြောကြားလိုက်ပါတယ်။ သို့သော်လည်း ယမန်နေ့က ကြေငြာခဲ့တဲ့ အန္တရာယ်ဇုန် (၇) ခုထက်ပိုပြီး မကျော်လွန်နိုင်တဲ့အတွက်ကြောင့် ဘန်ကောက်နေ ပြည်သူလူထုကို အထိတ်တလန့်မဖြစ်ဖို့ သူ့အနေနှင့်ပန်ကြားထားပါတယ်။

မြို့တော်ရဲ့ မြောက်ဘက်ပိုင်းသို့ ရေများ စီးဝင်လာနေပြီဖြစ်တဲ့အတွက်ကြောင့် ၎င်း အန္တရာဇုန် (၇) ခုဖြစ်တဲ့ Sai Mai, Klong Samwa, Bang Khen, Nong Chok, Min Buri, Lat Krabang, Kannayao မြို့နယ်တွေမှာနေကြတဲ့ ပြည်သူများကိုတော့ သတိနှင့် နေကြဖို့နှင့် မိမိတို့ရဲ့ အဖိုးတန် အသုံးအဆောင်ပစ္စည်းများအား ရေလွတ်ရာ အထပ်မြင့်များသို့ ရွှေ့ပြောင်းထားကြရန် အသိပေးနှိုးဆော်ထားကြောင်းပြောပါတယ်။

ဘန်ကောက်အာဏာပိုင်များအနေဖြင့် ဘန်ကောက်ဧရိယာအပြင်ဘက် အရေးကြီးတဲ့ နေရာတွေကိုလဲ ကူညီဖို့ . အစိုးရအားပန်ကြားထားပြီး ၎င်းတို့အနေနှင့် အင်္ဂါနေ့စောစောပိုင်းလောက်က Klong Prapa နယ်ကနေ လျှံကျလာပြီ Chang Wattana, Ngamwongwan နှင့် Prachachuen ထဲက လမ်းတွေပေါ်ကိုဝင်လာတဲ့ရေတွေကို ရေစုပ်စက်တွေနှင့် စုပ်ယူပေးနေကြောင်းပြောပါတယ်။ဒီ Klong Prapa ကရေတွေဟာ Pathum Thani ဘက်ကနေ စီးဝင်လာတာဖြစ်ပါတယ်။

ထိုင်းနိုင်ငံလေဆိပ်များရဲ့ အကြီးအမှုးဖြစ်တဲ့ စူမက် ဖိုတီမနီကတော့ စုဝဏ္ဏဘူမိနှင် ဒိုမောင်း လေဆိပ်တွေရဲ့ အဓိကကျတဲ့နေရာတွေကိုတော့ အသေအချာ ကာကွယ်ထားနိုင်ပြီဖြစ်တဲ့အတွက် စိတ်ချရလောက်တဲ့အနေထားကို သူမျှော်လင့်ကြောင်း၊ လက်ရှိအခြေအနေအရ စုဝဏ္ဏဘူမိလေဆိပ်ကို ၃.၅ မီတာမြင့်တဲ့ ရေတားတွေတည်ဆောက်ထားပြီးဖြစ်ပေမယ့် မြောက်ပိုင်းကနေ အလုံးအရင်းနှင့် စီးဝင်လာနေတယ်တဲ့ရေတွေကြောင့် ဒုံမောင်းလေဆိပ်အတွက် သူစိတ်မအေးနိုင်သေးကြောင်း၊ ဒီအတွက် အပြည့်အ၀ ထိမ်းချုပ်နိုင်ဖို့အတွက် ယာယီရေကာတာတွေကို သဲအိပ် ၁၀၀၀၀ သုံးပြီး ထပ်မြှင့်ပြီးတည်ဆောက်ဖို့ညွှန်ကြားထားကြောင်း ၎င်းက ဆက်ပြောပါတယ်။

စုဝဏ္ဏဘူမိလေဆိပ်အတွက်တော့ ထိုင်းနိုင်ငံ လေဆိပ်အာဏာပိုင်များအနေနှင့် ဖြစ်နိုင်ဖွယ်ရှိသမျှ ရေဘေးအခြေအနေတွေကို အရေးပေါ်ကယ်ဆယ်နိုင်ရန် ပြင်ဆင်ပြီးဖြစ်ပါတယ်။ တစ်စုံတစ်ရာဖြစ်ပေါ်လာပါက အားလုံးအသင့်အနေအထား ရှိကြောင်းပြောပါတယ်။ လေကြောင်းလိုင်းများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ဆပ်စပ်လုပ်ငန်းရှင်အားလုံးကို ၎င်းတို့ရဲ့ လုပ်ငန်းများကို ချွန်ဘူရိ၊ အူတာပါအိုနှင့် တခြားလေဆိပ်တွေမှာ ရွှေ့ပြောင်းလုပ်ကိုင်လိုက လုပ်ကိုင်နိုင်ကြောင်းကိုလည်း ၎င်းတို့က ကြေငြာထားပါတယ်။

မောင်ရွယ်ရောက်

မြန်မာ့ ငွေလဲနှုန်းထား အရေး IMF လာရောက်လေ့လာ

(ဓာတ်ပုံ - AP)
မန်မာ ကျပ်ငွေနှင့် နိုင်ငံခြားငွေ လဲလှယ်နှုန်းထား ပြင်ဆင်သတ်မှတ်ရေးနှင့် ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့(IMF) မှကိုယ်စားလှယ်များ ယမန်နေ့က မြန်မာနိုင်ငံသို့ ရောက်ရှိလာကြောင်း သတင်းရရှိသည်။
IMF ကိုယ်စားလှယ်အဖွဲ့တွင် ဗဟိုဘဏ်များနှင့် ငွေကြေးဆိုင်ရာ အကြီးတန်း ဘဏ္ဍာရေး ကျွမ်းကျင်သူ Akelonnberg ၊ မြန်မာနိုင်ငံ ဆိုင်ရာ IMF တာဝန်ခံ Meral Karasulu ၊ ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ် တာဝန်ရှိသူများ ပါဝင်ကြောင်း VOA အသံလွှင့် ဌာနက ထုတ်လွှင့်ထားသည်။
အဆိုပါ ကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော်တွင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ၀န်ကြီး ဦးလှထွန်း အပါအ၀င် ဗဟိုဘဏ်မှ တာဝန်ရှိသူများနှင့်တွေ့ဆုံရန်ရှိကြောင်း၊ ငွေကြေးလဲလှယ်သည့် စနစ်ပြုပြင်ရေးနှင့်ပတ်သက်၍ IMF က ပြဋ္ဌာန်းထားသည့် စည်းမျဉ်း အမှတ် ၈ (Article 8)နှင့်ညီညွတ်မှု ရှိမရှိ လေ့လာရန် ရှိကြောင်း IMFကိုယ်စားလှယ်အဖွဲ့နှင့် နီးစပ်သူတဦးက ပြောသည်။
“IMF နဲ့ ညှိရင်တော့ ဒေါ်လာကိုင်ဆောင်ခွင့်ကအစ တရားဝင် ခွင့်ပေးရမယ်၊ Article 8ကို မလွဲမသွေလိုက်နာရမယ်၊ အားလုံးပြေ လည်ဖို့ကတော့ အစိုးရရဲ့ပြောင်းလဲချင်စိတ်ပေါ်မှာ မူတည်တယ်”ဟု ၎င်းကဆိုသည်။
Article 8 တွင် အစိုးရအနေဖြင့် ဗဟိုဘဏ်အပေါ်တွင် စွက်ဖက်မှု ကင်းရှင်းရမည်၊ ဗဟိုဘဏ်အနေဖြင့်လည်း နိုင်ငံ၏ ငွေကြေးစနစ်နှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို မှန်ကန်စွာဖော်ပြပေးရမည်ဟု ပါဝင်ပြီး ထိုစည်းမျဉ်းများကို အဖွဲ့ဝင်နိုင်ငံတိုင်း လိုက်နာရမည် ဖြစ်သည်။
အာဆီယံနိုင်ငံ တနိုင်ငံဖြစ်သည့် ဗီယက်နမ်နိုင်ငံသည် Article 8 ကို ၂၀၀၆ ခုနှစ်တွင် သဘောတူ လက်မှတ်ထိုးခဲ့ပြီး ဖြစ်သည်။
မြန်မာ့ရှေ့ဆောင်ဘဏ်၏ အကြီးအကဲနှင့် မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးချစ်ခိုင်ကလည်း နိုင်ငံခြားငွေကြေး လဲလှယ်နှုန်း၊ အထူးသဖြင့် ပြည်ပပို့ကုန်ရ ၀င်ငွေ(Export Earning) လဲလှယ်မှုနှုန်းကို တည်ငြိမ်ရန် ဆောင်ရွက်လျှင် ပို့ ကုန် လုပ်ငန်းများ တည်ငြိမ်လာပြီး တိုင်းပြည်စီးပွားရေး ပိုမိုကောင်းမွန်လာမည်ဖြစ်သည်ဟု ဧရာဝတီသို့ ပြောဆိုသည်။
“လက်ရှိအခြေအနေမှာတော့ ငွေဈေးက တဒေါ်လာကို ကျပ် ၈၀၀ အောက်ပြန်ဆင်းနေတယ်၊ ဒါပေမယ့် အစိုးရနဲ့ ဗဟိုဘဏ်က တော့ ၈၀၀ အောက် ဆင်းမသွားအောင် ထိန်းသိမ်းပါလိမ့်မယ်”ဟု ၎င်းက ဆိုသည်။
မြန်မာငွေနှင့် အမေရိကန်ဒေါ်လာ လဲလှယ်နှုန်း အတက်အကျကို ၉၀၀ ကျပ် ၀န်းကျင်၌ သတ်မှတ်မည်ဆိုလျှင် ပြည်ပပို့ကုန် လုပ်ငန်းများ တည်ငြိမ်လာပြီး တိုးတက်လာမည်ဟု ယုံကြည်ကြောင်းလည်း ဦးချစ်ခိုင်က ဆက်လက်ပြောဆိုသည်။
လက်ရှိ အမေရိကန် တဒေါ်လာ ပေါက်ဈေးမှာ ၈၀၀ ကျပ်ဖြစ်ပြီး ပြည်ပပို့ကုန်ရ ၀င်ငွေ တန်ဖိုးမှာ တဒေါ်လာလျှင် ၈၂၀ ကျပ်ဖြစ် သည်။
သမ္မတ ဦးသိန်းစိန် အစိုးရသစ်တက်ပြီး နောက်ပိုင်း ကျပ်ငွေတန်ဖိုး မြင့်တက်သွားပြီး အမေရိကန်ဒေါ်လာ အပါအ၀င် နိုင်ငံခြားငွေ ကြေး လဲလှယ်နှုန်းမှာ ကျပ် ၇၀၀ အောက်သို့ ကျဆင်းသွားရာ ပြည်ပပို့ကုန် လုပ်ငန်းရှင်များ၊ နိုင်ငံခြားငွေကြေး လက်ဝယ် ကိုင် ဆောင်သူများ ထိခိုက်နစ်နာခဲ့သည်။
ထို့ကြောင့် ပြီးခဲ့သည့် သြဂုတ်လအတွင်းက ပြည်တွင်းပြည်ပမှ စီးပွားရေးပညာရှင်များကို ဖိတ်ကြားပြီး နိုင်ငံတော်၏ စီးပွားရေးဖွံဖြိုး တိုးတက်မှု အတွက် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲကို ပြုလုပ်ခဲ့သည်။
သမ္မတ၏ စီးပွားရေးအကြံပေး ပညာရှင် ဒေါက်တာဦးမြင့်က ကျပ်ငွေလဲလှယ်နှုန်း မြင့်မားလာခြင်းသည် မလိုလားအပ်သော အကျိုး ဆက်များ ဖြစ်ပေါ်နိုင်ပြီး အချိန်ကိုက် ဖိဖိစီးစီး ဖြေရှင်းရန်လိုကြောင်း ထောက်ပြဝေဖန်ခဲ့သည်။
စက်မှုလုပ်ငန်း ဖွံဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ စက်မှု(၁) (၂) ၀န်ကြီး ဦးစိုးသိန်း အပါအ၀င် ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းငြိမ်း တို့ကလည်း ငွေ ကြေးလဲလှယ်နှုန်းကို ကျပ် ၉၀၀နှင့် ၁၀၀၀အကြား နှုန်းသေနှင့် နှုန်းရှင်ထားရှိရန် ပြောဆိုသည့်အပြင် နေပြည်တော် တွင် ပြုလုပ်နေသည့် အမျိုးသား လွှတ်တော်တွင်လည်း ငွေကြေးလဲလှယ်နှုန်းထား ပြင်ဆင်သတ်မှတ်ရန် ဆွေးနွေးမှုများ ရှိခဲ့သည်။
ယင်းသို့ ငွေလဲလှယ်နှုန်း ပြင်ဆင်ရေးအတွက် IMF ၏ အကူအညီရရှိရန် လိုအပ်သဖြင့် မြန်မာအစိုးရအနေဖြင့် လုပ်ထုံးလုပ်နည်း ဆိုင်ရာ အကူအညီပေးရန် ပြီးခဲ့သည့် စက်တင်ဘာ လဆန်းပိုင်းက တောင်းခံခဲ့ခြင်း ဖြစ်သည်။
စက်တင်ဘာလအတွင်းက အမေရိကန်နိုင်ငံ ၀ါရှင်တန်ဒီစီမြို့တွင် ကျင်းပသည့် IMF နှစ်ပတ်လည် အစည်းအဝေးတွင် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ၀န်ကြီး ဦးလှထွန်းကလည်း ငွေကြေးနှင့် လုပ်ထုံးလုပ်နည်းပိုင်းတွင် ပူးပေါင်းဆောင်ရွက်ရန် စဉ်းစားနေ ကြောင်း၊ မိမိနိုင်ငံ စီးပွားရေးဖွံဖြိုး တိုးတက်စေရန် ကူညီမည်ဟုလည်း ယုံကြည်ကြောင်း ပြောဆိုခဲ့သည်။
မြန်မာနိုင်ငံသည် ၁၉၅၂ ခုနှစ်မှ စတင်၍ IMF အဖွဲ့ဝင်နိုင်ငံ ဖြစ်ခဲ့သည်။
၂၀၁၅ ခုနှစ် မတိုင်မီ မြန်မာနိုင်ငံ၌ စတော့အိပ်ချိန်း ဈေးကွက်ဖွင့်လှစ်ရန် ရာထားလျက်ရှိပြီး ၂၀၁၂ ခုနှစ်တွင် အများပြည်သူသို့ အစုရှယ်ယာများ ထုတ်ဝေရောင်းချရန် စီစဉ်နေကြောင်း ပြည်တွင်းအခြေစိုက် Eleven Media ၏ အင်တာနက် သတင်းတွင် ရေး သားထားသည်။
မြန်မာနိုင်ငံသည် ၂၀၁၅ ခုနှစ်တွင် အာဆီယံ စီးပွားရေး အဖွဲ့ဝင်နိုင်ငံလည်း ဖြစ်လာရန် ရှိသည်။

Sunday, September 11, 2011

ကြားဖူးနားဝ အပိုင်း (၂) မကောင်း ကျောင်းပို့

အပိုင်း (၂)အနေနဲ့ မြန်မာ့စကားမှာ အသုံးများတဲ့ စကားလေးတစ်ခွန်းပါ။

"မကောင်း ကျောင်းပို့" ဆိုတဲ့ စကားလေးဖြစ်ပါတယ်။



အရင်ဆုံး ကလေးငယ်နှစ်ယောက်ရဲ့ အကြောင်းလေးကို ပြောချင်ပါတယ်။ ဘာပြုလဲဆိုတော့ ဒီစကားလေးနဲ့ ပတ်သက်နေလို့ပါပဲ။ ကလေးငယ်များအတွက် မိဘများရဲ့ အခန်းခဏ္ဍဟာ အလွန်ကို အရေးကြီးပါတယ်။ မိဘတိုင်း မိမိတို့ရဲ့ ကလေးများကို အရမ်းချစ်ခဲ့တဲ့ သူတွေပါ။

ကောင်းစားတာမြင်ချင်တယ်၊ ပညာတတ်တာ၊ လိမ်မာတာ၊ ယဉ်ကျေးတာကို မြင်လို တဲ့ သူတွေချည်းဆိုတာတော့ မမှားနိုင်ပါဘူး။




မြတ်စွာဘုရားရှင်လက်ထက်က အနာထပိဏ်သူဌေးကြီးဆိုတာ အားလုံးအသိပါ။ သူ့မှာ သားတစ်ယောက်ရှိပါတယ်။ မောင်ကာဠဆို ခေါ်ပါသတဲ့။ ကလေးတို့ထုံးစံ ကစားနဲ့ အစားကိုပဲ မက်မောတတ်သေးတဲ့ အချိန်ပေါ့။ ဘာသာရေးဆိုတာ သူ့အတွက်က အဓိက မဟုတ်ဘူးလေ။ ဒါကို သူဌေးကြီးက သားငယ်လေး ဘာသာအဆုံးအမ ရစေချုင်တယ်။ လိမ်မာစေချင်တယ်။ ဒီတော့ သူဌေးကြီးကသားကို ဘုရားကျောင်းသွားပြီး တရားနာပါ။ အသပြာ(ငွေ)တစ်ထောင်

ပေးမယ်လို့ မောင်ကာဠကို ပြောလိုက်တယ်။ ငွေလိုချင်တော့ ကျောင်ကိုသွား ဒေါင့်တစ်နေရာ မှာ အိပ်ပြီးတော့ အိမ်ပြန်လာတယ်။ သူဌေးကြီးကလည်း အရေးတယူနဲ့ "ဥပုသ်သည်လေးပြန် လာပြီ..စားစရာ ယူခဲ့ကြ" ဆိုပြီးတလေးတစား ပြောဆိုတယ်။ မောင်ကာဠကလည်း ငွေပေးမှ စားမယ်ဆိုလို့ ငွေကို အရင်ပေးရတယ်။ ဒီလိုနဲ့..........

တစ်ရက်...

နှစ်ရက်.....

...................

..........................

နောက်တော့ သူဌေးကြီးက တမျိုးပြောလာတယ်။

ချစ်သား ကျောင်းကိုသွားပါ။ မြတ်စွာဘုရားရှင်ဟောတဲ့ တရားလေးကို ဂါထာတစ်ပုဒ်ဖြစ်ဖြစ် နာယူမှတ်သားခဲ့ပါ။ အိမ်ရောက်လို့ ပြန်ပြောပြနိုင်ရင် ငွေတစ်ထောင်ပေးမယ်လို့ ပြောလိုက် တယ်။ ဒါနဲ့ကျောင်းသွား၊ ခါတိုင်းလို မအိပ်တော့ဘဲ တရားတော်ကို မှတ်မိအောင် နာတယ်၊ နာလိုက်၊ မှတ်လိုက်၊ မေ့သွားလိုက်။ တ၀ဲလည်လည်ဖြစ်နေတယ်။ ဒီလိုနဲ့ မှတ်ရင်းမှတ်ရင်း တရားနာလိုက်တာ တရားဆုံးသွားတယ်၊ ဂါထာလည်း ရလိုက်တယ်လေ။ အိမ်ရောက်ပြီး တရားကို ပြန်ပြောနိုင်လို့ ငွေတစ်ထောင်ပေးတာတောင် မယူတော့ဘူး။ မောင်ကာဠလေးလည်း ရတနာသုံးပါးနဲ့ ရင်းနှီးခင်မင်ပြီး လိမ်မာသွားတယ်။

(တွေ့ကြုံဖူးခဲ့တဲ့ တချို့သော မိဘတွေနဲ့ အတော်လေး ကွဲပြားတာကို တွေ့လိုက်ရတယ်။ ကလေးတွေကို မညာဘူး၊ ပေးမယ်ဆိုတဲ့ ကတိ အတိုင်း ပေးခဲ့တာကို တွေ့ရတယ်။ ဒါက child psychology အရ အင်မတန်ကို အရေးကြီးပါတယ်)။



နောက်တစ်ယောက်က ဖခင်ကိုသတ်ပြီး နန်းလုခဲ့တဲ့ အဇာတသတ်မင်းသားလေး၊ ဖခင်ကို သတ်မယ့်ကလေးလို့ မမွေးခင်ထဲက ကြိုသိခဲ့ကြတယ်။ မွေးလာတဲ့နောက်လည်း ဖခင်လုပ်တဲ့ ဗိမ္မိသာရမင်းကြီးက သားတော်လေးကို ချစ်ခဲ့တာအပြင်၊ လိမ်မာရေးခြားရှိအောင် လုပ်ပေးတာ အထူးမတွေ့ရဘူး။ နောက်ဆုံး ဒေ၀ဒတ်နဲ့ပေါင်းပြီး ဖခင်ကို သတ်မိတဲ့အပြစ်ကြီး ကျူးလွန်ခဲ့ ရတယ်။

************************************************************************

နှိုင်းယှဉ်စရာတွေ အများကြီးတွေ့ရတယ်။ ဒီနေရာမှာတော့ လိုရင်းပဲ ပြောပါ့မယ်။ ဖခင်နှစ်ယောက်စလုံးဟာ မြတ်စွာဘုရားရှင်နဲ့ ရင်းနှီး သူတွေ၊ သောတာပန်တွေလို့ မှတ်သားဖူး ပါတယ်။ ဒါပေမဲ့ သားတွေကို ပြုပြင်ပေးတဲ့နေရာမှာအတော်လေး ကွာခြားတာတွေ့ရတယ်။

ဗိမ္မိသာရမင်းကြီးကို အပြစ်ပြောနေတာ မဟုတ် ပါဘူး။

" ဒါက အဇာသတ်ရဲ့ ကံတရားပေါ့ကွာ၊ ဘုရားရှင်တောင်မှ မကာကွယ်ပေးနိုင်ခဲ့တာ၊ ဖြစ်ဖို့ရှိလို့ ဖြစ်သွားတာနေမှာပါ"

သူငယ်ချင်းတွေနဲ့ ဆွေးနွေးရင်း သူတို့ရဲ့ ကောက်ချက်ချတဲ့ စကားပါ။

ဘာပဲဖြစ်ဖြစ် ဘုရားရှင်ထံရောက်သွားခဲ့ရင်ဆိုတဲ့ အတွေးကတော့ ........

စာရေးသူရင်မှာ ယခုတိုင် မရဲတရဲ ရှိနေဆဲပါ။

ဘာသာရေးဘက်က တွေးမိတဲ့ အတွေးတစ်ခုပါ

************************************************************************

နောက် မြန်မာ့ရာသမိုင်းကို ကြည့်ရင် ခေတ်အဆက်ဆက် ရှေးမြန်မာတွေဟာ ဘုန်းတော်ကြီး

ကျောင်းများနဲ့ မကင်းခဲ့တာကို တွေ့ရပါတယ်။ ဘုရင်မှစ လက်လုပ်လက်စားအထိ ဘုန်းကြီး

ကျောင်းထွက်တွေပါ။ ဘုန်းကြီးကျောင်းမှစတင်ပြီး ဘာသာရေး ပညာရေးတွေကို လေ့လာသင် ကြားခဲ့ကြတာပါ။ "မင်းတုန်းမင်းနှင့် ငါးခြောက်ပြား"ဖြစ်ရပ်ပါ ဆရာတော်ရဲ့ ....

"ငါးခြောက်ပြားလေးမှ မထိန်းသိမ်းနိုင်ရင် တိုင်းပြည်ကို ဘယ်လို ထိန်းသိမ်းနိုင်ပါမလဲ" ဆိုတဲ့ စကားလေးဟာလည်း မှတ်သားစရာပါ။ ဘုရင်သား၊ သူဌေးသားစသည့် ကလေးများကို ဘုန်းတော်ကြီးကျောင်းလွှတ်ပြီး စာပေသင်ကြားခဲ့စေပါတယ်။ ဘုရင် သူဌေးစသူတွေဟာ စာသင်ပြနိုင်သူတွေကို နန်းတော်ခေါ်ပြီး၊ အိမ်ခေါ်ပြီး (ယခုခေတ် တတ်နိုင်သူများ ဆရာကိုခေါ် ပြီး ၀ိုင်းကျူရှင်သင်သလို) ဆရာငှါးသင်မယ်ဆိုရင် မဖြစ်နိုင်စရာ မရှိပါဘူး။ ဘာကြောင့် ကျောင်းကို ပို့ခဲ့သလဲ။ အဓိကတော့ ဘုရင့်သား၊ သူဌေးသားဆိုတဲ့ မာနအစွဲတွေကို စွန့်နိုင်အောင်ဖြစ်ပါတယ်။ ကိုယ့်နေရာမှာဆိုရင် အလိုလိုက်ခံ သားသမီးဆိုတာ ဆိုးမှာ နွဲ့မှာ သေချာပါတယ်။ ကျောင်းမှာဆိုတော့ တပြေးညီ၊ တပုံတည်းဆိုတော့ ပုံစံတကျ၊ ယဉ်ကျေးသိမ်မွေ့သွားကြပါတယ်။ လိမ်မာသွားပါတယ်။

ဒါကတော့ မြန်မာ့သမိုင်းအမြင်နဲ့ ယှဉ်ပြီးဖြစ်ပေါ်လာတဲ့ တွေးခေါ်ယူဆချက်ပါ။


************************************************************************

ယခုခေတ်အနေနဲ့ကတော့ စာရေးသူ နီးစပ်ရာ စင်္ကာပူနိုင်ငံကို သာဓကပြုချင်ပါတယ်။ စင်္ကာပူရောက် မြန်မာများ စီးပွားရေး ပညာရေးမှာ ပြည့်စုံမှု ရှိကြပေမဲ့ လိုအပ်နေတာ၊ သူတို့ စိုးရိမ်နေတာကတော့ သား/သမီးများရဲ့ ယဉ်ကျေးမှု၊ သိမ်မွေ့မှုပါ။ စင်္ကာပူနိုင်ငံမှာနေ၊ ကျောင်း တက်နေကြတဲ့ ကလေးငယ်များဟာ မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးစံတွေနဲ့ အတော်လေးကို ကင်းကွာနေတာကို တွေ့ကြရတယ်။ တချို့မိဘများဆိုရင် မြန်မာနိုင်ငံကို နှစ်စဉ်ပြန်ပြီး ကလေးငယ်များကို မြန်မာ့ဓလေ့၊ အငွေ့သက်တွေကို ကလေးငယ်များသိအောင် ပြုလုပ်လေ့ ရှိကြပါတယ်။ စင်္ကာပူရှိ မြန်မာဘုန်းတော်ကြီးကျောင်းများသို့ပို့ပြီး ဘာသာ၊ ယဉ်ကျေးမှုကို နားလည်အောင်ပြုလုပ်ပေးနေတာကိုလည်း မြင်တွေ့နိုင်ပါတယ်။ အခြားနိုင်ငံရောက် မိဘများ လည်း အထက်ပါအတိုင်းလုပ်ဆောင်နေကြတာကို နိုင်ငံတကာရှိ ဘုန်းတော်ကြီးကျောင်းများရဲ့ ယဉ်ကျေးမှုသင်တန်းဖွင့်တဲ့ သတင်းတွေက အထင်ရှားပါ။

ဒါက မျက်မှောက်ခေတ်ရဲ့ ပုံရိပ်တွေဖြစ်ပါတယ်။

************************************************************************

စာရှည်သွားပြီမို့ ဆိုလိုရင်းကို နိဂုံးချုပ်ပြောပါမယ့်၊

ဆိုတော့ကာ မကောင်းကျောင်းပို့ဆိုတာ မိမိတို့မှာရှိတဲ့ မကောင်းတော့တဲ့၊ သုံးလို့မရတော့တဲ့ အပျက်အစီး ပစ္စည်းတွေကို ကျောင်းသို့ပို့လိုက်ခြင်း မဟုတ်ပါဘူး။ ဘယ်သူကမှလဲ မိမိတို့ ကိုးကွယ်ရာ အဟောင်းအဆုတ်(မကောင်းတာတွေကို) ကျောင်းပို့ပစ်ခြင်းကို ပြုလုပ်မယ်လို့ မထင်ပါဘူး။

မိမိတို့ ကလေးငယ်များ ကလေးသဘာဝ မကောင်းတဲ့၊ မယဉ်ကျေးသေးတဲ့ အလေ့အကျင့်တွေ

ကောင်းလာအောင်၊ ယဉ်ကျေးလာအောင်၊ ကျောင်းကိုပို့ပေးခြင်းကစခဲ့တဲ့ ဖြစ်ရပ်ကစတင်ပြီး တင်စားပြောခြင်းဖြစ်ပါ တယ်။ (တချို့လူကြီးတွေလည်း ပါကောင်းပါနိုင်ပါတယ်)။

ဘာပြုလို့လဲဆိုတော့ မြန်မာ့ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ ကြီသူကို ရိုသေစတဲ့ အဆုံးအမများဟာ ဗုဒ္ဓဘာသာ အဆုံးအမတွေကို အရင်းခံထားလို့ပါ။

မြန်မာ့ယဉ်ကျေးမှုမှာ ဗုဒ္ဓဘာသာက အဆုံးမတွေကို ဖြုတ်ပစ်လိုက်ရင် လေးပုံတစ်ပုံတောင်

မြန်မာ့ယဉ်ကျေးမှုစစ်စစ် ကျန်ပါတော့မလားဆိုတာ စဉ်းစားစရာ"........

ဆိုတဲ့ ဆရာတစ်ယောက်ရဲ့ စကားကလည်း ရင်ထဲအမှတ်တရပါ။



************************************************************************





အပိုင်း(၁)ကို မထင်မှတ်ပဲ အားပေးသူများတာကို တွေ့ရလို့ ၀မ်းသာကြည်နူးမိရတယ်။ အားပေးသူတွေကိုလည်း ကျေးဇူးတင်ကြောင်း ဒီနေရာကနေပဲ ပြောပရစေ။ တက္ကသိုလ် စာသင်ခန်းအတွင်း ဆရာများပြောကြားချက်၊ စာဖတ်ရာမှ တွေ့ရှိချက်၊ လူကြီးသူမများ

ပြောကြားချက်တို့ကို မှတ်မှတ်ထင် ထင်နဲ့ ပြန်လည်ဝေမျှ တင်ပြခြင်းသာဖြစ်ပါတယ်။ အမြင်မတူတာများရှိပါက လွတ်လပ်စွာ သဘော ထားကွဲလွဲနိုင်၊ ဆွေးနွေးနိုင်ပါတယ်။

စာရှည်သွားရင် ခွင့်လွှတ်ကြပါ.... စာဖတ်သူတွေကိုလည်း အားနာပါရဲ့။

ရွာသားလေး.........