Pages

Friday, March 9, 2012

မြန်မာနိုင်ငံတောင်ဘက်ပိုင်း မြိတ်ကျွန်းစုနှင့် မြန်မာ့ပင်လယ်ပြင်အတွင်းမှ ထွက်ရှိသော ငါး၊ ပုစွန်များကို ထိုင်းနိုင်ငံ ရနောင်းမြို့သို့ အဓိကတင်ပို့ မြန်မာနိုင်ငံမှထွက်ရှိသော ငါး၊ ပုစွန်များအပေါ်တွင် ထိုင်းနိုင်ငံမှ အကျိုးအမြတ် ၇၀ ရာခိုင်နှုန်း ရရှိပြီး မြန်မာနိုင်ငံမှ ၃၀ ရာခိုင်နှုန်းသာ ရရှိနေ




မြန်မာနိုင်ငံမှ အပြည်ပြည်ဆိုင်ရာ အဆင့်မီငါးဈေးကြီး
မြန်မာနိုင်ငံမှ ထွက်ရှိသော ငါး၊ ပုစွန်များမှာ အဓိကအားဖြင့် ထိုင်းနိုင်ငံရှိ ရနှောင်းမြို့သို့ ရောက်ရှိနေပြီး အိမ်နီးချင်းထိုင်းနိုင်ငံတွင်ငါးဈေးကွက်ကြီး ဖြစ်ပေါ်နေကြောင်း၊ မြန်မာနိုင်ငံ တောင်ဘက်ဆုံးပိုင်းရှိ
မြိတ်ကျွန်းစုနှင့် မြန်မာ့ပင်လယ်ပြင်အတွင်းမှ ထွက်ရှိသော ငါးပုစွန်များကို ထိုင်း နိုင်ငံရနှောင်းမြို့သို့ အဓိကတင်ပို့ပေးရလျက်ရှိကာ အဆိုပါဒေသနှင့် မဟာချိုင်ဒေသမှာ အရှေ့တောင်အရှတွင် အဓိက ငါးဈေးကွက်ကြီး ဖြစ်ပေါ်နေကြောင်း သိရသည်။ မြန်မာနိုင်ငံမှ ထွက်ရှိသော ငါးပုစွန်များအပေါ်တွင် ထိုင်းနိုင်ငံမှ အကျိုးအမြတ် ၇၀ ရာခိုင်နှုန်း ရရှိနေပြီး မြန်မာနိုင်ငံမှ အကျိုးအမြတ် ၃၀ ရာခိုင်နှုန်းသာ ရရှိနေသောကြောင့် ငါးဈေးကွက်ကြီး မြန်မာနိုင်ငံတွင် ပြန်လည်ရောက်ရှိလာရန်အတွက် တာဝန်ရှိသူများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံမှ အပြည်ပြည်ဆိုင်ရာ အဆင့်မီငါးဈေးတံတားတွင် ဆိုက်ကပ်ထားသောလှေများ
''ထိုင်းနိုင်ငံ ရနှောင်းမြို့မှာရှိတဲ့ ဂိုဒေါင်တွေမှာ လာရောင်းတဲ့ လှေအားလုံးလိုလိုက မြန်မာနိုင်ငံက လာရောင်းတဲ့ ငါးလှေတွေပါ။ ရနှောင်းက ဂိုဒေါင်တွေမှာ လေလံတင်ပြီး သူတို့က မဟာချိုင်နဲ့ ဘန်ကောက်ကို ပြန်တင်ပို့ပေးတာပေါ့။ ဈေးကွက်အဆုံးကို ကျွန်တော်တို့က မတင်ပို့နိုင်သလို မြန်မာနိုင်ငံကထွက်တဲ့ ရေထွက်ပစ္စည်းကို အမှီပြုပြီး ရနှောင်းမှာ ငါးဈေးကွက်ကြီး ဖြစ်နေတာတွေ့ရတယ်။ မြန်မာနိုင်ငံက ရွှေ့ပြောင်း လုပ်သားတွေပါ သွားရောက်လုပ်ကိုင်နေရတယ်။ အဲဒီတော့ ကျွန်တော်တို့နိုင်ငံက ရေထွက်ပစ္စည်းလည်း တင်ပို့ပေးရ၊ အဲဒီလုပ်ငန်း အဆင်ပြေစေဖို့ ရွှေ့ပြောင်းလုပ်သားတွေလည်း တင်ပို့ပေးရတယ်။ ငါးပုစွန် ဈေးကွက်က ရတဲ့အကျိုးအမြတ်ကိုတော့ ထိုင်းနိုင်ငံက တန်ဖိုးမြှင့် ထုတ်ကုန်တွေ ထုတ်လုပ်နိုင်တာတို့၊ အခွန်အခတွေကြောင့် မြန်မာနိုင်ငံက တင်ပို့တဲ့ ငါးပုစွန်တွေပေါ်မှာ အကျိုးအမြတ် ၇၀ ရာခိုင်နှုန်း ရရှိနေပြီး မြန်မာနိုင်ငံက ၃၀ ရာခိုင်နှုန်းလောက်သာ ရရှိတယ်လို့ တွက်ချက်ထားတာ တွေ့ရတယ်။ အဲဒီတော့ မြန်မာနိုင်ငံကထွက်တဲ့ငါးပုစွန်တွေကို မြန်မာနိုင်ငံမှာ ဈေးကွက်ပြန်လည်ရရှိရေးအတွက်
မြန်မာနိုင်ငံမှာ ရှိပြီးသားလည်းဖြစ်တဲ့ အရှေ့တောင်အာရှမှာ အကြီးဆုံး ဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ အဆင့်မီ ငါးဈေးကြီး ပြန်လည်လည်ပတ်ဖို့ သက်ဆိုင်ရာအဖွဲ့အစည်း၊ ဌာနအသီးသီးနဲ့ ဒေသခံလုပ်ငန်းရှင်တွေ ပါဝင်မယ့် ပညာရှင်အဖွဲ့ကို မြိတ်မြို့က အပြည်ပြည်ဆိုင်ရာ အဆင့်မီ ငါးဈေးကြီးကို စေလွှတ်ပြီး ဆွေးနွေး ဆောင်ရွက်သွားဖို့ စီစဉ်ထားတယ် လို့သိရတယ်''ဟု ပညာရှင်တစ်ဦးက ပြောကြားခဲ့သည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဖေဖော်ဝါရီလ ၁၈ ရက်နေ့က မြိတ်မြို့ရှိ အပြည်ပြည်ဆိုင်ရာ အဆင့်မီငါးလေလံဈေးကြီးသို့ လာရောက်လေ့လာပြီး သက် ဆိုင်သည့် နယ်ပယ်အသီးသီးမှ ပညာရှင်အဖွဲ့ စေလွှတ်ပြီး ငါးလေလံဈေးကြီး ပြန်လည် လည်ပတ်နိုင်ရန်အတွက် ဆွေးနွေးသွားရန် မှာကြားခဲ့သည်။

ထိုင်းနိုင်ငံအနေဖြင့် ၁၉၆၂ ခုနှစ်မှ စတင်ပြီး ၎င်းတို့နိုင်ငံတွင် ငါးမျိုးသုဉ်းသွားပြီဖြစ်ကြောင်း ကမ္ဘာကို ကြေညာထားခဲ့သော်လည်း မြန်မာနိုင်ငံမှထွက်ရှိသော ငါးပုစွန်များကို အမှီပြုကာ အရှေ့တောင်အာရှတွင် ကြီးမားသော ငါးဈေးကွက်ကြီးကို ပိုင်ဆိုင်ရယူထားကြောင်း သိရသည်။
ထိုင်းနိုင်ငံ ရနှောင်းမြို့တွင် မြန်မာ့ပင်လယ်မှထွက်ရှိသော ငါးပုစွန်များကိုအမှီပြုကာ တစ်နေ့လျှင် အမေရိကန်ဒေါ်လာ သုံးသန်းမှ လေးသန်းကြား အရောင်းအ၀ယ်ဖြစ်နေကြောင်း သိရသည်။ မြန်မာနိုင်ငံအနေဖြင့် မြိတ်-မောတောင် နယ်စပ်ကုန်သွယ်ရေးစခန်းကို ဖွင့်လှစ်ကာ အဆင့်မီလမ်းဖောက်လုပ်နိုင်ပါက ဒေသခံလုပ်ငန်းရှင်များ အပါအ၀င် အခြေခံလူတန်းစားများ၊ အလယ်အလတ်လုပ်ငန်းရှင်များပါ အလုပ်အကိုင် အခွင့်အလမ်းများစွာ ပွင့်သွားနိုင်ပြီး ရေထွက်ကုန်တင်ပို့မှုများလည်း မြန်ဆန်စွာ တင်ပို့နိုင်မည့်အပြင် ငါးဈေးကွက်ကြီးမှာလည်း မြန်မာနိုင်ငံတွင် ပြန်လည်ရောက်ရှိလာမည်ဟု ဒေသခံလုပ်ငန်းရှင်များက သုံးသပ်ပြောကြားလျက်ရှိကြောင်း သိရသည်။
Ref: EMG

အုပ်ချုပ်မှုစနစ် မမှန်ကန်ခဲ့ခြင်းကြောင့် ထိပ်တန်းနိုင်ငံအဆင့်မှ အောက်ဆုံးသို့ ရောက်ရှိခဲ့ရကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား တံတားဦးမြို့နယ်ရှိ ဒေသခံများနှင့်အတူ တွေ့ရစဉ်
မန္တလေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးသို့ သွားရောက်ခဲ့သည့် စည်းရုံးရေး ခရီးစဉ်အတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အုပ်ချုပ်မှုစနစ် မမှန်ကန်ခဲ့ခြင်းကြောင့် မြန်မာနိုင်ငံအနေဖြင့် ထိပ်တန်းနိုင်ငံအဆင့်မှ အောက်ဆုံး သို့ ရောက်ရှိခဲ့ရခြင်းဖြစ်ကြောင်း ထည့်သွင်းပြောကြား ခဲ့ပါသည်။

မတ်လ ၃ ရက်နေ့မှ စတင်ခဲ့သော အဆိုပါခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် မန္တလေး၊ စစ်ကိုင်း၊ တံတားဦး၊ နွားထိုးကြီး၊ မိတ္ထီလာနှင့် နေပြည်တော်တို့တွင် မဲဆွယ်စည်းရုံးခြင်းများကို လေးရက်ကြာ ပြုလုပ်ခဲ့သည်။

မတ်လ ၅ ရက်နေ့ နံနက်ပိုင်းက တံတားဦးမြို့တွင် ပြုလုပ်ခဲ့သော ဟောပြောပွဲ၌ ဒေါ်အောင်ဆန်းစုကြည်က ''ကျွန်မတို့ မြန်မာနိုင်ငံဟာ အနှစ် ၂၀ ကျော်အတွင်းမှာ အရှေ့တောင်ဒေသရဲ့အောက်ဆုံးအဆင့်ကို ရောက်နေပါပြီ။ ဒီလို အောက်ဆုံးအဆင့် လောက် ရောက်စရာ နိုင်ငံမျိုး မဟုတ်ပါဘူး။ သဘာဝအားဖြင့် ကျွန်မတို့နိုင်ငံဟာ ချမ်းသာပါတယ်။ လူတွေက ဘယ်လိုပြောသလဲဆိုတော့ မြန်မာနိုင်ငံဟာ နိုင်ငံကချမ်းသာပြီးတော့ ပြည်သူတွေက ဆင်းရဲတယ်တဲ့၊ ဒီလို ပြောပါတယ်။ နိုင်ငံက ချမ်းသာပြီး ပြည်သူတွေက ဆင်းရဲတယ်ဆိုတာ ဘာကြောင့်လဲလို့ စိစစ်ရင် အဓိကကတော့ အစိုးရစနစ်ကြောင့်ပဲ ဖြစ်ပါတယ်။ ပြည်သူတွေကို ဦးစားမပေးတဲ့ အစိုးရ၊ ပြည်သူတွေကို မျက်နှာမပူတဲ့ အစိုးရ၊ ပြည်သူတွေကို မလေးစားတဲ့ အစိုးရဆိုရင် တိုင်းပြည်က ဘယ်လောက်ပဲ ချမ်းသာ ချမ်းသာ ပြည်သူတွေက ဆင်းရဲမှာပါပဲ''ဟု ပြောကြားခဲ့သည်။

''လွတ်လပ်ရေးရတာ နှစ်ပေါင်း ၆၀ ကျော်သွားပြီ။ ဒီနှစ်ပေါင်း ၆၀ ကျော်အတွင်းမှာ မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာ ထိပ်တန်း နိုင်ငံအဆင့်ကနေ အောက်ဆုံးကို ရောက်သွားတယ်။ ဒီလိုအောက်ဆုံးအဆင့်ကို ရောက်သွားရတာဟာ ဘာကြောင့်လဲလို့ ဆန်းစစ်ရင် အုပ်ချုပ်မှုစနစ် မမှန်လို့ပဲလို့ သုံးသပ်ရမှာပဲ။ ဒီနိုင်ငံဟာ ဒီနိုင်ငံပဲ၊ ဒီပြည်သူဟာ ဒီပြည်သူပဲ။ နိုင်ငံလည်း ပြောင်းလဲမသွားဘူး။ ပြည်သူလည်း ပြောင်းလဲမသွားဘူး။ အုပ်ချုပ်မှုစနစ်သာ ပြောင်းသွားတယ်။ အရင်တုန်းက မြန်မာနိုင်ငံကို လိုက်မမီနိုင်တဲ့၊ မြန်မာနိုင်ငံကို စံနမူနာအဖြစ်ထားခဲ့ရတဲ့ နိုင်ငံတွေ ရှေ့တန်းမှာ ရောက်သွားတယ်။ ဥပမာ စင်ကာပူ ဆိုပါတော့။ အရှေ့တောင်အာရှမှာ အတိုးတက်ဆုံးလို့ သတ်မှတ်ခံထားရတယ်။ မြန်မာတော်တော်များများ ပညာတတ်ရင် စင်ကာပူမှာ သွားပြီး အလုပ်လုပ်ကြတယ်။ တော်ရုံ တန်ရုံ ပညာတတ်ရုံနဲ့ ဟိုက လက်မခံဘူး။ တကယ်တော့ စင်ကာပူဆိုတာ မြန်မာနိုင်ငံထက် နောက်ကျပြီးမှ လွတ်လပ်ရေးရတာ။ အဲဒီအချိန်က ၀န်ကြီးချုပ်ဖြစ်လာမယ့် လီကွမ်ယူက နှစ် ၂၀ အတွင်း မြန်မာနိုင်ငံကို မီစေရမယ်ဆိုတဲ့ ကြွေးကြော်သံနဲ့ တက်လာခဲ့တာ။ အခု ကျွန်မတို့အနေနဲ့ နှစ် ၂၀ အတွင်း စင်ကာပူကို မီစေရမယ် ဆိုတဲ့ ကတိပေးရဲရဲ့လား စဉ်းစားနေတယ်''ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
မိနစ် ၅၀ ခန့် ကြာမြင့်ခဲ့သော အဆိုပါဟောပြောမှု၌ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ ပြည်သူလူထု၏ လက်ရှိအခြေအနေများအပေါ် ထောက်ပြပြီး လူ့စွမ်းအားအရင်းအမြစ်ပေါ် အခြေခံသော နိုင်ငံတစ်ခု တည်ဆောက်ရန် ပြောကြားခဲ့သည်။ ''စင်ကာပူဟာဆိုရင် ကျွန်းနိုင်ငံ သေးသေးလေးပဲ။ ဘာသယံဇာတမှလည်း မရှိဘူး။ သူ့မှာရှိတာဆိုလို့ လူသားအရင်းအမြစ်ပဲ ရှိတယ်။ ကံကောင်းတာတစ်ခုက လွတ်လပ်ရေးရပြီးပြီးချင်း တက်လာတဲ့အစိုးရဟာ ပညာတတ်တွေ ဖြစ်လို့ပါပဲ။ ဘာသယံဇာတမှမရှိတဲ့ တိုင်းပြည်မှာ ပြည် သူဟာ သယံဇာတပဲဆိုတာ သူတို့ သိခဲ့ကြတယ်။ ပြည်သူတွေရဲ့ အရည်အချင်းတက်လာအောင်လုပ်မှ နိုင်ငံတိုးတက်မယ်ဆိုတာ သိတဲ့အတွက် ဒါကိုအလေးပေးပြီး လုပ်ဆောင်ခဲ့လို့ တိုးတက်သွားတာဖြစ်ပါတယ်။ တကယ်တော့ သဘာဝဓာတ်ငွေ့တို့ ဘာတို့ဆိုတာ တစ်ချိန်ချိန်မှာ ကုန် သွားမှာဖြစ်ပါတယ်''ဟု ၎င်းက ပြောကြားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံပြန်လည်တည်ထောင်ရာတွင် မျိုးဆက်သစ်လူငယ်တို့၏ အခန်းကဏ္ဍကို အဓိက ဦးစားပေး ပြောဆိုသွားခဲ့ပြီး အသက်မွေးဝမ်းကျောင်းပညာများ ယခုထက် ပိုမိုသင်ကြားပေးနိုင်ရန် ပြောဆိုခဲ့ကာ လူငယ်များအနေဖြင့် မိမိတို့ တတ်ကျွမ်းထားသော ပညာရပ်များဖြင့် ရပ်တည်နိုင်သော ခေတ်တစ်ခေတ် ရောက်အောင် ကြိုးပမ်းရမည်ဟု ပြောကြားခဲ့သည်။

နိုင်ငံဂုဏ်ရှိမှ ကျွန်မတို့ သိက္ခာရှိတယ်။ နိုင်ငံဂုဏ်သိက္ခာနဲ့ ကျွန်မတို့ ဂုဏ်သိက္ခာ ခွဲခြားလို့ မရဘူး။ ဒီတော့ အတ္တပဲပြောပြော၊ ပရပဲပြောပြော နိုင်ငံရဲ့အကျိုးကို ထမ်းဆောင်နိုင်မှ ကျွန်မတို့ သိက္ခာရှိတယ်ဆိုတာ အဖွဲ့ချုပ်ရဲ့ ယုံကြည်ချက်ဖြစ်ပါတယ် . .
''ကျွန်မတို့နိုင်ငံမှာ အဓိကအားဖြင့် ပြည်သူတွေရဲ့ဘ၀ကို မြှင့်တင်ပေးဖို့ အလုပ်အကိုင်တွေ ဖန်တီးပေးရမယ်။ ကျန်းမာရေးနဲ့ ပညာရေးမှာ ထိထိရောက်ရောက် အပြောင်းအလဲတွေ လုပ်ရမယ်။ နှစ် ၂၀ အတွင်းလုပ်လာတဲ့ ကျန်းမာရေး၊ ပညာရေးစောင့်ရှောက်မှုတွေ မ အောင်မြင်ခဲ့လို့ ပြည်သူတွေရဲ့ဘ၀ နိမ့်ကျလာတာ ဖြစ်ပါတယ်။ လူငယ်တော်တော်များများဟာ ဘွဲ့ရပြီး ဘာအလုပ် လုပ်ရမှန်းမသိ ဖြစ်နေကြတယ်။ ဒါကြောင့် ပညာရေး စနစ်မှာ အသက်မွေးဝမ်းကျောင်းပညာကို အများကြီး သင်ကြားပေးရပါမယ်။ ပညာသင်ပေးတယ်ဆိုတာ လောကကြီးမှာ လူပီပီရပ်တည်နိုင်ဖို့ဖြစ်တယ်လို့ နားလည်ပါတယ်။ ပညာတွေသင်ပြီး လောကကြီးမှာ လူပီပီမရပ်တည်နိုင်လို့ အရက်ဆိုင်သွားထိုင်နေတဲ့ လူငယ်တွေ အများကြီးပဲလို့ ကြားပါတယ်။ ဒီလူငယ်တွေ ယုံကြည်ချက်ရှိရှိ သိက္ခာရှိရှိနဲ့ နိုင်ငံရဲ့အနာဂတ်ကို ဖော်ဆောင်နိုင်တဲ့ အခြေအနေမျိုးဖြစ်အောင် ဖန်တီးပေးရပါမယ်''ဟု ပြောကြားခဲ့သည်။

''နိုင်ငံဂုဏ်ရှိမှ ကျွန်မတို့ သိက္ခာရှိတယ်။ နိုင်ငံဂုဏ်သိက္ခာနဲ့ ကျွန်မတို့ ဂုဏ်သိက္ခာ ခွဲခြားလို့မရဘူး။ ဒီတော့ အတ္တပဲပြောပြော၊ ပရပဲပြောပြော နိုင်ငံရဲ့အကျိုးကို ထမ်းဆောင်နိုင်မှ ကျွန်မတို့ သိက္ခာရှိတယ်ဆိုတာ အဖွဲ့ချုပ်ရဲ့ ယုံကြည်ချက်ဖြစ်ပါတယ်'' ဟု ဒေါ်အောင်ဆန်းစုကြည်က ပြော ကြားခဲ့သည်။
Ref: EMG

ထိုင်းနှင့်မြန်မာ ယှဉ်သည့် ဦးသုဝေ၏ အသံလွှင့်ချက် အပယ်ခံရ


ချင်းမိုင် (မဇ္ဈိမ) ။ ။ ထိုင်းနှင့်မြန်မာ လူနေမှု အဆင့်အတန်းတို့ နှိုင်းယှဉ်ကာ မြန်မာတို့ နိမ့်ကျနေကြောင်း နိုင်ငံပိုင် ရုပ်မြင်သံကြားနှင့် ရေဒီယိုတို့မှ အသံလွှင့်ရန် ပြင်ဆင်ထားသည့် ပါတီမူဝါဒ၊ သဘောထားများကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ပယ်ချလိုက်သည်ဟု ဒီမိုကရက်တစ်ပါတီ (မြန်မာ)၏ ဥက္ကဋ္ဌ ဦးသုဝေက မဇ္ဈိမကို ပြော သည်။

အသံလွှင့်ရန်အတွက် ဖေဖေါ်ဝါရီလ ၂၅ ရက်နေ့တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ တင်ပြထားပြီး မတ်လ ၄ ရက်နေ့တွင် ကော်မရှင်မှ ပယ်ချခံခဲ့ရကြောင်း ဦးသုဝေက ပြောသည်။

“အကြောင်းပြချက်ကတော့ ပထမ ဆောင်းပါးနှစ်ပုဒ်ကို ဖတ်ကြည့်ပြီးတော့မှ ဒါဟာ သူတို့ရဲ့ မူဝါဒနဲ့ မကိုက်ညီလို့ ပယ်တယ်လို့ပဲ ရေးထားတာပေါ့။ သူတို့ကို ထိခိုက်တယ်လို့ ယူဆသလား မသိပါဘူး” ဟု မဇ္ဈိမကို ပြောသည်။

မတ်လ ၉ ရက်နေ့နှင့် ၁၇ ရက်နေ့များတွင် ဟောပြောရန် ပြင်ဆင်ထားသည့် ပါတီမူဝါဒ ဆောင်းပါး နှစ်ပုဒ်လုံး အပယ်ခံခဲ့ရသည်ဟုလည်း ဦးသုဝေက ပြောသည်။

“မြန်မာပြည်နဲ့ ထိုင်းနဲ့ နှိုင်းယှဉ်ပြတာပေါ့ဗျာ။ ကိုယ်ဝန်ဆောင်တွေရဲ့ အခြေအနေ၊ မွေးလာတဲ့ ကလေးတွေရဲ့ လူနေမှု အဆင့်အတန်း၊ နောက် ကျောင်းသား အရွယ် အခြေအနေ၊ အလုပ်အကိုင် အခြေအနေ၊ လူအိုအရွယ် အခြေအနေတွေမှာ နှိုင်းယှဉ်ပြီးတော့မှ ကျနော်တို့ တိုင်းပြည်က ဘယ်လောက်လိုသေးတယ်၊ ကျနော်တို့အားလုံး ပြုပြင်ရအောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရေးတာပါ” ဟု ပြောသည်။

ဤသို့ ပယ်ဖျက်လိုက်ခြင်းကြောင့် အသစ် ပြန်လည်ရေးသားခဲ့ရပြီး ဆောင်းပါး အသစ်ကို ဗုဒ္ဓဟူးနေ့က နေပြည်တော်မြန်မာ့အသံတွင် အသံသွင်းပြီး ဖြစ်သည်ဟုလည်း သိရသည်။

ဒီမိုကရက်တစ်ပါတီ (မြန်မာ) DPM နှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီတို့သည် ယင်းတို့ပါတီများ၏ မူဝါဒ သဘောထားများကို ယခုလ ၉ ရက်နေ့နှင့် ၁၇ ရက်နေ့များ ဟောပြောခွင့် ရရှိမည်ဖြစ်သည်။

ဦးသုဝေက သူပြောကြားမည့် ပါတီမူဝါဒ သဘောထားများ ပယ်ဖျက်ခံရမှုကြောင့် ဖေဖေါ်ဝါရီလ ၇ ရက်နေ့
အောက်လွှတ်တော်ဥက္ကဋ္ဌ ပြောကြားသည့် ပြုပြင်ပြောင်းလဲရေးများ ရဲရဲဝံ့ဝံ့၊ သတ္တိရှိရှိ လုပ်ဆောင်ရန် တိုက်တွန်း သွားချက်ကို ကိုးကားကာ “အခုဖြစ်တာကိုပဲကြည့်ဗျာ။ ပြုပြင်ပြောင်းလဲရေးက သိပ်နှေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရင် လုပ်ရိုးလုပ်စဉ်အတိုင်း လုပ်နေကြတာ။ အဲဒါကြောင့် ကျနော်တို့က သူတို့ကိုတော့ သိပ်ပြီးတော့ အပြစ်မပြောချင် ဘူး။ ဒါပေမယ့် ကျနော်တို့ လုပ်ချင်တာကတော့ မြန်မြန်ပြောင်းချင်တယ်။ ဒါပေမယ့် မဖြစ်သေးဘူး” ဟု မဇ္ဈိမကို
ပြောသည်။

DPM ဥက္ကဋ္ဌ ဦးသုဝေသည် မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ်တွင် ၂ဝ၁ဝ ရွေးကောက်ပွဲအတွင်း ဝင်ရောက် ယှဉ်ပြိုင်ခဲ့သော်လည်း ကြံ့ခိုင်ရေးပါတီမှ (ယခု အလုပ်သမားဝန်ကြီး) ဦးအောင်ကြည် အား ရှုံးနိမ့်ခဲ့သည်။ ယခု ဧပြီ ၁ ကြားဖြတ်ရွေးကောက်ပွဲတွင်လည်း အဆိုပါ မဲဆန္ဒနယ်တွင်ပင် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် မင်္ဂလာတောင်ညွန့်မြို့နယ်၌ ဒီမိုကရက်တစ် (မြန်မာ)၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ကြံ့ခိုင်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီ ပါတီသစ် တို့မှ ကိုယ်စားလှယ်လောင်းများ ဝင်ရောက် ယှဉ်ပြိုင်ကြမည် ဖြစ် သည်။

တောင်ငူလူထုဟောပြောပွဲမှာ ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေး ဂျင်ကလိထိမှန်



တောင်ငူမြို့ လူထုဟောပြောပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ကိုတွေ့ ရစဉ်

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ပဲခူးတိုင်း တောင်ငူုမြို့ လူထု
ဟောပြောပွဲမှာ ဟောပြောနေစဉ် ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေးကို
တာဝန်ယူထားတဲ့ နယ်မြေခံလုံခြုံရေးအဖွဲ့ ဝင်တဦး ဂျင်ကလိ ထိမှန်ခံရကြောင်း
သိရပါတယ်။


ဒေါ်အောင်ဆန်းစုကြည် တရားဟောနေတဲ့ စဉ်မြင့်ဘက်ရှိ လုံခြုံရေးကို လာ
ရောက်ထိမှန်တာဖြစ်ပြီ ဂျင်ကလိထိမှန်ခံထားရတဲ့ လုံခြုံရေးအဖွဲ့ ဝင်ကို
ယခုအခါ တောင်ငူဆေးရုံမှာတင်ထားကြောင်း Myanmar News Now
မှ စုံစမ်းသိရှိရပါတယ်။
Ref: MNN

မဇင်မာအောင် အမျိုးသမီးသတ္တိရှင်ဆု ချီးမြှင့်ခံရ


အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက နှစ်စဉ်ချီးမြှင့်နေတဲ့ International Women’s Courage ဆုကို ဒီနှစ်အတွက် နိုင်ငံပေါင်း ၁၀ နိုင်ငံက အမျိုးသမီး ၁၀ ဦးကို ချီးမြှင့်ရာမှာ မြန်မာနိုင်ငံက နိုင်ငံရေး အကျဉ်းသားဟောင်း မဇင်မာအောင်လည်း ချီးမြှင့်ခံရပါတယ်။

RFA
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက နှစ်စဉ်ချီးမြှင့်သည့် International Women’s Courage ဆု ချီးမြှင့်ခံရသူ မြန်မာနိုင်ငံက နိုင်ငံရေး အကျဉ်းသားဟောင်း မဇင်မာအောင်
ဒီဆုကို လက်ခံဖို့ မဇင်မာအောင်ဟာ အခု ဝါရှင်တန်ဒီစီမြို့ကိုရောက်နေပါတယ်။ ဆုရရှိတဲ့ကိစ္စနဲ့ ပတ်သက်လို့ မဇင်မာအောင်က အခုလို ပြောပြပါတယ်။

“လတ်တလော ဖြစ်နေတဲ့ မြောက်ပိုင်းက ကချင်ပြည်နယ်က စစ်ဘေးဒုက္ခသည်တွေကို ကူညီတဲ့ကိစ္စ၊ အဲဒီကိစ္စအပေါ်မှာ ပြည်သူလူထုက ပိုပြီး စိတ်အားထက်သန်လာအောင်လို့၊ အဲဒီမှာ အများစု ဒုက္ခရောက်တာ အမျိုးသမီးနဲ့ ကလေးတွေ ဖြစ်တယ်၊ peace process မှာ အမျိုးသမီးတွေ အများစု ပါဝင်လာနိုင်အောင်၊ ထို့အတူပဲ နိုင်ငံရေးအကျဉ်းသားတွေကိစ္စ၊ နိုင်ငံရေးဖြစ်စဉ် ပြောင်းလဲမှုတွေမှာ အမျိုးသမီးတွေ ပိုပြီးတော့ ပါဝင်လာနိုင်အောင် ကိစ္စတွေမှာ အကူအညီပေးလို့ ဖြစ်တယ်လို့ ဆိုပါတယ်”

မဇင်မာအောင်ဟာ မြန်မာနိုင်ငံမှာ ၁၉၉၈ ခုကနေ ၂၀၀၉ ခုအထိ ထောင် ၁၁ နှစ်ကျခံခဲ့ရပြီး ထောင်က လွတ်လာတဲ့နောက်မှာလည်း ဒီမိုကရေစီရေးအတွက် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့နဲ့ လက်တွဲပြီး ဆောင်ရွက်ခဲ့ပါတယ်။ ဒါ့အပြင် အမျိုးသမီး အခွင့်အရေးအဖွဲ့ တစ်ဖွဲ့ကို ပူးတွဲတည်ထောင်ခဲ့သလို တိုင်းရင်းသားရေးရာတွေမှာလည်း ပါဝင်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
လူ့အဖွဲ့အစည်းအတွက် ရှေ့တန်းကနေ မဆုတ်မနစ် ရဲရဲရင့်ရင့် ကြိုပမ်းသူ အမျိုးသမီးတွေကို အခုလို အမျိုးသမီးသတ္တိရှင်ဆုပေးဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း မစ္စ်ကွန်ဒိုလီဇာရိုက်စ်က ၂၀၀၇ ခုက ဒီဆုကို စတင်ဖန်တီးခဲ့ပါတယ်။

ဒီနှစ်အတွက် မြန်မာနိုင်ငံက မဇင်မာအောင်အပြင် အာဖဂန်နစ္စတန်၊ ဘရာဇီးလ်၊ ကိုလမ်ဘီယာ၊ လစ်ဗျား၊ မောလ်ဒိုက်၊ ပါကစ္စတန်၊ ဆော်ဒီအာရေးဗီးယား၊ ဆူဒန်နဲ့ တူရီကီနိုင်ငံတို့က အမျိုးသမီးတွေ ဆုရကြပါတယ်။

ဆုပေးပွဲ အခမ်းအနားကို မနက်ဖြန် ကြာသပတေးနေ့ အမေရိကန်ပြည်ထောင်စု အရှေ့ခြမ်းစံတော်ချိန် မနက် ၁၁ နာရီမှာ စတင်မှာဖြစ်ပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ဆုချီးမြှင့်ပေးမှာ ဖြစ်ပါတယ်။ သမ္မတကတော် မစ်ရှဲ အိုဘားမားလည်း တက်ရောက်မယ်လို့ သိရပါတယ်။
Ref: RFA


အကြွေး ဘယ်သူဆပ်မလဲ



မကြာသေးမီက ပြည်တွင်းပြည်ပမှာ တိုးတိုးတမျိုး ကျယ်ကျယ်တမျိုး ပြောဆိုနေတာက မြန်မာပြည်ကြီး အကြွေးတင်နေတယ် ဆိုတဲ့အကြောင်းအရာပါပဲ။

မြန်မာပြည် အကြွေး ဒေါ်လာ ၁၁၀၂၃ ဒဿမ ၂၉၈ သန်း တင်ရပုံကို ကာတွန်း ဘီရုမာက ဧရာဝတီအတွက် အခုလို သရုပ်ဖော်ပေးထားပါတယ်

သယံဇာတ အများအပြား ထွက်နေတဲ့ မြန်မာနိုင်ငံကြီးဟာ ပြည်ပကြွေးမြီ ဒေါ်လာ ၁၁ ဘီလီယံကျော် တင်နေတယ် တဲ့။
ဦးနေ၀င်း အစိုးရ နဲ့ နအဖ စစ်အစိုးရ ချေးယူခဲ့တဲ့ အကြွေးစာရင်းကို အခု သူတို့ရဲ့ နောက်ပေါက် တမတ်သားအစိုးရက ပထမဆုံး သတင်းထုတ်ပြန်လိုက်ခြင်းပါ။
ဒီလို ပွင့်ပွင့်လင်းလင်းသတင်းထုတ်ပြန်ပေးတာကိုပဲ ကျေးဇူးတင်ရမလား၊ ဒီလို သတင်းမျိုးကို မကြားရရင် အကောင်းသားလို့ ပြောရမလား ဆိုပြီး မြန်မာပြည်သူတွေအကြား အံ့သြ အပြစ်တင် ၀မ်းနည်းသံတွေကတော့ မိုးလုံး ညံနေပါတော့တယ်။
သြော် … ဟို ကျေးဇူးရှင်အစိုးရတွေဟာ တိုင်းသူပြည်သားတွေအတွက် အမွေတွေ ချန်ထားခဲ့တာပါလား၊ ဒီလောက် အကြွေးတင်ရလောက်အောင် တိုင်းပြည်နဲ့ လူထုအတွက် ဘာတွေများ သုံးခဲ့လို့လဲ ဆိုပြီး ပြောသူတွေကလည်း ပြောကုန်ကြပါပြီ။
ရှေးဘုရင်မင်းများလက်ထက်မှာ တိုင်းသူပြည်သားတွေက သူတို့မှာ တင်နေတဲ့ အကြွေးတွေကို အရှင်မင်းကြီး ဆပ်ပေးဖို့ အသနားခံကြအခါမှာ ဘုရင်ကြီးက “ဘာမှ မစိုးရိမ်လေနဲ့။ ဖြေရှင်းပေးတော်မူမယ်” ဆိုတဲ့ စကားနဲ့အညီ “ကြွေးတင် ရှင်ဘုရင်ဆပ်” ဆိုတဲ့ စကားပုံတရပ် ရှိခဲ့ဖူးပါတယ်။
ကဲ မစပ်စုတို့ မြန်မာနိုင်ငံရဲ့ အရှင်မင်းကြီးများကရော ဘယ်ရောက်သွားပါလိမ့်။ တိုင်းသူပြည်သားတွေကရော ဘယ်မှာများသွားရောက် အသနားခံ တောင်းဆိုကြရပါလိမ့်မလဲလို့ တွေးတောစရာဖြစ်နေပါပြီ။
တချို့တွေကလည်း ယခင် စစ်အစိုးရနဲ့ နီးစပ်တဲ့အရှိန်တွေကြောင့် တိုင်းပြည်ရဲ့ အဓိက စီးပွားရေး အခန်းကဏ္ဍတွေကို ရရှိထားကြတဲ့ ဦးတေဇ (Htoo Trading Company)၊ ဦးဇော်ဇော် (Max Myanmar Group) မိုက်ကယ်မိုးမြင့် (Myint & Associates Group)၊ ဇေကမ္ဘာ ဦးခင်ရွှေ (Zaykabar Company)၊ ဦးအိုက်ထွန်း (Olympic Construction Company)၊ ဦးဌေးမြင်(Yuzana Company)၊ ဦးထွန်းမြင့်နိုင် (Asia World Company) စတဲ့ စတဲ့ ကမ္ဘာ့ အချမ်းသာဆုံးစာရင်းများတောင် ၀င်နေမလား မသိနိုင်တဲ့ နာမည်ကြီး စီးပွားရေးသမားကြီးတွေကများ စုပေါင်းပြီး ဒီအကြွေးတွေကိုများ ဆပ်ပေးလိုက်ရင်.. ဆိုတဲ့ အသံတွေကလည်း ထွက်လာပါတော့တယ်။
စပ်မိလို့ ပြောရရင် မြန်မာ့ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က အဆိုတော် သရုပ်ဆောင် မင်းသမီးများကို ပိုက်ဆံထောင်တန် အုပ်လိုက် ဆုချီးမြှင့်နေတဲ့ ဓာတ်ပုံတွေ ဖေ့ဘုတ် စာမျက်နှာတွေပေါ် မကြာသေးမီက ရောက်လာတာနဲ့ ပတ်သက်ပြီး ဖြေရင်းချက်တောင် ထုတ်လိုက်ရပါသေးတယ်။
ဇေကမ္ဘာ ဦးခင်ရွှေကလည်း လွတ်ငြိမ်းချမ်းသာခွင့်ရနေတဲ့ စစ်ထောက်လှမ်းရေးချုပ်ဟောင်း ဦးခင်ညွန့် အလုပ်လက်မဲ့ ဖြစ်နေရှာတယ် ဆိုပြီး အလုပ်အကိုင် ပေးထားပါတယ်။ ဒါဟာ ကျေးဇူးဆပ်လိုက်တာပါလို့ ဆိုပါတယ်။
အဲ့ဒီလို သဒ္ဓါတရား ကျေးဇူးတရားများ နားလည် သိတတ်လှတဲ့ မြန်မာပြည်ရဲ့ အချမ်းသာဆုံး စီးပွားရေး လုပ်ငန်းရှင်ကြီးများကရော မြန်မာပြည် တင်နေတဲ့ အကြွေးတွေ ဆပ်ပေးလိုက်ရင် ကောင်းလေမလားလို့ မစပ်စုနဲ့အတူ ပြည်သူတွေလည်း တွေးမိကြမယ် ထင်ပါတယ်။
အခုတော့ “ကြွေးတင်ရှင်ဘုရင်ဆပ်”ဆိုတဲ့ စကားပုံလေးက “ကြွေးတင် ပြည်သူဆပ်” ဆိုပြီး ပြောင်းသွားလေတော့မလားလို့ စိုးရိမ် ပူပန်ရင်း..။
Ref: ဧရာဝတီ

အစိုးရနှင့် KNPP အပစ်ရပ် လက်မှတ်ထိုး



ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) နှင့် အစိုးရတို့ ကယားပြည်နယ် လွိုင်ကော်မြို့တွင် ယမန်နေ့က တွေ့ဆုံဆွေးနွေးပြီး အပစ်အခတ် ရပ်စဲရေးအပါအ၀င်အချက် ၃ ချက် သဘောတူ လက်မှတ် ရေးထိုးခဲ့ကြသည်။
KNPP နှင့် အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်များ ကယားပြည်နယ် လွိုင်ကော်မြို့တွင် မတ်လ ၇ ရက်နေ့က သဘောတူလက်မှတ် ရေးထိုးစဉ် (ဓာတ်ပုံ - ကန္တာရဝတီတိုင်းမ်)

KNPP အတွင်းရေးမှူး (၁) ခူးဦးရယ် ဦးဆောင်သည့် KNPP ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် အစိုးရဖက်မှ ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်သောအဖွဲ့တို့ တွေ့ဆုံပြီး အပစ်အခတ် ရပ်စဲရေး၊ ဆက်ဆံရေးစခန်းများ ထားရှိရေးနှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကျင်းပမည့် အချိန်၊ နေ့ရက်၊ နေရာတို့ ညှိနှိုင်းရန် သဘောတူညီခဲ့ကြသည်။

“နှစ်ဖက် အပစ်အခတ် ရပ်စဲမယ်ဆိုတဲ့ သဘောတူညီချက် ရခဲ့ပါတယ်။ ကျနော်တို့ တောင်းဆိုထားတဲ့ တပြည်လုံးအတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲဖို့တော့ သမ္မတဆီ တင်ပြပေးမယ် ပြောတယ်” ဟု ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် KNPP ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ဝင် ခူးဒယ်နီယယ်က ဧရာဝတီသို့ ပြောသည်။

လေ့လာစောင့်ကြည့်သူ နိုင်ငံတကာအဖွဲ့အစည်းများ ပထမဦးဆုံး တက်ရောက်ခွင့်ရခဲ့သည့် KNPP နှင့် အစိုးရတို့၏ ဆွေးနွေးပွဲတွင် တပြည်လုံး အတိုင်းအတာဖြင့် အပစ်အခတ် ရပ်စဲကြောင်း ကြေညာပေးရန်၊ KNPP အား မတရားသင်း ကြေညာခြင်းမှ ဖျက်သိမ်းပေးရန်နှင့် အပစ်အခတ် ရပ်စဲပြီးနောက် ၆ လအတွင်း နိုင်ငံရေးဆွေးနွေးမှု စတင်ရန် အပါအ၀င် အချက် ၂၀ ကို KNPP ဖက်မှ တောင်းဆိုခဲ့သည်။
အစိုးရကိုယ်စားလှယ်အဖွဲ့က အချက်တချို့ကို မူအားဖြင့် သဘောတူညီခဲ့သော်လည်း ကရင်နီ ပြည်နယ်အတွင်း စစ်ဆင်ရေးများအားလုံး ရပ်ဆိုင်းရန်၊ အစိုးရတပ်များ ထပ်မံတိုးချဲ့ခြင်း မပြုလုပ်ရန်နှင့် အပစ်အခတ် ရပ်စဲပြီး ရက်ပေါင်း ၆၀ အတွင်း အစိုးရတပ်များ ပြန်လည် ရုပ်သိမ်းပေးရန်၊ ပြည်နယ်အတွင်း စစ်ရေးလေ့ကျင့်မှုများနှင့် စစ်သင်တန်းကျောင်းများ တည်ဆောက်နေမှု ရပ်တန့်ထားရန် စသည့်အချက်များကို သမ္မတဦးသိန်းစိန်ထံ ပြန်လည် တင်ပြပေးမည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။

“အချက် ၂၀ ထဲမှာ ကျနော်တို့ အဖွဲ့အစည်းနဲ့ သက်ဆိုင်တာ ၉ ချက်လောက်ပဲ ပါမယ်။ အဲဒီထဲက ၄ ချက်က သူတို့ ဆုံးဖြတ်ချက် ချလို့ မရသေးဘူး။ သူတို့ သဘောမတူတဲ့အချက်တွေက ကျနော်တို့အတွက် အဓိကကျတဲ့ အချက်တွေပါပဲ” ဟု KNPP ဗဟိုကော်မတီဝင်လည်းဖြစ်သူ ခူးဒယ်နီယယ်က ပြောသည်။
ထိုအချက်များအားလုံးကို ထပ်မံပြုလုပ်မည့် ပြည်ထောင်စုအဆင့် အစည်းအဝေးတွင် ဆွေးနွေးသွားရန် နှစ်ဖက် ကိုယ်စားလှယ်များ သဘောတူညီခဲ့ကြသော်လည်း အစည်းအဝေး ကျင်းပမည့်ရက်ကိုမူ မသတ်မှတ်ရသေးကြောင်း သိရသည်။
“ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့ ဖြစ်သင့်ဖြစ်ထိုက်တဲ့ အချက်တွေကို တင်ပြပါတယ်။ ဒါပေမယ့် ဆုံးဖြတ်ချက် တိတိကျကျနဲ့ သဘောတူညီချက်တွေ မရသေးတဲ့အတွက် သိပ်တော့ အားမရဘူး” ဟု KNPP အတွင်းရေးမှူး (၂) ဦးအောင်ဆန်းမြင့်က ပြောသည်။

သို့သော် တခြားအဖွဲ့များ မရရှိခဲ့သည့် နိုင်ငံတကာ လေ့လာစောင့်ကြည့်သူများ ရှေ့မှောက်တွင် ဆွေးနွေးခွင့် ရခဲ့သည့်အတွက် အားရမိကြောင်း ၎င်းက ဆက်ပြောသည်။
ယမန်နေ့ ဆွေးနွေးပွဲသို့ လေ့လာစောင့်ကြည့်သူအဖြစ် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် မစ္စတာ ဟန်တန် ဖက်ဒ်၊ ရန်ကုန်မြို့ ဗြိတိသျှသံရုံး ဒုတိယအတွင်းဝန် မစ္စတာ ဂျိုးဖစ်ရှန်နှင့် ရန်ကုန်မြို့ အမေရိကန်သံရုံး ကောင်စစ်ဝန် မစ္စတာ အန်ဒရူး ၀က်ဘ်စတာတို့ တက်ရောက်ခဲ့ကြသည်။

အစိုးရနှင့် KNPP တို့ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ဒုတိယအကြိမ် တွေ့ဆုံခဲ့စဉ်က နိုင်ငံတကာအဖွဲ့အစည်းများ လေ့လာနားထောင်ခွင့်ပေးရန် တောင်းဆို
ခဲ့သည့်အတွက် ၎င်းတို့ ၃ ဦးကို တက်ရောက်ခွင့် ပေးခဲ့ခြင်းဖြစ်သည်ဟု ဦးအောင်မင်းက ပြောဆိုကြောင်း သိရသည်။
ယမန်နေ့က ဆွေးနွေးပွဲသို့ ရောက်ရှိလာသည့် အစိုးရ၏ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တွင် ရထား ပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်း၊ လူဝင်မှု ကြီးကြပ်ရေးဝန်ကြီး ဦးခင်ရီ၊ လျှပ်စစ်ဝန်ကြီး ဦးခင်မောင်စိုး၊ ကယားပြည်နယ် ၀န်ကြီးချုပ် ဦးခင်မောင်ဦး၊ စက်မှုဝန်ကြီး ဦးစိုးသိန်းနှင့် သယ်ယူ ပို့ဆောင်ရေးဝန်ကြီး ဦးဥာဏ်လင်းအောင် စုစုပေါင်း ၀န်ကြီး ၆ ဦးအထိ ပါဝင်သည်။

“၀န်ကြီး ၆ ယောက်စလုံးက အချက်အလက်တွေ အပေါ်မှာ အားလုံးတာဝန်ယူတယ်။ သူတို့ဘက်က မှားတယ်ဆိုရင်လည်း ဥပဒေအကြောင်းအရ တရားစွဲဖို့အထိ ပြောပါတယ်” ဟု ခူဒယ်နီယယ်က ပြောသည်။
KNPP နှင့် အစိုးရတို့သည် အပစ်အခတ် ရပ်စဲရေးဆွေးနွေးပွဲ ပြုလုပ်ရန်အတွက် ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် နိုဝင်ဘာလနှင့် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလတို့တွင် ထိုင်းနိုင်ငံ၌ ပဏာမအဆင့် နှစ်ကြိမ် တွေ့ဆုံခဲ့ကြသည်။

KNPP သည် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (န၀တ) စစ်အစိုးရနှင့် ၁၉၉၅ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့သော်လည်း ၃ လ အကြာ ဇွန်လ ၂၉ ရက်နေ့တွင် ပျက်ပြယ်သွားခဲ့သည်။
Ref: ဧရာဝတီ