Pages

Tuesday, April 10, 2012

သင်္ကြန်ပိတ်ရက်တွင် လုပ်အားခရရန် စက်မှုအလုပ်သမားသမဂ္ဂတောင်းဆို

အစိုးရက တရားဝင်အလုပ်ပိတ်ရက်အဖြစ်သတ်မှတ်ထားတဲ့ သင်္ကြန်ပိတ်ရက်တွေအတွက် လုပ်ခလစာအပြည့်အ၀ရဖို့ ရန်ကုန်တိုင်း အလုပ်သမားသမဂ္ဂအဖွဲ့ တဖွဲ့ကာ တောင်းဆိုလိုက်ပါတယ်။
အစိုးရ၀န်ထမ်းတွေက သင်္ကြန်ပိတ်ရက်တွေကို လခအပြည့်နဲ့ ခံစားနေရတဲ့ အချိန်မှာ စက်ရုံအလုပ်ရုံ အလုပ်သမားတွေက ပိတ်ရက်အတွက် လခမရတဲ့အတွက် အခုလို တောင်းဆိုရတာလို့ မြန်မာနိုင်ငံ စက်မှုလုပ်ငန်းအလုပ်သမားများသမဂ္ဂ (ရန်ကုန်တိုင်း ဒေသကြီး) ရဲ့ ဥက္ကဋ္ဌ ဦးရဲကျော်ကပြောပါတယ်။
”အစိုးရ၀န်ထမ်းတွေက သင်္ကြန်လုပ်အားခကို ၁၀ ရက်ပိတ်ရင် ၁၀ ရက်စာ သူတို့ရဲ့ လစာထဲက အပြည့်အ၀ ခံစားခွင့်ရတယ်။ စက်မှုဇုံမှာရှိတဲ့ အလုပ်မသားတွေအားလုံးက သင်္ကြန်အလုပ်ပိတ်ရက်ကို လုပ်အားခ လုံးဝမရဘူး။ အဲဒါကြောင့် ကျနော်တို့ တောင်းဆိုရခြင်းဖြစ်ပါတယ်။”
သင်္ကြန်ပိတ်ရက်ကြောင့် အလုပ်သမားတွေအနေနဲ့ ပုံမှန်လစာရဲ့တစ်ဝက်လောက် အဖြတ်ခံရလို့ စားဝတ်နေရေးအတွက် အခက်အခဲဖြစ်တော့မယ်လို့ ဦးရဲကျော်သူက ပြောပါတယ်။

”အခုလိုပိတ်လိုက်တော့ ကျွန်တော်တို့ အလုပ်သမားတွေက စားဝတ်နေရေးအခက်အခဲ ထိခိုက်တာပေါ့။ ပုံမှန် တလကို ၆ သောင်းလောက်ရနေတယ်ဆိုရင် ထက်ဝက်လောက်ပဲ ရတော့တာလေ။ ၂ သောင်းကျော် ၃ သောင်းလောက်အဖြတ်ခံရတယ်။ ရက်မှန်ကြေးတွေအားလုံး ပြုတ်ကုန်တယ်။”
အစိုးရက တရားဝင် သင်္ကြန်အားလပ်ရက် ၁၀ ရက် သတ်မှတ်ပေးထားပေမယ့် ရန်ကုန်တိုင်းအတွင်းက တချို့စက်ရုံ အလုပ်ရုံတွေမှာ အဲဒီရက်အတွင်းပိတ်ထားရင် လုပ်အားခမရတာ၊ အကယ်၍ အလုပ်လုပ်ရရင်လည်း ပုံမှန်လုပ်အားခပဲ ရကြတာဟာ အလုပ်သမားအခွင့်အရေးကို ချိုးဖောက်မှုဖြစ်တယ်လို့ ဦးရဲကျော်က ပြောပါတယ်။
ဒီနစ်နာချက်တွေကို ဖြေရှင်းပေးဖို့ ပြီးခဲ့တဲ့ မတ်လ ၅ ရက်နေ့ ရက်စွဲနဲ့ တကြိမ်၊ အခုလ ၆ ရက်နေ့ ရက်စွဲနဲ့ တကြိမ် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် နိုင်ငံတကာက အလုပ်သမားအဖွဲ့အစည်းတွေကို တင်ပြထားတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံ စက်မှုလုပ်ငန်း အလုပ်သမားများသမဂ္ဂ (ရန်ကုန်တိုင်း ဒေသကြီး) အဖွဲ့ဟာ ရန်ကုန်တိုင်းအတွင်းက စက်မှုဇုန် (၁၈) ဇုန်ကို ကိုယ်စားပြုတဲ့ အဖွဲ့ဝင် (၂၀၀၀) ရှိတယ်လို့ သိရပါတယ်။
By နေသွင်Ref: VOA

အထက်လွှတ်တော်အမတ် ဂျင်ဝက်ဘ် (Jim Webb) မြန်မာနိုင်ငံရောက်

ဓာတ်ပုံ ASSOCIATED PRESS
အထက်လွှတ်တော်အမတ် ဂျင်ဝက်ဘ် (Jim Webb)
အမေရိကန်ကဗားဂျီးနီးယား (Virginia) ပြည်နယ်ရဲ့ ရီပတ်ဘလီကန်ပါတီ အထက်လွှတ်တော်အမတ်၊ ဂျင်ဝက်ဘ် (Jim Webb) ဟာ မြန်မာနိုင်ငံမှာ ရောက်ရှိနေပါတယ်။ မစ္စတာ ဝက်ဘ် ဟာ ဒီကနေ့ညနေက သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံတယ်လို့ သိရပါတယ်။ အထက်လွှတ်တော် အမတ် ဝက်ဘ် ဟာ အရှေ့အာရှ နှင့် ပစီဖိတ်ရေးရာ၊ အထက်လွှတ်တော် နိုင်ငံခြား ဆက်ဆံရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ အပြင် အထက်လွှတ်တော် စစ်မှုထမ်းရေးရာ ကော်မတီ အဖွဲ့ဝင် လည်းဖြစ်ပါတယ်။
မနက်ဖြန်မှာတော့ အထက်လွှတ်တော်အမတ် ဂျင်ဝက်ဘ် (Jim Webb) ဟာ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဦးတင်ဦးနဲ့ မနက်ဖြန်မှာတွေ့ဆုံဖို့ ရှိတဲ့အကြောင်း NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်း က ဗွီအိုအေကို ပြောပါတယ်။
“မနက်ဖြန် ညနေတွေ့ မယ် လို့ သူတို့ အကြောင်းကြားထားတယ်။ နေရာမသိသေးဘူး။ ထပ်မံ ပြီးတော့ အတည်ပြုပေးမယ် ပြောမယ် ပြောထားတယ်။ ဦးတင်ဦး နဲ့ တွေ့ဖို့နော်။ ဒေါ်အောင်ဆန်း စုကြည် နဲ့ တော့ ကျနော် မသိဘူး။” အန်အယ်လ်ဒီ (NLD) ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်း ပြောသွားတာပါ။
အထက်လွှတ်တော်အမတ် ဂျင်ဝက်ဘ် (Jim Webb) အနေနဲ့ မြန်မာနိုင်ငံကို ဒုတိယအကြိမ်မြောက် ရောက်လာတာ ဖြစ်ပြီးတော့ သူဟာ အမေရိကန်အစိုးရက မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံရေး မူဝါကို အစောပိုင်း ကတည်းက ဦးဆောင် ပြောဆိုနေခဲ့သူတဦးလည်း ဖြစ်ပါတယ်။
၂၀၀၉ ခုနှစ်က မြန်မာနိုင်ငံကို သွားရောက်စဉ် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပြင် အဲဒီအချိန်က စစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့လည်း တွေ့ဆုံခဲ့သလို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နဲ့ ပထမဆုံး တွေ့ဆုံခွင့်ရတဲ့ အမေရိကန် လွှတ်တော်အမတ် တဦးလည်း ဖြစ်ပါတယ်။
Jim Webb ဟာ ဧပြီလ ၁၁ ရက်နေ့ ဗုဒ္ဓဟူးနေ့မှာတော့ အမေရိကန်သံရုံးမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်မယ်လို့ သိရပါတယ်။ အခု ဒီခရီးစဉ်က ဂျပန်၊ ထိုင်း၊ မြန်မာနိုင်ငံ စတဲ့ သုံးနိုင်ငံကို လာရောက်တဲ့ ခရီးစဉ်လည်း ဖြစ်ပါတယ်။
Ref: VOA

ဗြိတိန် ဝန်ကြီးချုပ် မြန်မာနိုင်ငံသွားမည်

ဓာတ်ပုံ AP
ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်း
ဗြိတိန် ၀န်ကြီးချုပ်ဟာ ဒီသတင်းပတ် အတွင်းမှာ မြန်မာနိုင်ငံကို တရက်ကြာ ခရီးသွားဖို့ ရှိပါတယ်။ ဧပြီလ ၁၃ ရက်နေ့ သောကြာနေ့မှာ မြန်မာ သမ္မတ ဦးသိန်းစိန်နဲ့ နေပြည်တော်မှာ တွေ့ဆုံဖို့ ရှိပါတယ်။
ညနေပိုင်းမှာတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူရဲ့ နေအိမ်မှာ တွေ့ဆုံဖို့ ရှိတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုံးအဖွဲ့ဝင် ဦးခွန်သာမြင့်က ပြောပါတယ်။
“ဟုတ်ပါတယ်။ ၁၃ ရက် နေ့ လို့ ပြောပါတယ်။ ညနေ ၄ နာရီ လောက် လာပါလိမ့်မယ်။ အဲဒါတွေ့ ပြီးရင် ည ၇ နာရီ၊ British residence မှာ ဒင်နာ (dinner) ရှိပါတယ်။ ၄ နာရီ တွေ့ပြီးရင်တော့ Press ရှိမှာပါ။”
မစ္စတာ ကင်မရွန်းဟာ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် NLD ကိုယ်စားလှယ်တွေ အများစု အနိုင်ရရှိခဲ့တဲ့ ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲ အပြီး အနောက်နိုင်ငံတွေ က မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ် ပိတ်ဆို့ မှုတွေ ရုတ်သိမ်း ဖို့ စဉ်းစား နေချိန်မှာဘဲ မြန်မာနိုင်ငံကို ပထမဆုံး လာရောက်တဲ့ ၀န်ကြီးချုပ် တဦးလည်း ဖြစ်ပါတယ်။ ဒီနှစ်ဆန်းပိုင်း ဇန်န၀ါရီလကလည်း ဗြိတိန် နိုင်ငံခြားရေး ၀န်ကြီး Willian Hague ဟာ ၅၆ နှစ် အတွင်း ပထမဦးဆုံး အဖြစ် မြန်မာနိုင်ငံကို သွားရောက်ခဲ့ပါတယ်။ အလားတူဘဲ ဥရောပ နိုင်ငံခြားရေးနဲ့ လုံခြုံရေး ပေါ်လစီ ဆိုင်ရာ ဥရောပ သမဂ္ဂ မဟာမင်းကြီး ကက်သရင်း အက်ရှ်တွန် ဟာလည်း မြန်မာနိုင်ငံကို မကြာမီ သွားရောက်ဖို့ ရှိနေပါတယ်။
Ref: VOA

KNU နှင့် အစိုးရတို့၏ ငြိမ်းချမ်းရေး သဘော တူညီချက်များ


KNU နှင့် အစိုးရတို့၏ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့များသည် ရန်ကုန်၏မြို့ တွင် (၂) ရက်တာ ဆွေးနွေးကြပြီး၊ အောက်ပါ အတိုင်း သဘောတူညီမှု ရရှိခဲ့ပါသည်။
ဆုံးဖြတ်ချက် (၁)။ ။ တတိုင်းပြည်လုံး အတိုင်းတာ အပစ်ခတ် ရပ်စဲရေး ဖြစ်ပေါ် လာရန်အတွက် အဆင့်ဆင့် တိုးတက် အကောင်ထည်ဖော် လုပ်ဆောင်သွားခြင်း Progressive Realization မူ သဘောထားကို သဘောတူ လက်ခံသည်။ တိုင်းရင်းသား နယ်မြေ ဒေသများတွင် စစ်မဲ့ ဖြစ်ပွား နေမှုကိုလဲ အမြန်ဆုံး ရပ်စဲရန် ကြိုးစားသွားမည်ဟု သဘောတူ လက်ခံသည်။
ဆုံးဖြတ်ချက် (၂) ။ ။ ပြည်သူလူထုဘ၀ လုံခြုံမှုကို အာမခံ ပေးနိုင်ရန်အတွက် နှစ်ဦးနှစ်ဖက် လိုက်နာရမည့် အပစ်ခတ်ရပ်စဲ ရေးဆိုင်ရာ ကျင့်ဝတ် စည်းကမ်း များကို (Code of Conduct) ကို ပေါင်းစပ် ညှိနှိုင်းချမှတ်ပြီး အကောင်ထည် ဖော်လုပ် ဆောင် သွားမည်ဟု သဘောတူ လက်ခံသည်။
ဆုံးဖြတ်ချက် (၃) ။ ။ ပြည်တွင်း ဌာနေမဲ့ ပြည်သူလူထုများ IDP နေရပ်ဒေသသို့ ပြည်လည် အခြေချနေထိုင်ရန် အတွက် လိုအပ်သည့် အစီစဉ်များကို ချမှတ် လုပ်ဆောင်သွားမည်။ ထိုသို့ လုပ်ဆောင်ရာတွင် လိုအပ်သည့် ဘ၀လုံခြုံမှု၊ စာနပ်ရိက္ခာ လုံခြုံမှု၊ အသက်မွေး ၀မ်းကျောင်း လုံခြုံမှု အစီစဉ် Program များကို ချမှတ်ဆောင်ရွက် မည်ဖြစ်သည်။ ထိုသို့ ဆောင်ရွက် သည့် နေရာတွင် အားလုံး ပါဝင်နိုင်သည့် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှု အဆင့်ဆင့် လုပ်ဆောင် သွားမည်ဟု သဘောတူ လက်ခံသည်။
ဆုံးဖြတ်ချက် (၄) ။ ။ ဒီလို လတ်တလော ဖြေရှင်းရန် ကိစ္စများကို အကောင်ထည်ဖော် လုပ်ဆောင်သွားရမည် ဖြစ်ပြီး ရေရှည် အတွက် ပြည်တွင်း ဌာနေမဲ့များနှင့် ဒုက္ခသည်များကို စနစ်တကျ ပြန်လည်နေရာချထားရေး IDP နိုင်ငံသားဖြစ်ရေး၊ တရား ဥပဒေ စိုးမိုးရေး၊ ရေရှည် တည်တံ့ခိုင်မြဲရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆက်လက် လုပ်သွား ရန်လိုသည်ဟု သဘောတူဆုံး ဖြတ် သည်။
ဆုံးဖြတ်ချက် (၅) ။ ။ ပြည်သူပြည်သားများအတွင်း ယုံကြည်မှုရသည့် အခြေနေ တည်ဆောက်ရန် ငြိမ်းချမ်းရေး ကိစ္စ ဆိုင်ရာ လုပ်ငန်းများကို မြန်မာအစိုးရနှင့် ကေအန်ယူ ကရင် အမျိုးသား အစည်းရုံး ဗဟိုတို့ ပူးပေါင်းပြီး ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်သွားမည်။ ခရိုင်၊ မြို့နယ်၊ ကျေးရွာ၊အုပ်စု အဆင့်များတွင်လည်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့များ ဖွဲ့ပြီး ပူးပေါင်း လုပ်ဆောင်သွားမည်ဟု သဘောတူလက်ခံသည်။
KNU နှင့် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့တို့ ဆီဒိုးနာ ဟိုတယ်၌ ဆွေးနွေးစဉ်
မှတ်ချက် ။ ။ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အမျိုးသမီးများ ဦးဆောင် ပါဝင်မှုကို ထည့်သွင်းသွားမည်။
ဆုံးဖြတ်ချက် (၆) ။ ။ အလုပ်သမား ဥပဒေအတိုင်း အကောင်ထည်ဖော် လုပ်ဆောင်နေသည့် ပြင်ဆင်ဖြည့်စွက် ရမည့် အချက်များကို ပြင်ဆင်ဖြည့်စွက်ပြီး ရေးပြီးပါက ဆက်လက်အတည်ပြုပြီး ယင်းဥပဒေကို နှစ်ဦးနှစ်ဖက် ပူးပေါင်း အကောင်ထည် ဖော်ဆောင်ရွက်သွားမည်ဟု သဘောတူလက်ခံသည်။
ဆုံးဖြတ်ချက် (၇) ။ ။ အန်ဂျီအို၏ အခန်းကဏ္ဍ အထူးသဖြင့် Local NGO များ၏ ပူးပေါင်းပါဝင်မှု အားကောင်းအောင် လုပ်ဆောင်သွားမည်ဟု သဘောတူလက်ခံသည်။
ဆုံးဖြတ်ချက် (၈) ။ ။ တစ်ဦးခြင်း၊ တစ်ဖွဲ့ခြင်းနှင့် သက်ဆိုင်သည့် အကျဉ်းသားများကို လွတ်ပေးရန်အတွက် စာရင်းပြုပြီး နိုင်ငံတော် သမ္မတထံသို့ တင်ပြကာ နိုင်ငံတော် သမ္မတမှ ထည့်သွင်း စဉ်းစားသွားရန် သဘောတူ လက်ခံသည်။
ဆုံးဖြတ်ချက် (၉) ။ ။ သက်ဆိုင်ရာ မြေယာဥပဒေရေးဆွဲခြင်း မပြီးသေးသည့် ကာလအတွင်း မြေယာပြသနာ များဆိုင်ရာ ပြည်နယ်ဝန်ကြီးချုပ်ထံသို့ တင်ပြပြီးဖြေရှင်းရန် သဘောတူလက်ခံသည်။
ဆုံးဖြတ်ချက် (၁၀)။ ။ တိုင်းရင်းသား အဖွဲ့စည်းများ ကေအန်ယူမှ ချမှတ်သည့် မြေယာဂရမ်များကို အသိမှတ်ပြုပြီး ဓလေ့ ထုံးတမ်းအရ ပိုင်ဆိုင်သည့် မြေယာများနှင့် ဌာနေမဲ့ IDP ရှိ မြေယာ ကိစ္စများကိုလည်း ညှိနှိုင်းဖြေရှင်း သွားမည်ဟု သဘော တူလက်ခံသည်။
ဆုံးဖြတ်ချက် (၁၁)။ ။ လူထုများအတွက် မြေယာကိစ္စကို မျှမျှတတ ဖြစ်ရန်သက်ဆိုင်ရာ နှစ်ဖက်အဖွဲ့မှ ညှိနှိုင်းပြီး အကောင်းဆုံး နည်းလမ်းကို ရှာဖွေဖြေရှင်းသွားမည်ဟု သဘောတူလက်ခံသည်။
ဆုံးဖြတ်ချက် (၁၂)။ ။ ငြိမ်းချမ်းရေး ဖြစ်စဉ်အတွက် စောင့်ကြပ်စစ်ဆေးခြင်း စိစစ်အတည်ပြုခြင်းနှင့် တည့်မတ် မှန်ကန် အောင် အစီစဉ် လုပ်ဆောင်မှုများစတင် သဘောတူ လက်ခံသည်။
စောင့်ကြပ် စစ်ဆေးခြင်း (Monitoring) ကို အဆင့် ၃ ဆင့်ထား၇န် ၄င်းတို့မှာ -
၁) နှစ်ဦး နှစ်ဖက် လက်ခံသော ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းပြီး စောင့်ကြပ် စစ်ဆေးခြင်း (Local Monitoring)
၂) အခြေနေ တိုးတက်ကောင်းမွန် လာသည့်အခါ နိုင်ငံတကာ စောင့်ကြပ်ကြည့်ရှု့ရေး (Internal Monitoring) နှင့်
၃) ငြိမ်းချမ်းရေးဖြစ်စဉ် ပျက်စီးရန် အလားလာ မရှိသောအခါ ပွင့်လင်းသောစောင့်ကြပ် ကြည့်ရှု့ရေး (Open Monitoring) ကို အဆင့်ဆင့်လုပ်ဆောင်သွားမည်ဟု သဘောတူလက်ခံသည်။
ဆုံးဖြတ်ချက် (၁၃) ။ ။ နှစ်ဦးနှစ်ဖက် လက်ခံသည့် Local Monitoring အတွက် နှစ်ဦးနှစ်ဖက် သဘောတူ သည့် နာမည် စာရင်းကို (မေလ) နောက်ဆုံးအပတ်တွင်ပေးပြီးနောက် အစည်းဝေး တစ်ခုတွင် ဆွေးနွေး အတည်ပြုရန် သဘောတူ လက်ခံသည်။
အထက်ဖော်ပြပါ အစည်းဝေးဆုံးဖြတ်ချက် ၁၃ ချက်ကို အောက်ဖော်ပြပါ နှစ်ဦးနှစ်ဖက် တာဝန်ရှိသူများက လက်မှတ် ရေး ထိုးကြသည်။
KNU သည်၊ ပထမအဆင့်၌ အပစ်အခတ် ရပ်စဲရန်အတွက် ကရင်ပြည်နယ် အစိုးရအဖွဲ့နှင့် (၅) ရက်နေ့တွင် သဘောတူလက် မှတ်ထိုးခဲ့ပါသည်။ (၅) ရက်နေ့ ညနေပိုင်းတွင် ရန်ကုန်သို့ ရောက်ရှိပြီး၊ (၆) ရက်နေ့တွင် ဆွေးနွေးခဲ့ကြပြီး (၇) ရက်နေ့ည နေပိုင်းတွင် သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံခဲ့ပါသည်။ (၈) ရက်နေ့နေ့လည်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေး နွေးခဲ့ပါသည်။
Ref: ရွှေဟင်္သာ

မတရားအသင်း မရှိသင့်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော

ရန်ကုန် (မဇ္ဈိမ) ။ ။ ကရင်အမျိုးသားအစည်းအရုံး KNU အား မတရားအသင်းဟု သတ်မှတ်ထားခြင်းနှင့် ပတ်သက် ၍ မတရားအသင်း မရှိခြင်းသည် အကောင်းဆုံး ဖြစ်ကြောင်း ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဒေါ်အောင်ဆန်းစုကြည်က တနင်္ဂနွေနေ့က ပြောဆိုလိုက်သည်။အထွေထွေအတွင်းရေးမှူး ဒေါ်နော်ဇီဖိုးရာစိန် ခေါင်းဆောင်သော KNU ငြိမ်းချမ်းရေးကိုယ်စားလှယ် အဖွဲ့ဝင်များနှင့် တက္ကသိုလ်ရိပ်သာလမ်းရှိ နေအိမ်တွင် လက်ခံတွေ့ဆုံပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတနိုင်ငံတွင် မတရားအသင်း မရှိခြင်းသည် အကောင်းဆုံး အခြေအနေဖြစ်ကြောင်း ထင်မြင်ချက်ပေးခဲ့သည်။“အန်တီကတော့ နိုင်ငံတနိုင်ငံမှာ မတရားအသင်းဆိုတာ ရှိဖို့မလိုတာ အကောင်းဆုံးအခြေအနေလို့ ထင်ပါတယ်”ဟု ကမ္ဘာ့ငြိမ်းချမ်းရေး နိုဗယ်လ်ဆုရှင်က ပြောသည်။
မတရားအသင်း မရှိခြင်းသည် အကောင်းဆုံး ဖြစ်ကြောင်း ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ပြော (ဓါတ်ပုံ မဇ္ဈိမ)
နေပြည်တော်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံဆွေးနွေးခဲ့ရာတွင် KNU အတွက် စိုးရိမ်ဖွယ်ရာဖြစ်နေသည့် “မတရားအသင်း” ကိစ္စ ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း အထွေထွေအတွင်းရေးမှူး နော်ဇီဖိုးရာစိန်က ဆိုသည်။“ကျမတို့ ငြိမ်းချမ်းရေး အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ် တလျှောက်လုံးမှာ ဒီမတရားအသင်း ဆိုတာကြီးက အန္တရာယ်လည်းရှိတယ်၊ ကြောက်စရာလည်း ဖြစ်တယ်၊ တိုင်းသူပြည်သားတွေအတွက်လလည်း စိုးရိမ်စရာ ဖြစ်နေတယ်ဆိုတော့ ဒီကိစ္စကို စဉ်းစားဖို့ သမ္မတကြီးနဲ့ ဆွေးနွေးခဲ့ပါတယ်” ဟု KNU အထွေထွေ အတွင်းရေးမှူးက ကရင်ဘာသာဖြင့် ပြောဆိုသည်။ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးခရီးစဉ်အတွင်း နေပြည်တော်တွင် နိုင်ငံတော် သမ္မတနှင့် တွေ့ဆုံရာ၌ စစ်မှန်သည့် ငြိမ်းချမ်းရေး အကောင်အထည်ဖော်ရန်လုပ်ငန်းစဉ်များ ဆွေးနွေးဖြစ်ခဲ့ပြီး
ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးရာတွင်လည်း KNU ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အကြောင်း အဓိက ဆွေးနွေးခဲ့သည်ဟု နော်ဇီဖိုးရာစိန် က ပြောသည်။“စစ်မှန်တဲ့ ငြိမ်းချမ်းရေး ပေါ်ပေါက်ဖို့အတွက် ကရင်တိုင်းရင်းသားတွေနဲ့ တိုင်းရင်းသားတွေရဲ့ လိုအပ်ချက်တွေ၊ လိုလားချက်တွေ ဘာလဲဆိုတာကို ကျမတို့ ဆွေးနွေးဖြစ်တယ်။ နောက်ဘယ်လို ဆက်လက်ဆောင်ရွက်မယ်ဆိုတဲ့ လုပ်ငန်းစဉ်တွေကို အသိပေးဖြစ်တယ်” ဟု ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးဖြစ်ခဲ့သည့်အပေါ် သူမကပြောသည်။ကရင်လူမျိုးများ အများဆုံးနေထိုင်သည့် ဝါသင်္ခကျေးရွာကို ဗဟိုပြု၍ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဖြစ်လာခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြည်တွင်းငြိမ်းချမ်းရေး အပါအဝင် အမျိုးသား ရင်ကြားစေ့ရေး ကိစ္စများအတွက် ဆက်လက်ရပ်တည်သွားမည်ဖြစ်ပြီး KNU အပြင် အခြားငြိမ်းချမ်းရေးလိုလားသည့် တိုင်းရင်းသား အဖွဲ့အစည်း အားလုံးနှင့် တတ်နိုင်သမျှ လက်တွဲသွားမည်ဟု ပြောဆိုသည်။“ကျမတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရွေးကောက်ပွဲဝင်တဲ့အခါမှာ ရှေ့တန်းတင်တဲ့ ကိစ္စကြီး ၃ ရပ်ထဲမှာပြည်တွင်းငြိမ်းချမ်းရေးပါ ပါတယ်။ ဥပဒေစိုးမိုးရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးကိစ္စက ဘယ်လို စပ်ဆက်နေတယ်ဆိုတာ ကျမတို့ ရှင်းပြခဲ့ပါတယ်။ အဲ့တော့ ဒီလုပ်ငန်းကြီး ၃ ခုကို ပူးတွဲပြီးတော့ အမျိုးသားရင်ကြားစေ့ရေး အခြေခံပေါ်မှာ မားမားမတ်မတ်နဲ့ ကျမတို့ ဆက်သွားမှာဖြစ်ပါတယ်” ဟု ပြောသည်။ရာစုနှစ် တဝက်ဝန်းကျင်ကျော်ကြာ ဗဟိုအစိုးရအား လက်နက်ကိုင် တော်လှန်ခဲ့သည့် KNU သည် ဦးသိန်းစိန် အစိုးရ လက်ထက်တွင် ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်းခေါင်းဆောင်သည့် ငြိမ်းချမ်းရေးအဖွဲ့ဝင်များနှင့် ကရင်ပြည်နယ် ဘားအံမြို့တွင် ဇန်နဝါရီလ ၁၂ ရက်နေ့က ပထမဆုံး ပြည်နယ်အဆင့် တရားဝင်တွေ့ဆုံပြီး အပစ်အခတ်ရပ်စဲရေးအတွက် သဘောတူညီမှု စတင်ရရှိခဲ့သည်။ယခု ဒုတိယအကြိမ် ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲတွင် နိုင်ငံတော်သမတနှင့် တွေ့ဆုံခဲ့ရာ သမ္မတ ဦးသိန်းစိန်သည် စစ်မှန်သည့် ငြိမ်းချမ်းရေးဖော်ဆောင်ရန် ဆန္ဒရှိပြီး ငြိမ်းချမ်းရေးအတွက် ကြိုးစားလုပ်ဆောင်နေသည်ကို မြင်ခဲ့ရကြောင်း နော်ဇီဖိုးရာက ပြောဆိုသွားခဲ့သည်။ပမာဏ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု၊ ခိုင်မာသည့် အပစ်အခတ်ရပ်ဆဲရေး သဘောတူညီမှု၊ နိုင်ငံရေး ဆွေးနွေးခြင်း၊ နိုင်ငံရေးတွင်ပါဝင်ခွင့်ရရေး စသည့် သဘောတူညီမှု အဆင့် လေးဆင့် ရရန် KNU ဘက်က ရည်ရွယ်ထားသော်လည်း နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပြီး ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် အကျယ်တဝင့်ဆွေးနွေးညှိနှိုင်းမှု
မပြုလုပ်ရသေးကြောင်း KNU အထွေထွေ အတွင်းရေးမှူးက ဆိုသည်။အင်းစိန်ထောင်အတွင်း ထောင်ဒဏ် တသက်တကျွန်းကျခံနေရသည့် ကရင်အမျိုးသား အစည်းအရုံး ဗဟိုကော်မတီ ဝင် ဖဒိုမန်းငြိမ်းမောင်ကို သမ္မတအမိန့်ဖြင့် မတ်လ ၁၉ ရက်နေ့က လွှတ်ပေးခဲ့ခြင်းသည် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် ဗဟိုအစိုးရနှင့် KNU အကြား ယုံကြည်မှု ရစေခဲ့သည်ဟု ထင်ကြောင်း KNU ၏ ပြန်ကြားရေးတာဝန်ခံနှင့် ငြိမ်းချမ်းရေး ကိုယ်စားလှယ် နော်မေဦးက မဇ္ဈိမ မေးမြန်းခန်းတွင် ပြောဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် ဧပြီ ၂၃ လွှတ်တော်တက်မည်

ရန်ကုန် (မဇ္ဈိမ) ။ ။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရရှိသည့် လွှတ်တော် ကိုယ်စားလှယ်များ အားလုံး ဧပြီလ ၂၃ ရက်နေ့တွင် ပြန်လည် ကျင်းပမည့် လွှတ်တော် အစည်းအဝေးများသို့ စတင် တက်ရောက်ရမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောသည်။လက်ရှိရပ်နားထားပြီး ဧပြီလ ၂၃ ရက်နေ့တွင် ပြန်လည်ကျင်းပမည့် တတိယအကြိမ်မြောက် လွှတ်တော်အစည်းအဝေး များသို့ ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရထားသည့် NLD ကိုယ်စားလှယ်များ တက်ရောက်ရန် တနင်္လာနေ့ နံနက်ပိုင်းက နေပြည်တော်မှ တရားဝင် အကြောင်းကြားခဲ့ကြောင်း ဦးဉာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။“ဒီနေ့ပဲ နေပြည်တော်က အကြောင်းကြားတယ်။ ၂၃ ရက်နေ့ တက်ဖို့။ အချိန် အရမ်းကပ်သွားတော့ ကျနော်တို့လည်း အရမ်းအလုပ်များနေကြပါတယ်” ဟု ဦးဉာဏ်ဝင်းက ဆိုသည်။
ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရရှိသည့် လွှတ်တော် ကိုယ်စားလှယ်များ အားလုံး ဧပြီလ ၂၃ ရက်နေ့တွင် ပြန်လည် ကျင်းပမည့် လွှတ်တော် အစည်းအဝေးများသို့ စတင် တက်ရောက်ရမည်ဖြစ်ကြောင်း ဦးဉာဏ်ဝင်းက ပြော (ဓါတ်ပုံ မဇ္ဈိမ)
တတိယအကြိမ် ပြည်သူ့လွှတ်တော်အစည်းအဝေး မပြီးပြတ်သေးသည့် ကာလဖြစ်၍ ကြားဖြတ်ရွေးကောက်ပွဲမှ ထွက်ပေါ်လာသည့် ကိုယ်စားလှယ်များအနေဖြင့် စတုတ္ထအကြိမ် လွှတ်တော် အစည်းအဝေးမှသာ လွှတ်တော်တွင်း ပါဝင်ခွင့်ရမည်ဟု အများက ယူဆထားကြပြီး အနိုင်ရ NLD ကိုယ်စားလှယ်များ ကိုယ်တိုင်ပင် ယခုကဲ့သို့ စောစီးစွာ လွှတ်တော်တွင်း ဝင်ခွင့်ရမည်ဟု ယူဆမထားခဲ့ပေ။“ဒီလွှတ်တော်ခေါ်ထားတာ သိပ်မကြာသေးတော့ ပုံမှန်အတိုင်းဆိုရင် မေလလောက်မှလို့ ထင်ထားတာ။ ဒါပေမယ့် ဟိုနေ့က သတင်းစာထဲမှာ ၂၃ ရက်နေ့ဆိုတော့ ထင်တော့ ထင်လိုက်တယ်။ ချက်ချင်းကြီး စီစဉ်လိုက်တယ် ဆိုတာတော့ အကြောင်းတခုခု ရှိလို့နေမှာပေါ့” ဟု မင်္ဂလာတောင်ညွှန့်မြို့နယ် NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဒေါ်ဖြူဖြူသင်းက မဇ္ဈိမကို ပြောသည်။လွှတ်တော်အတွက် ပြင်ဆင်ချိန် ၁၄ ရက်သာ ရသော်လည်း လွှတ်တော်နိုင်ငံရေး စတင်လုပ်စ ဖြစ်၍ အခက်အခဲများ ကြုံရမည်ဟု မျှော်မှန်းထားပြီးဖြစ်ကြောင်း သို့သော် မိမိကိုယ်စားပြုသည့် မင်္ဂလာတောင်ညွှန့်မြို့နယ်အတွက် လိုအပ်ချက်အများစုကို သိထားပြီး ဖြစ်ကြောင်း ဒေါ်ဖြူဖြူသင်းက
ပြောဆိုသည်။“အခုဆိုရင် မြို့နယ်ထဲက အခက်အခဲတွေ၊ အကျပ်အတည်းတွေ ခြုံငုံပြီး သိသင့်သလောက် သိနေပြီ။ ပြည်သူတွေ ကလည်း ပြောရဲဆိုရဲ ရှိလာတော့ ကျမမြို့နယ်အတွက် လိုအပ်ချက်တွေကတော့ သိနေပြီပဲ ပြောရမှာပါ။ ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေးတို့ဘာတို့ကတော့ ပါတီအနေနဲ့ ညှိနှိုင်းပြီး လုပ်ရမှာပေါ့” ဟု ဒေါ်ဖြူဖြူသင်း က မဇ္ဈိမကိုပြောသည်။လွှတ်တော်တွင်းသို့ ရောက်ရောက်ချင်း ပါတီအနေဖြင့် မည်သည့် အရေးကိစ္စများ ကိုင်တွယ်မည် ဆိုသည့်ကိစ္စနှင့် ပတ်သတ်၍ ရွေးကောက်ပွဲ အနိုင်ရ NLD ကိုယ်စားလှယ်များ အစည်းအဝေးကို ဧပြီ ၁၉၊ ၂၀ တွင် ပြုလုပ်ရန် စီစဉ်ထားကြောင်း ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဧပြီ ၈ ရက်နေ့က ပြောဆိုခဲ့ပြီး အများဆန္ဒဖြင့် တိုင်ပင် ဆုံးဖြတ်သွားမည်ဟု သူမက ဆိုသည်။လက်ရှိကျင်းပနေဆဲ တတိယအကြိမ် လွှတ်တော်အစည်းအဝေးတွင် ဥပဒေမူကြမ်း တင်သွင်းခြင်း ကဲ့သို့သော လုပ်ငန်းများ အများစု ပြီးစီးနေပြီဖြစ်၍ NLD အနေဖြင့် ဥပဒေကြမ်း တင်သွင်းခြင်းမျိုးကို စတုတ္ထအကြိမ်မြောက် လွှတ်တော် အစည်းအဝေးများတွင်သာ ပြုလုပ်နိုင်မည်ဟု ပြည်တွင်း သတင်းဂျာနယ် အယ်ဒီတာချုပ်တဦးက သုံးသပ်သည်။“ဥပဒေတင်တာမျိုးတော့ ဒီဆက်ရှင်မှာ သိပ်လုပ်ခွင့် ရတော့မယ် မထင်ဘူး။ တော်တော်များများက ဥပဒေကြမ်းကော်မတီတို့ ဘာတို့ကို တင်ပြီးသားတွေ များတယ်။ ဥပမာ မြေယာပိုင်ဆိုင်ခွင့် ဥပဒေဆို တင်ပြီးပြီ။ ဒါပေမယ့် မဲခွဲတဲ့အခါတွေဘာတွေမှာ မဲပေးတာမျိုး၊ ဝင်ဆွေးနွေးတာမျိုးတော့ လုပ်ခွင့်ရလိမ့်မယ်ထင်တယ်” ဟု မြန်မာ့ဓန မဂ္ဂဇင်းနှင့် အိုးပင်းနယူးစ်ဂျာနယ် အယ်ဒီတာချုပ် ဦးသီဟစော က ခန့်မှန်းသည်။ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် ပြည်သူ့လွှတ်တော် ၃၇ နေရာ၊ အမျိုးသားလွှတ်တော် ၄ နေရာ နှင့်NDFမှကူးပြောင်းလာခဲ့သည့်အမျိုးသားလွှတ်တော်အမတ် ဒေါက်တာမြတ်ဉာဏစိုးနှင့်
ပေါင်းပါက NLD သည် လွှတ်တော်နှစ်ရပ်ပေါင်း ကိုယ်စားလှယ်၄၂ ယောက်ရှိပြီး ပြည်ထောင်စုလွှတ်တော်၏ ၆.၄ ရာခိုင်နှုန်း ရရှိထားသည်။ ထို့အပြင် ၂၀၁၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော် ကိုယ်စားလှယ်အချို့လည်း ၎င်းတို့ပါတီများမှ နုတ်ထွက်ကာ NLD သို့ ၀င်ခွင့်ရရန် လျှောက်ထားမှုများ ရှိနေသည်။

 သွင်းကုန် အကောက်ခွန်နှုန်းထားနှင့် သွင်းကုန်လိုင်စင်ကြေး ပြင်ဆင်သတ်မှတ်၊ အခွန်ကင်းလွတ် ခွင့်ရထားသော အထူးစီးပွားရေး လုပ်ငန်းကြီးများပါ အခွန်ပေးဆောင်ရမ

ဧပြီလ၁ရက်နေ့မှစ၍ သွင်းကုန် အကောက်ခွန် နှုန်းထားများနှင့် သွင်းကုန်လိုင်စင်ကြေး ပြင်ဆင်သတ်မှတ်ခဲ့ပြီး အခွန်ကင်းလွတ် ခွင့်ရထားသော အထူးစီးပွားရေး လုပ်ငန်းကြီးများပါ အခွန်များ ပေးဆောင်ရမည် ဖြစ်ကြောင်း စီးပွားရေး အသိုင်းအ၀ိုင်းထံမှ သတင်းရရှိပါသည်။
ယခင်က ကုန်ပစ္စည်းတန်ဖိုး၏ ၂၀ရာခိုင်နှုန်းကို ကျပ် ၄၅၀ဖြင့် မြှောက်ပြီးပေးသွင်းရသည့် အကောက်ခွန်နှုန်းကို ကုန်ပစ္စည်းတန်ဖိုး၏ ၅ ရာခိုင်နှုန်းကို ကျပ် ၈၁၅ဖြင့် မြှောက်ပြီးပေးသွင်းရန် သတ်မှတ်ခဲ့ကြောင်း၊ ထို့ပြင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ ကောက်ခံသော သွင်းကုန်လိုင်စင်ကြေးကို ယခင်က အမေရိကန် ၁ဒေါ်လာလျှင် ကျပ် ၆ ဒသမ ၃ ၀န်းကျင်ဖြင့် မြှောက်ပြီး တွက်ချက်ရာမှ ဈေးကွက်ပေါက်ဈေး ဖြင့် တွက်ချက် ကောက်ယူမည်ဖြစ်ကာ လက်ရှိအချိန်တွင် သွင်းကုန်လိုင်စင် တစ်စောင်လျှင် ကျပ်၅၀၀၀၀နှုန်းဖြင့် ကောက်ခံနေကြောင်း သိရပါသည်။
ယခင်က ကုန်ပစ္စည်းတန်ဖိုး၏ ၂၀ရာခိုင်နှုန်းကို ကျပ် ၄၅၀ဖြင့် မြှောက်ပြီးပေးသွင်းရသည့် အကောက်ခွန်နှုန်းကို ကုန်ပစ္စည်းတန်ဖိုး၏ ၅ ရာခိုင်နှုန်းကို ကျပ် ၈၁၅ဖြင့်မြှောက် ပြီးပေးသွင်းရန် သတ်မှတ်ခဲ့ကြောင်း
“အကောက်ခွန်နှုန်းထားနဲ့ သွင်းကုန်လိုင်စင်ကြေးနှုန်းတွေ ပြောင်းသွားတယ်။ အခုကုမ္ပဏီအားလုံး တန်းတူဖြစ်သွားပြီ။ အရင်အခွန် မပေးသွင်းရတဲ့ အထူးကုမ္ပဏီကြီးတွေလည်း အခုနှုန်းထားနဲ့ အခွန်ငွေပေး သွင်းရတော့မယ်။ အရင်က ၂၀ရာ ခိုင်နှုန်းကို ကျပ် ၄၅၀ နဲ့ဆောင်ရတာကနေ အခု ၅ ရာခိုင်နှုန်းကို ကျပ် ၈၁၅ နဲ့ ဆောင်ရမှာဆိုတော့ ကုမ္ပဏီတွေ အတွက်လည်း အဆင်ပြေပါတယ်”ဟု သွင်းကုန်လုပ်ငန်းရှင် တစ်ဦးကပြော ကြားပါသည်။
မြန်မာနိုင်ငံ ပါဝင်နေသော ဒေသတွင်း အဖွဲ့အစည်းတစ်ခုဖြစ်သည့် အာဆီယံအဖွဲ့၏ ဦးစားပေးကဏ္ဍများ ပေါင်းစည်းရေးအတွက် အာဆီယံ သဘောတူစာချုပ် (ASEAN Frame- work Agreement for The Integration of the Priority Sectors) အရ ၂၀၁၃ခုနှစ်၊ ၂၀၁၅ခု နှစ်များတွင် အာဆီယံနှင့် မိတ်ဖက်နိုင်ငံများမှ တင်သွင်းလာသော ကုန်ပစ္စည်းအများစုကို အကောက်ခွန် ကင်းလွတ်ခွင့်ပေးရမည် ဖြစ်ပြီး ၂၀၁၈ ခုနှစ်တွင် အကောက်ခွန် လုံးဝဖယ်ရှားပေးရမည် ဖြစ်ကြောင်း သိရပါသည်။
အသစ်ပြင်ဆင် ပြဋ္ဌာန်းခဲ့သော အခွန်ဥပဒေသစ်များ၊ စည်းမျဉ်းစည်းကမ်းများနှင့် အမိန့်ကြော်ငြာစာများအရ ၂၀၁၁-၂၀၁၂ဘဏ္ဍာရေး နှစ်တွင် အခွန်ပမာဏ ရရှိမှု တိုးမြင့်လာမည်ဖြစ်ပြီး ၂၀၁၀-၂၀၁၁ ဘဏ္ဍာ ရေးနှစ်က အခွန်အရပ်ရပ်ပေါင်း ကျပ်သန်း ၁၂၂၂၈၅၇ ရရှိခဲ့ကြောင်း၊ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အတွင်း မြန်မာနိုင်ငံသို့ တင်သွင်းလာသော သွင်းကုန်ပမာဏမှာ အမေရိကန်ဒေါ်လာ ၈ ဘီလျံဝန်းကျင်ရှိခဲ့ပြီး သွင်းကုန်တင်သွင်းမှု များပြားနေခြင်းကြောင့် လက်ရှိ ဘဏ္ဍာရေးနှစ်တွင် ယမန် နှစ်ကထက် သွင်းကုန်ပမာဏ ပိုမိုများပြားနိုင်ကြောင်း ကုန်သွယ်ရေး အသိုင်းအ၀ိုင်းထံမှ သတင်းရရှိပါသည်။
Ref: EMG