Pages

Wednesday, May 2, 2012

ပြည်သူ့ဆန္ဒအရ လွှတ်တော်တက်မည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ဒေါ်အောင်ဆန်းစုကြည်နှင့် NLD လွှတ်တော်ကိုယ်စားလှယ်များ ယနေ့(မေလ ၂ ရက်နေ့)၌ ကျမ်းသစ္စာကျိန်ဆိုနေစဉ်
Photo: AFP
မဲဆန္ဒရှင်ပြည်သူလူထု၏ ဆန္ဒနှင့် မဟာမိတ်များဆန္ဒအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် လွှတ်တော်သို့ တက်ရောက်မည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားပါသည်။

ဧပြီလ ၃၀ ရက်နေ့တွင် ပြုလုပ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ သတင်းစာရှင်းလင်းပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ်များသည် မေလ ၂ ရက်နေ့တွင် လွှတ်တော်၌ ကျမ်းသစ္စာ ကျိန်ဆို ခဲ့ကြကြောင်းလည်း သိရသည်။ အဆိုပါ ကျမ်းသစ္စာ ကျိန်ဆိုရာတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါဇယား ၄ ၏ ကျမ်းသစ္စာ ကျိန်ဆိုရာတွင် ပါဝင်သည့်စာသားများအတိုင်းသာ ကျိန်ဆိုသွားခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။
အားလုံးကို ခြုံငုံပြီးတော့ နံပါတ်တစ်အနေနဲ့ ပြည်သူရဲ့ဆန္ဒနဲ့ ကိုက်ညီအောင်လို့၊ ကျွန်မတို့ မဟာမိတ်တွေရဲ့ ဆန္ဒနဲ့ ကိုက်ညီအောင်လို့ ကျွန်မတို့ နိုင်ငံရေးမှာ သဘောထားကြီးကြီးနဲ့ အပေးအယူလုပ်ရမယ်ဆိုတဲ့ မူဝါဒကို ကျွန်မတို့ အလေးထားသောအားဖြင့် အမြန်ဆုံး လွှတ်တော်ကိုယ်စားလှယ်တွေအဖြစ်နဲ့ တရားဝင် ကျမ်းကျိန်ဖို့ ဆုံးဖြတ်ခဲ့တာပါ . . .

ဧပြီလ ၃၀ ရက်နေ့က ကျင်းပခဲ့သော သတင်းစာရှင်းလင်းပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်တက်ရေးမတက်ရေးနှင့် ပတ်သက်၍ ''အဖြေရပြီဆိုတော့ ဒါကိုမြန်မြန်ပဲ ပြောလိုက်ပါမယ်။ မနေ့က ဒေါက်တာအေးမောင် လာတွေ့ပါတယ်။ တိုတိုပြောရရင် ကျွန်မတို့ကို လွှတ်တော်အတွင်းက တိုင်းရင်းသားပါတီတွေနဲ့၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်တွေ၊ တိုင်းရင်းသားပါတီတွေတင် မကဘူး။ တစညလည်း ပါတယ်။ နောက်ပြီးတော့ တခြားပါတီတွေလည်း ပါတယ်။ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်တွေလည်း ပါတယ်။ အားလုံးကနေ စုပေါင်းပြီးတော့ ကျွန်မတို့ကို လွှတ်တော်ထဲကို တက်စေချင်ပါတယ်။ နောက်ပြီးတော့ လွှတ်တော်ထဲမှာမှ ပြောင်းလဲစေသင့်တာတွေ ပြောင်းလဲ စေချင်ပါတယ်ဆိုပြီးတော့ မေတ္တာရပ်ခံပါတယ်။ အင်မတန်မှ မဟာမိတ် သဘောတရား ဆောင်တယ်ပေါ့နော်။ အားလုံးက ပူးပေါင်းဆောင်ရွက် ချင်တဲ့ အခြေအနေကို တင်ပြထားတယ်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းကို ပေးတဲ့စာကလည်း တိုင်းရင်းသားပါတီတွေနဲ့ တခြားတစ်သီးပုဂ္ဂလ ကိုယ်စားလှယ်တွေ အားလုံးပေါင်း လက်မှတ်ထိုးထားတာက လွှတ်တော်ထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တိုင်းရင်းသားကိုယ်စားလှယ်တွေ ပြောင်းလဲချင်တဲ့ ကိစ္စတွေ ပြောင်းဖို့၊ အထူးသဖြင့် ကျွန်မတို့ လိုချင်နေတဲ့ ကျမ်းကျိန်တဲ့စာရဲ့ စာသားတွေကို ပြောင်းဖို့ကို ၀ိုင်းဝန်းပြီးတော့ မေတ္တာရပ်ခံတာကိုလည်း ပါတယ်။ ကျွန်မတို့အနေနဲ့လည်း ဒီဟာတွေ အားလုံးကို သဘောထားကြီးကြီးနဲ့ လိုက်လျောသင့်တယ်လို့ ကျွန်မတို့ ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ဟာ လွှတ်တော်အတွင်း ကနေပြီးတော့ တခြားအဖွဲ့အစည်းတွေ၊ အထူးသဖြင့် တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီးတော့ လုပ်ချင်တဲ့ ဆန္ဒအများကြီး ရှိပါတယ်။ အဲဒါကြောင့်မို့ ကျွန်မတို့အနေနဲ့ လိုက်လျောမယ်။ ဒီလွှတ်တော်တက်တဲ့ ကိစ္စကို အမြန်ဆုံး လုပ်လိုက်မယ်။ တချို့က မေးမှာပေါ့။ အစတုန်းကတော့ ကာကွယ်စောင့်ရှောက်မယ်ဆိုတဲ့ စကားလုံးကို လက်မခံဘူး။ အခုကျတော့ ဘာလို့ လက်ခံလဲဆိုပြီးတော့၊ ဒါလက်ခံရတဲ့ အကြောင်းက ကျွန်မက အကြမ်းဖျင်းအားဖြင့် ပြောရင် နံပါတ်တစ်ကတော့ ပြည်သူလူထုရဲ့ ဆန္ဒအရပါ။ ကျွန်မတို့ကို မဲဆန္ဒရှင်များက၊ ကျွန်မတို့ကို မဲပေးခဲ့တဲ့ ပြည်သူလူထုက ကျွန်မတို့ကို လွှတ်တော်ထဲကို ရောက်သွားတာ အင်မတန်မှ မြင်ချင် ကြတယ်။ ကျွန်မတို့ကလည်း တစ်ချိန်လုံး ပြည်သူလူထု အသံကို နားထောင်နေပါတယ်။ နားထောင်နေတဲ့အခါမှာ အင်မတန်မှ ကျွန်မတို့ကို လွှတ်တော်ထဲကို ၀င်စေချင်ကြတယ်။ နောက်ပြီးတော့ မဟာမိတ်တွေဖြစ် တဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေကလည်း အင်မတန်မှ လိုလိုလားလားနဲ့ လွှတ်တော်ထဲကနေပြီးတော့ အတူတကွ ပြောင်းလဲဖို့ လုပ်ဆောင်ချင်ပါတယ်လို့ ပြောထားတဲ့ မေတ္တာရပ်ခံချက်ကို ကျွန်မတို့အနေနဲ့ အင်မတန်မှ တန်ဖိုးထားပါတယ်။ အလေးထားပါတယ်။ အဲဒါကြောင့်မို့ပါ''ဟု ပြောကြားခဲ့သည်။
ထို့အပြင် ပါတီမှတ်ပုံတင် ဥပဒေနှင့်ရွေးကောက်ပွဲ ဥပဒေပါ စာသားများကို ပြင်ဆင်ရန် ညှိနှိုင်းခဲ့စဉ်က ကျမ်းသစ္စာကျိန်ဆိုရမည့် စာသားများကိစ္စကို တစ်ချိန်တည်း မဆောင်ရွက်နိုင်သည့်ကိစ္စနှင့် ပတ်သက်၍ သူမ၏ လစ်ဟင်းမှုသာဖြစ်ကြောင်းနှင့် တာဝန်ယူကြောင်း ဒေါ် အောင်ဆန်းစုကြည်က ၀န်ခံခဲ့သည်။

သို့ရာတွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် တစ်ခုနှင့်တစ်ခု မဆီလျော်သည့် စကားလုံးများနှင့် ပတ်သက်၍လည်း ထောက်ပြခဲ့ပြီး စကားလုံး အငြင်းပွားမှု ပြဿနာသည် နိုင်ငံရေးပြဿနာဖြစ်အောင် လုပ်ခြင်းမဟုတ်ဘဲ ဥပဒေကိစ္စရပ်တစ်ခုအနေနှင့်သာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

ရွေးကောက်ပွဲဥပဒေနှင့် ပါတီမှတ်ပုံတင်ခြင်း ဥပဒေများကို ပြင်ဆင်ပေးမှုအတွက် သမ္မတကြီး၏ လိုက်လျောမှုကို မမေ့ကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။

''အားလုံးကို ခြုံငုံပြီးတော့ နံပါတ်တစ်အနေနဲ့ ပြည်သူရဲ့ဆန္ဒနဲ့ ကိုက်ညီအောင်လို့၊ ကျွန်မတို့ မဟာမိတ်တွေရဲ့ဆန္ဒနဲ့ ကိုက်ညီအောင်လို့ ကျွန်မတို့ နိုင်ငံရေးမှာ သဘောထားကြီးကြီးနဲ့ အပေးအယူ လုပ်ရမယ်ဆိုတဲ့မူဝါဒကို ကျွန်မတို့ အလေးထားသောအားဖြင့် အမြန်ဆုံး လွှတ်တော် ကိုယ်စားလှယ်တွေအဖြစ်နဲ့ တရားဝင် ကျမ်းကျိန်ဖို့ ဆုံးဖြတ်ခဲ့တာပါ'' ဟု ဒေါ်အောင်ဆန်းစုကြည်က
ပြောကြားခဲ့သည်။

Ref: EMG

သဘောထားပျော့ပြောင်းမှု ဘန်ကီမွန်း ချီးကျူး


ဓာတ်ပုံ ASSOCIATED PRESS

စစ်မှန်တဲ့ခေါင်းဆောင်တွေဟာ တိုင်းပြည်နဲ့လူထုအကျိုးအတွက် အလျှော့အတင်း လုပ်ပေးကြ စမြဲ ဖြစ်တယ်လို့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ် Ban Ki Moon ကပြောလိုက်ပါတယ်၊ မြန်မာနိုင်ငံကို ၃ ရက်ခရီးလာခဲ့တဲ့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံအပြီးမှာ ခုလိုပြောလိုက်တာဖြစ်ပါတယ်၊ ဒေါ်အောင်ဆန်းစုကြည် ကလည်း အလျှော့အတင်း လုပ်တယ်ဆိုတာဟာ NLD အသစ်အဆန်းမဟုတ်ဘဲ လွန်ခဲ့တဲ့ ၂၃ နှစ်လုံး အလျှော့အတင်း လုပ်လာခဲ့တာဖြစ်တယ်လို့ ပြောခဲ့ပါတယ်၊ ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ ပူးတွဲပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲအကြောင်းကို မစုမြတ်မွန်က ဆက်ပြီးပြောပါလိမ့်မယ်၊

မြန်မာနိုင်ငံနိုင်ငံရေးအပြောင်းအလဲကို ကိုယ်တိုင်လာရောက် အကဲခတ်တဲ့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဘန်ကီမွန်းဟာ ဒီကနေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံ ခဲ့ပြီးနောက်မှာ ပူးတွဲ သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပါတယ်၊ မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေမှာ စိန်ခေါ်မှုတွေရှိနေဆဲဖြစ်ပေမဲ့ ရှေ့ဆက် အပြောင်းအလဲတွေလုပ်သွားဖို့ လိုအပ်တဲ့ အကြောင်းကို အတွင်းရေးမှုးချုပ် Ban Ki Moon က ပြောကြားခဲ့ပါတယ်၊

- လုပ်ငန်းစဉ်တွေက ခက်ခဲနိုင်ပါတယ်။ စိန်ခေါ်မှုတွေလည်း အများကြီးရှိနေပါတယ်။ ဒါပေမဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ နောက်ပြန်မလှည့်ဘဲ ရှေ့ဆက်သွားသင့်ပါတယ်။ ရှေ့ဆက်ပြီး ဖွံ့ဖြိုးတိုးတက်ရေးနဲ့ လူ့အခွင့်အရေးဆောင်ရွက်မှုတွေမှာ ပါဝင်ချင်စိတ် ရှိသူ တွေကို ကျနော်တို့က ကူညီ အားပေးသွားမှာ ဖြစ်ပါတယ်။

လက်ရှိမြန်မာ့နိုင်ငံရေး အခြေအနေရောက်ဖို့ သမ္မတဦးသိန်းစိန်ရော ဒေါ်အောင်ဆန်းစုကြည် ပါ တော်တော်လေး လုပ်ခဲ့ကြရပြီး နောက်ထပ်တိုးတက်မှုတွေဖြစ်အောင်လုပ်သွားမယ်လို့ သူ့အနေနဲ့ ယုံကြည်လက်ခံတယ်ဆိုတာကိုလဲ Mr. Ban Ki Moon က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်၊ ကျန်းသစ္စာကျိန်ဆိုရာမှာ အသုံးအနှုန်းကို လက်မခံနိုင်ပေမဲ့ ပြည်သူတွေအကျိုးအတွက် အလျှော့ပေးပြီး NLD ကလွှတ်တော်တက်မယ်လို့ ဆုံးဖြတ်ချက်ချခဲတာကိုလဲ ခုလို ချီးကျူးပါတယ်၊

- ဒီဆုံးဖြတ်ချက်ကို ခက်ခက်ခဲခဲချခဲ့ရမယ်ဆိုတာကို နားလည်ပါတယ်၊ နိုင်ငံရေးသမားတွေ ဆိုတာ တချို့ကိစ္စတွေအပေါ်မှာ သဘောထားအမြင် မတူတာမျိုးရှိတတ်ကြပါတယ်၊ ဒါပေမဲ့ စစ်မှန်တဲ့ ခေါင်းဆောင်တွေဟာ တိုင်းပြည်နဲ့လူထုအကျိုးအတွက် အလျှော့အတင်း လုပ်ပေး ကြစမြဲဖြစ် ပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်ဒီလို ဆုံးဖြတ်ချက်ချတဲ့ အတွက် လေးစားပါ တယ်၊ ဒေါ်အောင်ဆန်းစုကြည် ဟာ လွှတ်တော်အမတ် တယောက် အနေနဲ့ မြန်မာနိုင်ငံအတွက် ထိရောက်နဲ့ အပြုသဘောဆောင်ရွက်မှုတွေကိုလုပ်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်၊
ဒေါ်အောင်ဆန်းစုကြည်ကတော့ နိုင်ငံရေးလုပ်ငန်းစဉ်မှာ ညင်သာပျော့ပြောင်းမှုရှိရမယ်လို့ NLD က အမြဲလက်ခံထားတယ်လို့ ပြောပါတယ်၊

- နိုင်ငံရေးလုပ်ငန်းစဉ်တွေကို လုပ်တဲ့အခါမှာ ပြုနိုင် ပြင်နိုင်ရမယ်ဆိုတာကို ကျွန်မတို့က အမြဲ လက်ခံထားပါတယ်၊ အခုလွှတ်တော်ကိုယ်စားလှယ်တွေ ဖြစ်လာလို့ ပျော့ပြောင်း ညင်သာဖို့ လိုပြီလို့ သဘောထားတာ မဟုတ်ပါဘူး၊ ကျွန်မတို့ နိုင်ငံရေးအရ ရုန်းကန်ခဲ့တဲ့ ကာလ တလျှောက်လုံးမှာ ဒီအချက်ကို လက်ခံယုံကြည်ခဲ့ကြတာပါ၊ ကျွန်မတို့ရည်မှန်းချက်တွေကို အကြမ်းမဖက်တဲ့နည်းနဲ့ ရနိုင်ဖို့ ကလဲ ဒီတနည်းနဲ့ပဲရနိုင်မှာပါ၊ ဒါကြောင့် လွှတ်တော် တက်တော့မှာမို့ ပြုနိုင် ပြင်နိုင်တဲ့ထုံးကို လက်ကိုင် ထားလိုက်တယ်လို့ ပြောလို့ မရပါဘူး၊ လွန်ခဲ့တဲ့ ၂၃ နှစ်ကျော်ကာလ တလျှောက်လုံးမှာ ဒီထုံးကို ကျွန်မ တို့ရဲ့ နိုင်ငံရေး နည်းနာတခု အဖြစ်နဲ့ သုံးလာခဲ့တာဖြစ်ပါတယ်၊

ရှေ့လာမဲ့ လတွေ နှစ်တွေမှာ နိုင်ငံရေးသမားတွေဆုံးဖြတ်မဲ့ဆုံးဖြတ်ချက်တွေဟာ နောင် မျိုးဆက်ပေါင်း များစွာရဲ့ အနာဂါတ်ကို ပုံဖော်မှာဖြစ်လို့ အင်မတန်အရေးကြီးတဲ့ကာလကို နိုင်ငံရေးသမားတွေ ဖြတ်သန်း ရမှာဖြစ်တယ်၊ ရဲ့ရင့် ပြတ်သားမှု၊ ခေါင်းဆောင်မှု၊ အပေးအယူလုပ်မှုတွေ လိုအပ်တယ် ဆိုတာကိုလည်း ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ကုလသမဂ္ဂအတွင်းရေးမှုးချုပ်က အလေးထား ပြောသွားခဲ့ ပါတယ်၊ ဒီမိုကရေစီလမ်းကိုလျှောက်နေတဲ့ မြန်မာပြည်သူတွေအတွက်လည်း ဆက်လက် အားပေးသွားမယ်လို့ ဆိုပါတယ်၊

- မြန်မာပြည်သူတွေနဲ့ အစိုးရဟာ ပြုပြင်ပြောင်းလဲရေးလမ်းပေါ်ရောက်နေကြပါပြီ၊ အားလုံး ပါဝင်ခွင့် ရှိတဲ့ ဒီမိုကရေစီကိုလဲမြတ်နိုးကြပါတယ်၊ သူတို့အနေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်း တခုလုံး ရဲ့ ထောက်ခံ အားပေးမှုကို ရသင့်ပါတယ်၊ ကုလသမဂ္ဂ အနေနဲ့ မြန်မာပြည်သူတွေနဲ့ ခြေလှမ်းတိုင်းမှာ အတူလက်တွဲပြီး တတ်နိုင်သမျှ ဆက်ပြီး ရပ်တည်သွားမှာဖြစ်ပါတယ်၊
ပြုပြင်ပြောင်းလဲမှုတွေ လုပ်လာတဲ့ မြန်မာအစိုးရအပေါ် နိုင်ငံတွေက ကူညီထောက်ပံ့မှုတွေ ပိုပြီး ပေးလာနေ ကြပါတယ်၊ ဒီအကူအညီတွေဟာ ပြည်သူတွေအတွက် အကျိုးရှိဖို့ လိုတယ်ဆိုတာ ကိုတော့ ဒေါ်အောင်ဆန်းစုကြည် က ခုလို ပြောခဲ့ပါတယ်၊

- မြန်မာနိုင်ငံကို ဖွံ့ဖြိုးရေးအတွက် အကူအညီပဲပေးပေး၊ လူသားချင်းစာနာမှုအတွက် အကူအညီ ပဲ ပေးပေး၊ ပြည်သူတွေရဲ့ လုပ်နိုင်ကိုင်နိုင်တဲ့ အစွမ်းအစတွေတိုးတက်ရေး၊ အစိုးရအပေါ် မှီခိုမှု နည်းသွား နိုင်ရေးတွေမှာ ဒီထောက်ပံ့မှုတွေကို သုံးသင့်ပါတယ်၊ ဒါမှသာ မြန်မာနိုင်ငံ ဒီမိုကရေစီရေး ဆောင်ရွက် မှုတွေဟာ လမ်းမှန်ပေါ် ရောက်ဖို့ အာမခံနိုင်မှာပါ၊ ခုလို ကျွန်မရဲ့ စိုးရိမ်မှုကို လည်း အတွင်းရေးမှုးချုပ် နားလည်မယ်လို့ ထင်ပါတယ်၊

ကုလသမဂ္ဂအတွင်းရေးမှုးချုပ် ဘန်ကီမွန်းရဲ့ တတိယအကြိမ် မြန်မာနိုင်ငံခရီးစဉ်မှာ ပထမဆုံး အကြိမ် ဒေါ်အောင်ဆန်းစုကြည် နဲ့ လူကိုယ်တိုင် တွေ့ဆုံဆွေးနွေးနိုင်ခဲ့ပြီး ပူးတွဲသတင်းစာရှင်းလင်းပွဲ လုပ်ခဲ့တာ ဖြစ်ပါတယ်ရှင်၊
Ref: VOA

လွှတ်တော် တက်ဖို့ ဒေါ်စု ဆုံးဖြတ်ချက် နိုင်ငံတကာ ကြိုဆို


ဓာတ်ပုံ ASSOCIATED PRESS
ပြည်ထောင်စု လွှတ်တော်ပုံ။ ဧပြီ ၂၄၊ ၂၀၁၂

လာမယ့် လွှတ်တော်အစည်းအဝေးတွေကို တတ်ရောက်ဖို့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အနိုင်ရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်တွေ တက်ရောက်ဖို့ ဆုံးဖြတ်လိုက်တာကြောင့်၊ အနာဂတ် မြန်မာ့ဒီမိုကရေစီရေးအတွက် အစိုးရနဲ့ အဖွဲ့ချုပ်အကြား ပူးပေါင်းဆောင်ရွက်မှုတွေ ဆက်လုပ်နိုင်မယ်လို့ နိုင်ငံတကာအသိုင်းအ၀ိုင်းက မျှော်လင့်ကြပါတယ်။ ရှေ့ဆက် အကဲစမ်းမှုတွေ ထပ်ကြုံရနိုင်ပေမယ့်၊ ဒါတွေကို နှစ်ဖက် ပူးပေါင်းဆောင်ရွက်မှုနဲ့ကျော်လွှားနိုင်မယ်လို့လည်း မျှော်လင့်ကြောင်း တုန့်ပြန်ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နဲ့ အဖွဲ့ချုပ် ကိုယ်စားလှယ်တွေ လွှတ်တော်ဝင်ဖို့ ဆုံးဖြတ် လိုက်တာကြောင့် တင်းမာနေတဲ့ အခြေအနေတခု ပြေလည်သွားပြီး၊ အာဏာပိုင် နဲ့ အဖွဲ့ချုပ် အကြား ပူးပေါင်း ဆောင်ရွက်မှု တွေ ပိုလုပ်လာနိုင်မယ်လို့ ပြည်တွင်းရော ပြည်ပမှာပါ ယူဆမှုတွေရှိပါတယ်။ လွှတ်တော် ကိုယ်စားလှယ် အဖြစ် ကျမ်းသစ္စာဆိုရမယ့် စာပိုဒ်မှာ ဖွဲ့စည်းပုံကို ထိန်းသိမ်း ကာကွယ် စောင့်ရှောက် ပါ့မယ်ဆိုတဲ့ စကားရပ် အစား၊ လေးစား လိုက်နာပါ့မယ်လို့ အဖွဲ့ချုပ်ဖက်က ပြင်ဆင်ဖို့လိုလားခဲ့တာပါ။ ဒီအတွက်လည်း လွှတ်တော် မတက်ပဲ ရက်အတန်ကြာ အခြေအနေတွေ ရှေ့မတိုး နောက်မဆုတ် ဖြစ်နေရာကနေ၊ အခုတော့ တစုံတရာ ပြေလည်သွားပြီလို့ ပြောနိုင်ပါတယ်။ အခုလို နှစ်ဖက်အကြား ပူးပေါင်း ဆောင်ရွက်မှု အခြေအနေတွေ ဆက်ပြီး ရှိနေလိမ့်မယ်လို့ အမေရိကန် ပြည်ထောင်စု အနေ နဲ့ မျှော်လင့်တဲ့ ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာန အရှေ့အာရှဒေသဆိုင်ရာ ပြောခွင့်ရသူ ဒါရယ် ပါရာဒီဆို (Darragh Paradiso) က ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ ရွေးကောက်ခံ အဖွဲ့ချုပ် ကိုယ်စားလှယ်တွေ မေလ ၂ ရက်နေ့ လွှတ်တော်ကို တတ်မယ်လို့ နားလည်ထားပါတယ်။ မြန်မာနိုင်ငံ ဒီမိုကရေစီ အနာဂတ်ကို တည်ဆောက်နိုင်ဖို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နဲ့ အစိုးရအကြား ဆက်ပြီး ပူးပေါင်းဆောင်ရွက်သွားနိုင်ဖို့ မျှော်လင့်ထားပါတယ်။”

အခုလို ဆုံးဖြတ်ချက်ကြောင့် ဒါဟာ အလျှော့ပေးလိုက်တာပဲဆိုပြီး ဒီမိုကရေစီရေး လှုပ်ရှားသူ အချို့ရဲ့ မကျေမနပ် ဝေဖန်မှု တွေလည်းရှိပါတယ်။ ဒေါ်အောင်ဆန်း စုကြည်ကိုယ်တိုင်ကလည်း ဒါဟာ အလျှော့ ပေးတယ်လို့ ယူဆရင် ယူဆလို့ရတယ်၊ ဒါပေမယ့် နိုင်ငံရေးအရ တင်းမာမှုမျိုး မရှိစေချင် တာကြောင့်လည်း မနေ့က သတင်းစာရှင်းလင်းပွဲမှာ ကိုယ်တိုင် ပြောခဲ့ပါတယ်။

“ကျမတို့ အနေနဲ့ကတော့ တင်းမာပြီးတော့ နိုင်ငံရေး ပြဿနာ ဖြစ်အောင် မလုပ်စေချင်လို့ ဒီနေရာမှာ လိုက်လျောမယ် ဆိုပြီး ဆုံးဖြတ်လိုက်တာပါ။ အဲဒီတော့ တချို့က ကျတော့ အလျှော့ပေးတယ် လို့ မမြင်ဘူး လားဆိုတော့ အလျှော့ပေးတယ် လို့ မြင်ချင်လည်း မြင်နိုင်ပါတယ်။”

အဖွဲ့ချုပ်က လွှတ်တော်တက်ဖို့ အခုလို ဆုံးဖြတ်တဲ့နေမှာပဲ၊ မြန်မာနိုင်ငံကို သုံးရက်ကြာခရီးရောက်နေတဲ့ အတွင်းရေးမှုးချုပ် ဘန်ကီမွန်းဟာ ပြည်ထောင်စု လွှတ်တော်ထဲ မနေ့က မိန့်ခွန်းပြောပါတယ်။ အပြောင်းအလဲ တွေ လုပ်ရာမှာ မုချ အကဲစမ်းချက်တွေ ကြုံရနိုင်တယ်လို့ မစ္စတာဘန်က သတိပေးပြောသွားပါတယ်။

“မြန်မာနိုင်ငံရဲ့ အမျိုးသား ရင်ကြားစေ့ရေး ဒီမိုကရေစီရေး နဲ့ ဖွံဖြိုးရေးတွေမှာ စိန်ခေါ် အကဲစမ်းချက်တွေ ကြုံရနိုင်ပါတယ်။ အခု အပြောင်းအလဲဟာ နုနယ်ပြီး၊ မသေချာ မရေရာ ရှိနေဆဲပါ။ ဒါပေမယ့်လည်း အခြေအနေတွေ နောက်ကြောင်း ပြန်လှည့်သွားဖို့ အခွင့်အလမ်း ကလည်း မရှိသလောက်ပါပဲ။”

အခုလို အပြောင်းအလဲတွေကို အားပေးတဲ့ အနေ နဲ့ နိုင်ငံတကာ မြန်မာ အပေါ် ပိတ်ဆို့ အရေးယူမှုတွေကို ရုပ်သိမ်းဖို့၊ လျှော့ပေါ့ပေးဖို့ကိုလည်း မစ္စတာဘန်က တိုက်တွန်းသွားပါတယ်။ အမေရိကန် ပြည်ထောင်စုအနေ နဲ့ကတော့ အခုလို အပြောင်းအလဲ တွေကို အသိအမှတ်ပြုတဲ့ အနေနဲ့ရော အပြောင်းအလဲပိုဖြစ်အောင် တွန်းအားပေးတဲ့ အနေနဲ့ပါ အရေးယူမှု တွေကို လျှော့ချခဲ့သလို၊ ပစ်မှတ်ထား အရေးယူမှု အချို့ ဆက်ထားဦးမှာ ဖြစ်တယ်လို့ နိုင်ငံခြားရေးဌာနက ပြောပါတယ်။

“နိုင်ငံခြားရေးဝန်ကြီး ကလင်တန် ပြောခဲ့သလိုပါပဲ ငွေကြေး ၀န်ဆောင်မှု လုပ်ငန်းတွေနဲ့ ရင်းနှီးမြုပ်နှံမှု သစ်တွေ နဲ့ ပတ်သက်လို့ အရေးယူပိတ်ဆို့မှု တွေကို လျှော့ပေးလာတာဟာ၊ မြန်မာနိုင်ငံမှာ နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေဖြစ်လာဖို့ တုန့်ပြန်ဆောင်ရွက်မှုတွေထဲက အစိတ်အပိုင်းတရပ်ဖြစ်ပါတယ်။”
အမေရိကန်နိုင်ငံခြားရေးဌာန အရှေ့အာရှဆိုင်ရာ ပြောခွင့်ရသူဖြစ်ပါတယ်။

လွှတ်တော်ထဲ အဖွဲ့ချုပ်ဆုံးဖြတ်လိုက်တာကြောင့် အခြေအနေတွေ ပိုပြီး ပျော့ပြောင်းလာတယ်လို့ ပြည်တွင်း နိုင်ငံရေးလှုပ်ရှားသူတွေက မြင်ကြပါတယ်။ လွှတ်တော် ကိုယ်စားလှယ်တဦးလည်းဖြစ်တဲ့ အဖွဲ့ချုပ်ဝင် ဦးဝင်းထိန်က လည်း အခုလို ဆုံးဖြတ်ချက်အပေါ်မှာ ၀မ်းသာမိတယ်လို့ ပြောပါတယ်။

“အလျှော့ပေးတယ် လို့ ယူဆချင်လည်း ယူဆ နိုင်ပါတယ်။ မှန်ပါတယ်။ အလျှော့ပေးပါတယ်။ ဘာကို အလျှော့ပေးသလဲ ဆိုရင် ပြည်သူလူထု ရဲ့ ဆန္ဒကို အလျှော့ပေးတယ်။ နောက် မဟာမိတ် ပါတီတွေ ရဲ့ ဆန္ဒကို အလျှော့ပေးတယ်။ ကျနော်တို့လည်း ဝမ်းသာတယ်။ နို့မို့ရင် ဒါကြီးက လိပ်ခဲတည်းလဲ ဖြစ်ပြီးတော့ ထိုင်ရမလို ထရမလို ဟိုသွားရမလို ဒီသွားရမလို အဲဒီလို ဖြစ်တာ။ အခုဆုံးဖြတ်ချက် ချသွားပြီ။ ရင်ထဲမှာ တော်တော် ပေါ့သွားတာ။”

လွှတ်တော်ဝင်ဖို့ အခက်အခဲကြုံနေတဲ့အတွက် အဖွဲ့ချုပ်ကို မဲထည့်ခဲ့တဲ့ မဲဆန္ဒရှင်အချို့ သူတို့ မဲတွေ အလကား ဖြစ်သွားမှာကိုလည်း စိုးရိမ်ပူပင်ခဲ့ကြပါတယ်။ အခုလို ဆုံးဖြတ်ချက်ကြောင့် အဖွဲ့ချုပ်အနေနဲ့ လူထုအတွက် ပိုပြီး လုပ်ပေးနိုင်မယ်လို့ သူတို့က ယူဆကြပါတယ်။

“ဒီ အမေစု လွှတ်တော် ထဲ ဝင်သွားတယ် ဆိုလိုရှိရင် အပြောင်းအလဲတွေ အများကြီး ဖြစ်လာ နိုင်မယ် လို့လည်း ထင်တယ်။ အဲဒါကြောင့် မို့လို့လည်း သဘောကျတာ။”

“ပြည်သူတွေ အတွက် အများကြီး အထောက်အကူ ဖြစ်သွားမယ် လို့တော့ ထင်တာပေါ့။ အရင် အစိုးရ နဲ့ ပတ်သက်ရင် မိုး နဲ့ မြေ ဘဲ။ နိမ့်ကျတဲ့ ဘဝတွေကို လည်း သိပ်ကြည့်တယ်ပေါ့။”

နိုင်ငံရေး အကြပ်အတည်း ဖြစ်လာမှာစိုးလို့ ရှောင်လွဲလိုက်တယ်ဆိုတဲ့ အဖွဲ့ချုပ်ရဲ့ ကိုယ်စားလှယ်တွေဟာ အခု လာမယ့် မေလ ၂ ရက်နေ့ လွှတ်တော်စည်းဝေးပွဲကို စတင် တက်ရောက်ပြီး၊ လွှတ်တော် ကိုယ်စားလှယ် အဖြစ် မူလ စာသားအတိုင်း ကျမ်းသစ္စာဆိုရမှာ ဖြစ်ပါတယ်။ မူလစာသားကို ပြင်ဆင်ချက်လုပ်ဖို့ ကြိုးပမ်းရာ မှာတော့ လွှတ်တော်ထဲ အများစုဖြစ်တဲ့ အာဏာရ ကြံခိုင်ရေးပါတီက လက်မခံတာကြောင့် မဖြစ်ခဲ့ပါဘူး။ ဒါကြောင့် ဖွဲ့စည်းပုံပါ အချက်အလက် အချို့ကို ပြင်ဆင်လိုတဲ့ အဖွဲ့ချုပ်အနေနဲ့တော့၊ ဒီလို ဖွဲ့စည်းပုံ ပြင်ရေးကိစ္စရပ် တွေမှာ လွှတ်တော်ထဲ မဲအများစုရှိနေတဲ့ အာဏာရ ကြံခိုင်ရေးပါတီနဲ့ ပူးပေါင်း ဆောင်ရွက်ရ မယ့် အနေအထားတော့ မြင်နေရပါတယ်။

Ref: VOA

နှစ် ၃၀ အတွင်း မြန်မာ သန်းခေါင်စာရင်း ကုလအကူအညီ ဖြင့်ကောက်မည်


ဓာတ်ပုံ ASSOCIATED PRESS
ကမ္ဘာ့လူဦးရေနေ့ အခမ်းအနား တွင် မြန်မာနိုင်ငံ လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၀န်ကြီး ဦးခင်ရီ မိန့်ခွန်း ပြောကြားပုံ။ နေပြည်တော်၊ မြန်မာ။ ဇူလိုင် ၁၁ ၂၀၁၁။

ပြောင်းလဲမှုတွေ ထဲမှာ လူနည်းစု တိုင်းရင်းသားတွေ အတွက် ကြီးမားတဲ့ အပြောင်းအလဲ ဖြစ်လာစေနိုင်တဲ့ အဓိက အပြောင်းအလဲ အဖြစ် သန်းခေါင်စာရင်း ကောက်ယူဖို့ အတွက် နှစ်ပေါင်း ၃၁ နှစ်အတွင်း ပြန်ပြီး စီစဉ်နေပြီ ဖြစ်ပါတယ်။ မြန်မာ အစိုးရ နဲ့ ကုလသမဂ္ဂတို့ အကြားရခဲ့တဲ့ ဒီသဘော တူညီချက် နဲ့ ပတ်သက်ပြီးတော့ ဗွီအိုအေ သတင်းထောက် ဒယ်နီရယ် ဘန်စတိန်း (Danielle Bernstein) သတင်းပေးပို့ ထားတာကို မခင်မျိုးသက် က တင်ပြထားပါတယ်။

မြန်မာအစိုးရက ၂၀၁၄ ခုနှစ်မှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ သန်းခေါင်စာရင်း ကောက်ယူဖို့ ကတိပြု ကြောင်း မြန်မာနိုင်ငံ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၀န်ကြီး ဦးခင်ရီက အတည်ပြု လက်မှတ်ရေးထိုး ခဲ့ပါတယ်။ စာထဲမှာ နှစ်ပေါင်း ၃၁ နှစ် အတွင်း ကောက်ယူမယ့် လူဦးရေစစ်တမ်းကို နိုင်ငံတကာ စံနှုန်းတွေနဲ့အညီလုပ်ဆောင်ရမှာ ဖြစ်သလို ဒီသန်းခေါင်စာရင်း ကောက်ယူရာမှာ လူမျိုးမရွေး ဘာသာ မရွေး ပါဝင်ရမှာဖြစ်ပြီး သန်းခေါင်စာရင်း ကောက်ယူသူတွေကို နိုင်ငံအနှံ့ သွားရောက် ခွင့်ပေးဖို့ပါ ပါဝင်ပါတယ်။

နေပြည်တော်မှာ ပြုလုပ်တဲ့ လက်မှတ်ရေးထိုးပွဲမှာတော့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် မစ္စတာ ဘန်ကီမွန်းက တိုင်းရင်းသား ဒေသတွေမှာ အခု လုပ်ဆောင်နေတဲ့ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲတွေ ကနေ ဒီသန်းခေါင်စာရင်း ကောက်ယူရေး ဖြစ်မြောက် လာစေဖို့ မျှော်လင့် ထားသလို လူနဲစု တိုင်းရင်းသားတွေ နဲ့ လူမှု့လူ့အဖွဲ့အစည်းတွေပါ ပါဝင်လုပ်ဆောင်ဖို့ လိုတယ်လို့ ပြောဆိုခဲ့ပါတယ်။

တိကျမှုရှိတဲ့ သန်းခေါင်စာရင်း ကောက်ယူဖို့ ကိစ္စဟာ မြန်မာ အစိုးရ လုပ်ဆောင်နေတဲ့ နိုင်ငံရေး အပြောင်းအလဲတွေ ထဲမှာ အရေး အကြီးဆုံး ဖြစ်တယ်လို့ လူ့အခွင့်ရေး စောင့်ကြည့်အဖွဲ့ကြီးရဲ့ မြန်မာနိုင်ငံဆိုင်ရာ သုတေသနမှုး ဒေ့ဖ် မက်သီဆန် (Dave Mathieson) ကပြောပါတယ်။

“တကယ်လို့ မြန်မာနိုင်ငံမှာသာ သန်းခေါင်စာရင်း ရှိခဲ့ရင် နိုင်ငံသားတိုင်း မဲပေး ပိုင်ခွင့်ရှိ လာမှာ ဖြစ်ပါတယ်။ ဒါဆိုရင် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲဟာ အခုထက်ပို မျှတပြီး အများရဲ့ လက်ခံ ယုံကြည်မှု ကိုလည်း ပိုပြီး ရလာဖို့ ရှိပါတယ်။ နောက် လူထုအပေါ်မှာ တကယ်ပဲ လွှမ်းမိုးနိုင်စွမ်း ရှိမယ်ဆိုရင်တော့ ဒီလူတွေမဲပေးလာကြမှာပဲ။”

မြန်မာနိုင်ငံမှာ ၁၉၈၃ ခုနှစ်က နောက်ဆုံး သန်းခေါင်စာရင်း ကောက်ယူခဲ့တာပါ။ အဲဒီတုန်းက အမဲရောင် နယ်မြေ လို့ခေါ်တဲ့ လက်နက်ကိုင်တွေ ကြီးစိုးတဲ့ ဒေသတွေမှာ နေထိုင်သူတွေ ကို ထည့်တွက်တာမျိုး မရှိခဲ့ပါဘူး။ အဲဒီအရင်က အများလက်ခံလောက်တဲ့ လူဦးရေ စာရင်းကောက်ခဲ့တာကတော့ ၁၉၃၁ ခုနှစ် မှာဖြစ်ပြီး ဗြိတိသျှအုပ်ချုပ် နေတုန်းက ကောက်ယူခဲ့တဲ့ သန်းကောင်စာရင်းပါ။

လူ့အခွင့်ရေး စောင့်ကြည့်သူ တွေကတော့ သန်းခေါင်စာရင်း ကို သေသေချာချာ မကောက်ရင် မြန်မာနိုင်ငံသား အဖြစ် ထည့်သွင်းရေး မသွင်းရေး အငြင်းပွါးနေတဲ့ ရိုဟင်ဂျာတွေ ဒါမှမဟုတ် မြန်မာနိုင်ငံထဲ က တိုက်ပွဲတွေ ဖြစ်ပွါးနေတဲ့ နေရာတွေမှာ နေထိုင်သူတွေကို စာရင်းထဲ ကနေ ဖယ်အထုတ်ခံ ရမှာကို စိတ်ပူနေကြပါတယ်။

ကုလသမဂ္ဂကတော့ ရခိုင်ပြည်နယ်ထဲမှာ ရိုဟင်ဂျာ တသန်းလောက်နေထိုင်မယ်လို့ ခန့်မှန်းပါတယ်။
မြန်မာနိုင်ငံရဲ့ လူဦးရေ ကောက်ယူ မှတ်တမ်းတင်ရေးမှာ တာဝန်ရှိတဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန အကြီးအကဲ ဦးမြင့်ကြိုင်ကတော့ မြန်မာနိုင်ငံထဲမှာ နိုင်ငံမဲ့သူများဆိုတာ ရှိမနေဘူးလို့ ဆိုပါတယ်။
“ကျွန်တော်တို့ဆီမှာ နိုင်ငံမဲ့ သူများဆိုတာရှိ မနေသလို မြန်မာနိုင်ငံထဲမှာ ရိုဟင်ဂျာ ဆိုတာလည်း မရှိပါဘူး။ ဘာလို့လည်း ဆိုတော့ ဘင်္ဂါလီ လူမျိုးတွေ မြန်မာနိုင်ငံထဲမှာ မနေကြလို့ပါ" လို့ စကားပြန် က တဆင့် ပြောသွားတာပါ။

ပြောင်းလဲမှုတွေ လုပ်ဖို့ ကတိပြုထားတဲ့ အစိုးရကိုရော သန်းခေါင်စာရင်း ရဲ့ တိကျမှု ဆိုင်ရာအတွက်ပါ ဒီလို အမျိုး ခွဲခြားမှုမျိုးတွေက အဓိကစမ်းသပ်မှု လိုဖြစ်နေတယ်လို့ သုံးသပ်သူတွေက ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့ ပညာရပ်ပိုင်းဆိုင်ရာ လေ့လာမှုတွေ အတွက် အစိုးရရဲ့ ယုံကြည်လောက် စရာမရှိတဲ့ စာရင်းဇယားတွေကိုဘဲ နှစ်ပေါင်း များစွာ သုံးစွဲနေ ကြရတာမို့ အခုလို နိုင်ငံတကာ စံနှုန်းနဲ့ အညီ သန်းခေါင်စာရင်း ကောက်ယူမှုက အရေးပါတယ်လို့ မြန်မာ့အရေး ဆောင်ရွက်သူတွေက ပြောပါတယ်။

ဒီသန်းခေါင်စာရင်း ကောက်ယူရေးအတွက် (UNPF) လို့ခေါ်တဲ့ ကုလသမဂ္ဂ လူဦးရေဆိုင်ရာ ရံပုံငွေအဖွဲ့ ကနေ အချက်အလက် စုဆောင်းကာလ အဖြစ် သတ်မှတ်ထားတဲ့ ၂နှစ်အတွင်းမှာ ဦးဆောင်ပြီး စူးစမ်း လေ့လာမှု တွေ လုပ်မှာဖြစ်သလို မှတ်တမ်းတွေကိုလည်း ပြုစုရေးသားမှာ ဖြစ်ပါတယ်။

ကုလသမဂ္ဂ ဌာနေ ကိုယ်စားလှယ် မိုဟာမက် အဒယ် အဟက် (Mohamed Abdel-Ahad) ကတော့ သန်းခေါင်စာရင်း နောက်ဆုံး ကောက်ခဲ့တဲ့ အချိန်ဟာ သိပ်ကြာနေပြီမို့ ဒါဟာ တကယ့် စိန်ခေါ်မှု တရပ်ဖြစ်နေသလို ဒါဟာ အရေးအကြီးဆုံး လုပ်ဆောင်ရမှာလည်း ဖြစ်နေတယ်လို့ ဆိုပါတယ်။

"အားလုံး သိတဲ့အတိုင်းပဲ လူထုက ဒီသန်းခေါင်စာရင်း နဲ့ ပါတ်သက်ပြီး သေသေချာချာ သိမထားဘူး။ သန်းခေါင်စာရင်း နောက်ဆုံးယူ ထားတာက နှစ်ပေါင်း ၃၀ ကျော်နေပြီ ဆိုတော့ ၁၉၈၃ ခုနှစ်နောက်ပိုင်း မွေးတဲ့သူတွေ ဆိုရင် သန်းကောင် စာရင်းယူတဲ့ အတွေ့အကြုံ မရှိကြဘူး။ ဒါ့ကြောင့် သူတို့ကို မြန်မာနိုင်ငံသားအနေနဲ့ ထည့်သွင်းရေတွက်ဖို့ လိုတယ် ဆိုတဲ့ သူတို့ရဲ့ ရပိုင်ခွင့်ကို ကျွန်တော်တို့က ရှင်းပြဖို့ လိုပါတယ်။"

သန်းခေါင်စာရင်း ကောက်ယူသူတွေကတော့ သန်းခေါင်စာရင်း ကို ၂၀၁၄ ခုနှစ် ဧပြီလမှာ ကောက်ယူနိုင်မယ်လို့ မျှော်လင့်ထား ကြောင်း မစ္စတာ အဒယ် အဟက် ( Abdel-Ahad ) က ပြောပါတယ်။ ကုလသမဂ္ဂက အနေနဲ့ ဒီလုပ်ငန်းအတွက် အနည်းဆုံး ဒေါ်လာ ၅၃ သန်းလောက် ကုန်ကျမယ်လို့ ခန့်မှန်း ထားပါတယ်။

Ref: VOA

မြန်မာပြည်အနာဂတ်အတွက် ပိတ်ဆို့​မှုများ​ရပ်ရန် ဘန်ကီမွန်း​ ​တောင်း​ဆို


ဘန်ကီမွန်းနှင့် သမ္မတ ဦးသိန်းစိန်
မြန်မာနိုင်ငံမှာ ​ရောက်ရှိ​နေတဲ့​ ကုလသမဂ္ဂအတွင်း​ရေး​မှူး​ချုပ် မစ္စတာ ဘန်ကီမွန်း​ဟာ လတ်တ​လော မြန်မာနိုင်ငံမှာ ​ပေါ်​ပေါက်​နေတဲ့​ ဒီမိုက​ရေစီ​ရေး​ ပြုပြင်​ပြောင်း​လဲမှု​တွေကို ကြိုဆို​ကြောင်း​နဲ့​ စီး​ပွား​ရေး​ပိတ်ဆို့​မှု​တွေ ရပ်ဖို့​ နိုင်ငံတကာကို ​တောင်း​ဆိုလိုက်ပါတယ်။

ဒီ​နေ့​ ​နေပြည်​တော် ပြည်သူ့​လွှတ်​တော်မှာ မြန်မာလွှတ်​တော်အမတ်​တွေကို နိုင်ငံတကာ ဧည့်​သည်တဦး​အဖြစ် ပထမဆုံး​အကြိမ် မိန့်​ခွန်း​ပြောကြား​ရာမှာ ထည့်​သွင်း​ ​ပြောကြား​ခဲ့​တာပါ။

အတွင်း​ရေး​မှူး​ချုပ် မစ္စတာဘန်ကီမွန်း​က “သိသာထင်ရှား​တဲ့​ အ​ပြောင်း​အလဲ​တွေနဲ့​ မြန်မာဟာ ကမ္ဘာရဲ့​ စိတ်ဝင်စား​မှုကို သိမ်း​ကျုံး​ရယူ​နေပါတယ်။ တိုင်း​ပြည်ရဲ့​ အနာဂတ်မြင့်​မား​စေဖို့​ ရည်မှန်း​ချက်ဆန္ဒ အရမ်း​ကို ပြင်း​ပြ​နေတယ်ဆိုတာ ကျ​နော်တို့​ သိပါတယ်။ မြန်မာနိုင်ငံဟာ နိုင်ငံတကာ အသိုင်း​အဝန်း​က ​လေး​စား​ရမယ့်​၊​ တာဝန်ယူတတ်တဲ့​ နိုင်ငံတနိုင်ငံအဖြစ် အလျင်အမြန် ပြန်လည်​ရောက်ရှိမယ်ဆိုတာ သံသယမရှိပါဘူး​”လို့​ ​ပြောပါတယ်။

ဒါ့​ အပြင် မြန်မာနိုင်ငံအ​ပေါ် ပိတ်ဆို့​ ဒဏ်ခတ်အ​ရေး​ယူထား​မှု​တွေကို ရုပ်သိမ်း​ပေး​ဖို့​လည်း​ ကုလသမဂ္ဂအတွင်း​ရေး​မှူး​ချုပ်က ​တောင်း​ဆိုလိုက်ပါတယ်။

“ကုန်သွယ်​ရေး​ အကန့်​အသတ်​တွေနဲ့​ တခြား​ပိတ်ဆို့​ဒဏ်ခတ်မှု​တွေကို ပိုမိုပြီး​ ရုပ်သိမ်း​ဖို့​၊​ ဆိုင်း​ငံ့​ထား​ပေး​ဖို့​ ဒါမှမဟုတ် ဖျက်သိမ်း​ပစ်ဖို့​ နိုင်ငံတကာ အသိုင်း​အဝန်း​ကို ကျ​နော် ​တောင်း​ဆိုပါတယ်။ ဒုတိယအချက်အ​နေနဲ့​ မြန်မာမှာ နိုင်ငံတကာရဲ့​ ဖွံ့​ဖြိုး​ရေး​အကူအညီ​တွေနဲ့​ နိုင်ငံခြား​တိုက်ရိုက်ရင်း​နှီး​မြှုပ်နှံမှု​တွေလည်း​ စဉ်ဆက်မပြတ် တိုး​လာဖို့​ လိုအပ်​နေပါတယ်။”

မစ္စတာဘန်ကီမွန်း​ဟာ ဧပြီ ၂၉ ရက်​နေ့​ကတည်း​က မြန်မာနိုင်ငံမှာ ၃ ရက်တာ ခရီး​ ​ရောက်ရှိ​နေတာဖြစ်ပြီး​ ​နေပြည်​တော်မှာ သမ္မတ ဦး​သိန်း​စိန်အပါအဝင် လွှတ်​တော် အကြီး​အကဲ​တွေနဲ့​လည်း​ ​တွေ့​ဆုံခဲ့​ပါတယ်။

မြန်မာနိုင်ငံမှာ နှစ်​ပေါင်း​ ၃၀ ​ကျော်အတွင်း​ ပြည်လုံး​ကျွတ် သန်း​ခေါင်စာရင်း​ ပြန်​ကောက်မယ့်​ အစီအစဉ်မှာ ကုလသမဂ္ဂက ​ငွေ​ကြေး​နဲ့​နည်း​ပညာပိုင်း​ဆိုင်ရာ အကူအညီ​ပေး​မယ့်​ သ​ဘောတူညီချက်တရပ် မစ္စတာဘန်ကီမွန်း​နဲ့​ ဒု-သမ္မတ စိုင်း​မောက်ခမ်း​တို့​ ​ရှေ့​မှောက်မှာ သ​ဘောတူ လက်မှတ်​ရေး​ထိုး​မှု​တွေ ပြုလုပ်ခဲ့​ပါတယ်။

မစ္စတာဘန်ကီမွန်း​ဟာ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​လည်း​ ​တွေ့​ဆုံဖို့​ရှိပြီး​ ရန်ကုန်မှာ ကျင်း​ပမယ့်​ စီး​ပွား​ရေး​ ဆိုင်ရာ အစည်း​အ​ဝေး​ကိုလည်း​ တက်​ရောက်ဖို့​ ရှိ​နေပါတယ်။

by ပီတာအောင် - ဒီဗွီဘီ
Ref: MNN

“BBC ၀န်ချတောင်းပန်ရန် ရခိုင်နှင့်တိုင်းရင်းသားလူငယ်များတောင်းဆို”



ဘီဘီစီ သတင်းဌာန၏ မှားယွင်းသည့် သတင်းထုတ်လွှင့်မှုများအတွက် မြန်မာပြည် သူလုထူများအား ၀န်ချတောင်းပန်ပြီးနောက် အမှားကျူးလွန်သည့် သတင်းထောက်များအား ဖယ်ရှားပေးရန် ယမန်နေ့က လူအင်အား ၆၀၀ ခန့် နှင့်သံဃာအချို့တို့ ဘန်ကောက်မြို့ဘီဘီစီ သတင်းဌာန ခွဲရှိရာ နိုင်ငံခြား သတင်းထောက်များ ကလပ် အဆောက်အဦး ရှေ့တွင် ဆန္ဒပြတောင်း ဆိုခဲ့ကြသည်။
အင်နာဂျုံးစ်သည် ၂၀၁၁ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့တွင် Bleak Outlook for Burma’s Ethnic Group အမည်ရှိ ဆောင်းပါးတစ်စောင်ကို ရေးသားရာ၌ ရခိုင်ပြည်နယ်မြေပုံတွင် ရခိုင်လူမျိုးပုံကို အသုံးမပြုဘဲ ရိုဟင်ဂျာ အမည်ခံ စစ်တကောင်းသား ဘင်္ဂလီကုလားပုံကို ဖော်ပြခဲ့သဖြင့် ရခိုင်များက မကျေမနပ်ဖြစ်ကာ တကမ္ဘာလုံးတွင် ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။

ယမန်နေ့ နေ့လည် ၁၂ နာရီမှ ၁နာရီအထိ ချစ်ချစ်တောက်နေပူရှိန်ပြင်းသည့် အချိန်တွင် ကရင်၊ချင်း၊မွန်၊ဗမာ
နှင့် ရခိုင်တိုင်ရင်းသား၆၀၀ ကျော်ခန့် တို့  BBC စာလုံးအား ကြက်ခြေခတ်ထားသည့် ရုပ်ပုံနှင့် ကျွန်ုပ်တို့ အမှန်အတိုင်း ပြောကြပါစို့ ဟူသည့် စာတမ်းပါ တီရှပ်အဂျီများအား ၀တ်ဆင်လျှက်၊ ဘီဘီစီ အားကန့် ကွက် သည့် ပိုစတာများကိုင်ဆောင်ကာ ကြွေးကြော် ဆန္ဒပြခဲ့ကြသည်။

ဆန္ဒပြပွဲကို ဦးဆောင်သူတစ်ဦးဖြစ်သော ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ပြည်ပ-ထိုင်းဌာနခွဲ)ဥက္ကဌ ဦးခိုင်အံ့မောင်က“ကျနော်တို့ မြန်မာနိုင်ငံမှာရှိတဲ့ လူမျိုး၁၃၅ထဲမှာရိုဟင်ဂျာဆိုတာ မပါဘူး။ မြန်မာ အစိုးရ အဆက်ဆက် ကလည်း တရားဝင် အသိ အမှတ်မပြုဘူး။ ကျနော်တို့ မြန်မာတိုင်းရင်းသားတွေကလည်း လက် မခံဘူး။ အဲဒါကိုပြည်ပ အခြေစိုက် သတင်း ဌာနတွေ ကလူတွေသိပြီးသားပဲ။သိရက်နဲ့ ဘာ့ကြောင့်မရှိတာကို ရှိအောင်လုပ်နေကြတာလဲ။ ဘီဘီစီ သတင်းဌာန အင်တာနက်စာမျက်နှာမှာ Anna Jones က ရခိုင်ပြည်နေရာမှာ ကုလား ကလေးတွေ ပုံထည့်ထားတယ်။ ဒီအမှားတွေအတွက် ဘီဘီစီ သတင်းဌာန ဟာ မြန်မာပြည်သူတွေကို ၀န်ချ တောင်းပန်ရမယ်” ဟုပြောသည်။
ဘန်ကောက်နှင့်မဟာချိုင်တို့က ကားကြီး ကိုးစီးအပြည့်လူအင်အား၆၀၀ ခန့်က ပြည်ထောင်စုမြန်မာနိုင်ငံ အလံ နှင့်ရခိုင်အလံများ ဘီဘီတွင်ဖေါ်ပြထားသည့် မြန်မာနိုင်ငံမြေပုံများကိုင်ဆောင်လျှက် “ မြန်မာပြည်မှာ

ရခိုင်လူငယ် ကိုမောင်မောင် က“ ပြီးခဲ့တဲ့ ဇန်န၀ါရီလဆန်းက ဗြိတိန်နိုင်ငံခြား ၀န်ကြီး ၀ီလျှံဟိတ် လာတုန်း
က ရန်ကုန်မြို့ ဗြိတိန်သံရုံးမှာ တိုင်းရင်းသားငါးပါတီနဲ့ တွေ့ ဆုံပွဲမှာ ရိုဟင်ဂျာပါတီ ဆိုပြီး သတင်းထောက် နန်းချယ်ရီခမ်းက သုံးသွားတယ်။ တကမ္ဘာလုံးက ယုံကြည် နေတဲ့ ဘီဘီစီ သတင်းဌာနဟာ မြန်မာသမိုင်း
အမှန်ကို မသိတဲ့ ဒီလို သတင်းထောက်မျိုးကို ဆက်လက်တာဝန်ပေးထားမယ်ဆိုရင် မကြာခင် မြောင်းထဲကို
ရောက်သွားလိမ့်မယ်လို့ ကျနော် ပြောချင်ပါတယ်” ဟုပြောသည်။

အဆိုပါဆန္ဒပြပွဲသို့ လာရောက်ဆင်နွဲခဲ့သော အသက် ၃၀ အရွယ် ရခိုင်အမျိုးသမီး မ၀ိုင်းဝိုင်းက “ သမီးတို့
ရခိုင်မှာ တခါမှ မကြားဖူးဘူး။ ထိုင်းကိုရောက်မှ ရိုဟင်ဂျာလို့ကြားဖူးတယ်။ သူတို့ နေစရာမရှိ၊ ခရီး မသွားရ၊ သနားစရာလူမျိုးဖြစ်အောင် လူ့အခွင့် အရေးကို ဗန်းပြပြီး သမိုင်းလိမ်နေ သူတွေသာဖြစ် တယ်။ စည်းမရှိကမ်းမရှိ မိန်းမယူချင် သလောက် ယူတယ်။ ကလေးကိုမွေးချင်သလောက်မွေးတယ်။ နေစရာမရှိ စားစရာမရှိ တော့ အခြားလူတွေကို ပြဿနာရှာတယ်၊ အတော်ရည်ဖို့လည်းကောင်းတယ်။စိတ်ပျက်ဖို့လည်း ကောင်းတယ်ရှင့်၊” ဟုပြောသည်။

ဦးနုအစိုးရလက်ထက် ၁၉၅၀ ကျော်ကာလ က မိမိတို့ဖဆပလ ပါတီအနိုင်ရရှိရေးအတွက် ရိုဟင်ဂျာ အသံလွှင့် အစီအစဉ်တစ်ခုအား ခွင့်ပြုခဲ့ခြင်းအပေါ် ဘင်္ဂလီများက သမိုင်းဝင်အဖြစ် စတင်သုံးစွဲ လာခဲ့ကြ သည်။ သူတို့သည် ရခိုင်ပြည်နယ် ရသေ့တောင် ဘူးသီးတောင်နှင့် မောင်တော မြို့နယ် ၃ခုကို မူဆလင် ပြည်နယ် အဖြစ်သတ်မှတ်ပေးရန် မူဂျာဟစ် သူပုန်များအဖြစ် ထကြွသောင်းကျန်းခဲ့ကြသူများဖြစ်ကြောင်း
မြန်မာသမိုင်းကဆိုသည်။

ပြည်ပအခြေစိုက် သတင်းဌာနများအနေဖြင့် ငွေမျက်နှာ တစ်ခုတည်းကိုကြည့်၍ တိုင်းပြည်မျက်နှာကို မထောက်ထားပဲ ရိုဟင်ဂျာအမည်ကို ထုတ်လွှင့်ချက်များအား ရပ်တန့် က ရပ်ရန်နှင့် အကယ်၍ ဆက်လက် အသုံးပြုနေကြပါက ယခုထက်ကြီးကျယ်သော ဆန္ဒပြမှု ဖြင့် ဆန့် ကျင်သွားမည် ဖြစ်ကြောင်း ဆန္ဒပြပွဲအား ဦးဆောင်စီစဉ်သူများက ပြောဆိုသွားကြသည်။
ဧပြီလ ၃၀
ကိုတီး
Ref: Golden Workers

အစိုးရ ငြိမ်းချမ်းရေးအဖွဲ့သစ်မှာ ဒု သမ္မတ ဦးဆောင်မည်

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးနေတဲ့ လက်ရှိ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ နှစ်ဖွဲ့ကို တစ်ဖွဲ့တည်းဖြစ်အောင် ပြန်လည်ဖွဲ့စည်းရာမှာ အကြီးတန်းတပ်မတော် အရာရှိကြီးတွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ပြည်နယ် ၀န်ကြီးချုပ်တွေ ပါဝင်ကြမှာဖြစ်ပြီး ဒု သမ္မတ တစ်ဦးက ဦးဆောင်မှာဖြစ်ကြောင်း၊ အစိုးရ ငြိမ်းချမ်းရေး ဆောင်ရွက်မှုတွေနဲ့ နီးစပ်တဲ့ အမည်မဖော်လိုသူ တစ်ဦးက ပြောဆိုကြောင်း ရိုက်တာသတင်းက ဖော်ပြပါတယ်။
RFA
ကချင် လွတ်မြောက်ရေးအဖွဲ့ KIO နဲ့ အဆင့်မြင့် အစိုးရ ကိုယ်စားလှယ် အဖွဲ့တို့ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁၉ ရက်နေ့က တရုတ်နိုင်ငံ ရွှေလီမြို့တွင် ပြည်ထောင်စုအဆင့် နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲပြုလုပ်နေစဉ်။ (Photo courtesy of a citizen journalist)
ကချင်ပြည်နယ်မှာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ (၆) ကြိမ်တိုင်ခဲ့ပေမဲ့ မအောင်မြင်တာကြောင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ နှစ်ဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းဖို့ သမ္မတ ဦးသိန်းစိန်က အမိန့်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့တစ်ဖွဲ့မှာ ပါဝင်တဲ့ မီးရထားဝန်ကြီး ဦးအောင်မင်းကလည်း အဖွဲ့နှစ်ဖွဲ့ကို တစ်ဖွဲ့တည်းဖြစ်အောင် ပြင်ဆင်ဖွဲ့စည်းဖို့ စီစဉ်နေကြောင်း မနေ့မနက်က သတင်းထောက်တွေနဲ့ တွေ့ဆုံပွဲမှာ ပြောကြားခဲ့ပါတယ်။

အသေးစိတ် ထုတ်ဖော်မပြောဆိုခဲ့ပေမဲ့ ဒီပြောဆိုချက်ဟာ ပြည်ထောင်စု တိုင်းရင်းသား ဖယ်ဒရယ်ကောင်စီ UNFC ရဲ့တောင်းဆိုချက်အရ စီစဉ်တာ ဖြစ်နိုင်တယ်လို့ တွေ့ဆုံပွဲ တက်ရောက်ခဲ့တဲ့ သတင်းထောက်တစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် ဇွန်လကစပြီး ကချင်ပြည်နယ်မှာ KIO နဲ့ အစိုးတပ်တွေကြား ပစ်ခတ်မှုတွေ ပြန်လည်ဖြစ်ပွားခဲ့တဲ့အတွက် ဒေသခံပြည်သူ (၅) သောင်းကျော် အိုးအိမ်စွန့် ထွက်ပြေးခဲ့ရပါတယ်။

ပြည်တွင်း တည်ငြိမ်ရေးနဲ့ စီးပွားရေး တိုးတက်ဖွံ့ဖြိုးရေးအတွက် ထာဝရငြိမ်းချမ်းရေး ရရှိအောင် နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်း အဖြေရှာဖို့လိုကြောင်း အနောက်နိုင်ငံတွေကလည်း မြန်မာအစိုးရကို တိုက်တွန်းနေကြပါတယ်။

Ref: RFA