Pages

Wednesday, October 26, 2011

ရေကြီးတာနဲ့ပတ်သက်တဲ့ ၀န်ကြီးချုပ် မိန့်ခွန်း

ဝန်ကြီးချုပ်ခွန်ယင်လပ် ရုပ်သံမိန့်ခွန်း ထုတ်လွှင့်နေစဉ်
အစိုးရက အချိန်တိုအတွင်းမှာ ရေမြုပ်တဲ့အခြေအနေတွေကို လျော့ကျစေဖို့ ပိုင်းဖြတ်ထားပေမဲ့လည်း ဘန်ကောက်မြို့ ကြီးဟာ ၁၀ စင်တီမီတာကနေ တမီတာခွဲထိ ရေမြုပ်နိုင်တယ်လို့ ၀န်ကြီးချုပ် ယင်လပ်က ပြောပါတယ်။ အင်္ဂါနေ့ညက ၀န်ကြီးချုပ်ခွန်ယင်လပ်က ရေလွှမ်းမိုးမှုထိန်းချုပ်ရေးနဲ့ပတ်သက်တဲ့ ပွင့်လင်းတဲ့အကဲဖြတ်ချက်ကို ရုပ်မြင်သံကြားကနေ ထုတ်ဖော် ကြေညာလိုက်ပါတယ်။ “အကြောင်း ၃ ချက်ထဲက တချက်ကြောင့် ရေဘေးက အဆိုးဆုံးဖြစ်နိုင်ခြေတွေ ဖြစ် လာနိုင်တယ်။ အဲဒါကတော့ ရေတားအကာတွေကျိုးပေါက်ကုန်တာနဲ့ရေက ထင်ထားတာထက်ပိုကြီးလာမှာကြောင့် ဖြစ်တယ်” လို့ သူမက ပြောပါတယ်။ မြောက်ပိုင်းက အရှိန်နဲ့စီးလာတဲ့ရေတွေက အလယ်ပိုင်းဒေသကို ရောက်လာပြီ၊ ဒီရေထုတခုလုံးက ဘန်ကောက်ကိုဖြတ်ပြီး ပင်လယ်ထဲကို စီးဝင်မှာ ဖြစ်တယ်လို့ သူမက ပြောပါတယ်။
လက်ရှိ ရှိနေတဲ့ ရေတံခါးတွေနဲ့ တမံတွေရဲ့ခံနိုင်ရည်ကို ရေက ကျော်ဖို့များမယ်။ ဒါကြောင့် ဘန်ကောက်အပြင်ပိုင်း၊ အလယ်၊ အတွင်းပိုင်းတွေကို ရေ၀င်ဖို့များတယ်။ ကျောက်ဖရားမြစ်ဘေးနားက ရေလွှမ်းနေတဲ့နေရာတွေက အန္တရာယ် အကြီးဆုံးဖြစ်တယ်လို့ ၀န်ကြီးချုပ်က ပြောပါတယ်။ ရေမြုပ်တာက အကြောင်း ၂ ချက်ပေါ်မူတည်ပါတယ်။ ရေတွေကို ဘယ်လိုစီမံခန့်ခွဲသလဲ၊ ဒေသတခုချင်းစီရဲ့ပထ၀ီမြေအနိမ့်အမြင့် စတဲ့အပေါ်မှာ မှီနေတယ်လို့ သူမက ပြောပါတယ်။ ဘန်ကောက်အနောက်ပိုင်းမှာတော့ ပထုမ်ဌာနရီနဲ့ နွန်ထာဘူရီကလာတဲ့ရေတွေကို ထိန်းချုပ်ဖို့ ရှိသမျှ လုပ်နိုင်တာတွေ ကို အစိုးရက စုစည်းထားပါတယ်။ ရေတွေကို ကျောက်ဖရားမြစ်နဲ့ သာချီးန်မြစ် စတဲ့ ဒီမြစ်နှစ်ခုနဲ့ ဆက်နေတဲ့ မာဆာဝပ်တူးမြောင်ကတဆင့် ဖောက်ထုတ်မယ်။
ထုံဘူရီမှာရေမြုပ်တာ ခန့်မှန်းခြေ ၅၀ စင်တီမီတာလောက် ရှိတယ်။ ဒွန်မောန်းလေဆိပ်မှာ ယာယီစခန်းချနေကြတဲ့ ရေ ဘေးဒုက္ခသည်တွေကို ဘန်ကောက်နဲ့ အထက်ပိုင်းနေရာတွေကို ရွှေ့ပြောင်းနေရာချထားပါတော့မယ်။ ရိက္ခာစုပုံ ထား တာကို လည်းဒွန်မောန်းကနေ အမျိုးသားအားကစားရုံနေရာက ချန်ယင်ရုန်အဆောက်အဦကို ရွှေ့ထားမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဗုဒ္ဓဟူးနေ့ကစပြီး အမျိုးသားအားကစားရုံကြီးမှာ ရေဘေးကယ်ဆယ်ရေး ရိက္ခာဝေပေးတာတွေ လုပ်နိုင်ပါ တယ်။

Monday, October 24, 2011

ဘဏ်အားလုံးကို နိုင်ငံခြားငွေ လဲလှယ်ခွင့်ပြု


မြန်မာငွေစက္ကူ ကျပ်တထောင်တန်အုပ်ကို တွေ့မြင်ရပုံဖြစ်ပါသည်။ (Image: RFA)



မြန်မာနိုင်ငံမှာ တရားဝင် ဖွင့်လှစ်ထား တဲ့ ဘဏ်အားလုံးကို အခုရက်ပိုင်း အတွင်း နိုင်ငံခြားငွေလဲလှယ်တဲ့ လုပ်ငန်းလုပ်ကိုင်ခွင့် ပြုလိုက်ပြီလို့ သိရပါတယ်။
နိုင်ငံမှာ ဖွင့်လှစ်ထားတဲ့ ဘဏ် (၁၉) ခုစလုံး နယ်ဘဏ်ခွဲတွေပါ မကျန် ငွေလဲလုပ်ငန်း ချပေးလိုက်ပြီ ဖြစ်တာကြောင့် လက်ရှိ ဖွင့်လှစ်ထားတဲ့ ရန်ကုန်မြို့၊ သိမ်ဖြူလမ်း ငွေလဲလှယ်ရေးကောင်တာ အပါအဝင် နိုင်ငံတဝှမ်းမှာ နိုင်ငံခြားငွေ တရားဝင် လဲလှယ်လို့ရတဲ့နေရာ အနည်းဆုံး ၅ဝ လောက် ပေါ်ပေါက်လာမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌဟောင်းနဲ့ လက်ရှိ ကမ္ဘောဇဘဏ် ဒုတိယဥက္ကဋ္ဌ ဖြစ်သူ ဦးသန်းလွင်က RFA ကို ပြောပါတယ်။

ပုဂ္ဂလိကနဲ့ အစိုးရက ထူထောင်ထားတဲ့ ဘဏ်တွေဖြစ်တဲ့ အင်းဝဘဏ်၊ မြဝတီဘဏ်၊ သမဝါယမဘဏ်၊ မြန်မာ့ ရင်းနှီးမြှုပ်နှံမှုဘဏ်၊ မြန်မာအရှေ့တိုင်းဘဏ်နဲ့ ကမ္ဘောဇဘဏ် စတဲ့ ဘဏ် ၆ ခုကို အခုလ ၁ ရက်နေ့ကစလို့ နိုင်ငံခြားငွေ လဲလှယ်ရေးလုပ်ငန်းတွေ ပထမဆုံး လုပ်ကိုင်ခွင့် ပြုခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံမှာ ၁၉၄၇ ခုနှစ်ကတည်းက ပြဋ္ဌာန်းထားတဲ့ ငွေကြေးဥပဒေကို အခုထိ မပြုပြင်ရသေးတာကြောင့် မြန်မာနိုင်ငံသားတွေ နိုင်ငံခြားငွေ တရားဝင် ကိုင်ဆောင်ခွင့် မရှိသေးတဲ့ အခြေအနေမှာ အစိုးရက အခုလို ဘဏ်တွေကို ငွေလဲခွင့်လုပ်ငန်း ချပေးနေတာဟာ လက်တွေ့နဲ့ ကိုက်ညီမှု မရှိဘူးလို့လည်း ဝေဖန်မှုတွေ ပေါ်ထွက်နေပါတယ်။

ဒီအတောအတွင်း မြန်မာနိုင်ငံရဲ့ နိုင်ငံခြားငွေ လဲလှယ်မှုနှုန်းထား တပြေးညီ သတ်မှတ်ရေးကိစ္စကို ကူညီဖို့ IMF ခေါ် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့က ကိုယ်စားလှယ်အဖွဲ့တဖွဲ့ မြန်မာနိုင်ငံမှာ အခုရောက်ရှိနေပြီး မြန်မာအာဏာပိုင်တွေ၊ ငွေကြေးအဖွဲ့အစည်း ခေါင်းဆောင်တွေနဲ့ သီတင်း ၃ ပတ်လောက် တွေ့ဆုံဆွေးနွေး အဖြေရှာကြမယ်လို့ သိရပါတယ်။

Ref: RFA

ဘန်ကောက် ရေမကြီးအောင် အပြင်းအထန် ကြိုးစားနေ

ဓာတ်ပုံ ASSOCIATED PRESS
ရေဘေးဒဏ်ခံနေရသည့် ဘန်ကောက်မြို့စွန် ရပ်ကွက်တစ်ခုမြင်ကွင်း (အောက်တိုဘာလ ၂၁ ၂၀၁၁)

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ ရေမကြီးအောင် ကာကွယ်ထားတဲ့ အတားအဆီးတွေအပေါ် ရေထုဖိအား ပိုကြီးလာနေတာနဲ့အမျှ မြို့တော်ရဲ့အချက်အချာနေရာတွေမှာ ရေတက်မလာအောင် ရေတွေကို လမ်းကြောင်းလွှဲဖို့ ထိုင်းတာဝန်ရှိသူတွေ ကြိုးစား နေကြပါတယ်။
ဘန်ကောက်မြို့တော် မြောက်ဘက်က လူနေရပ်ကွက်တချို့မှာတော့ ခါးလည်လောက်ထိ ရေကြီးနေပြီ ဖြစ်ပါတယ်။ ရေပိုကြီးလာ ဖွယ်ရှိပြီး ပြန်ကျသွားဖို့ကတော့ သီတင်းခြောက်ပတ်လောက်အထိ ကြာနိုင်တယ်လို့ ထိုင်းဝန်ကြီးချုပ် ယင်းလပ် ရှင်နာဝပ်က စနေနေ့မှာ ရုပ်မြင်သံကြားကနေတဆင့် သတိပေး ပြောဆိုထားပါတယ်။
ဘန်ကောက်မြို့တော်မှာ နေထိုင်သူတွေအနေနဲ့ သူတို့ရဲ့ အဖိုးတန် ပိုင်ဆိုင်ပစ္စည်းတွေကို ရေလွတ်တဲ့ အမြင့်ပိုင်းနေရာတွေ၊ ရေကြီးမလာနိုင်ဘူးလို့ ခန့်မှန်းထားတဲ့နေရာတွေဆီ ရွှေ့ပြောင်းထားဖို့ကိုလည်း ၀န်ကြီးချုပ်က တိုက်တွန်းထားပါတယ်။
ကျောက်ဖယားမြစ်ဘေးတလျှောက်က လူနေဒေသ ၂၇ ခုကို ရွှေ့ပြောင်းထားဖို့ကိုလည်း ထိုင်းတာဝန်ရှိသူတွေ က ပြောထားပါတယ်။
ဒါပေမဲ့လည်း ဘယ်လောက် ဆိုးဆိုးရွားရွား အခြေအနေထိ ရေကြီးလာမယ်ဆိုတာကိုတော့ ဘယ်သူမှ အတိအကျ မပြောနိုင်ပါဘူး။ သီတင်းပတ်ပေါင်းများစွာအထိ ရေ ဆက်ကြီးနေနိုင်ပြီး ဘန်ကောက်မြို့တော်မှာ နေထိုင်သူတွေ ရေကြီးလာမယ့်အရေးအတွက် ကြိုတင်ပြင်ဆင်ထားဖို့ကိုပဲ ထိုင်းအစိုးရကတော့ ပြောထားပါတယ်။
ထိုင်းနိုင်ငံမှာ နှစ်ငါးဆယ်အတွင်း အဆိုးရွားဆုံး ရေကြီးမှုကြောင့် လူ ၃၀၀ ကျော် သေဆုံးခဲ့ရပြီးပါပြီ။ မိုးဒဏ်ကြောင့် စပါးစိုက်ခင်းတွေအပါအ၀င် ကောက်ပဲသီးနှံတွေ ပျက်စီးရသလို စက်မှုဇုံတွေကိုလည်း ပိတ်ထားရပါတယ်။ လူ ခုနစ်သိန်းကျော် အလုပ်လက်မဲ့ ဖြစ်နေရတယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက ပြောထားသလို လူပေါင်း တစ်သိန်းတစ်သောင်းကျော် အိုးအိမ်မဲ့ဖြစ်နေရပါတယ်။
Ref: VOA

နိုင်ငံခြားငွေလဲကောင်တာ ၅၀ အား အောက်တိုဘာလ ၂၄ ရက်နေ့မှစ၍ ဖွင့်ခွင့်ပြု ပုဂ္ဂလိကဘဏ် ၁၉ ခုလုံးအား ဗဟိုဘဏ်မှ ဖွင့်ခွင့်ပြုခြင်းဖြစ်ပြီး ဘဏ်များနှင့် လေဆိပ


ရန်ကုန်မြို့ သိမ်ဖြူလမ်းတွင် ဖွင့်လှစ်ထားသည့် သိမ်ဖြူနိုင်ငံခြားငွေလဲလှယ်ရေးစင်တာကို တွေ့ရစဉ်
နိုင်ငံခြားငွေလဲကောင်တာ Money Changer Counter အခု ၅၀ အား မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထပ်မံဖွင့်လှစ်ခွင့်ပြုထားကြောင်း၊ အောက်တိုဘာလ ၂၄ ရက်နေ့မှစ၍ ဖွင့်လှစ်ခွင့်ပြုခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်များ အရ သိရသည်။ အောက်တိုဘာလ ၁ ရက်နေ့မှစ၍ သိမ်ဖြူနိုင်ငံခြားငွေလဲစင်တာအား ဖွင့်လှစ်လုပ်ကိုင်ခွင့် ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ပုဂ္ဂလိကဘဏ်များအပါအ၀င် ၀န်ကြီးဌာနနှင့် ဆက်စပ်သည့်ဘဏ်များ စုစုပေါင်းဘဏ် ခြောက်ဘဏ်အား ဖွင့်လှစ်လုပ်ကိုင်ခွင့်ပြုခဲ့ ခြင်းဖြစ်ကြောင်း၊ ယခုအခါ ပြည်တွင်း ပုဂ္ဂလိကဘဏ်များအားလုံးအား ဖွင့်ခွင့်ပေးလိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။
စတင် ဖွင့်လှစ်ခွင့်ပြုခဲ့သည့် ဘဏ်ခြောက်ခုမှာ မြ၀တီ၊ အင်းဝ၊ CB ဘဏ်၊ ကမ္ဘောဇဘဏ်၊ မြန်မာ့စက်မှုလက်မှုဖွံ့ဖြိုးရေးဘဏ် နှင့် မြန်မာအရှေ့တိုင်းဘဏ်တို့ဖြစ်ကြောင်း ယခုအခါ ဘဏ်သစ်များပါ ဖွင့်လှစ်ခွင့် ရရှိပြီ ဖြစ်ကြောင်း သိရသည်။
နိုင်ငံခြားခရီးသွားများ၊ ပြည်တွင်းနေ နိုင်ငံသားများအနေဖြင့် တရားဝင် နိုင်ငံခြားငွေ လွယ်ကူစွာလဲလှယ် သုံးစွဲနိုင်ရန်ရည်ရွယ်၍ ဖွင့်လှစ်ခွင့်ပြုခြင်းဖြစ်ကြောင်း၊အများပြည်သူ သွားလာလုပ်ကိုင်မှုများပြားသည့် လေဆိပ်၊ ဟိုတယ်၊ ရှော့ပင်းစင်တာနှင့် ကမ္ဘာလှည့်ခရီးသွားများ အများဆုံးသွားရောက်သည့် နေရာများတွင် ဖွင့်လှစ်သွားရန် ဗဟိုဘဏ်မှခွင့်ပြုခြင်းဖြစ်ကြောင်း သိရသည်။
''အောက်တိုဘာလ ၂၄ ရက်နေ့ကစပြီး ဖွင့်ခွင့်ပေးထားတယ်ဆိုပေမယ့် ရှော့ပင်းစင်တာတို့ ဟိုတယ်တို့မှာ ဖွင့်လှစ်ဖို့အတွက်ကျတော့ ပြင်ဆင်ရဦးမှာဖြစ်လို့ နည်းနည်းအချိန်ယူရမှာပါ။ အမြန်ဆုံးဖွင့်မယ့် နေရာတွေကတော့ လက်ရှိ ဘဏ်ရုံးချုပ်၊ ရုံးခွဲတွေနဲ့ လေဆိပ်မှာတော့ အစောဆုံး ဖွင့်နိုင်ပါလိမ့်မယ်'' ဟု သိမ်ဖြူ နိုင်ငံခြားငွေလဲလှယ်ရေးစင်တာမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။
Ref: EMG

Thursday, October 20, 2011

မြင်ဖူးစေချင်လို့ပါ

ဒီပိုက်ဆံတွေကိုတော့သိချင်မှသိကြပါလိမ့်မယ်၊မမြင်ဖူးသေးတဲ့ သူတွေ သေချာကြည့်ပြီးမှတ်ထားနော်
(၁၉၅၂)ခုနှစ်တည်းက မြန်မာနိုင်ငံမှာသုံးစွဲခဲ့တဲ့ ငွေကြေးတွေပါ ဒီထက်ရှေးကြတဲ့ ပိုက်ဆံကိုတော့

ကျနော်လည်း မမြင်ဖူးသေးပါဖူး ခင်ဗျ ဒီ ပိုက်ဆံတွေထဲမှာ ပယ်ဖျက်လိုက်တဲ့ပိုက်ဆံတွေလည်းပါ ပါတယ်

ယနေ့ထိ သုံးစွဲနေတဲ့ပိုက်ဆံတွေလည်းပါသေးတယ် ဗဟုသုတ အဖြစ်တင်ပြလိုက်ပါတယ်..။..4 ever fri မှကူးယူဖော်ပြပါသည်












ဒီပိုက်ဆံတွေကိုတော့ သိကြမှာပါနော်




ဂျီတူဂျီစနစ်ဖြင့် ပြည်ပနိုင်ငံများသို့ အမျိုးသမီးများ တရားဝင်စေလွှတ်နိုင်ရန် စီစဉ်မည်

4296
ပတ်စ်ပို့ရုံးအနီး သွားလာနေသည့် အမျိုးသမီးငယ် အချို့အားတွေ့ရစဉ်


ဂျီတူဂျီစနစ်ဖြင့် အစိုးရချင်း ချိတ်ဆက်ကာ ပြည်ပနိုင်ငံအသီးသီးသို့ အမျိုးသားများနည်းတူ အမျိုးသမီးများကိုလည်း မကြာမီကာလ အတွင်း၌ စေလွှတ်နိုင်ရန် စီစဉ်သွားရန်ရှိကြောင်း အလုပ်သမား ၀န်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးချစ်ရှိန်က ပြောကြားခဲ့ပါသည်။
အမျိုးသမီးများမှာ ပြည်ပနိုင်ငံများသို့ ထွက်ခွာရာတွင် မိမိအစီအစဉ်ဖြင့်သာ ထွက်ခွာမှုများ နေခြင်းကြောင့် ပြည်ပနိုင်ငံများတွင် မလိုလားအပ်သည့် ပြဿနာများ ကြုံတွေ့မှုများ ရှိနေကြသည်။ ထို့ကြောင့် ယခုကဲ့သို့ ပြဿနာများ မဖြစ်ပေါ်စေရန် နောင်တွင် သက်ဆိုင်ရာနိုင်ငံများနှင့် သဘောတူစာချုပ်များ ချုပ်ဆိုကာ အမျိုးသမီးများကို စေလွှတ်နိုင်ရန် စီစဉ်သွားမည်ဖြစ်သည်ဟု သိရသည်။“မိန်းကလေးတွေကို ဂျီတူဂျီ နဲ့ စေလွှတ်တဲ့အခါ တစ်နေရာတည်း စုစုစည်းစည်း လုပ်နိုင်မယ့် အလုပ်မျိုး ဥပမာ စက်ရုံတွေမှာ လုပ်နိုင်အောင်ပဲ စီစဉ်သွားမှာပါ” ဟု အလုပ် သမားဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်က ဆက်လက်ပြောဆိုပါသည်။
ယခုအခါ ထိုင်းနိုင်ငံရှိ စက်ရုံများဆီသို့လည်း အမျိုးသမီး အလုပ်သမားများ စေလွှတ်ခြင်းများ ရှိနေပြီး ဖြစ်သည့်အပြင် ယခင်က ကျန်းမာရေးလုပ်ငန်းခွင်နေရာများ ဖြစ်သည့် သူနာပြု အလုပ်အကိုင် နေရာများတွင်လည်း တရားဝင်စေလွှတ်ခြင်းများ ရှိခဲ့ကြောင်း သိရှိရပါသည်။ယခုကဲ့သို့ထိုင်းနိုင်ငံသို့ အမျိုးသမီး အလုပ်သမား စေလွှတ်ခြင်းမှာ ထိုင်းနိုင်ငံ စက်ရုံများမှ အမျိုးသမီး အလုပ်ခေါ်စာများကို ထည့်သွင်းခေါ်ယူခြင်းများကြောင့် ဖြစ်သည်ဟု သိရှိရပါသည်။
“မြန်မာအမျိုးသမီးတွေ ဘယ်နိုင်ငံကိုသွားသည်ပဲဖြစ်စေ တရားဝင်သွားတာ မဟုတ်တဲ့အတွက် အလုပ်သမား ခေါင်းပုံဖြတ်တဲ့ကိစ္စ၊ လူကုန်ကူးမှု အသွင်ဆောင်တာတွေ အမြဲဖြစ်ကြတယ်။ အဆိုးဆုံးကတော့ အလုပ်သမားတွေခေါ်တဲ့ နေရာကစာချုပ်မှာ ပြထားတဲ့ တရားဝင်လစာနဲ့ တကယ် ရတဲ့လစာ ကွာခြားတဲ့ကိစ္စတွေပဲ” ဟု မလေးရှားရှိ အေဂျင်စီတစ်ခုနှင့် ချိတ်ဆက်ကာ အလုပ်ဆက်သွယ် ဆောင်ရွက်ပေးနေသည့် တရားဝင်လိုင်စင်ရှိ အလုပ်သမား အေဂျင်စီမှတာဝန်ရှိသူ က ပြောကြားခဲ့ပါသည်။
ဂျီတူဂျီစနစ်ဖြင့် အလုပ်သမားဝန်ကြီးဌာနမှ တရားဝင်စေလွှတ်လျက်ရှိသည့် နိုင်ငံများမှာထိုင်းနှင့် တောင်ကိုရီးယားနိုင်ငံ ဖြစ်ကြောင်း သိရှိပါသည်။ ၁၉၉၉ ခုနှစ်မှ ၂၀၁၁ ခုနှစ် သြဂုတ်လပိုင်းအထိ ၁၂ နှစ်တာ ကာလအတွင်းပြည်ပနိုင်ငံအသီးသီး သို့သွားရောက်လုပ်ကိုင်နေကြသော မြန်မာအလုပ်သမားသုံးသန်းခန့်ရှိ ရာထိုအထဲတွင်နှစ်သန်းနီးပါးသည် မိမိအစီအစဉ်ဖြင့်ထွက်ခွာသွားသူ များဖြစ်ကြသည်။
Source: EMG

ထိုင်းရေဘေးကြုံ မြန်မာများအား သံဃာတော်နှင့် စေတနာရှင်များ သွားရောက်ကူညီ

ထိုင်းနိုင်ငံအတွင်း ရေကြီးမှုကြောင့် စားဝတ်နေရေးနှင့် သွားလာရေး ခက်ခဲနေသော မြန်မာ ရွှေ့ပြောင်း အလုပ်သမားများအား ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား သံဃာတော်များနှင့် ကျောင်းသားများ အပါအ၀င် စေတနာရှင်များ စုပေါင်းကာ အစားအစာနှင့် ဆေးဝါးများ သွားရောက်လှူဒါန်းခဲ့သည်။

ပထုံဌာနီမြို့တွင် ရေကြီးမှုနှင့် ကြုံနေရသည်မှာ တစ်လကျော်ရှိပြီဖြစ်ပြီး ယခုအခါ ထောင်နှင့်ချီသော မြန်မာအလုပ်သမားများ အလုပ်လက်မဲ့ပြဿနာနှင့် ရင်ဆိုင်နေကြရသည်ဟု လုံငန်းမဲ့ယိုင်(အထပ်သားစက်ရုံ)မှ မြန်မာရွှေ့ပြောင်းအလုပ်သမား ကိုတင်အောင်ထွန်းက ပြောသည်။
“အလုပ်လည်းပိတ်တာ နှစ်ပတ်ကျော်ပြီ။ တခြားသူငယ်ချင်းတွေဆို တစ်လကျော်ပြီ။ ပိုက်ဆံလည်း မရ၊ အလုပ်လည်း မရှိဘူး။ သူဌေးတွေ ဖုန်းဆက်တာလည်း မရဘူး။ အရမ်း ခက်တယ်။ အရင်က ၅ ဘတ်နဲ့ ဝယ်သောက်ရတဲ့ ရေဗူးက အခုဆို ၃၅ ဘတ်တောင်ပေးရတယ်။ ပိုက်ဆံရှိလို့ ဝယ်စားမယ် ဆိုရင်တောင် မလွယ်ဘူး။”
ထို့အပြင် ပထုံဌာနီ ဈေးအနီးတွင် ငှားရမ်းနေထိုင်ကြသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား တစ်ထောင်ကျော်မှာလည်း ထိုင်းအာဏာပိုင်တို့၏ ကူညီမှု မရဘဲ အချင်းချင်း ကူညီပေးနေရသည်ဟု ၎င်းက ဆက်ပြောသည်။
“အရင် ရေကြီးခါစတုန်းကတော့ ကူညီတယ်။ အခုကျတော့ ထိုင်းတွေကို ပိုပြီး ဦးစားပေးတာပေါ့။ ပစ္စည်းသွားယူမယ်ဆိုရင် ထိုင်းမှတ်ပုံတင်ပြရတာ။ ကိုယ့်အချင်းချင်းပဲ ရှိတာလေးတွေ စုပေါင်းပြီး စားသောက် နေကြတာဗျ။”
ယင်းအထပ်သား စက်ရုံသို့ ဘန်ကောက်မြို့၌ ကျောင်းတက်နေသည့် မြန်မာနိုင်ငံသားများနှင့် စေတနာရှင်များက ကိုယ်ထူကိုယ်ထ ပုံစံဖြင့် နီးစပ်ရာနေရာများသို့ သွားရောက် ကူညီပေးခဲ့သည်ဟု ရေဘေးကယ်ဆယ်ရေး လုပ်ဆောင်နေသူ ကိုရဲထက်က ပြောသည်။
“လောလောဆယ် ပေးဝေ နိုင်တာကတော့ကိုယ့်ရဲ့အဆက်အသွယ်ရှိတဲ့ နေရာတွေကိုပဲ ပေးနိုင် သေးတယ်။ အခုတော့ မြန်မာတွေအများစု နေတဲ့နေရာ(၅၀၀) လောက်ရှိတဲ့နေရာမှာ ပေးနိုင်ပြီ။ ပြီးတော့ ဒီထက်ဆိုးတဲ့နေရာ၊ သွားလာရခက်တဲ့၊ လူသူသွားတာနည်းတဲ့နေရာပေါ့ ဆက်သွားမယ်။”
လမ်းခရီးတလျောက်တွင် လူတရပ်ကျော်ခန့်ထိ ရေများလျှံတက်နေမှုကြောင့် ၎င်းတို့ ယူဆောင် သွားသည့် အစားအစာနှင့် ဆေးဝါးများကို ထိုင်းစစ်တပ်မှ လှေနှင့်ကားများ အကူအညီဖြင့် မြန်မာ ရွှေ့ပြောင်း အလုပ်သမားများထံ သယ်ဆောင်သွားရသည်ဟု ဆက်ပြောသည်။
ပထုံဌာနီမြို့တွင် စက်ရုံပေါင်း ၃၀ခန့်ရှိပြီး စက်ရုံတစ်ရုံတွင် မြန်မာရွှေ့ပြောင်း အလုပ်သမား အနည်းဆုံး ၃၀၀ ခန့်ရှိသည်ဟု သိရသည်။
အလားတူ ယမန်နေ့ကလည်း ထိုင်းနိုင်ငံရောက် ရခိုင်ကျောင်းသား ရဟန်းသံဃာများ အဖွဲ့က မြန်မာရွှေ့ပြောင်း အလုပ်သမားများ နေထိုင်ရာ အဆောင်များသို့ သွားရောက်၍ အခက်အခဲ ဖြစ်နေသူများကို အစားအစာနှင့် ဆေးဝါးပစ္စည်းများ ကူညီပေးခဲ့သည်ဟု အဖွဲ့ ဒု-ဥက္ကဌ ဦးကုဏ္ဍလ က ပြောသည်။
“ဦးဇင်းတို့ဆီမှာရှိတဲ့ အလှူငွေနဲ့ပဲ အယောက်တစ်ထောင် လောက်ကိုပေါ့ မြန်မာရော၊ လာအို၊ ကမ္ဘောဒီယား၊ ထိုင်းရော အားလုံးကို လူမျိုးမခွဲခြားပဲ စားစရာနဲ့ ဆေးတွေသွားဝေကြတယ်။”
ထိုင်းနိုင်ငံရှိ အယုဒ္ဒယ၊ ပထုံဌာနီ၊ ချိုင်နက်နှင့် နက်ခွန်စဝန်မြို့များတွင် ရေကြီးမှုဒဏ်ကို အပြင်ထန်ဆုံး ခံနေရပြီး အိမ်အလုံးရေ ၈ သိန်းကျော် ရေအောက်တွင်နစ်မြုပ်နေသည်ဟု ယခုလ ၁၇ ရက်နေ့ညတွင် ထိုင်းနိုင်ငံရုပ်သံလွှင့် သတင်းဌာနများက ထုတ်ပြန်သည်။
ထို့အပြင် ထိုင်းနိုင်ငံရှိ ခရိုင် ၇၆ ခုအနက် ၆၁ ခုတွင် ရေကြီးမှုဒဏ် ခံနေရပြီး လူဦးရေ ၈၂ သိန်းကျော် ရေဘေးနှင့် ရင်ဆိုင်နေရကာ သေဆုံးသူ (၃၀၀) ကျော်ရှိပြီဟု ဆိုသည်။
ထိုင်းနိုင်ငံအတွင်း ရင်ဆိုင်နေရသော ရေကြီးမှုကြောင့် ပျက်စီးဆုံးရှုံးမှုများနှင့် နစ်နာမှုများအတွက် မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်က ထိုင်းဝန်ကြီးချုပ် မစ္စရင့်လပ်ရှင်နာဝပ်နှင့် မြန်မာနိုင်ငံ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်မှ ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဆူရာပွန် တိုဝီချတ်ချိုင်ကူး တို့ထံသို့ စာနာထောက်ထားကြောင်း သဝဏ်လွှာများပေးပို့ခဲ့သည်ဟု ယနေ့ထုတ် အစိုးရအာဘော် သတင်းစာတွင် ဖော်ပြထားသည်။