Pages

Monday, March 26, 2012

သီလ၀ါဆိပ်ကမ်းရှိ သစ်လုံးများထားရှိသောနေရာ၌ မီးလောင်မှုဖြစ်ပွား

PDF Print

ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်ရှိ သီလ၀ါဆိပ်ကမ်း သစ်လုံးများထားရှိသောနေရာမှ မတ်လ ၂၆ ရက်နေ့ မွန်းလွဲ ၂နာရီ ၁၅ မိနစ်အချိန်တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

မီးလောင်မှုစတင်ဖြစ်ပွားသောနေရာမှာ သီလ၀ါဆိပ်ကမ်းရှိ CIFG သစ်ဝိုင်းမှ စတင်လောင်ကျွမ်းခြင်းဖြစ်ပြီး သစ်လုံးများမှတဆင့် အနီးရှိကိုင်းတောများကိုပါ မီးကူးဆက်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။ ထို့နောက် ထူးသစ်ဝိုင်းရှိ သစ်လုံးများကိုပါ ဆက်လက်လောင်ကျွမ်းခဲ့ပြီး ည ၉နာရီခွဲအချိန်အထိ မီးလောင်ကျွမ်းမှု ဖြစ်ပွားဆဲဖြစ်ကြောင်း သိရှိရသည်။

မီးလောင်ရာသို့ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မီးသတ်ဌာနများမှ မီးသတ်ယာဉ်များ လာရောက်ငြိမ်းသတ်ခဲ့ကြပြီး လေတိုက်ခတ်မှုအရှိန်ကြောင့် မီးကူးဆက်လောင်ကျွမ်းမှုကို ထိထိရောက်ရောက် မထိန်းသိမ်းနိုင်ခဲ့သဖြင့် ယခုကဲ့သို့ အချိန်ကြာမြင့်စွာ မီးလောင်ကျွမ်းခဲ့ရခြင်းဖြစ်ကြောင်း သိရှိရသည်။

မီးလောင်ကျွမ်းမှုကြောင့် မီးသတ်တပ်ဖွဲ့ဝင်တစ်ချို့ မီးခိုးငွေ့များကြောင့် မူးလဲမှုများဖြစ်ပေါ်ခဲ့ပြီး အခြားထိခိုက်ဒဏ်ရာရရှိမှုနှင့် သေဆုံးမှုများမရှိကြောင်း သိရှိရသည်။
Fire at MITT
Fire at MITT
tf3
Fire at MITT
Fire at MITT
Fire at MITT
Fire at MITT

ကံ့ဖွံ့ကို မဲပေးပါက အခမဲ့ ဘုရားဖူးခရီး ပို့ဆောင်ပေးမည့်အပြင် ဒံပေါက်ထမင်းပါ ကျွေးမည်ဟု မဲဆွယ်

လာမည့်ဧပြီလ ၁ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်း ဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ်(ယုဇနဥယျာဉ်မြို့တော်) လစ်လပ်မဲဆန္ဒနယ်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပမည့်နေ့တွင် ၎င်းတို့ပါတီအား မဲပေးမည် ဆိုပါက အခမဲ့ ဘုရားဖူးခရီး ပို့ဆောင်ပေးမည့်အပြင် ဒံပေါက်ထမင်းပါ ကျွေးဦးမည်ဖြစ်ကာ အသုံး စရိတ်လည်း ထုတ်ပေးမည်ဟု မဲဆွယ်စည်းရုံးလျက်ရှိကြောင်း အဆိုပါယုဇနဥယျာဉ်မြို့တော်တွင် နေထိုင်သူများထံမှ စုံစမ်းသိရှိရသည်။

"အဲဒီနေ့ကျရင် ဒီမှာရှိတဲ့ လမ်းတိုင်းမှာ တလမ်းကို ကားတစ်စီးစီ ထားပေးပြီး ဘုရားဖူးလိုက်ပို့မယ်ပြောတယ်။ ဒံပေါက်ကျွေးမယ့်အပြင် ခရီးစရိတ် တယောက်ကို ၅၀၀၀ ဝန်းကျင်လောက်အထိ ထုတ်ပေးဦးမယ် ပြောတယ်။ ပြီးရင် သူတို့အသင်းဝင်ပြီး သူတို့ကို မဲပေးရမယ် ပြောတယ်။ သူတို့ ဘယ်လိုပဲ ဆွယ်ဆွယ် ကျမ ကတော့ မပေးနိုင်ဘူး ကျမဘာသာ ပေးချင်တဲ့ဆီ ပေးမှာပဲ ဘုရားဖူး မလိုက်ရလို့ ဝမ်းနည်းစရာအကြောင်းမရှိဘူး"ဟု အဆိုပါမြို့တော်တွင် နေထိုင်သည့် ကုန်စိမ်းရောင်း၍ အသက်မွေးဝမ်းကျောင်းပြုသူ အသက်၃၅ နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးက ၎င်း၏ဆန္ဒကို ထုတ်ဖော်ပြောသည်။

"ကျွန်တော့ကိုတော့ ဘယ်လိုစည်းရုံး စည်းရုံး မရဘူး။ NLD ကိုပဲ မဲပေးမှာပဲ မျက်နှာမရလဲ နေပစေ ကိုယ့်ထမင်း ကိုယ်စားပြီး ကြိုတင်မဲလည်း မထည့်နိုင်ဘူး။ အခုသူတို့က ကြိုတင်မဲထည့်ဖို့၊ စည်းရုံးနေတယ် တကယ်တော့ဒီမှာက NLD အမာခံပရိတ်သတ်တွေ အများကြီးပါ" ဟုအဆိုပါမြို့နယ်တွင် နေထိုင်သူ အနှေးယာဉ် လုပ်သားတစ်ဦးက ပြောသည်။

"တကယ်တော့မဲဆွယ်တာတော့ ဆွယ်တာပေါ့။ ဒါပေမယ့်သူတို့မဲဆွယ်တာက သဘာဝမကျဘူး။ ဘယ်လိုလူတွေသာ ကြိုတင်မဲ ပေးသင့်တယ် ဆိုတာလဲ အားလုံး သိပြီးသား။ အခုဟာက ရယ်စရာလည်း ကောင်းတယ်၊ ဒံပေါက် ကျွေးပြီး မဲဆွယ်တယ် ဆိုတော့လေ။ သူများနိုင်ငံတွေတော့ ဘယ်လိုလဲ မသိဘူး။ အခုဟာက ဘာကြီးမှန်း မသိဘူး"ဟု အသက်၆၀ ကျော် အရွယ်ရှိ အငြိမ်းစား ဝန်ထမ်းတစ်ဦးက ၎င်း၏ အမြင်ကို ဖြည့်စွက် ပြောကြားသည်။

လာမည့်ဧပြီလ ၁ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲတွင် ဒဂုံဆိပ်ကမ်း မဲဆန္ဒနယ်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)မှ ဦးအောင်ဝင်း၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)မှ ဒေါက်တာ မျိုးအောင်၊ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ (NDF)မှ ဦးကြီးမြင့်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် အမျိုးသား ဒီမိုကရေစီ ပါတီသစ် (NNDP )မှ ဦးဝင်းမြင့်စသည့် ကိုယ်စားလှယ်လောင်းများ ဝင်ရောက် အရွေးခံကြမည်ဖြစ်ပြီး မဲဆွယ်စည်းရုံးမှုများ ဟောပြောမှုများကို သက်ဆိုင်ရာ ပါတီအလိုက် ပြုလုပ်လျက်ရှိကြောင်း သိရသည်။

(ဇော်ဇော်)
ဘားမားဗီဂျေ

သံဃာတော်တပါး NLD ကို မထောက်ခံဖို့ နေ့ စဉ် အသံချဲ့ စက်နဲ့ အော်နေ

နေပြည်တော်၊ဒက္ခိဏသီရိမြို့နယ်၊ ကျောက်ခဲအင်းကျေးရွာ ကျောင်းထိုင်ဆရာတော်ဟာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို မထောက်ခံဖို့ ဒေသခံလူထုကို နေ့စဉ်အသံချဲ့စက်နဲ့အော်ပြီး တားဆီး ပြောဆိုနေတယ်လို့ သိရပါတယ်။

အဖွဲ့ချုပ်ဝင်တွေလာရင် ထွက်မကြိုကြဖို့နဲ့ အန်အယ်ဒီဟာ ကျေး ရွာပြည်သူလူထုအတွက် ဘာတခုမှ လုပ်ပေးတာမရှိဘူး စသဖြင့် ရွာသားတွေကို နေ့တိုင်းဟောပြော နေတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က
ိုယ်စားလှယ်လောင်း ဦးနိုင်ငံလင်းက ပြောပါ တယ်။
ပြိုင်ဘက်ကြံ့ခိုင်ရေးပါတီက အဲဒီဆရာတော်ကို ငွေ ၁၅ သိန်းနဲ့ မီးစက်တလုံး သွားရောက် လှုဒါန်းခဲ့ပြီးတဲ့နောက်၊ အခုလို နေ့စဉ်ဟောပြောနေတာလို့ သိရပါတယ်။ ဒီလိုဘက်လိုက်မဲဆွယ် ဟောပြောနေမှုကို မြို့နယ်သံဃာ့မဟာနာယကအဖွဲ့ထံ တိုင်ကြားထားကြောင်း အဖွဲ့ချုပ်ကိုယ်စားလှယ် လောင်း ဦးနိုင်ငံလင်းက ပြောပြခဲ့ပါတယ်။
တချိန်ထဲမှာပဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အန်အယ်ဒီပါတီကိုယ်စားလှယ်လောင်း
တွေဟာ နေပြည်တော် မဲဆန္ဒ နယ်လေးခုအနက် အနဲဆုံးနှစ်ခုလောက်မှာတော့ အနိုင်ရလိမ့်မယ်လို့ မျှော်လင့်ကြောင်း၊ နေပြည် တော်မှာ ပါတီမဲအောင်နိုင်ရေးဆောင်ရွက်နေတဲ့ အဖွဲ့ချုပ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ မြတ်ဥာဏစိုးက ခန့်မှန်းပြောဆိုပါတယ်။
လာမယ့်ကြားဖြတ်ရွေးကောက်ပွဲမှာ အဓိကပြိုင်ဘက်တွေဖြစ်တဲ့ အန်အယ်ဒီနဲ့ ကြံ့ခိုင်ရေးပါတီတို့ နေပြည်တော်မှာ ပြိုင်ဆိုင်မှုပြင်းထန်လိမ့်မယ်လို့ အများက ဝေဖန်ပြောဆိုနေချိန်မှာဘဲ ဒေါက်တာမြတ်ဥာဏစိုးရဲ့ အခုလို ခန့်မှန်းချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။
ဒီဗွီဘီ (ဖေ့စ်ဘုတ်)

Friday, March 23, 2012

၂ သိန်းတန် ဖုန်း ၀န်ထမ်းတွေကို အကြပ်ကိုင်ရောင်းချနေ

မတ်လ ၂၃ ရက်နေ့ ၂၀၁၂

အခုနေပြည်တော်မှာ ကျပ်၂သိန်းတန်ဖုန်းတွေချပေးနေပါပြီ။ ဦးစီးဌာနတွေအနေနဲ့ ဝန်ထမ်းအရေအတွက် ရှိသလောက် အဲဒီ၂သိန်းတန်ဖုံးကို ဝယ်ယူရမယ်လို့ သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ မြန်မာ့ဆက်သွယ်ရေးက အတင်းအကြပ်လုပ်နေပါတယ်။

ဥပမာ ဝန်ထမ်း ၁၀၀ ရှိတဲ့ဌာနက ဝန်ထမ်းတွေဆီကငွေကောက်ပြီး ဖုန်းဖိုး သွားသွင်းတဲ့အခါ လူ ၈၀ လောက်ပဲ ဖုန်းယူတယ်ဆိုရင် မရဘူး လူ ၁၀၀ စာစလုံးယူရမယ်။ ခင်ဗျားတို့ဌာနက လူစာရင်းကို သမ္မတရုံးကိုပို့ထားတယ်။ လူ ၁၀၀ စာမပြည့်ရင် မရဘူးအရေးယူခံရမယ်စသည်ဖြင့်ပြောပါတယ်။

အဲဒါကြောင့် ဦးစီးဌာနတွေအနေနဲ့ မိမိတို့ဌာနရန်ပုံငွေထဲကငွေစိုက်ပြီး ဆက်သွယ်ရေးက ဖုန်းကိုဝယ်ပေးထား၊ နောက်တော့မှ ဝန်ထမ်းတွေဆီက လပေးနဲ့ တစ်လ (၂၀၀၀၀) နှုံးလောက် နဲ့၊ ငွေပြန်ဖြတ်လုပ်နေရပါတယ်။

တစ်လ ၄ သောင်း ၅ သောင်းလောက်သာရတဲ့ အောက်ချေဝန်ထမ်းတွေအတွက် တယ်လီဖုန်းတစ်လုံး ၂ သိန်းဆိုတာများနေပါတယ်။ ပြီးတော့ ဖုန်းလက်ရှိ၊ ရှိနေတဲ့ အရာရှိတွေကလည်း ဖုန်းမယူချင်ကြပါဘူး။ အားလုံးက ၅၀၀၀ တန်ဖုံးကိုပဲမျှော်လင့်နေပါတယ်။

အခုဟာ က မြန်မာ့ဆက်သွယ်ရေးဟာ တော်တော်အောက်တန်းကျတဲ့အလုပ်ကိုလုပ်တာပါ။ တယ်လီဖုန်းတွေ သိန်း ၄၀ ၊ ၅၀ လောက်အမြတ်နဲ့ရောင်းရတုန်းက ဝန်ထမ်းအငယ်တွေကို လှည့်တောင်မကြည့်ပါဘူး၊ အခု ၂ သိန်းတန်ဖုန်းတွေ ရောင်းမရတော့ ဝန်ထမ်းတွေကို အတင်းယူခိုင်းပါတယ်။ ကုမ္မဏီနဲ့ပေါင်းပြီးလုပ်တယ်ဆိုတာထင်ရှားပါတယ်။

မခံမရပ်နိုင်လွန်းလို့ရေးလိုက်တာပါ အများသိအောင်ကြေငြာပေးပါပါ။ အဲဒီတော့မှ သူတို့မတရား လုပ်နေတာတွေရပ်ပါလိမ့်မယ်။ မဟုတ်ရင် နည်းမျိုးစုံနဲ့ ဝန်ထမ်းတွေဆီက ပိုက်ဆံကိုညစ်ပတ်ယူနေဦးမှာ။

စာဖတ်သူဖတ်လို့ကောင်းအောင်ကြိုက်သလိုစာကို ပြင်ဆင်ပြီးတင်ပေးပါ။ ကျွန်တော်က မခံမရပ်နိုင်လွန်း လို့စာရေးလိုက်တာပါ။ လူဖတ်လို့ကောင်အောင်စာမရေးတတ်ပါဘူး။

နေပြည်တော်မှဝန်ထမ်းတဦး

Myanmar News Now မှ ပေးစာကို မူရင်းအတိုင်းဖော်ပြပေးလိုက်ပါတယ်။
Ref: MNN

မြန်မာ့သယံဇာတ ကျိန်စာသင့်မှု အဆုံးသတ်ရန် AOW ပြော

မြန်မာနိုင်ငံတွင် ရေနံနှင့် သဘာဝ ဓာတ်ငွေ့များ ထွက်ရှိနေ သော်လည်း ပြည်သူအများစု အကျိုးခံစားခွင့် မရရှိသော ကျိန်စာသင့်နေမှုကို အမြန်ဆုံး အဆုံးသတ်ရန်ရခိုင့်ရေနံ စောင့်ကြည့်ရေးအဖွဲ့ (Arakan Oil Watch – AOW) က တိုက်တွန်းပြောဆိုလိုက်သည်။
“မြန်မာ့သယံဇာတ ကျိန်စာ”

စစ်အစိုးရလက်ထက်မှ အရပ်သား အစိုးရအဖြစ်သို့ ပြောင်းလဲခဲ့ သော်လည်း ပြည်တွင်းထွက် ရေနံနှင့် သဘာဝဓာတ်ငွေ့များမှ ရောင်းချ၍ရသော ဘဏ္ဍာငွေစာရင်းကို အများပြည်သူ သိသာထင်ရှားစေရန် ထုတ်ပြန်ပေးခြင်း မရှိသကဲ့သို့ ပြည်သူ့အကျိုးပြု လုပ်ငန်းများတွင်လည်း ဆောင်ရွက်ခြင်းမရှိဟု AOW က ယနေ့ထုတ်ပြန်သော “မြန်မာ့သယံဇာတ ကျိန်စာ” အစီရင်ခံစာတွင် ဖော်ပြထားသည်။

“ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်ထက်ကတည်းက ဒီရေနံနဲ့ သဘာဝဓာတ်ငွေ့တွေကနေ ရရှိတဲ့ ဘဏ္ဍာငွေတွေကို ဘယ်မှာထားတယ်၊ ဘယ်လိုသုံးစွဲတယ်ဆိုတာ မရှိဘူး။ ဦးသိန်းစိန် အစိုးရသစ် တက်လာတဲ့အချိန်မှာလည်း အခြေအနေက အဲဒီအတိုင်းပဲ၊ ပြောင်းလဲမှု မရှိဘူး။ ဒါကြောင့် ပြည်သူတွေ ဒီကျိန်စာသင့်ခံနေမှုက အဆုံးသတ်ဖို့ လိုနေပါပြီ” ဟု AOW အဖွဲ့ ဒါရိုက်တာ ကိုကျော်ခိုင်က ပြောသည်။
AOW ၏ လေ့လာပြုစုထားချက်များအရ မြန်မာအစိုးရသည် ၁၉၉၈ ခုနှစ်မှစ၍ ၂၀၁၂ ခုနှစ်ထိ ရေနံနှင့် သဘာဝဓာတ်ငွေ့ အပါအဝင် သဘာဝသတ္တုနှင့် ကျောက်မျက်ရတနာများ ရောင်းချမှုမှရရှိသော ဘဏ္ဍာငွေများကို ရှင်းလင်းထုတ်ပြန် ပေးခြင်းမရှိဟု သိရသည်။

သယံဇာတ တူးဖော်ရေး စီမံကိန်းလုပ်ငန်းများမှ အစိုးရ ငွေစာရင်းများထဲသို့ စီးဆင်းသွားသော ဘဏ္ဍာရေးငွေကြေးများကို ပိုမိုကောင်းမွန်သော ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုများဖြင့် လုပ်ဆောင်ကြရန်၊ လူထုဖွံ့ဖြိုးရေး အကျိုးပြုလုပ်ငန်းများတွင် အသုံးပြုရန် AOW အစီရင်ခံစာက မြန်မာအစိုးရကို တိုက်တွန်းထားသည်။

“နောင်နှစ်ကနေစပြီးတော့ ဝင်ငွေတွေ ပိုပြီးတော့ရလာမယ်။ နိုင်ငံခြားက ရင်းနှီးမြုပ်နှံမယ့် ကုမ္ပဏီတွေ ပိုပြီးတော့ တိုးလာမယ်။ အဲဒါတွေ ဝင်မလာခင်မှာ မြန်မာအစိုးရအနေနဲ့ လုပ်သင့်တဲ့ဟာတွေကို ကျနော်တို့က အကြံပြု တိုက်တွန်းတာဖြစ်တယ်” ဟု ကိုကျော်ခိုင်က ပြောသည်။

စီမံကိန်းများပြုလုပ်ရာတွင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် လူ့အခွင့်ရေးဆိုင်ရာ တရားဥပဒေများကို လေးစားလိုက်နာပြီး နိုင်ငံတကာမှ ကျင့်သုံးနေသော လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျိုးသက်ရောက်မှုများ ခန့်မှန်းတွက်ချက်ခြင်းကို ကမ္ဘာလုံးဆိုင်ရာ စံချိန်စံညွှန်းများနှင့်အညီ လိုက်နာဆောင်ရွက်ရမည် ဖြစ်ကြောင်း မြန်မာ့ သဘာဝပတ်ဝန်းကျင်အလုပ်အဖွဲ့မှ စွမ်းအင်၊ ဓာတ်သတ္ထု တူးဖော်ရေးနှင့် မြေယာကဏ္ဍတွင် ရင်းနှီးမြုပ်နှံမှု စံသတ်မှတ်ချက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ပေါလ်စိန်ထွားက ပြောသည်။

သမ္မတဦးသိန်းစိန် အစိုးရသစ်လက်ထက်တွင်လည်း နိုင်ငံ့ဘဏ္ဍာငွေ အရသုံးဆိုင်ရာ ကိစ္စရပ်များကို တိုးတက်ကောင်းမွန်လာရန် လုပ်ဆောင်မှုများ ရှိနေသော်လည်း ရေနံနှင့် သဘာဝဓာတ်ငွေ့မှ ရရှိသော ငွေကြေးကို ထုတ်ဖော်ရှင်းလင်းမှု မရှိသကဲ့သို့ ဒေါ်လာသန်းချီတန်သော စာချုပ်ပေါင်း ၄၀ ကျော်ကို ထိန်ချန်ခဲ့ကြောင်း အစီရင်ခံစာ၌ ဖော်ထုတ်ထားသည်။

မြန်မာအစိုးရသည် ရေနံနှင့် သဘာဝဓာတ်ငွေ့မှ ၂၀၀၆ ခုနှစ်မှ စတင်ကာ အမေရိကန်ဒေါ်လာ ၂ ဘီလီယံ ကျော် နှစ်စဉ်ရရှိနေသော်လည်း ငွေလဲလှယ်နှုန်း တဒေါ်လာလျှင် မြန်မာငွေ ၆ ကျပ်နှုန်းဖြင့် တွက်ချက်ဖော်ပြထားကြောင်း၊ ပြင်ပပေါက်ဈေးမှာ ၁ ဒေါ်လာလျှင် ကျပ် ၈၀၀ မှ ၁၀၀၀ ကျပ်နှုန်းအကြား ရှိသည့်အတွက် စာရင်းမဝင်သော ငွေမှာ ဘီလျံနှင့်ချီ၍ ပျောက်ဆုံးနေကြောင်း သိရှိရသည်။

အသစ်ရှာဖွေတွေ့ရှိထားသော ဓာတ်ငွေ့များကိုလည်း တရုတ်နှင့် ထိုင်းနိုင်ငံများသို့ ၂၀၁၃ ခုနှစ်ကာလများမှ စတင်ကာ တင်ပို့ရောင်းချသွားမည်ဖြစ်ရာ ယခုရရှိနေသည့် ဝင်ငွေပမာဏထက် ၆၀ ရာခိုင်နှုန်း မြင့်တက်သွားဦးမည်ဖြစ်သည်။

စွမ်းအင်ဝန်ကြီးဌာနကလည်း ရေနံနှင့်သဘာဝဓာတ်ငွေ့များ ထပ်မံတူးဖော်ရှာဖွေရန် ပြည်တွင်း ပြည်ပ ကုမ္ပဏီများကို ကမ်းလွန်လုပ်ကွက် ၂၅ ကွက်အတွက် ရင်းနှီးမြုပ်နှံရေး လတ်တလော ဖိတ်ခေါ်ထားကြောင်း၊ ကုန်းတွင်းလုပ်ကွက် ၁၈ ကွက်အတွက်လည်း တရုတ်နှင့်ထိုင်းတို့ ပါဝင်သော ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီ ၈ ခုကိုလည်း စိစစ် ရွေးချယ်ထားပြီးဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ ဧရာဝတီက စုံစမ်းသိရှိရသည်။

မြေပေါ်မြေအောက် သယံဇာတများမှ ဝင်ငွေများ ရရှိနေသော်လည်း မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးလိုငွေပြမှု ၅ နှစ်ဆက်တိုက် ဖြစ်ပေါ်နေခဲ့ပြီး ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွက် ဘတ်ဂျက်လိုငွေ ကျပ် ဘီလီယံပေါင်း ၂၃ဝဝ ကျော်ရှိခဲ့သဖြင့် ဝန်ကြီးဌာန ၉ ခုကို ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် ဘတ်ဂျက်များအား ပြည်ထောင်စု လွှတ်တော်က ဖြတ်တောက်ခဲ့သည်။

အစိုးရသည် လူထုအကျိုးပြု လုပ်ငန်းများဖြစ်သော ပညာရေး၊ ကျန်းမာရေးလုပ်ငန်းများတွင် ဘဏ္ဍာငွေအသုံးပြုမှု နည်းပါးပြီး ဒေသတွင်း အကြီးဆုံး စစ်တပ်အင်အားအဖြစ် ခန့်မှန်းခြေ ၄၉၂၀၀၀ ကျော် တိုးချဲ့ကာ စစ်အသုံးစရိတ်ကို အများဆုံး အသုံးပြုခဲ့ကြောင်း၊ ထိုအတွက် စစ်လက်နက်များကိုလည်း တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ပါကစ္စတန်၊ မြောက်ကိုရီးယား၊ ယူကရိန်းနှင့် အစ္စရေးတို့ထံမှ ဒေါ်လာ ဘီလီယံပေါင်းများစွာကို အသုံးပြုကာ ဝယ်ယူအသုံးပြုခဲ့ကြောင်း အစီရင်ခံစာက ဆိုသည်။

AOW သည် သီးခြားလွတ်လပ်သည့် အဖွဲ့ဖြစ်ပြီး ၂၀၀၆ ခုနှစ်တွင် တည်ထောင်ခဲ့ကြောင်း၊ ရခိုင်ပြည်နယ်နှင့် မြန်မာနိုင်ငံတဝန်းရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့စီမံကိန်းများတွင် လူ့အခွင့်အရေးချိုးဖောက်မှု၊ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုနှင့် ငွေကြေးဆိုင်ရာ ပွင့်လင်းမြင်သာမှုတို့ကို စောင့်ကြည့်လေ့လာခဲ့ကြောင်း သိရသည်။

AOW အဖွဲ့သည် အရှေ့တောင်အာရှ ရေနံစောင့်ကြည့်ရေးအဖွဲ့ (Oil Watch Southeast Asia) နှင့်လည်း အဖွဲ့ဝင်အဖြစ် ပူးပေါင်းလုပ်ဆောင်နေသည်။
Ref: ဧရာဝတီ

နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး မန္တလေး သံဃာများ တောင်းဆို

နိုင်ငံတ၀န်းရှိ အကျဉ်းထောင် အသီးသီးတွင် အကျဉ်းကျခံ နေရဆဲဖြစ်သော နိုင်ငံရေး အကျဉ်းသားအားလုံး ခြွင်းချက်မရှိ ချက်ချင်း ပြန်လွှတ်ပေးရန် ဆရာတော် ၀ီရသူဦးဆောင်သည့် မန္တလေး သံဃာတော်များက တောင်းဆိုလိုက်သည်။
နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေးအတွက် ယနေ့ ၀တ်ပြုဆုတောင်းနေသော မန္တလေး သံဃာတော်များ (ဓာတ်ပုံ - ရဲရင့်ကျော် facebook မှ)

မန္တလေးမြို့ မဟာမြတ်မုနိ ဘုရားကြီး ရင်ပြင်တွင် နိုင်ငံရေးအကျဉ်းသားဟောင်း ဦးဝီရသူနှင့် သံဃာတော်များ၊ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်များနှင့် ဒေသခံ ၅၀၀ ကျော်တို့က ယနေ့တွင် နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး ၀တ်ပြုဆုတောင်းမှု ပြုလုပ်၍ တောင်းဆိုခြင်း ဖြစ်သည်။
“ရွေးကောက်ပွဲဟာ ပြည်သူအတွက် အရေးကြီးသလို နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးဟာလည်း အရေးကြီးတယ်။ အပြစ်မဲ့သူတွေကို ချုပ်မထားစေချင်ဘူး၊ အမြန်ဆုံးပြန်လွှတ်ပေးပါလို့ တောင်းဆိုလိုပါတယ်”ဟု ဦးဝီရသူက မိန့်ကြားသည်။

နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုဝင်များ၊ ဒေသခံများက နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန် တောင်းဆိုစာများကိုလည်း ဗီနိုင်းလ် ကားချပ်များပေါ်တွင် ရေးသားထားကြောင်း သိရသည်။
ဝတ်ပြုဆုတောင်းပွဲကို ဘုရားကြီး သြ၀ါဒါ ဆရာတော်များနှင့် တိုင်း သံဃမဟာနာယက ဆရာတော်များက ခွင့်ပြုခြင်းမရှိသည့်ကြား မှ ပြုလုပ်ခဲ့သည့်အတွက် ဖြစ်လာမည့် အကျိုးဆက်များအတွက်လည်း ပြင်ဆင်ထားကြောင်း ဦးဝီရသူက မိန့်သည်။

“ဆူပူမှာကြောက်တယ်ဆိုပြီး ခွင့်မပြုတာ။ အခု အေးအေးဆေးဆေး ပြီးသွားတယ်။ အရေးယူဖို့ များပါတယ်။ ဦးဂမ္ဘီရ လို ခေါ်ပြီး သတိပေးမလား၊ တရားဟောခွင့်ပိတ်မလား၊ ပြန်ဖမ်းမလား တခုခုပေါ့။ အမြဲတော့ အသင့်ပြင်ထားပါတယ်”ဟု ၎င်းက မိန့်ဆိုသည်။

ဦးဝီရသူသည်ယခုနှစ်ဆန်းပိုင်းက မြစ်ကြီးနားအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသူဖြစ်ပြီး ထောင်တွင်းကျန်နေရစ်သော နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြုမှုများ၊ ၀တ်ပြုဆုတောင်းမှုများ စတင်ပြုလုပ်မည်ဖြစ်ကြောင်း ဖေဖော်ဝါရီလ အတွင်းက ထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်၌ အကျဉ်းထောင်အသီးသီးတွင် ကျန်ရှိနေသေးသော အကျဉ်းကျ သံဃာတော်များနှင့် နိုင်ငံရေးအကျဉ်း သား များစာရင်းကို ပြည်ထဲရေးဝန်ကြီးဌာနသို့ ပေးပို့၍ ၄င်းတို့ကို လွှတ်ပေးရန် တောင်းဆိုခဲ့သော်လည်း လွတ်မြောက်လာခြင်းမရှိသေးကြောင်း ရေးသားထားသည်။
ဦးဝီရသူက“ထောင်ဆိုတာ သူတော်ကောင်းတွေ တနေ့တရက် တမနက် တစက္ကန့်မှ နေအပ်တဲ့နေရာမဟုတ်ဘူး။ ဒါပေမယ့် ရာနဲ့ချီတဲ့ သူတော်ကောင်းတွေ ထောင်ထဲမှာ နှစ်ပေါင်းများစွာ ဒုက္ခခံနေရတယ်။ သူတို့ကို လွှတ်ပေးတဲ့အထိ ငြိမ်းငြိမ်း ချမ်းချမ်း ဆန္ဒပြုတာ တွေတော့ ဆက်လုပ်နေမှာပဲ။ မလွှတ်ပေးနိုင်ရင် ၀ီရသူကို ပြန်ဖမ်းပါ၊ သူတို့နဲ့အတူ နေပါရစေ။ ပြန်ဖမ်းရင်လိုက်မယ်”ဟု မိန့်သည်။

ဆရာတော် ဦးဝီရသူသည် ၂၀၀၃ ခုနှစ် ကျောက်ဆည်၌ဖြစ်ပွားသော အဓိကရုဏ်းအပြီးတွင် ထိန်းသိမ်းခံခဲ့ရပြီး မန္တလေး အိုးဘို ထောင်၌ ထောင်ဒဏ် ၂၅ နှစ်ချမှတ်ခံခဲ့ရသည်။ ထို့နောက် ထောင်တွင်းသတင်းများ ပေါက်ကြားစေသည်ဟုဆိုကာ ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ တွင် ကချင်ပြည်နယ် မြစ်ကြီးနားထောင်ကို ပြောင်းရွှေ့ခံခဲ့ရသည်။

ဇန်န၀ါရီ ၁၃ ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့်နှင့် ဆရာတော်ဝီရသူ အပါအ၀င် သံဃာတော်တချို့နှင့် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များ လွတ်မြောက်လာသော်လည်း အကျဉ်းသား ၈၀၀ ကျော် ဆက်လက် ကျန်ရှိနေသေးကြောင်း၊ ထိုအကျဉ်းသားများ ထဲမှ စိစစ်အတည်ပြုပြီးသူ ၄၁၃ ဦးရှိကြောင်း ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP)၏ စာရင်းတရပ်က ဖော်ပြသည်။

ရန်ကုန်မှ နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့၏ အဆိုအရ AAPP ၏ စာရင်းနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ စာရင်းများမှ စုစည်းစိစစ် အတည်ပြုပြီးသည့် ကြွင်းကျန် နိုင်ငံရေးအကျဉ်းသား ၆၁၉ ဦး ရှိသည်ဟု သိရသည်။

Ref: ဧရာဝတီ