Pages

Wednesday, November 14, 2012

တရားစီရင်မှုမပြုမီ သတင်းရေးသားပါက တရားရုံးအား မထီမဲ့မြင် အဖြစ်သို့ ရောက်ရှိနိုင်


Wednesday, 14 November 2012

တရားရုံး၌ စစ်ဆေးမှု တစ်စုံတစ်ရာ မပြုလုပ်ရသေးမီ သမီးရည်းစားဖြစ်သည်

ဆိုသည့် အရေးအသားမျိုးအား ဂျာနယ်များ၌ ထည့်သွင်းရေးသားခြင်းက တရားရုံးကို မထေမဲ့မြင်ပြုလုပ်ရာ ရောက်ကြောင်း၊ ယင်းအတွက် ၁၉၆၂ခုနှစ် တရားရုံးများမထီ မဲ့မြင်ပြုလုပ်မှု အက်ဥပဒေ ပုဒ်မ(၃)အရလည်း တရားစွဲဆိုနိုင်ကြောင်း အထက် တန်းရှေ့နေ ဒေါ်ဟန်စုယဉ်မှ
ပြောကြားလိုက်သည်။

အောက်တိုဘာ လဆန်းပိုင်းကထုတ်ဝေခဲ့သည့် ပြည်တွင်းဂျာနယ်
တစ်စောင်ပါ စစ်အောင် (နေပြည်တော်) ရေးသားခဲ့သည့် မိုးထိမိုးမိရွှေတော
နယ်မြေ၌ သမီးရည်းစားချိန်းတွေ့ရာမှ သားမယားအဖြစ်ပြုကျင့်ခံရဆိုသည့် သတင်းနှင့် ပတ်သက်၍ တရားလိုအမျိုးသမီးဖက်မှ အမှုလိုက်ပေးနေသူ အထက်တန်းရှေ့နေက ပြောကြားခဲ့ ခြင်းလည်း ဖြစ်သည်။

အဆိုပါ သတင်းတွင် သားမယားအဖြစ်ကျူးလွန်ခံခဲ့ရသည့် ကာယကံရှင်၏
နာမည်အား သတင်းထောက် မှ ရေးသားဖေါ်ပြခဲ့သည့်အတွက် အသရေ
ဖျက်မှုဖြင့် တရားစွဲဆိုမည်ဆိုလျှင် စွဲဆိုနိုင်ကြောင်း၊ သတင်းအား ဂျာနယ် စာမျက်နှာပေါ်တွင် ဖေါ်ပြခဲ့စဉ်က အမှုမှာ တရားရုံးပေါ်ကို မရောက်ရှိ
သေးကြောင်း၊ တရားရုံးတော်မှ လည်း တစ်ဦးတစ်ယောက်ကိုမှ စစ်ဆေးခြင်း တစ်စုံတစ်ရာမပြုလုပ် ရသေးကြောင်းကိုလည်း သိရသည်။

မိုးထိမိုးမိရွှေတောနယ်မြေ၌ သမီးရည်းစားချိန်းတွေ့ရာမှ သားမယားအဖြစ်
ပြုကျင့်ခံရဆိုသည့် သတင်းနှင့် ပတ်သက်၍ ကာယကံရှင် အမျိုးသမီး သတင်းရေးသားဖော်ပြခဲ့သည့် ဂျာနယ်အား တစ်ဖက်သတ် သတင်း
ရေးသား ဖော်ပြခဲ့သည့်အတွက်မှားယွင်းစွာ ရေးသားဖော်ပြမိကြောင်း
တောင်းပန်ချက် ထုတ်ပြန်ပေးရန် တောင်းဆိုထားပြီး ၄င်းအား မလိုက်လျောပါက ရှေ့နေများ မှ တစ်ဆင့် ဥပဒေအတိုင်း တရားစွဲဆိုမှု
ပြုလုပ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကာယကံရှင် အမျိုးသမီးက အသိပေးပြောကြားလိုက်သည်။

“ကျွန်မကို စစ်အောင်(နေပြည်တော်)ဆိုတဲ့ သတင်းထောက်က လာလည်း မတွေ့ဘူး၊ လာလည်း မမေးဘူး။ ကျွန်မနဲ့ ဒီ တရားခံကျော်ဦးဆိုတဲ့ သူက သမီး ရည်းစားလုံးဝ မဟုတ်ပါဘူး။ ကျွန်မကို သတ်ပစ်မယ်လို့ပြောပြီး ၁၅ ရက်နေ့နဲ့ ၂၀ ရက်နေ့မှာ နှစ်ကြိမ်တိုင်တိုင် ဓါးပြခြိမ်းခြောက် မုဒိမ်းကျင့်
သွားတဲ့ လူယုတ်မာတစ်ယောက်ပါ။ ”ဟု ကာယကံရှင်အမျိုးသမီးက
ပြောသည်။

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် ၀ါးဖြူတောင် နယ်မြေ မိုးထိမိုးမိ ရွှေတောတူးကုနုး ရဲစခန်းပိုင် နယ်မြေတွင် သမီးရည်းစား ချိန်းတွေ့ရာမှ သားမယားအဖြစ်ပြုကျင့်ခံရသည့် မှုခင်းတစ်ခု ဖြစ်ပွားခဲ့သည် ဆိုသော အကြောင်းအရာ အပါအ၀င် တရားခံကျော်ဦး (၄၅)နှစ် (ဘ) ဦးအောင်သိန်း ကျောက်ခွဲစက် လုပ်ငန်းရှင်ဆိုသည့် ကိစ္စနှင့် အဓမ္မပြုကျင့်ခံရသည့် ကာယကံရှင်ဖြစ်သူမ----(၂၁)နှစ် ကျဘန်းလုပ်ကိုင်သူအကြောင်းကို ကာယကံရှင်ဖြစ်သူနှင့် တွေ့ဆုံ
မေးမြန်းခဲ့ခြင်းမရှိပဲ နာမည်အရင်းကို ထည့်သွင်းကာ အကြောင်း
အရာများကို တစ်ဖက်သတ်ရေးသားဖော်ပြခဲ့သည့်အတွက် ယခုကဲ့သို့ တောင်းဆိုရခြင်း ဖြစ်ကြောင်းကိုလည်း ၎င်းက ဆက်ပြောသည်။

“ အဖေအရွယ်လောက် ရှိတဲ့သူက ကျမသမီးလေးကို ဓါးပြခြိမ်းခြောက်ပြီး အတင်း အဓမ္မပြုကျင့်ခဲ့လို့ ၀မ်းနည်း ကြေကွဲနေတဲ့ အချိန်မှာပဲ၊ ဒီဂျာနယ်
ထဲမှာ သမီးလေး နာမည်နဲ့ကို အတိအလင်း သတင်းပါလာတယ်။ အဲဒီ သတင်းထဲမှာ ရေးထားတာတွေကလည်း မမှန်ဘူး။” ဟု ကာယကံရှင်၏ မိခင်က ပြောသည်။

အဆိုပါ သတင်းကို ရေးသားခဲ့သည့် သတင်းထောက် စစ်အောင်
(နေပြည်တော်)အား ဆက်သွယ်မေးမြန်းရာ၌ FIR(ပထမ သတင်းပေး
တိုင်ကြားချက်) အပေါ်မူတည်၍ အဆိုပါသတင်းအား ရေးသားခဲ့ခြင်း
ဖြစ်ကြောင်း မှုခင်း သတင်းထောက်များအနေဖြင့် သတင်းရေးသားသည့်
အခါတွင် တစ်စုံတစ်ဦးအား နစ်နာစေလိုသည့် ဆန္ဒ မရှိကြောင်း ပညာပေးသည့် ပုံစံနှင့်သာ သတင်းရေး သားခွင့်ရှိကြောင်း မှုခင်း
သတင်းတွင် နစ်နာခဲ့ရသည့် ကာယကံရှင်များ၏ ခွင့်ပြုချက်မလိုပဲ နာမည်အရင်းအတိုင်း သုံးစွဲရေးသားခွင့်  ရှိကြောင်း၊ ကာယကံရှင်များအား ဆက်သွယ်မေးမြန်းရန် ကြိုးစားခဲ့သော်လည်း အဆက်အသွယ်
မရသောကြောင့် ပထမ သတင်းပေးတိုင်ကြားချက် အပါအ၀င် တရားခံ
ကျော်ဦးနှင့်အခြားသူများအား မေးမြန်းပြီးမှ ရေး သားခဲ့ခြင်းဖြစ်ကြောင်း
ဖြေ ရှင်း ပြောကြားခဲ့သည်။

“အခုလို သားမယားအဖြစ်ပြုကျင့်ခံခဲ့ရလို့ အရှက်တကွဲ အကျိုးနည်း
ဖြစ်ခဲ့ရပြီးမှ နောက်ထပ်တစ်ခါ သားမယား အဖြစ်နဲ့ ပြုကျင့် ခံခဲ့ရတဲ့ ကာယကံရှင်ရဲ့ နာမည်ကို သတင်းထောက်က ဂျာနယ်ထဲမှာ ရေးသား
ဖေါ်ပြလိုက်တဲ့ အတွက် သူ့ဘ၀တစ်လျောက်လုံး အမဲစက်ကြီးအဖြစ်နဲ့ လူ့အသိုင်းအ၀ိုင်းမှာ စွန်းထင်းကျန်ခဲ့မှာ ဖြစ်ပါတယ်။ စာနယ်ဇင်းသမား
ကျင့်ဝတ်အရ ကာယကံရှင်က ခွင့်ပြုပြု မပြုပြု ဒီလိုကိစ္စရပ်တွေမှာ နာမည်နဲ့ ဓါတ်ပုံကို လုံးဝဖေါ်ပြခွင့် မရှိဘူး။ ဓါတ်ပုံ ဖေါ်ပြမယ်ဆိုရင်တောင် မျက်နှာကို ဖုံးပေးထားရတယ်။ ဒါက သတင်းသမားတိုင်း လိုက်နာရတဲ့ စည်းမျဉ်း၊ စည်းကမ်း တစ်ခုပါ။ မှုခင်းသတင်းတွေမှာ ဖေါ်ပြခွင့်ရတယ် ဆိုတဲ့ အချက်နဲ့ ပတ်သက် ပြီး စာနယ်ဇင်းစည်းမျဉ်းအရ ပြောရရင် လုံးဝဖေါ်ပြခွင့် မရှိပါဘူး”ဟု ၀ါရင့်သတင်းသမားတစ်ဦးကပြောသည်။

မောင်ယဉ်ကျော်-မန္တလေး(မြစ်မခ)

0 comments:

Post a Comment