Monday, 17 December 2012
ပိတ်ပင်ထားသည့် ဘုရားများထဲမှ ကြံ့ခိုင်မှုအားကောင်းပြီး
နေ၀င်ချိန်နေထွက်ချိန်များနှင့် ရှုခင်းများကို ကြည့်ရှုနိုင်သော ရွာဟောင်းကြီး၊ မင်္ဂလာစေတီ၊ စူလာမဏိ၊ တောင်ဂူနီ၊
မြောက်ဂူနီ ဘုရားများအား
ပြန်လည်ဖွင့်ပေးရန် စီစဉ်နေကြောင်း ပုဂံရှေးဟောင်းဦးစီးဌာနမှ သိရသည်။
ရှုခင်းကြည့်ရန်အတွက် တက်ရောက်နိုင်သည့် ဘုရားများထဲမှ ကန်တော့ပုလ္လင်၊ သဗ္ဗညု အစရှိသည့် နာမည်ကြီး ဘုရားများအား
နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီလက်ထက်က
နိုင်ငံအကြီးအကဲ ဦးသန်းရွှေ၏ အမိန့်ုဖြင့် ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။
ကျန်ရှိသည့် ဘုရားများအား ကြံ့ခိုင်ရေးအားနည်းမှုများကြောင့် ပုဂံရှေးဟောင်းဦးစီးဌာနမှ ပြီးခဲ့သည့် နှစ်က ပိတ်ထားခဲ့ခြင်းဖြစ်သည်။
"ကြံ့ခိုင်မှုအားကောင်းတဲ့ ဘုရားတွေ စေတီတွေ ပြန်ဖွင့်ပေးဖို့ ဧည့်လမ်းညွှန်အသင်းတွေက စာလာတင်ကြတယ်။ ကျွန်တော်တို့အနေနဲ့လည်း အထက်ကို တင်ပြပြီး ဖွင့်ပေးနိုင်ဖို့ ဆောင်ရွက်နေပါတယ်။ အခု တင်ပြတဲ့ ဘုရား(၅)ဆူကိုလည်း ပြန်ဖွင့်ပေးဖို့ ၀န်ကြီးဋ္ဌာနက စီစဉ်နေပါတယ်" ဟုပုဂံရှေးဟောင်း ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးနိုင်ဝင်းက ပြောသည်။
ရှေးဟောင်းနယ်မြေတွင်း အမြင့်မှ ပတ်ဝန်းကျင်အလှကို ကြည့်ရှုလေ့လာနိုင်သော ဘုရားစေတီ အဆူ (၂၇)ဆူခန့်ရှိပြီး
ရှေးဟောင်းဦးစီးဌာနမှ ပိတ်ပင်ထားသောဘုရားများထဲတွင် ကန်တော့ပုလ္လင်ဘုရားနှင့် သဗ္ဗညုဘုရားစသည့် ထင်ရှားသော ဘုရားကြီးများ ပါဝင်နေသည်။
ပုဂံဒေသတွင် အမြင့်မှ ပတ်ဝန်းကျင်အလှအပများအား ကြည့်ရှုနိုင်သော၊ ကြံ့ခိုင်မှုအားကောင်းသော စေတီ၊ ပုထိုး၊ ဘုရားများစွာတည်ရှိပြီး လက်ရှိတွင် ရွှေဆံတော်ဘုရားနှင့် ပြသာဒ်ကြီး ဘုရားနှစ်ဆူသာ ဖွင့်လှစ်ပေးထားကြောင်း သိရှိရသည်။
“အခုဖွင့်ထားတဲ့ ဘုရားနှစ်ဆူထဲနဲ့ အဆင်အပြေဘူး၊ ရွှေဆံတော်
ဘုရားပေါ်မှာပဲ တစ်နေ့ကို ဧည့်(၅၀၀)၀န်းကျင် လောက် တက်နေ့တော့ အခြားကြံ့ခံမှုကောင်းတဲ့ ဘုရားတွေကိုလည်း ပြန်ဖွင့်ပေးသင့်တယ်”ဟု ဧည့်လမ်းညွှန်အသင်း ဒုတိယဥက္ကဋ္ဌ ဦးသန်းဋ္ဌေးက ပြောသည်။
ပုဂံမြို့၏နေထွက်ချိန်နေ၀င်ချိန်များကိုကြည့်ရှုနိုင်သော ဘုရားအများစုကို ပိတ်ပင်ထားသောကြောင့် ရွှေဆံတော်ဘုရားပေါ်၌ တစ်နေ့ဧည့်သည်
(၆၀၀)၀န်းကျင် တက်ရောက်ကြည့်ရှုနေသောကြောင့် ရေရှည်တွင် ဘုရားကြံ့ခိုင်မှုအခြေနေ စိုးရိမ်ရကြောင်း ဒေသခံများက ဆိုသည်။
ပုဂံရှေးဟောင်းနယ်မြေအတွင်းရှိ ရှုခင်းများကို မြင့်မားသည့် မြင်ကွင်းမှ ကြည့်ရှုနိုင်သော ဘုရား၊ စေတီ၊ ပုထိုးများအား ထပ်မံဖွင့်လှစ်ပေးရန် ပုဂံရှေးဟောင်းယဉ်ကျေးမှုထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့မှ ကိုမင်းနိုင်အောင်ကလည်း လိုလားကြောင်း သိရသည်။
“ဒီလိုရွှေဆံတော်ဘုရားပေါ်မှာပဲစုပြီးတက်နေလို့အဆင်မပြေပါဘူး၊
အတက်အဆင်းမှာလည်းအန္တရယ်ရှိပါတယ်၊ အခြား ဘုရားတွေလည်း
ပြန်လည်ဖွင့်ပေးရင်ခရီးသည်တွေအတွက်လည်း အဆင်ပြေပါတယ်၊ အခုကဒီဘုရားပေါ်မှာပဲ တက်ကြည့်နေကြတာ”ဟု ဒေသခံကိုအောင်ရွှေက
ပြောသည်။
ယခုနှစ်ခရီးသွားရာသီတွင် ကမ္ဘာလှည့်ခရီးသွားများမှာ ပုဂံဒေသသို့ တစ်နေ့လျှင် လူဦးရေ (၁)ထောင်ဝန်းကျင် ၀င်ရောက်နေခြင်းကြောင့်
၂၀၁၃ ခုနှစ် ဆီးဂိမ်းအမှီတွင် ဘုရားအများစုအား ပြန်လည်ဖွင့်ပေးနိုင်ရန် ၀န်ကြီးဌာနထံသို့စာ တင်ထားကြောင်း ပုဂံရှေးဟောင်း ဦးစီးဌာနမှ သိရသည်။
ငြိမ်းချမ်း (မြစ်မခ)
Myit Makha Mediagroup

0 comments:
Post a Comment