Pages

Saturday, September 15, 2012

ယခုလဆန်း ရွှေဈေး တစ်နှစ်တာ၏အမြင့်ဆုံးဈေးဖြစ်


ကြေးမုံဝင်း
အတွဲ ၃၀ ၊ အမှတ် ၅၈၆ ( ၁၄ - ၂၀ ၊ ၉ ၊ ၂၀၁၂)

၂၀၁၂ ခုနှစ် စက်တင်ဘာလ ၈ ရက်နေ့ တွင် မန္တလေးရွှေဈေးသည် တစ်ကျပ်သား လျှင် ကျပ် ၇၈၀,၀၀၀ ကျော်ထိ မြင့်တက် လာခဲ့ပြီး အဆိုပါ ဈေးသည် ယခုနှစ်တွင် အမြင့်ဆုံးဈေး ဖြစ်ခဲ့ကြောင်း ရွှေလုပ်ငန်း ရှင်များက ဆိုကြသည်။

"ဈေးတက်ရတာကတော့ ကမ္ဘာ့ရွှေ ဈေးတက်လို့ အဓိကတက်တာပါ။ တောင်ပြုန်းနဲ့ရတနာ့ဂူလို ပွဲလေးတွေ အရှိန်နဲ့ လက်လီဝယ်လို အား ရှိတယ် ဆိုပေမယ့် ပြည်တွင်းဝယ်လိုအားက ဈေးတက်နိုင်လောက်အောင် မကောင်းပါဘူး။ လက်ရှိရွှေရဲ့ ရောင်းအားရော ၀ယ်အားရောက ကားဈေးတွေ မြေဈေး တွေကောင်းနေတုန်းက လောက်တော့ အရမ်း မကောင်းတော့ဘူး။ ဒါပေမယ့် ကမ္ဘာ့ရွှေဈေးက ဆက်ပြီး ဆွဲခေါ်သွား ရင်တော့ တစ်ကျပ်သား ရှစ်သိန်းဆိုတဲ့ ဈေးက ရောက်မှာပဲ" ဟု အောင်သမာဓိ ရွှေဆိုင်မှ ဦးအောင်က မြန်မာတိုင်း(မ်)ကို ပြောသည်။

မြန်မာ့ရွှေဈေးမှာ ယမန်နှစ် စက်တင် ဘာလ ၂၀ ရက်နေ့က ၇၇၆,၀၀၀ ၀န်းကျင်ထိသာ အမြင့်ဆုံး ရောက်ရှိ ခဲ့ ပြီး ၂၀၁၁ နှစ်ကုန် တွင်မူ တစ်ကျပ်သား လျှင် ကျပ် ၆၈၈,၀၀၀ ထိ ကျဆင်းခဲ့သည်။ မန္တလေးရွှေဈေးမှာ ပြီးခဲ့သည့် ဇူလိုင် လ ဒုတိယပတ်က တစ်ကျပ် သားလျှင် ကျပ် ၇၂၈,၀၀၀ ၀န်းကျင်မှ စတင် မြင့်တက်လာခြင်းဖြစ်ကာ လက်ရှိအချိန်အထိ အဆိုပါဈေးအောက် ကျဆင်းသွားခြင်း မရှိခဲ့သေးကြောင်းလည်း သိရသည်။

"ဇူလိုင်လ ကတည်းက တဖြည်းဖြည်း တက်လာတဲ့ရွှေဈေးက အခုထိ ကျမသွားသေးဘူး။ စက်တင်ဘာ ၇ ရက် နေ့က ကျပ် ၇၆၉,၀၀၀ နဲ့ ပိတ်သွားပြီး စက်တင်ဘာ ၈ ရက်မှာကျတော့ ကျပ် ၇၈၀,၀၀၀ ကျော်ဖြစ်သွားတယ်။ ဒါက ဒီတစ်နှစ်လုံးမှာ ဖြစ်ခဲ့တဲ့ အမြင့်ဆုံးဈေးပဲ။

အခုလောလောဆယ်တော့ ရွှေဈေး တက်နေတဲ့အတွက် ရောင်းတဲ့လူပဲ များနေတယ်။ ၀ယ်တဲ့လူမရှိသလောက်ပဲ။ ဈေးကွက်ထဲမှာ ရှိတဲ့ရွှေက ကျင်းသမား ဆီက ထွက်တာထက် အရပ်လက်က ရောင်းတဲ့ရွှေက ပိုများတယ်။ ဒီနှစ်က ရွှေပေါရဲ့သားနဲ့ ဈေးတက်တာ။ အရောင်းများနေပေမယ့်လည်း ဈေးမကျဘူး" ဟု ရွှေလုပ်ငန်းရှင်တစ်ဦး ဖြစ် သူ မဇင်က ဆိုသည်။

ရွှေဈေးတစ်ကျပ်သား ကျပ်၇၃၀,၀၀၀ ၀န်းကျင်၌ ဈေးကွက်တွင် ရောင်းလိုအား များလာခဲ့ခြင်းဖြစ်ပြီး ယခုချိန်ထိလည်း လာရောက် ရောင်းချနေကြဆဲ ဖြစ်ကြောင်း သိရသည်။ "ရွှေဈေးက အခု ကမ္ဘာ့ ဈေးတက်ရင် တက်တယ်။ ကမ္ဘာ့ဈေးကျရင် ကျတယ်။ ဈေးအတက် အကျက တခြားဟာတွေထက် ကမ္ဘာ့ရွှေဈေးပေါ်မှာ မူတည်နေတယ်။ ဒီလိုစနစ်က ကောင်းတယ်လို့ ပြောရမယ်။

ကမ္ဘာမှာ တက်နေပြီးမြန်မာ့ ရွှေဈေးကို ကျအောင်ထိန်းချုပ်ထားရင် ဒီက ရွှေတွေ ပြည်ပကိုရောက်သွားမှာပဲ။ အဲတော့ သူများ တက်လို့ လိုက်တက် တာ ကိုယ့်နိုင်ငံအတွက် ပိုကောင်းပါတယ်။ ဒီလို တက်နေတော့ ဒီကလူတွေ ပေါက်ဈေးရတာပေါ့။ "ကမ္ဘာ့ ရွှေဈေးနဲ့ မြန်မာ့ ရွှေဈေးကွာ ဟချက်ကြောင့် ပြည်ပက ရွှေဝင်လာတာ၊ မြန်မာကရွှေ ပြည်ပကို စီးဆင်း တာတွေက တကယ်တော့ တရားဝင် မဖြစ် သေးပါဘူး။

"ကျွန်တော်တို့ ရွှေလုပ်ငန်းရှင်တွေ ကတော့ ပြည်ပကို တရားဝင်တင်ပို့ ရောင်းချခွင့်ရချင်ပါတယ်။ အဲဒီလိုသာ တင်ပို့ရောင်းချဖို့ ခွင့်ပြု လိုက်ရင် နိုင်ငံတော်လည်း အခွန်ရမယ်။ ကျွန်တော်တို့ ရောင်းမယ့်လူ တွေလည်း စိတ်ချရတာပေါ့။ "အခု ပြည်ပနဲ့ အရောင်းအ၀ယ် လုပ်နေကြတာတွေက အဆက်အစပ် ရှိမှ လုပ်လို့ရတာမျိုးတွေ ဖြစ်နေတယ်" ဟု အောင်သမာဓိရွှေဆိုင် မှ ဦးအောင်က သုံးသပ်သည်။

ကမ္ဘာ့ရွှေဈေးမှာ ဩဂုတ်လ ၃၁ ရက် နေ့က တစ်အောင်စလျှင် ဒေါ်လာ ၁,၆၆၀ ထိရှိခဲ့ပြီး တစ်ပတ်အကြာ စက် တင်ဘာလ ၇ ရက်နေ့ တွင်မူ ဒေါ်လာ ၁,၇၃၉ ဒသမ ၉၀ ထိ ၃၂ ဒေါ်လာ မြင့် တက်ခဲ့ရာ ရာခိုင်နှုန်းအားဖြင့် နှစ်ရာ ခိုင်နှုန်းမြင့်တက်ခဲ့ခြင်း ဖြစ်ကြောင်း သိရ သည်။ ကမ္ဘာ့ရွှေဈေးမှာ ယင်းဈေး ထက် ဆက်လက်တက်နိုင်သေး ကြောင်းလည်း ကျွမ်းကျင်သူများက ခန့်မှန်းကြသည်။ စက်တင်ဘာ လ ၁၀ ရက်နေ့ မန္တလေး ရွှေပေါက်ဈေးမှာ ၁၆ ပဲရည် တစ်ကျပ် သားလျှင် ကျပ် ၇၈၁,၅၀၀ ရှိ ကြောင်း သိရသည်။

0 comments:

Post a Comment