မှော်ဘီမြို့နယ် စုပေါင်းရုံးမှတ်တိုင်ရောက်သည်နှင့်တစ်ပြိုင်နက် “အဘခြံ၊ အဘခြံ”ဟု ဆိုက်ကားသမားများက တစ်ဖုံ၊ ထော်လာဂျီသမားများက တစ်သွယ် အပြိုင်အဆိုင် အလု အယက်အော်ခေါ်နေကြသည်။ သူတို့အော်ခေါ်နေသည့် အဘခြံဆိုသည်က မှော်ဘီမြို့နယ် မရမ်းတလင်းကျေးရွာရှိ ဆရာမင်းသိင်္ခ၏ မရမ်းတလင်းအယူတော်မင်္ဂလာခြံကြီးဖြစ်သည်။
ရန်ကုန်ကလာသည့် မမြလေးတစ်ယောက် ဟိုင်းလတ်ကားပေါ်က အမြန်ဆင်းလိုက် သည်။ သူလည်း ဆိုက်ကားစီးရမလား၊ ကားစီးရမလား ဇဝေဇ၀ါနှင့် ဈေးနှုန်းကတော့ သိပ် မကွာ၊ ဆိုက်ကားက နှစ်ဦးစီးရင် ကျပ် ၅၀၀၊ ထော်လာဂျီကလည်း တစ်ဦးမှ ကျပ် ၂၀၀ တဲ့၊ တချို့ကလည်း ဖြတ်လမ်းကနေ လမ်းလျှောက်ရင်း အဘခြံထဲကို ၀င်နေကြပြီ။ နောက်ဆုံး စီး နေကျဖြစ်သော ဆိုက်ကားကိုငှား၍ အဘခြံသို့ ပို့ခိုင်းရသည်။
အဘခြံသို့ ဆိုက်ကားနှင့်သွားသူတွေက သွားသလို ထော်လာဂျီနှင့် သွားသူတွေက လည်း ဒုနဲ့ဒေး။ လမ်းလျှောက်သူတွေကလည်း တစ်ပုံတစ်ပင်။ ဘယ်လိုပဲသွားသွား လိုရာခရီး ရောက်ဖို့ကတော့ အဓိကပဲမဟုတ်လား။ အဘခြံကလည်း ဗုဒ္ဓဟူးနေ့ကလွဲ၍ တစ်ပတ်လုံး ယတြာပွဲများနှင့် စည်ကားနေရာ ဆိုက်ကားသမားများ၊ ထော်လာဂျီသမားများ အတွက်တော့ ၀မ်းရေးဖူလုံသည်ဟု ဆိုရမည်။
“ကျွန်တော်တို့က စုပေါင်းရုံးမှတ်တိုင်ကနေ အဘခြံကိုပဲ အားပြုပြီးဆွဲရတာ။ ဓာတ်ကြီး လေးပါး ယတြာပွဲဆိုရင် တစ်ပတ်တစ်ပတ်ကို လူကရာကျော်တယ်။ ညပိုင်း ၇နာရီလောက် ဆိုရင် အဘခြံကို လာတဲ့လူတွေက ၀င်လာမစဲ တသဲသဲပဲ။ နံနက်ပိုင်း အပြန် ၇နာရီခွဲလောက် ဆိုရင်လဲ ဆိုက်ကားတွေ၊ ထော်လာဂျီတွေက အဘရဲ့ခြံဝမှာကြိုပြီး စောင့်နေကြတာ။ ယတြာ ချေအပြီး လူတွေပြေးထွက်လာတာနဲ့ တရုန်းရုန်းတ၀ုန်းဝုန်း ဆိုက်ကားတွေ၊ ထော်လာဂျီတွေ အပေါ် ပြေးတက်ကြပြီး လူပြည့်တာနဲ့ တန်းထွက်ကြတာ။ တချို့ခရီးသည်ဆို မမီလိုက်လို့ လမ်းလျှောက်ပြန်ရတာတောင်ရှိတယ်”ဟု ဆိုက်ကားဆရာက ဆိုသည်။
ဆိုက်ကားဆရာနှင့် စကားကောင်းရင်း အဘခြံသို့ ရောက်မှန်းမသိ ရောက်လာသည်။ အဘခြံက ဧည့်ခန်းဆောင်တွင် ခဏကြာတော့ အင်္ကျီအနီရောင်နှင့် ဘောင်းဘီအနီရောင် ၀တ် ထားသော ဆရာမတစ်ဦးက မနောမယ ထမင်းနှင့် မနောမယ လက်ဖက်ရည်သောက်ရန် လာ ခေါ်သည်။ စားသောက်ဆောင်သို့ ဧည့်သည်အားလုံး မသွားမနေရ တန်းစီ၍သွားကြရာ ရထား တွဲကြီးသဖွယ် ဖြစ်နေသည်။
စားသောက်ဆောင်မှာ တစ်သုတ်ပြီးတစ်သုတ် မနောမယ ထမင်းနှင့် လက်ဖက်ရည်ကို စားသောက်ကြရပြီး ဆရာမင်းသိမ်းခိုင်က “ကြာနေပြီ ကြာနေပြီ မြန်မြန်”ဟု သတိပေးနေ သည်။ ဟုတ်တော့လည်းဟုတ်သည်။ လူအုပ်က ရာကျော်သည်ဆိုတော့ မစားလိုက်ရသူ မရှိ အောင် ဆရာမင်းသိမ်းခိုင်က သန္ဓေတပည့်များကို သတိပေးနေခြင်းပင်။ ဖိုးသူတော်ကလည်း ထမင်းအိုးနားကပင် မခွာနိုင်။ ဧည့်သည်တွေကို ထမင်းထည့်ပေးနေရသည်မှာ လုံးဝ လက် မလည်ပေ။
မနောမယ ထမင်းနှင့် မနောမယ လက်ဖက်ရည်သောက်ပြီးသောအခါ ဓာတ်ကြီး လေးပါး ယတြာအလှူပွဲကျင်းပရာ နာလန္ဓာခန်းမဆောင်သို့ ယတြာချေရန် နေရာယူကြရ သည်။ မမြလေးလည်း ဧည့်စာရင်းတိုင်ရန် ဧည့်ဆောင်သို့ သွားရပြန်သည်။ ဧည့်စာရင်းတိုင်ပြီး သောအခါမှ စိတ်အေးလက်အေး အနားယူနိုင်သည်။
“အန်တီစန်းက ဓာတ်ကြီးလေးပါး အလှူ ယတြာပွဲတိုင်း လာချေတယ်။ အန်တီစန်း ရန်ကုန်မှာရှိနေလို့ကတော့ မချေဘဲနဲ့ကို မနေနိုင်ဘူး။ အန်တီစန်းက တိုင်းရင်းဆေးကုသတာ အနှစ်သုံးဆယ်ပြည့်တော့မယ်။ အခုလဲ အဘရဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီး အန်တီစန်းတတ် ထားတဲ့ တိုင်းရင်းအကြောပညာနဲ့ ကျေးဇူးဆပ်နေပါတယ်။ တခြား ဧည့်ပရိသတ်တွေကိုလည်း အကြောနဲ့ ပတ်သက်တဲ့ရောဂါ၊ အရိုးကျီးပေါင်းတက်တာတို့ကို ကုသပေးနေပါတယ်။ ဓာတ် ကြီးလေးပါး အလှူယတြာကိုတော့ ၂၀၀၂ခုနှစ်က စချေဖူးတာပါ။ အဲဒီတုန်းက အဓိဋ္ဌာန်အောင် မြင်လို့ အဘဆီမှာ ဗေဒင်လက္ခဏာဆရာဖြစ်သင်တန်း တက်ခဲ့တာ အခု သင်တန်းမှူးဖြစ် နေပြီ” ဟု ဆရာမင်းသိင်္ခ၏ တပည့်ရင်းတစ်ဦးဖြစ်သူ လှိုင်သာယာမှ အန်တီစန်းနှင့် စကား လက်ဆုံကျစဉ် ဆိုသည်။
ဓာတ်ကြီးလေးပါး အလှူယတြာပွဲသို့ ယတြာလာချေသူ သုဝဏ္ဏမြို့နယ်မှ ဦးဌေးဝင်းက လည်း “ကျွန်တော်ကတော့ ယုံကြည်လို့လာတာ။ ဓာတ်ကြီးလေးပါးယတြာကို အားလဲကိုး တယ်။ သမီးက လုပ်ကျွေးနေတော့ ကျွန်တော် အေးအေးဆေးဆေး ထိုင်စားရပါတယ်။ ဒါပေမဲ့ ဗေဒင်လက္ခဏာပညာကို ကျွန်တော် ၀ါသနာပါတဲ့အတွက် အဘဆီမှာ ဗေဒင်လက္ခဏာဆရာ ဖြစ် သင်တန်းတက်ဖို့လဲ အစီအစဉ်ရှိတယ်။ အဘဆီကနေ ဗေဒင်လက္ခဏာပညာ သင်ပြီးရင် တော့ သတ္တ၀ါတွေကို ကူညီပါမယ်”ဟု ဆိုသည်။
“ကျွန်တော်ဓာတ်ကြီးလေးပါး အလှူယတြာချေပွဲကို ခဏခဏ လာချေဖူးတယ်။ လာ တိုင်းလဲ ကိုယ်ရည်ရွယ်ထားပြီး ဆုတောင်းထားတဲ့ဟာတွေက တစ်ခုပြီးတစ်ခု အောင်မြင်သွား တယ်။ ထူးတာတော့ အတော်ထူးတယ်။ အရင်ကနှင့်စာရင် အလုပ်အကိုင်ကအစ တော်တော် လေးကို အောင်မြင်လာတယ်။ ကျွန်တော် မန္တလေးမှာ ဖန်စီအရောင်းဆိုင် ဖွင့်ထားပါတယ်”ဟု မန္တလေးမှ စီးပွားရေးလုပ်ငန်းရှင် ဦးစိုင်းက ပြောသည်။
အချို့ကလည်း ယတြာချေ၍ အောင်မြင်ခြင်း၊ မအောင်မြင်ခြင်းကို အဓိကမထားဘဲ ဆရာမင်းသိင်္ခထံတွင် လာရောက်၍ ဓာတ်ကြီးလေးပါး အလှူယတြာချေရသည်ကိုပင် ကျေနပ် နေသည်ကို တွေ့ရသည်။ လှိုင်သာယာက အိမ်ရှင်မတစ်ဦးဖြစ်သူ မအေးချမ်းပိုင်က “အဘဆီ မှာ ယတြာချေတာ အောင်မြင်တာ၊ မအောင်မြင်တာထက် ယတြာချေရတာကိုက စိတ်ရွှင်လန်း တယ်။ ဒီလိုယတြာချေတဲ့အတွက် ထွက်ပေါက်မမှားတော့ဘူးပေါ့။ တချို့ယောက်ျားလေးဆိုရင် စိတ်ညစ်စရာကြုံရင် အရက်သောက်မယ်။ မိန်းကလေးဆိုရင်လဲ ရုပ်ရှင်ရုံသွားတာတို့၊ တခြား ထွက်ပေါက်အမှားတွေကို အများကြီးလုပ်နိုင်တယ်။ အဘရဲ့ မရမ်းတလင်း အယူတော် မင်္ဂလာ ခြံမှာ ဓာတ်ကြီးလေးပါး ယတြာချေတော့ အဲဒီလိုအမှားတွေကို မလုပ်မိတော့ဘူး။ အဘရဲ့ မေတ္တာတရားကလဲ ကြီးမားတယ်ဆိုတော့ အစစအရာရာမှာလဲ အောင်မြင်လာမယ်”ဟု ပြော သည်။
ယခုလို စကားပြောနေရတော့လည်း မောရမှန်းပန်းရမှန်းမသိ ပြောနိုင်သည်။ အချို့ ဧည့်သည်များဆိုလျှင် အချင်းချင်း မှတ်မိနေကြပြီ။ နောက်လိုက်ပြောင်လိုက်နှင့် တကယ့် မိတ်ဆွေအရင်းအချာများကဲ့သို့ပင် ဖြစ်နေကြပြီ။ စကားကောင်းနေလိုက်သည်မှာ အောင်စည် အောင်မောင်းသံများကြားတော့မှ စကားအပြောရပ်သွားတော့သည်။
“အဘရဲ့ မရမ်းတလင်းအယူတော် မင်္ဂလာခြံမှာ ဓာတ်ကြီးလေးပါး ယတြာချေပေးတာ ငါးနှစ်ရှိပြီ။ တစ်ရက်မှ မပြတ်သေးတဲ့လူတွေ ရှိတယ်။ တချို့ကလည်း သုံးရက်၊ ငါးရက်၊ ကိုးရက် အဓိဋ္ဌာန်တွေဝင်ကြတယ်။ အဲဒါ အဘလဲ မတိုက်တွန်းဘူး။ သူတို့ဘာသာ သူတို့ သတ်သတ်မှတ်မှတ်နဲ့ အဓိဋ္ဌာန်ဝင်ကြတာ”ဟု ဆရာမင်းသိင်္ခက ပြောပြသည်။
ရှိသမျှသော သက်ရှိသက်မဲ့အရာအားလုံးမှာ ပထ၀ီ၊ တေဇော၊ အာဘော၊ ၀ါယော ဓာတ်ကြီးလေးပါးပေါ်တွင် မှီတည်ဖြစ်ပေါ်နေကြောင်း၊ အဆိုပါ ဓာတ်ကြီးလေးပါး ဖောက်ပြန် သည်နှင့် တစ်ပြိုင်နက် ဓာတ်ကြီးလေးပါးအားမှီပြီး ဖြစ်တည်နေသော သက်ရှိ သက်မဲ့အရာ ၀တ္ထုများလည်း ဟန်ချက်ပျက်၍ ကမောက်ကမ ကပြောင်းကပြန် ဖြစ်ကုန်ကြောင်း သိရသည်။ ဓာတ်ကြီးလေးပါး ဖောက်ပြန်ပါက ကျန်းမာရေးညံ့ခြင်း၊ စီးပွားရေးအဆင်မပြေခြင်း၊ လုပ်ငန်း များ ထစ်ငေါ့ကြန့်ကြာခြင်း၊ အမှုအခင်းကြုံတွေ့ခြင်း စသော အခက်အခဲဒုက္ခများအား ခံစားရ တတ်သဖြင့် အဆိုပါ အခက်အခဲများမှ လွတ်မြောက်စေရန် ဓာတ်ကြီးလေးပါး အလှူယတြာ ချေပေးရခြင်းဖြစ်သည်ဟု ဆရာမင်းသိင်္ခက ဆိုသည်။ ထိုသို့ဓာတ်ကြီးလေးပါး အလှူယတြာ ချေရာ၌ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးနှင့်တကွ ရဟန္တာ အရှင်သူမြတ်အပေါင်းတို့အား ပထ၀ီ(မြေ)ဓာတ်ကို ကိုယ်စားပြုသော နို့ဆွမ်းပန်းကန် ၂၀၊ တေဇော (မီး)ဓာတ်ကို ကိုယ်စား ပြုသော ဖယောင်းတိုင်လေ တိုင်၊ အာဘော(ရေ)ဓာတ်ကို ကိုယ်စားပြုသော သောက်တော်ရေ ၁၂ခွက်၊ ၀ါယော(လေ)ဓာတ်ကို ကိုယ်စားပြုသော ရောင်စုံယပ်ခြောက်လက်တို့ကို လှူဒါန်းပူ ဇော်ခြင်းဖြစ်သည်။
“ဒီကိုလာတဲ့ ဧည့်ပရိသတ်တွေက ညအိပ်ရမှာဆိုတော့ မှတ်ပုံတင်တော့ မဖြစ်မနေယူ လာရပါတယ်။ နောက်ပြီး ယတြာချေတဲ့အချိန်မှာ အဘက အဓိဋ္ဌာန်ပုတီးစိပ်ခိုင်းမှာမို့လို့ ၁၀၈ လုံး ပုတီးယူလာရပါတယ်။ အဘရဲ့ တပည့်တွေကလဲ ဧည့်ပရိသတ်တွေကို ကံဆင့်ကံဆက် ယတြာချည်မန်းကွင်းတွေကို စလွယ်သိုင်းပေးတယ်။ အင်း၊ စမတွေနဲ့ စီမံထားတဲ့ စလွယ်တွေ ကိုလဲ ထပ်ပြီးတော့ ပတ်ပေးတယ်။ လူကိုယ်တိုင် မလာနိုင်တဲ့လူကျတော့ ကိုယ်စားလာတဲ့ လူကနေ ဓာတ်ပုံယူလာပေးတယ်။ အဲဒီဓာတ်ပုံကို ပတ်ပေးရတယ်။ ပြီးတော့မှ အဘမင်းသိင်္ခ ရွတ်ဆိုရန် ညွှန်ကြားထားတဲ့ ဥုံဂါထာတွေကို ရွတ်ဆိုတာတို့၊ မြောက်ကျွန်း၊ မူလသမ္ဗုဒ္ဓေဂါထာ တော်တွေ ရွတ်ဆိုတာတို့၊ ပုတီးစိပ်တာတို့အပြင် တခြားအဓိဋ္ဌာန်တွေကို တစ်ခုချင်း လုပ် ဆောင်ရပါတယ်”ဟု ဆရာမင်းသိင်္ခ၏ အတူနေတပည့်ရင်းတစ်ဦးဖြစ်သူ ဆရာမင်းသိမ်းခိုင်က ဆိုသည်။
ထို့ပြင် ဆရာမင်းသိင်္ခနှင့်တကွ တပည့်ရင်းတစ်ဦးဖြစ်သူ ဆရာဇင်ယော်နီတို့က ဓာတ် ကြီးလေးပါး အလှူယတြာ လှူဒါန်းပူဇော်ပွဲကြီးကို ဦးဆောင်ကျင်းပလျက်ရှိကြောင်း၊ မြတ်စွာ ဘုရားရှင် ကိုယ်တော်မြတ်ကြီးနှင့်တကွ ရဟန္တာ အရှင်သူမြတ်အပေါင်းတို့အား ဓာတ်ကြီး လေးပါး ဆွမ်းနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းဖြစ်ပြီး မြန်မာဝိဇ္ဇာများနှင့် ကမ္ဘာ တစ်ဝန်းတွင်း၌ရှိသော ၀ိဇ္ဇာကြီးများကိုပါ ပင့်ဖိတ်ထားကြောင်း သိရသည်။ ထို့ပြင် ဆရာမင်း သိင်္ခ အနေဖြင့် အင်္ဂါနေ့ညတွင် ပြုလုပ်သော ဓာတ်ကြီးလေးပါးယတြာအလှူ လှူဒါန်းပူဇော်ပွဲ ကြီးတွင် ဆရာစားမချန်ဘဲ မဟာဘုတ်ဗေဒင်ပညာများနှင့် ယတြာချေပုံ နည်းလမ်းအစုံကို ပညာဒါန ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
တိတ်ဆိတ်ငြိမ်သက်သော ညချမ်းအချိန်အခါတွင် ဆရာမင်းသိင်္ခ၏ အနီဃာဟောန္တု၊ အဗျာ ပဇ္ဇာ ဟောန္တု၊ သုခိအတ္တာနံပရိဟရန္တု...အရှေ့၊ အနောက်၊ တောင်၊ မြောက် အရပ်ဆယ် မျက်နှာသို့ မေတ္တာပို့သံမှာ အရပ်ဆယ်မျက်နှာတိုင် စီးဝင်းပျံ့နှံ့သွားသည်။ အုန်းမောင်း ခေါက်သံနှင့်အတူ နောက်နေ့ နံနက်အရုဏ်တက်ချိန်သို့ ရောက်ရှိလာရာ ဧည့်ပရိသတ်ကြီးမှာ အနားယူလှဲနေရာမှ အမြန်အဆန် ထရပြန်သည်။ ထို့နောက် အရုဏ်ဆွမ်းဆက်လက်လှူဒါန်း ပြီးသောအခါ အောင်ဗောဓိပင်တွင် ဝေမာနိကပြိတ္တာများအား ဒါနပြုစွန့်ကြဲခြင်း၊ မကောင်း သော ဓာတ်များအား ခန္ဓာကိုယ်မှ ခါချခြင်း၊ အောင်အတိတ် အောင်နိမိတ်ယူ၍ အောင်မြေနင်း ကာ ပူဖောင်းများဖောက်ခြင်းတို့ကို ပြုလုပ်ပြီး မရမ်းတလင်း အယူတော်မင်္ဂလာခြံမှ မိမိတို့ အကြံအစည်များ အောင်မြင်အောင် အရှိန်အဟုန်ဖြင့် ပြေးထွက်ကြရသည်။
အောင်အတိတ် အောင်နိမိတ်ဆောင်ပြီး အောင်မြေနင်းကာ ပူဖောင်းများဖောက်၍ ပြေးထွက်စဉ်တွင် အိပ်ချင်သောစိတ်များပင် ဘယ်ရောက်သွားသည်မသိ။ ကြက်ပျောက် ငှက် ပျောက် ပျောက်ကုန်သည်။ ပူဖောင်းအတွင်း ရေများထည့်ထားသောကြောင့် တစ်ကိုယ်လုံး လည်း ရေများဖြင့် ရွှဲရွှဲစိုကုန်သည်။ မြန်မာ့နှစ်သစ်ကူးအချိန်ကာလ သင်္ကြန်ပွဲတော်သို့ပင် ရောက်နေသည့်အလား ခံစားရသည်။ မရမ်းတလင်း အယူတော်မင်္ဂလာခြံကြီးမှ ဓာတ်ကြီး လေးပါး ယတြာချေသော ဧည့်ပရိသတ်များမှာ ရွှင်လန်းတက်ကြွသော စိတ်ဓာတ်များဖြင့် မိမိတို့၏ ရုံးများ၊ အိမ်များ၊ ကျောင်းများ၊ လုပ်ငန်းခွင်များသို့ သက်ဆိုင်ရာတာဝန်များ မလစ် ဟင်းစေရန်အတွက် အပြေးအလွှား သွားကြလေပြီ။ ပျက်နေသော ဓာတ်တစ်ပါးပါး အထူးပြု ပြင်မှု ခံယူပြီးပြီဆိုသည့် စိတ်ခံစားချက်တို့ဖြင့် အားလုံး၏ ခြေလှမ်းတို့က ပေါ့ပါးသွက်လက် နေလေသည်။

0 comments:
Post a Comment