Pages

Saturday, September 15, 2012

ယုဇနစားအုန်းဆီစက်ရုံ ကိစ္စ ဆန္ဒဖော်ထုတ်ဖေါ်သွားမည်



ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်
ရှုခင်းသာရပ်ကွက် လူနေအိမ်ခြေများနှင့် နီးကပ်စွာတည်ဆောက်လည်ပတ်လျက်ရှိသည့်
မီးခိုးများ၊ ပြာမှုန့်များနှင့် အနံဆိုးများ

ထွက်ရှိနေသော ယုဇနစားအုန်းဆီစက်ရုံကိစ္စ ပိုင်ရှင်
ဦးဌေးမြင့်၏ ဖြေ ရှင်းချက်နှင့်ပတ်သက်၍ ရပ်ကွက်နေပြည်သူများက ကျေနယ်မှု
မရှိသောကြောင့် ဆန္ဒဖော်ထုတ်မှုကို စက်တင်ဘာလ၁၇ရက်နေ့တွင်ဒုတိယအကြိမ်မြောက်
လျှောက်ထားမည်ဖြစ်ကြောင်း အထက်ပါအနံဆိုးများ ပပျောက်ရေးဆောင်ရွက်နေသူ ရပ် ကွက်နေပြည်သူများ၏ ပြောကြားချက်အရ သိရသည်။

ပထမအကြိမ် ဆန္ဒဖော်ထုတ်မှုပြုလုပ်ရေးကို စက်တင်ဘာလ ၁၄ ရက်နေ့က လျှောက်
ထားခဲ့သော်လည်း သာကေတမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစန်းမင်းနှင့် သက်ဆိုင်ရာ
အာဏာပိုင်များ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆောင်ရွက်ပေးမှုဖြင့် စက်တင်ဘာလ
၁၅ရက်နေ့ ညနေပိုင်းက အဆိုပါ စက်ရုံအနီး သာကေတမြို့နယ် ၆/အ ရှေ့ရပ်ကွက်
ရှု့ခင်းသာလမ်းမပေါ်ရှိနတ်မောက်ဘုန်းတော်ကြီးကျောင်းတွင် တွေ့ဆုံဆွေးနွေးမှုများ
ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် ရပ်ကွက်နေပြည်သူများက တွေ့ဆုံဆွေးနွေးမှုပြုလုပ်
သည့်နေ့မှစ၍ မီးခိုး၊ပြာမှုန်နှင့် အနံဆိုးများ လုံးဝမထွက်စေရန် တရားဝင်ထုတ်ပြန်ပေးရန်၊ စက်ရုံတည်ဆောက်မှုကြောင့် ထိခိုက်ခဲ့ရသော ရပ်ကွက်အတွင်း ရေ စီးရေလာ
ကောင်မွန်မှုကို ယုဇနစားအုန်းဆီစက်ရုံမှ ပြန်လည်ဆောင်ရွက်ပေးရန်၊

မီးခိုးပြာမှုန်နှင့် အနံဆိုးများ ထပ်မံထွက်ပေါ်နေခြင်းရပ်ကွက်အတွင်း ရေစီးရေလာဆိုး
ဝါးနေခြင်းများ ဖြစ်ပေါ်လာပါက စက်ရုံအနေဖြင့် တရားစွဲဆိုခံပါမည်ဟု စက်ရုံမှ တရားဝင်
ဝန်ခံကတိပြုရန် စသည့်အချက်တို့အား တောင်းဆိုခဲ့ကြောင်း သိရသည်။

ရပ်ကွက်နေပြည်သူများ၏ အဓိကတောင်းဆိုချက်သုံးချက်နှင့် ပတ်သက်၍ ဦးဌေးမြင့်က ရေဆိုးများ ပိတ်ဆို့နေမှုနှင့် ပြာမှုန်များထွက်ရှိနေမှုကို အမြန်ဆုံးဖြေရှင်းပေးမည်ဟု ပြောဆိုခဲ့သော်လည်း အရေးအကြီးဆုံးအချက်ဖြစ်သည့် အနံ့ဆိုး ထွက်ရှိနေမှုကိစ္စနှင့် ပတ်သက်၍မူ ပညာရှင်များခေါ်
ယူထားပြီး လိုအပ်သောပစ္စည်းများ ရောက်ရှိရန်သုံးလေးလခန့်ကြာမြင့်မည်ဖြစ်ကြောင်း
ပြောဆိုသွားကာ ဖြေရှင်းပေးမည့်အနေအထားကို တိတိကျကျ ပြောဆိုသွားခြင်းမရှိကြောင်း
သိရသည်။

'' ကျွန်တော်တို့ရဲ့ အဓိကပြဿနာက အနံ့ဆိုးထွက်နေတဲ့ ကိစ္စပဲ။ အနံ့က တော်တော်ကြီး
ကို ဆိုးတယ်။

ကြာရင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေ ဖြစ်လာနိုင်တယ်။ အဲဒီအဓိက
ပြဿနာနဲ့ ပတ်သက်ပြီးတော့ သူ့ဘက်က ဘာမှ ရှင်းရှင်းလင်းလင်း ပြောမသွားဘူး။

ပညာရှင်တွေ၊ လိုအပ်တဲ့ပစ္စည်းတွေကလည်း သုံးလလောက်နေမှ ရောက်မယ်။
အရင်ကလည်း အဲလိုပဲ ပြောသွားတာပဲ။ ကျွန်တော်တို့ဘက်ကတော့ အဲဒီအခြေ
အနေကို လုံးဝမယုံကြည်တော့ဘူး။

ကျွန်တော်တို့ဘက်က တောင်းဆိုချင်တာက အနံ့ကိစ္စ မဖြေရှင်းနိုင်သေးမချင်း စက်ကိုရပ်ထားပေး။ နောက်ထပ်အနံ့ လုံးဝမခံနိုင်တော့ဘူး'' ဟု ရပ်ကွက်နေပြည်
သူတစ်ဦးက ပြောပါသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ သာကေတမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်စိုးက'' ပြည်သူလူထုရဲ့ ဆန္ဒပြင်းပြနေရင်တော့ ကျွန်တော့်အနေနဲ့ကတော့
လွှတ်တော်ကို တင်ပေးရမှာပေါ့။

ကျွန်တော်ပြီးခဲ့တဲ့လကတည်းက လွှတ်တော်ကိုတင်ဖို့ ကြိုးစားပါတယ်။ အဲဒီမှာ ဦးဌေးမြင့်က ကျွန်တော်ရပ်မိရပ်ဖတွေနဲ့ ညှိပါရစေ။ ကျွန်တော်အနံ့မထွက်အောင်၊ အမှုန်မထွက်အောင်
လုပ်ပါ့မယ်ဆိုလို့ မတင်ဖြစ်ခဲ့တာ။

အခု ရပ်မိရပ်ဖတွေနဲ့ တွေ့ပေးတာ။ မကျေလည်ဘူးဆိုရင်တော့ လွှတ်တော်အပိုင်းက ဆောင်ရွက်ရမှာပေါ့''ဟု ပြောကြားခဲ့သည်။

အရေးဆိုသည့်နေရာတွင် တိတိကျကျအဖြေတစ်ခုထွက် မလာသည့်အတွက် စီတန်းလှည့်
လည်ပြီး ဆန္ဒဖော်ထုတ်ဖို့ ဆက်လက်လုပ်ဆောင်သွားခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ အနံ့များ
မထွက်ရန်၊ မီးခိုးများမထွက်စေရန် လုပ်ပေးမည်ဟုဆိုကာ ယခင်ကလည်း ပြောဆိုခဲ့
ဖူးကြောင်း၊

သို့သော် လွန်ခဲ့သည့် တစ်လကျော်ခန့်ကပင် နှစ်လအတွင်း အနံ့ဆိုးနှင့်မီးခိုးပြာမှုန်များ
ရောက်မလာအောင် နိုင်ငံခြားပညာရှင်များ ခေါ်ယူပြီး ဆောင်ရွက်ပေးမည်ဟုပြောခဲ့သော်
လည်းယခုလဆန်းပိုင်းတွင် အနံ့ဆိုးများ၊ ပြာမှုန်များ ဆိုးဝါးစွာထွက်လာသည့်အတွက် ယခုကဲ့သို့ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရပ်ကွက်ပြည်သူများက ပြောကြားခဲ့သည်။

သာကေတမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစန်းမင်းက''ကျွန်တော်ကိုယ်တိုင်လည်း ပြည်သူပါပဲ။
ကျွန်တော်လည်း ဒီအနံ့ကို ခံစားရပါတယ်။ ဆန္ဒဖော်ထုတ်မယ်ဆိုရင်လည်း
ဒီအကြောင်းအရာ ဒီခေါင်းစဉ်ပဲသွားမှာဆိုတော့ စနစ်တကျ အေးအေး ချမ်းချမ်း
တွေ့ဆုံဆွေးနွေးဖို့ ညှိနှိုင်းပေးခဲ့တာပါ။

ဒီနေ့မှာ ပြည်သူကလည်း ဒီဒုက္ခကို ခံစားရတာကြာပြီဆိုတော့ ဖြစ်ချင်ဇောကြီးနေသလို ပိုင်ရှင်ဘက်ကကြည့်မယ်ဆိုရင်လည်း ဒီပြဿနာတွေ ဖြေရှင်းဖို့အတွက် နိုင် ငံခြားက နည်းပညာအကူအညီနဲ့ ဆောင်ရွက်ရမှာဖြစ်လို့ ချက်ချင်းမဆောင်ရွက်နိုင်ဘူး။

ဒီလိုအနံဆိုးထွက်တဲ့ စက်ရုံမျိုးကတော့ ပြည်သူတွေရဲ့ အနီးပတ်ဝန်းကျင်မှာ မရှိသင့်ပါဘူး''ဟု ပြောကြားခဲ့ပါသည်။

ယင်းစက်ရုံကို ၂၀၀၄ ခုနှစ်ကတည်းက စတင်တည်ဆောက်ခဲ့ပြီး ၂၀၀၆ ခုနှစ်တွင်
စတင်လည်ပတ်ခဲ့ကာ အဆိုပါလည်ပတ်သည့် အချိန်မှစ၍ အနံ့ဆိုးများကို ခံစားခဲ့ရခြင်း
ဖြစ်ကြောင်း ရပ်ကွက်နေပြည်သူများ၏ ပြောကြားချက်အရ သိရပါသည်။


Eleven Media Group

0 comments:

Post a Comment