Pages

Thursday, September 13, 2012

စစ်တွေတက္ကသိုလ် ဆရာများ လစာဖြတ်ခံရ



ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော
ပဋိပက္ခများကြောင့် စစ်တွေ တက္ကသိုလ်မှ
ဆရာ၊ ဆရာမ ၈၀ ကျော်သည် မိမိတို့ နေရပ်
ဒေသ အသီးသီးသို့ ပြန်သွားကြပြီး
အချိန်မီ ပြန်ရောက်မလာသောကြောင့် လစာ
ဖြတ်တောက်ခံရသည်။

ဇွန်လဆန်းက စတင်သော ပဋိပက္ခများကြောင့် စစ်တွေ တက္ကသိုလ်အပါအ၀င်
တက္ကသိုလ်များအား ခေတ္တ ပိတ် ထားရသဖြင့် ပြန်သွားကြ သော ဆရာ၊ ဆရာမ
များကို ဇူလိုင် ၂၀ ရက်တွင် ပြန်လာကြရန် စစ်တွေ တက္ကသိုလ် ပါမောက္ခချုပ် က
စာထုတ်ထားသော်လည်း အကြောင်းအမျိုးမျိုးကြောင့် ပြန်မရောက်သူများ၏
လစာဖြတ်ခံရ ကြောင်း စစ်တွေ တက္ကသိုလ်မှ ကျောင်း ဆရာတဦး က
ဧရာဝတီ ကို ပြောသည်။

“အရေးပေါ်ကာလ ဖြစ်တဲ့အတွက် ၂၀ ရက်မှာ အားလုံးအရောက်ပြန်လာဖို့၊ မရောက်
ဘူးဆိုရင် ရက်အလိုက် လစာဖြတ်မယ် ဆိုတဲ့ အကြောင်းကို ပါမောက္ခချုပ်က ကြိုတင်ပြောထားတာ တော့ရှိတယ်၊ ဖြတ်ခံရတဲ့ ငွေက ကျပ်သိန်း ၅၀ ၀န်းကျင် လို့ သိ
ရတယ်”ဟု ၎င်း က ဆိုသည်။

ဆရာ၊ ဆရာမ များ၏ လစာဖြတ်တောက်ခြင်းကို ပြည်ထောင်စုအဆင့် ပညာရေးဝန်
ကြီးဌာနက တိုက်ရိုက်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ တဦးလျှင် ၁၀ ရက်မှ ၁၅ ရက်စာ
ဖြတ်ခံရ၍ လစာ တ၀က်ခန့်သာ ရကြကြောင်း၊ တက္ကသိုလ် ဆရာ၊ဆရာမ တဦး၏
လစာသည် ကျပ် တသိန်း ၃ သောင်းရှိကြောင်း၊ စစ်တွေ တက္ကသိုလ်တွင် ဆရာ၊
ဆရာမ ဦးရေ ၂၀၀ ၀န်းကျင်ရှိ ကြောင်း သိရသည်။

စစ်တွေ တက္ကသိုလ်မှ ဆရာ၊ ဆရာမများ လစာဖြတ်တောက်ခံရမှု ကိစ္စကို ပြန်လည်
စဉ်းစားပေးရန်အတွက် တက္ကသိုလ် ဆရာ၊ဆရာမများအသင်း ( ရန်ကုန် တက္ကသိုလ်၊
ဒဂုံ တက္ကသိုလ်၊ ရန်ကုန် အရှေ့ပိုင်းတက္ကသိုလ်၊ ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်)
စသည့် တို့မှ ဆရာ၊ ဆရာများသည် စက်တင်ဘာလ ၁၁ နေ့ ရက်စွဲဖြင့်
မေတ္တာရပ်ခံစာ တစောင်ထုတ်ပြန်၍ သက်ဆိုင်ရာ ဌာန များသို့ ပေးပို့ထားကြောင်း ပေါ်ပြူလာဂျာနယ်၌ ဖော်ပြထားသည်။

ရန်ကုန်အခြေစိုက် တက္ကသိုလ် ဆရာ၊ ဆရာမ အသင်း ၏ ထုတ်ပြန်ချက်အား နိုင်ငံတော်
သမ္မတရုံး၊ ပညာရေး ၀န်ကြီးဌာန၊ လွှတ်တော်ရေးရာ ဌာနများသို့ ပေးပို့
ထားကြောင်းလည်း သိရသည်။

အဝေးရောက်နေသည့် ဆရာ၊ ဆရာမ များသည် ခရီးလမ်းကြောင်း၊ လမ်းစရိတ်၊
မိသားစု အရေး စသည့် အခက်အခဲများ အပြင် ရခိုင်ဒေသတွင်း ထုတ်ပြန်ထားသည့်
ပုဒ်မ ၁၄၄ အမိန့် စသည့် အခြေအနေတို့ကြောင့် လုံခြုံရေး စိုးရိမ်မှုများ ရှိနေသေး
ခြင်း စသည့် အခြေအနေများ ရှိနေခြင်းအပေါ်
မိသားစုသဘောထားဖြင့် ပြန်လည်သုံးသပ်ပေးရန် ကြေညာချက်၌
ဖော်ပြထားကြောင်း ပေါ်ပြူလာဂျာနယ်က ရေးထားသည်။

ဇွန်လဆန်းမှ စတင်ပြီး စစ်တွေမြို့နယ် အပါအ၀င် ရခိုင်ပြည်၏ မြို့အများစု၌ ပဋိပက္ခများဖြစ်ပွားသည့်အတွက် တက္ကသိုလ်များ၊ ကောလိပ်များ၊ အခြေခံပညာ
ကျောင်းများ ပိတ်ထားခဲ့ရသည်။

တက္ကသိုလ်တချို့နှင့် အခြေခံ ပညာကျောင်း တချို့အား ဇူလိုင် လ အတွင်း ပြန်လည်
ဖွင့်ခဲ့ပြီး စစ်တွေ တက္ကသိုလ် (ပင်မ )အား သြဂုတ်လ ၆ ရက်နေ့တွင်
ပြန်လည်ဖွင့်လှစ်ခဲ့သည်။

ထိုပဋိပက္ခ များကြောင့် မောင်တော၊ ဘူးသီးတောင်၊ စစ်တွေ စသည့်မြို့နယ်များ
မှ ဒေသခံ မဟုတ်သည့် ဆရာ၊ ဆရာမ များ သည် မိမိဒေသ အသီးသီးသို့
ပြန်သွားကြသည်။

စစ်တွေ တက္ကသိုလ် ဆရာ၊ ဆရာမ အများစု သည် ရခိုင်ပြည် နယ်နှင့် ရန်ကုန်တိုင်း
တို့မှ ဖြစ်ပြီး မြန်မာနိုင်ငံ အနှံ့မှ ပါဝင်ကြောင်း သိရသည်။

ရခိုင်ဒေသတွင်း ဖြစ်ပေါ်ခဲ့သော ပဋိပက္ခများ၊ အကြမ်းဖက်မှုများကြောင့် စစ်တွေ၊
ဘူးသီးတောင်၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ သံတွဲ စသည့် မြို့နယ်များကို ညမထွက်ရ
အမိန့် ပုဒ်မ ၁၄၄ အား သမ္မတ ဦးသိန်းစိန် က ဇွန်လ ၁၀ ရက်နေ့တွင်
ကြေ ညာခဲ့ခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်ကို ထိုနေ့မှ စ၍ အရေးပေါ် အခြေအနေလည်း ကြေညာခဲ့သည်။
အကြမ်းဖက်မှု စတင်ခဲ့သည့် မောင်တောမြို့၌ ဇွန်လ ၈ ရက်နေ့က စတင်၍
ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့သည်။

ရခိုင်ဒေသတွင်း ပဋိပက္ခဖြစ်ပွားပြီး ၃ လ ကျော်လာသည့်တိုင် တည်ငြိမ်မှု အပြည့်အဝ
မရှိသေးပေ။ လုံခြုံရေး အားနည်း သည့် မြို့နယ် တချို့တွင် ခိုးမှု၊ လုယက်မှု၊
လူသတ်မှု တချို့ဖြစ်ပွားနေကြောင်း သိရပြီး ကျောက်တော်မြို့နယ် အတွင်းမှ
ဦးကျော်မောင်ချေ ဆိုသူ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း သတ်ဖြတ်ခြင်း ခံခဲ့ရသည်။

ရခိုင်ပြည်နယ် ပဋိပက္ခများအတွင်း လူ ၇၇ ဦးသေဆုံး၍ ဒုက္ခသည်ပေါင်း ခြောက်သောင်း
ကျော်ရှိနေပြီး အရေးပေါ်အကူ အ ညီနှင့် ပြန်လည် ထူထောင်ရေး အကူအညီများ
လိုအပ်နေသည်ဟု နယ်စပ်ရေးရာ ၀န်ကြီးဌာန ၀န်ကြီး ဒု ဗိုလ်ချုပ်ကြီး သိန်းဌေး က
ဇူလိုင် ၃၀ ရက်က ရန်ကုန်မြို့ နိုင်ငံခြားရေး ၀န်ကြီးဌာန ၌ ကျင်းပသော အစိုးရ သတင်းရှင်းလင်းပွဲတွင် ပြောသည်။

(ဧရာဝတီ)

0 comments:

Post a Comment