ချယ်ဆီးမှာ စတားဖြစ်ဖို့ မဟုတ်ပါ အသင်းဖော်တွေကို ကူညီချင်တာဘဲ ရှိတယ် (ချယ်ဆီးစတား အေဒင်ဟာဇက်)
ချယ်ဆီးနှင့် လာရောက် ပူးပေါင်းခြင်းမှာ အပြာရောင် အဆိုပါကလပ်တွင် မာန်လာတက်ဖို့ ပူးပေါင်းခဲ့တာ မဟုတ်ကြောင်း ပရီးမီးယာလိဂ်သရဖူကို အနိုင်ရဗိုလ်စွဲဖို့ ၄င်း၏ အသင်းဖော်များကို ကူညီဖို့သာ စိတ်ကူးရှိသည်ဟု ပြောကြားသွားခြင်း ဖြစ်သည်။
ယခုနှစ်နွေရာသီတွင်း ပေါင် ၃၂သန်းဖြင့် စတန်းဖိုဒ့်ဘရစ်သို့ အဆိုပါ ၂၁နှစ်သား ကွင်းလယ်တိုက်စစ်မှူးသည် ရောက်ရှိလာခြင်း ဖြစ်ပြီး ယခင် လိုင်လီအသင်းမှနေ ပြောင်းရွှေ့ချိန်ကစပြီး ချယ်ဆီးအသင်းတွင် ခရာကျနေခဲ့သူလည်း ဖြစ်သည်။ နယူးကာဆယ်အား နည်းပြ ရော်ဘတ်တိုဒီမက်တီယို၏ အသင်း အောင်ပွဲစဉ်ခဲ့တုန်းက ၄င်း၏ ပထမဆုံးဂိုးကို သွင်းယူနိုင်ခဲ့သော်လည်း ယင်းမတိုင်မှီ ပွဲများဖြစ်သည့် ရီးဒင်းနှင့် ၀ီဂန်တို့ကို အနိုင်ရစဉ်ကလည်း ဟာဇက်သည် အဓိကအကျဆုံး ကစားသမား ဖြစ်ခဲ့သည်။
ထိုသို့ လျှပ်စီးပမာ လျှင်လျှင်မြန်မြန်ဖြင့် အသင်းတွင် အရေးပါလွန်းသူ တစ်ယောက် ဖြစ်ခဲ့သော်လည်း ထင်ပေါ်ကျော်ကြားသူ တစ်ယောက်ဖြစ်ဖို့ ဆန္ဒမရှိကြောင်းကို အဆိုပါ ဘယ်လ်ဂျီယံသားက ယခုလို ဖွင့်ဟပြောကြားသွားခဲ့သည်။
“အသင်းဖော်တွေနဲ့ အချိတ်အဆက်မိမိ အံဝင်ချင်တာကိုဘဲ သဘောကျပါတယ်။ ကျွန်တော် ဒီကို ရောက်လာတာ ထင်ပေါ်ကျော်ကြားတဲ့ စတားတစ်ယောက် ဖြစ်ဖို့ မဟုတ်ပါဘူး။ ဒါတွေကို လုပ်ဖို့ မဟုတ်ပါဘူး။ တခြားသူတွေနဲ့အတူ ပြေးလွှားကစားဖို့ ရောက်လာတာပါ။ ဒါပေမဲ့ တကယ်လို့သာ ပွဲတစ်ပွဲကို ကျွန်တော်ဟာ အပြီးသတ်နိုင်ဖို့ ကြိုးစားအားထုတ်ရမယ် ဆိုရင်လည်း ကျွန်တော် လုပ်သွားမှာပါ။”
ချယ်ဆီးအသင်းသည် ဟာဇတ်ကို ခေါ်ယူလိုက်နိုင်ခြင်းမှာ အခြားသော ဥရောပကလပ်ကြီးများကို အနိုင်ယူလိုက်ခြင်းလည်း ဖြစ်သည်။ ဟာဇက်အရင် ရောက်လာသည့် တနိုင်ငံတည်းသား ပရီးမီးယားလိဂ်ရောက် ကစားသမားများမှာ ဖလိုင်နီ၊ ဒမ်ဘီလီ၊ ဂျန်ဗီတိုဂမ်နှင့် ဗင့်ဆင့်ကွန်ပနီတို့ ဖြစ်ကြပြီး ထိုကစားသမားများသည်လည်း ခြေစွမ်းပြလျက် ရှိနေကြသည်။
မည်သို့ပင် အစကောင်း အောင်မြင်နေစေကာမူ ဟာဇက်အနေဖြင့် အင်္ဂလိပ်ဘောလုံးလောကတွင် ရှင်သန်နိုင်ရေးအတွက်မူ စိန်ခေါ်မှုများကို ရင်ဆိုင်ရဦးမည် ဖြစ်ကြောင်းကိုလည်း ၀န်ခံသွားခဲ့သည်။
“ဒီမှာက တူကိုမတူတာပါ။ လိုင်လီနဲ့တုန်းကဆိုရင် ကျွန်တော်တို့ ပြင်သစ်တောင်ပိုင်းကိုသွားရင် ကျွန်တော်တို့ ပရိသတ်တွေက ဟိုကို လိုက်မလာဘူးဗျ။ ဒါပေမဲ့ ချယ်ဆီးမှာကျတော့ ကစားသမားတွေဟာ တခြားအဆင့် တစ်ခုမှာ ရောက်နေတာကိုး။ ကျွန်တော်အတွက်တော့ အရာရာဟာ ပြောင်းလဲသွားခဲ့ပါတယ်။ ဘာသာစကားရော၊ နိုင်ငံဝန်းကျင်ရော အကုန်ပေါ့။ ဒါပေမဲ့ အဲဒါတွေနဲ့ လိုက်လျောညီထွေဖြစ်အောင် ကြိုးစားရဦးမှာပါ။”ဟု ထပ်လောင်း ပြောသွားခဲ့သည်။

0 comments:
Post a Comment