Pages

Wednesday, November 14, 2012

အများမေတ္တာနဲ့ အသက်ဆက်ကြတဲ့ တတိယအရွယ်ဘ၀များ



မြို့ရဲ့အစွန်တစ်နေရာ တောင်ကုန်ပေါ်က တဲအိမ်လေးဟာ သူမနေထိုင်ရာနေရာလေးပါ။ တဲအိမ်လို့ ဆိုပေမဲ့ ထရံအပိုင်းအစတွေကို စုစည်းပြီးရက်ထားတဲ့ မီးခြစ်ပုံးအကြီးစားလေးလိုပါပဲ။ ခပ်ယိုင်ယိုင် လေး။ အဲ့ဒီတဲအိမ်လေးမှာ ဒေါ်မေ တစ်ယောက်တည်း နေထိုင်လာခဲ့တာ ( ၁၀ )နှစ်ရှိပြီ။

ယောဂီရောင် ခပ်နွမ်းနွမ်းရင်ဖုံးအင်္ကျီနဲ့ ခရမ်းရောင်ဖျော့ဖျော့လုံချည်ကို ၀တ်ဆင်ထားတဲ့ ဒေါ်မေက  အသက်(၇၁)နှစ်ရှိနေပါပြီ။

`ဒီအရွယ်မှာ အလုပ်တစ်ခုကို စိတ်ထဲကလုပ်ချင်နေပေမယ့် ကိုယ်တိုင်ကိုယ်ကျ ဘာမှသိပ်မလုပ် နိုင်တော့ဘူး၊ တစ်ခါ တစ်လေကျတော့ လောကကြီးမှာ လူပိုတစ်ယောက်ဖြစ်နေသလို ခံစားရတယ်´ လို့ သူမက ပြောတယ်။

သူမက ကျောက်မဲမြို့မှာရှိတဲ့ လူမှုကူညီရေးအဖွဲ့တစ်ခုရဲ့ ထောက်ပံ့မှုနဲ့ အဲ့ဒီအိမ်လေးမှာ နေရတာဖြစ်ပါတယ်။

သူမ ငယ်ငယ်က ဘယ်လိုအလုပ်မျိုးကိုဖြစ်ဖြစ် အားသွန်ခွန်စိုက် လုပ်နိုင်ခဲ့တယ်ဆိုတာတွေကို ပြောပြနေတဲ့ အချိန်မှာတော့ သူမရဲ့မျက်ဝန်းတွေမှာ ငယ်စဉ်ကဘ၀အတွက်  ကြည်နူးမှုအရိပ်အရောင် တွေကို မြင်နေရပါတယ်။

အသက်အရွယ် အိုမင်းနေတဲ့လူတစ်ယောက်အတွက် ပတ်ဝန်းကျင်ရဲ့ပြုစုစောင့်ရှောက်မှုဆိုတာ လုံလုံ လောက်လောက်ရှိနေမှ သူတို့ရဲ့တတိယအရွယ်ကို ကောင်းမွန်စွာ ဖြတ်သန်းနိုင်ကြမှာပါ။

၂၀၁၂ ခုနှစ် အောက်တိုဘာလထုတ်ဝေတဲ့  နာမည်ကြီးဂျာနယ်တစ်စောင်မှာ သက်ကြီးရွယ်အို အမျိုး သမီးတစ်ယောက် သင်္ဘောပေါ်ကနေမြစ်ထဲကို ခုန်ချပြီး သေဆုံးသွားတယ်လို့သိရပါတယ်။

သက်ကြီးရွယ်အိုတွေဟာ ပတ်ဝန်းကျင်ရဲ့ပြုစုစောင့်ရှောက်မှုကို လုံလုံလောက်လောက်မရရှိတဲ့အခါ သိမ်ငယ် စိတ် မြင့်မားလာတတ်ပြီး လစ်လျှူရှုထားခံရတယ် လို့ကိုယ့်ကိုကိုယ် ယူဆလာတတ်ကြတာ ကို ဖေါ်ပြနေတဲ့ ဖြစ်ရပ် တစ်ခုပါပဲ။

`ကျမငယ်ငယ်ကတည်းကနေ အသက်(၅၀)ထိ ဆေးလိပ်လိပ်တဲ့ အလုပ်ကိုပဲလုပ်ခဲ့တာ။ အခုတော့ ကျမမှာရှိတဲ့ ခွန်အားတွေက အလုပ်တစ်ခုကို ကောင်းကောင်းမလုပ်နိုင်တော့ဘူး၊ ပတ်ဝန်းကျင်က ကူညီတဲ့ အထောက်အပံ့နဲ့ပဲ ကျမရှင်သန်နေရတာ´ လို့ အသက်( ၇၈)နှစ် ရှိပြီဖြစ်တဲ့ ဒေါ်ဝေ ပြောပါတယ်။

အမျိုးသား သက်ကြီးရွယ်အိုတွေဟာ ဘာသာ၊ သာသနာရေးကိစ္စတွေမှာ ပါဝင်လုပ်ဆောင် ခွင့်ရရှိကြပေမဲ့ အမျိုးသမီး သက်ကြီးရွယ်အိုတွေအတွက်ကတော့ ရှင်သန်ရတဲ့နယ်မြေက ပိုကျဉ်း မြောင်းပါတယ်။ သူတို့ဟာ အိမ်မှုကိစ္စလည်း မလုပ်နိုင် ပတ်ဝန်းကျင်မှာရှိတဲ့ လူမှုဘ၀မှာလဲ သူတို့ အတွက်နေရာသိပ်မရှိလှပါဘူး။

`ပူပန်မှုဒုက္ခကင်းဝေးအောင် တစ်ယောက်တည်းနေတယ်ဆိုတာ တစ်ကယ်တမ်းတော့ အသုံးမကျ ပါဘူး။ အထူးသဖြင့် မိန်းမသားတစ်ယောက်အတွက်ပိုပြီး ဒုက္ခများစေနိုင်တယ်´ လို့ အခုအရွယ်ထိ အပျိုကြီးဘ၀နဲ့ နေထိုင်လာခဲ့တဲ့ ဒေါ်ဝေ က ပြောပါတယ်။

“လူတွေက `မိန်းမ´ ဆိုရင် အားနည်းတဲ့ အကာအကွယ်မရှိတဲ့ သနားစရာ သတ္တ၀ါလိုပဲ ကြည့်တတ် မြင်တတ် တယ်၊ အားနည်းတယ် လို့ယူဆရင်လဲ အားပေးဖို့ ကူညီစောင့်ရှောက်ဖို့လိုတယ်၊ အားနည်းတာကို အခွင့်ကောင်း ယူပြီး နိုင်လိုမင်းထက်ပြုမူတာမျိုးတွေ မလုပ်သင့်ဘူး ’’လို့ သူမက ဆက်ပြောပါတယ်၊

လူမှုပတ်ဝန်းကျင်မှာ ကြည့်လိုက်မယ်ဆိုရင်လဲ အိမ်ထောင်သည်အမျိုးသမီးတွေထက် သူမတို့လို တစ်ကိုယ်တည်း အပျိုကြီးတွေဟာ နေ့စဉ်ဘ၀ရှင်သန်မှုမှာ လုံခြုံမှုအားနည်းနေတယ်ဆိုတာ မြင်နေရတယ်လို့ သူမက ဆိုပါတယ်။

`သက်ကြီးရွယ်အိုတွေဟာလဲ လူ့အသိုင်းအ၀ိုင်းထဲကလူတွေပဲ။ ဂရုတစိုက်နဲ့ ပြုစုစောင့်ရှောက် သင့်ပါတယ်´ လို့ ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့မှာရှိတဲ့ သက်ကြီးရွယ်အို စောင့်ရှောက်ရေး (သမရက္ခိတ) အသင်းက အဖွဲ့ဝင်တစ်ဦးဖြစ်သူ မမျိုးခိုင်က ပြောပါတယ်။

မြို့ကြီးတွေမှာရှိတဲ့ သက်ကြီးရွယ်အို အဖိုးအဖွားတွေထက် နယ်စွန်နယ်ဖျားက ကျေးရွာတွေ က ချို့တဲ့ဆင်းရဲ ကြတဲ့ သက်ကြီးရွယ်အိုတွေဟာ စောင့်ရှောက်မှုတွေ ပိုပြီးလိုအပ်နေပါတယ်။

သက်ကြီးရွယ်အိုတစ်ယောက်အတွက် သူ့ရဲ့ပတ်ဝန်းကျင်ဆိုတာ အလွန်အရေးပါမှုတစ်ခုပါပဲ။

ဆွေမျိုးသားချင်းတွေနဲ့ မိသားစုဝင်တွေရဲ့စောင့်ရှောက်မှုကို မရရှိတဲ့သူတွေအတွက် ပတ်ဝန်းကျင် ကနေရရှိမယ့် `အများမေတ္တာ´ကိုပဲ မျှော်လင့်နေကြတာပါ။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလကနေ စပြီးတည်ထောင်ခဲ့တဲ့ လူမှုကူညီရေး အသင်း တစ်ခုရဲ့ စာရင်းဇယားတွေအရ အထောက်အပံ့မဲ့ သက်ကြီးရွယ်အိုတွေမှာ အမျိုးသမီးက (၈၀) ရာခိုင်နှုန်း ရှိနေတာကို ကြည့်ခြင်းအားဖြင့် လူနေမှုအသိုင်းအ၀ိုင်းမှာ အမျိုးသမီးတွေကို စောင့်ရှောက်မှု အားနည်းနေတာကို သိသာစေပါတယ်။

အသက် (၅၅) နှစ်အရွယ် အထက်တန်းပြ ကျောင်းဆရာမ အပျိုကြီးတစ်ယောက်ကတော့

`ကျမသာ အမျိုးသား တစ်ယောက်ဖြစ်ခဲ့မယ်ဆို အခုလိုအဖြစ်မျိုးကို ကြုံရမှာမဟုတ်ဘူး´လို့ ပြောပါတယ်။

တစ်ခါက ဆရာမ ကျောင်းသားတစ်ယောက်ရဲ့ ဖခင်တစ်ဦးဟာ ဆရာမ အိမ်ကို ခိုးဝင်ကာ မဟုတ်တမ်းတရားတွေ အော်ဟစ် ဆဲဆို သွားခဲ့တယ်။ ခုလိုဖြစ်လာတာဟာ ဆရာမတစ်ဦးတည်း နေထိုင်တဲ့ အိမ်မှာ နေထိုင်ခြင်းကြောင့် ကျူးကျော်ဝင်ရောက်ခဲ့တာဖြစ်တယ်။ ဆရာမဟာ တစ်ကြိမ် သာမကဘူး နောက်တစ်ကြိမ် တရားခံမပေါ်ပဲ ဖောက်ထွင်းခံခဲ့ရပါသေးတယ်။

တစ်ကယ်လို့ သူမသာ အမျိုးသားကျောင်းဆရာတစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင် အဲ့လိုလူတွေရဲ့ မထီမဲ့မြင် ပြုလုပ်တာကို ခံရမှာမဟုတ်ဘူး လို့ သူမက ပြောပါတယ်။

ခေတ်ကာလဖွံ့ဖြိုးတိုးတက်လာမှုအရ မြန်မာနိုင်ငံရဲ့ အမြို့မြို့အနယ်နယ်တိုင်းမှာလိုလို လူမှုကူညီရေး အသင်းအဖွဲ့တွေနဲ့ သက်ကြီးရွယ်အိုပြုစုစောင့်ရှောက်ရေးအသင်းတွေလည်း ထူထောင်လာကြတယ်။

သက်ကြီးရွယ်အိုတွေကို ကူညီစောင့်ရှောက်ဖို့အတွက် လူမှုကွန်ယက်တွေကတစ်ဆင့် နိုင်ငံရပ်ခြား မှာရှိတဲ့ စေတနာရှင်တွေပါ ၀င်ရောက်လှူဒါန်းနိုင်ဖို့ လုပ်ဆောင်လာကြတာကိုလည်း တွေ့မြင်နေရပြီ။

`ကူညီထောက်ပံ့မှုတွေရတဲ့အတွက် ကျမအများကြီးဝမ်းသာပါတယ်၊ ကျမလိုပဲ အသက်အရွယ် အိုမင်း နေပြီး အလုပ်မလုပ်နိုင်တော့တဲ့ သက်ကြီးရွယ်အိုတွေအားလုံးကိုလဲ အခုလိုထောက်ပံ့မှုတွေ ရစေချင် ပါတယ်၊ `၀ါး´ ဆိုတာလဲ ငယ်ငယ်တုန်းက `မျှစ်´ ဖြစ်ခဲ့ဖူးသလို သက်ကြီးရွယ်အိုဆိုတာလဲ ငယ်ရွယ် စဉ်က လူ့လောကအတွက် တစ်ထောင့်တစ်နေရာကနေ ပါဝင်ခဲ့ရတဲ့ သူတွေပါပဲ´ လို့ ဒေါ်မေ က ပြောပါတယ်။

နေဖြိုးမြင့် ရှမ်း/မြောက် ( မြစ်မခ )
Myit Makha Mediagroup

0 comments:

Post a Comment