ရုံးခွန်နှင့် တံဆိပ်ခေါင်းခွန်များ အား ၂၀၁၂ ခုနှစ်ဧပြီ ၁ ရက်မှစတင် ၍ အဆ ၁၀၀ တိုးမြှင့်ထားသဖြင့် အမှန်တကယ် နစ်နာနေသူ ပြည်သူ အများစုမှာ တရားစွဲဆိုတိုင်ကြားနိုင် မှုမရှိဘဲအခက်တွေ့နေပြီး ထိုသို့အခွန် များတိုးမြှင့်မှုမှာ လွှတ်တော်အတွင်း ဆွေးနွေး၍ အတည်ပြုတိုးမြှင့်ခြင်း မဟုတ်သဖြင့် ပြန်လည်သုံးသပ်ရန် လိုအပ်ကြောင်း ရှေ့နေများကွန်ရက် မှ တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ပြောကြားသည်။
မြန်မာနိုင်ငံတံဆိပ်ခေါင်းအက် ဥပဒေ နောက်ဆက်တွဲဇယားများပါ အခွန်နှုန်းသတ်မှတ်ချက်များမှာ အချိန်ကာလ ကြာမြင့်သည်နှင့်အမျှ ဆီလျော်မှု မရှိတော့သဖြင့် ပြင်ဆင်သတ်မှတ်ရာမှ ယင်းကဲ့သို့ ယခင်ထက် ၁၀၀ ရာခိုင်နှုန်း တိုးမြှင့်လာခြင်းဖြစ်ကြောင်း၊ ထို့ပြင် ရုံးခွန်အက်ဥပဒေနောက် ဆက်တွဲဇယား ၁နှင့် ၂ပါ အခွန်နှုန်း သတ်မှတ်ချက်များကိုလည်း ပြင်ဆင် သတ်မှတ်လိုက်ကြောင်း ထုတ်ပြန်ချက်များအရ သိရှိရသည်။
“တံဆိပ်ခေါင်းခွန်နဲ့ ရုံးခွန်တွေ ကို လွှတ်တော်သုံးရပ်မှာ အကျေအလည် ဆွေးနွေးပြီးသမ္မတက အတည် ပြုထုတ်ပြန်ခဲ့တာ မဟုတ်ဘဲ ရုတ်တရက် တိုးခဲ့တာပါ။ အဲဒီအတွက် ပြည်သူတွေ၊ အမှန်တကယ် နစ်နာတဲ့သူ တွေမှာ တရားရုံးစရိတ် မတတ်နိုင်တော့လို့ ကိုယ့်အခွင့်အရေး၊ ကိုယ့်ရပိုင်ခွင့်အတွက်ကိုတောင် တရားမစွဲ နိုင်တာတွေ ဖြစ်လာပါတယ်။ ဒါ့ကြောင့် အခွန်တိုးလိုက်တာကို လွှတ်တော်အတွင်း ပြန်လည်ဆွေးနွေးသင့် ပါတယ်။ ပြန်လည်သုံးသပ်ပေးဖို့ကိုလည်း ရှေ့နေများကွန်ရက်ကို သြဂုတ်လနောက်ဆုံးပတ်က သမ္မတကြီး နဲ့လွှတ်တော်ကို တင်ပြခဲ့ပါတယ်”ဟု တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ပြောကြားခဲ့ပါသည်။
“ကျပ်သိန်း ၁၅၀၀ လောက် ရမယ့် အမွေမှုတစ်ခုကို တရားစွဲဖို့ အတွက် ကပ်ရမယ့် တံဆိပ်ခေါင်း တန်ဖိုးက ကျပ် ၁၅ သိန်းဖြစ်နေတော့ သူ့အနေနဲ့ တရားမစွဲနိုင်တော့ဘူး။ တံဆိပ်ခေါင်းခွန်တွေ တိုးလာပြီး နောက်ပိုင်းမှာလည်း တရားစွဲဆိုမှုတွေ သိသိသာသာ လျော့ကျသွားပါတယ်”ဟု တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ပြောကြားခဲ့ပါသည်။
ထို့ပြင် နှစ်စဉ်စက်တင်ဘာလ ၌ ဆောင်ရွက်ရလေ့ရှိသော အထက်တန်းရှေ့နေ လိုင်စင် သက်တမ်းတိုးရာ၌လည်း ယခင်နှစ်များတွင် ငွေကြေးတစ်စုံတစ်ရာ ပေးဆောင်ရခြင်း မရှိဘဲ ယခုနှစ်တွင်မူ သက်ဆိုင်ရာ မြို့နယ်အခွန်ရုံး၌ ငွေကျပ် ၃၀၀၀၀ အခွန်ဆောင်ပြီးမှသာ လိုင်စင်သက် တမ်းတိုးခွင့်ရရှိကြောင်း၊ ထို့ပြင် မြို့နယ်အလိုက် အခွန်ဆောင်ရသည့် ငွေ ပမာဏလည်းတူညီမှုမရှိဘဲ ကွာခြားနေကြောင်း၊ အချို့မြို့နယ်များ၌ ငွေ ကျပ်၂၀၀၀၀၊အချို့သောမြို့နယ်များ ၌ ငွေကျပ် ၃၀၀၀၀ ပေးဆောင် နေရကြောင်း အထက်တန်းရှေ့နေများထံ မှ သိရှိရသည်။
တံဆိပ်ခေါင်းခွန်နှုန်းထား အသစ်များအရ လက်ရှိအသုံးပြုနေမှု နှင့်စပ်လျဉ်းပြီး “အရင်ကခြောက်ကျပ်ပဲ ကပ်ရမယ့်နေရာမှာကျပ် ၆၀၀ကပ်ရမှာ ဆိုတော့ ကျပ် ၆၀၀ တန်တံဆိပ်ခေါင်းထက် တံဆိပ်ခေါင်းစုစုပေါင်း တန်ဖိုး ၆၀၀ ပြည့်အောင်ပဲ ကပ်ပြီး သုံးနေကြတာများပါတယ်။ နောက် ပြီး တရားမရုံး ဒါမှမဟုတ် အခွန်ရုံး တစ်ခုခုမှာ အဆိုလွှာ၊ အချေလွှာ၊ အယူခံလွှာတွေမှာ ဆိုရင် အမှုတန်ဖိုး က ကျပ်တစ်သိန်းထက်မပိုရင် တန်ဖိုး ပေါ်မှာ ၅ ရာခိုင်နှုန်း၊ ကျပ်တစ်သိန်း ထက်ပိုရင် တန်ဖိုးပေါ်မှာ တစ်ရာခိုင်နှုန်း ရုံးခွန်အဖြစ်ပေးသွင်းရမယ်။ ဒီတော့ ကျပ်သိန်း ၁၀၀ အမှုစွဲရင် တစ်သိန်းကျမယ်။ ကျပ်သိန်း ၁၀၀၀ ဆိုရင် ရုံးခွန် ကျပ် ၁၀သိန်းကျမယ် ပေါ့”ဟုလည်း တရားလွှတ်တော်ရှေ့ နေတစ်ဦးက ရှင်းလင်းပြောပြခဲ့သည်။
ပြင်ဆင် သတ်မှတ်လိုက်သော အခွန်နှုန်းထားအချို့(ကျပ်)
| စာချုပ်အမျိုးအစား | ယခင် | ယခု |
| ကြွေးမြီခံဝန်ချုပ် | ၁ | ၁၀၀ |
| မွေးစားစာချုပ် | ၃၀ | ၃၀၀ |
| ကျမ်းကျိန်လွှာ | ၂၅ | ၂၅၀ |
| ကွာရှင်းမှုစာချုပ်စာတမ်း | ၂၅ | ၂၅၀၀ |

0 comments:
Post a Comment