အတွဲ ၃၀ ၊ အမှတ် ၅၈၆ ( ၁၄ - ၂၀ ၊ ၉ ၊ ၂၀၁၂)
စက်တင်ဘာလ ၄ ရက်နေ့ River ပြခန်းမှာ အနုပညာဖန်တီးသူ
ထိန်လင်းကို ပွဲတက်ရောက်လာသူများနဲ့အတူ တွေ့ရစဉ်။
ဓာတ်ပုံ - ရတနာ
အနုပညာရှင် တစ်ဦးဖြစ်တဲ့ ထိန်လင်း ဟာ သူ့ရဲ့အနုပညာဖန်တီး မှုကို ကြုံရာ ကျပန်းပစ္စည်းတွေနဲ့ ဖန်တီးနိုင်စွမ်းရှိသူ ဖြစ်ပါတယ်။ ၁၉၉၈ ကနေ ၂၀၀၄ ခုနှစ် အတွင်း သူအကျဉ်းကျနေစဉ်မှာ ပန်းချီ ဆွဲပစ္စည်းတွေ အထဲကို ယူဆောင်ခွင့် မရတာကြောင့် မီးခြစ်တွေနဲ့ ဆေးခန်းက ရရှိတဲ့ဆေးထိုးအပ်တွေကို စုပ်တံအဖြစ် လုံချည်စကို ကင်းဗတ်စအဖြစ် ပြောင်း လဲ အသုံးပြုခဲ့ပါတယ်။
ထောင်ထဲမှာ သူနဲ့အတူနေထိုင်ခဲ့သူ တွေကလည်း သူတို့ရဲ့ ထောင် ၀တ်စုံ ကို အနုပညာဖန်တီးမှု အသွင်ပြောင်းဖို့ စိတ်အား ထက်သန် ခဲ့ကြပါတယ်။
ထိန်လင်းဟာ စက်တင်ဘာလ ၄ ရက်နေ့က ကမ်းနားဟိုတယ်ရှိ River ပြခန်းမှာ ထောင်ထဲမှာ သူကြုံရခဲ့တဲ့ ဆင်းရဲဒုက္ခတွေနဲ့ အဲဒါ တွေဟာ သူ့ရဲ့ အနုပညာဖန်တီးမှုအပေါ် လွှမ်းမိုးမှုရှိပုံ ကို ဓာတ်ပုံ တွေနဲ့တကွ နှစ်နာရီကြာ ရှင်း လင်းပြောပြခဲ့သလို သူ့ဖန်တီးမှု တွေကို လည်း ခင်းကျင်းပြသခဲ့ပါတယ်။
သူ တက္ကသိုလ်ကျောင်းသားဘ၀မှာ ၈၈ ကျောင်းသားအဖွဲ့ဝင် တစ်ဦး ဖြစ်ခဲ့ပြီး လှုပ်ရှားမှုများကို စစ်တပ်အစိုးရက ဖြိုခွင်းတဲ့ အခါ မှာ တခြားကျောင်းသား တွေနဲ့အတူ အိန္ဒိယနယ်စပ်နားက တော ထဲကို ထွက်ပြေးခဲ့ပါတယ်။ နောက်ပိုင်းမှာ တရုတ်နယ်စပ်နဲ့နီးတဲ့ ရှမ်းပြည်မြောက်ပိုင်းက အေဘီအက်စ်ဒီအက်ဖ် (မြောက် ပိုင်း)စခန်းကို ရောက်ရှိသွားပါတယ်။
အဲဒီမှာ သူ့ရဲ့သူငယ်ချင်းတချို့ဟာ စစ်တပ်အစိုးရသူလျှိုတွေအဖြစ် စွပ်စွဲခံရ ပြီး ကျောင်းသားသူပုန်တွေရဲ့ညှဉ်းပန်း နှိပ်စက် သတ်ဖြတ်ခြင်းကို ခံခဲ့ရပါတယ်။ ထိန်လင်းဟာလည်း သူလျှိုအဖြစ် စွပ်စွဲခံရပြီး နှိပ်စက်ခံရသူတွေထဲမှာ တစ်ဦး အပါအ၀င် ဖြစ်ခဲ့ ပါတယ်။ အဲဒီကနေ လွတ်မြောက်လာခဲ့ပြီးတဲ့နောက် နိုင်ငံ ရေးလှုပ်ရှားမှုတွေကို စွန့်လွှတ်ခဲ့ပြီး ကျောင်းဆက်တက်ခဲ့ပါတယ်။
ဒါပေမယ့် သူ့ရဲ့ဒုက္ခသုက္ခတွေက အဲဒီမှာတင် ရပ်မသွားသေးပါဘူး။ အဖွဲ့ ပြန်လည်ဖွဲ့စည်းဖို့အတွက် သူ့နာမည်ပါ ၀င်တဲ့ စာရွက် တစ်ရွက်ကို အစိုးရ ရဲဘက်ကနေ ရရှိပြီးတဲ့နောက်မှာ အခြား ကျောင်းသားတွေနဲ့အတူ ၁၉၉၈ ခုနှစ်မှာ ဖမ်းဆီးထိန်းသိမ်း ခြင်းခံခဲ့ ရပါတယ်။
အကျဉ်းကျနေခဲ့တဲ့ကာလအတွင်း မှာ ထိန်လင်းဟာ သူ့ရဲ့ခံစားချက်တွေ၊ အကျဉ်းထောင်ရဲ့ မြင်ကွင်းတွေကို ပန်းချီအဖြစ်ရေးဆွဲခဲ့ပြီး အပြင်ကမ္ဘာနဲ့ ဆက်သွယ်ခဲ့ပါတယ်။ သူ့ရဲ့ အနုပညာလက်ရာတစ်ခုမှာ'ဘ၀ကိုချုပ်နှောင်ထားနိုင်ပေမယ့် အနုပညာကိုတော့ ချုပ်နှောင် လို့မရပါဘူး' ဆိုတဲ့ခံစားချက်ကို သစ်ပင်တစ်ပင်ရဲ့ အလယ်ပိုင်းကို အကျဉ်းချခံရတဲ့ လူ တစ်ယောက်ရဲ့မျက်နှာပုံ၊ သော့ခလောက် ကနေ သီချင်းသံစဉ်တွေ ထွက်လာတဲ့ပုံနဲ့ ကျဉ်းမြောင်းမွန်းကျပ်တဲ့ ထောင်ထဲမှာ ပိန်ချုန်းနေတဲ့ အကျဉ်း သားတွေရဲ့ ပုံတွေကို ဖန်တီး ခဲ့ပါတယ်။
တခြားဖန်တီးမှုတွေကတော့ သူ့ရဲ့ မိသားစု သူ့ဆီကို လာရောက်တွေ့ဆုံပုံနဲ့ အာဟာရချို့တဲ့နေတဲ့ အကျဉ်းသားတွေ သူတို့ရဲ့ရမယ့် ရိက္ခာတွေအတွက် တန်းစီ စောင့်စားနေကြတာတွေပဲဖြစ်ပါတယ်။ ထိန်လင်းဟာ ၁၉၉၄ ခုနှစ်မှာ ဥပဒေ ဘာသာရပ်နဲ့ ဘွဲ့ရခဲ့ပေမယ့် ပန်းချီနဲ့ အငြိမ့်အနုပညာပိုင်းမှာ ပိုပြီးစိတ်အား ထက်သန်ပါတယ်။ ဒါပေမယ့်လည်း အဲဒီအချိန်မှာ အနုပညာကျောင်းတွေ မရှိတာ ကြောင့် စနစ်တကျ လေ့လာသင်ယူခွင့် မရခဲ့ဘူးလို့ ဆိုပါတယ်။
၂၀၀၄ ခုနှစ်မှာ ထောင်ကနေလွတ် လာခဲ့ပြီးတဲ့နောက် ပန်းချီအနုပညာကို ဆက်လက်လုပ်ကိုင်ခဲ့ပြီး လမ်းတွေပေါ် မှာ သရုပ်ဆောင် ပြသခြင်းနဲ့ သူ့ရဲ့ပန်းချီ ကားတချို့ကို ဈေးချိုချိုနဲ့ ရောင်ချပေး ခြင်းတွေကို ပြုလုပ်ခဲ့ပါတယ်။ အကျဉ်းသားတစ်ယောက် အခန်းကျဉ်း လေးထဲမှာ ထိုင်နေပုံကို ဆပ်ပြာတောင့်ပေါ်မှာ ထွင်းပြီးပုံဖော်ထားတဲ့ သူ့ရဲ့လက်ရာဟာ အင်္ဂလန်နိုင်ငံရှိ ပြတိုက်တစ်ခုမှာ ပြသထား ခြင်းခံရတယ် လို့လည်း ထိန်လင်းက ပြောပြခဲ့ပါတယ်။
နောက်ဆုံးမှာတော့ "အင်္ဂလန်နိုင်ငံ မှာဆိုရင် အနုပညာရှင်တွေ သူတို့ရဲ့ အနုပညာတွေကို လွတ်လပ်စွာ တင်ပြ ခွင့်ရတယ်။ ပန်းချီ ပြပွဲတွေ လုပ်မယ်ဆို ရင်လည်း ဘယ်အဖွဲ့အစည်းရဲ့ ခွင့်ပြု ချက်ရယူစရာမလိုဘူး။ ဒီနိုင်ငံက ဘယ် အရာမဆို ကန့်သတ်ချက်ရှိတယ်" လို့လည်း ထည့်သွင်းပြောကြားသွားခဲ့ပါ တယ်။

0 comments:
Post a Comment