Pages

Saturday, September 15, 2012

မိခင်နို့တစ်မျိုးတည်း တိုက်ကျွေးခြင်းဖြင့် ကလေးသေဆုံးမှုနှုန်းကို ထိရောက်စွာလျှော့ချပေးနိုင်


ယမုံဖူးသစ်
အတွဲ ၃၀ ၊ အမှတ် ၅၈၆ ( ၁၄ - ၂၀ ၊ ၉ ၊ ၂၀၁၂)

မိခင်နို့ချိုစို့နေသည့် ချစ်စဖွယ်ကလေးငယ်တစ်ဦးကို တွေ့ရစဉ် ဓာတ်ပုံ - အင်တာနက်

မိခင်နို့တစ်မျိုးတည်း တိုက်ကျွေးခြင်း နှင့် သင့်လျော်သော ဖြည့်စွက် စာကျွေး ခြင်းတို့ဖြင့် ကလေးငယ်များ သေဆုံးမှု နှုန်းကို ထိရောက်စွာ လျှော့ချပေးနိုင် သည်ဟု ကုလသမဂ္ဂ ကလေးများရန်ပုံ ငွေအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဩဂုတ် လအစောပိုင်းက ပြုလုပ်ခဲ့သော အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ လှုပ်ရှားမှု သတင်းစာရှင်းလင်း ပွဲတွင် ပြောသည်။

"ကလေးတွေကို ခြောက်လအထိ မိခင် နို့တစ်မျိုးတည်း တိုက်ကျွေး သင့်ပြီး ခြောက်လကနေ နှစ်နှစ်အထိကိုလည်း မိခင်နို့နဲ့အတူ သင့်လျော်တဲ့ ဖြည့်စွက် အစာကို ကျွေးမွေးသင့်ပါတယ်" ဟု ယူနီဆက်ဖ်(မြန်မာ)၏ ကလေးသူငယ် ရှင်သန်ရေးနှင့် ဖွံ့ဖြိုးမှုဌာနမှ ဌာနမှူး ဒေါက်တာမာရီနပ်ဂိုတင်က ပြော သည်။

The Lancet ကျန်းမာရေးမဂ္ဂဇင်းမှ ၂၀၀၃ ခုနှစ်က ထုတ်ပြန်ခဲ့သော စစ်တမ်း များအရ မိခင်နို့တစ်မျိုးတည်း တိုက်ကျွေး ခြင်းသည် ငါးနှစ်အောက်ကလေး သေဆုံးမှုကို ၁၃ ရာခိုင်နှုန်း လျှော့ချပေးနိုင်ပြီး သင့်လျော်သည့် ဖြည့်စွက်စာကျွေးခြင်း ဖြင့် ခြောက်ရာခိုင်နှုန်း ထပ်မံလျှော့ချပေး နိုင်သည်ဟု ဖော်ပြထားသည်။ မိခင်နို့တွင်ကလေးအတွက် ကိုယ်ခံ အား တိုးမြင့်စေသောဓာတ်များ၊ ခန္ဓာကိုယ် ကြီးထွားစေသောဓာတ်များနှင့် လိုအပ်သော အာဟာရဓာတ်များ ပြည့်ဝ စွာ ပါဝင်သည်ဟု ယူနီဆက်ဖ်(မြန်မာ)မှ အာဟာရပညာရှင် ဒေါက်တာကျော်ဝင်းစိန်က မိခင်နို့တစ်မျိုးတည်း တိုက်ကျွေး ခြင်း၏ အကျိုးကျေးဇူးများကို ဩဂုတ်လ ၁၅ ရက်နေ့က မြန်မာတိုင်း(မ်)ကို ပြောသည်။

"မိခင်နို့ဟာ ကလေးငယ်တွေအတွက် အကောင်းဆုံးဆေးပါပဲ။ ကလေးတွေ မွေးကင်းစအရွယ်နဲ့ ငယ်ရွယ်စဉ် အရွယ် ကတည်းက လုံလောက်တဲ့ အာဟာရ ဖြည့်တင်းပေးခြင်းဟာ ကလေးတွေ ပုံမှန်ကြီးထွားဖို့နဲ့ ဖွံ့ဖြိုးဖို့ အရေးကြီးပါတယ်"ဟု ၎င်းက ပြောသည်။ "ကလေးတွေကို မွေးစကနေ ခြောက် လအထိ ရေတောင်မတိုက်ဘဲနဲ့ မိခင်နို့ တစ်မျိုးတည်း တိုက်ကျွေးရပါမယ်။ ခြောက်လကနေ နှစ်နှစ်အရွယ်အထိ မိခင်နို့နဲ့အတူ ဖြည့်စွက်စာကို ကျွေးသင့် ပါတယ်။ ကလေးနေထိုင်မကောင်းတဲ့ အခါမျိုးမှာလည်း မိခင်နို့ တိုက် တာကို ရပ်မပစ်ဘဲနဲ့ ဆက်ပြီး တိုက်ကျွေးရပါ မယ်" ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံတွင် ပြုလုပ်ခဲ့သော စစ် တမ်းများအရ မိခင်နို့တစ်မျိုးတည်း တိုက် ကျွေးမှုနှုန်းမှာ သိသိသာသာတိုးလာ သည်ဟု စစ်တမ်း များအရ သိရသည်။ မြန်မာနိုင်ငံ အုပ်စုလိုက် ဘက်စုံ အညွှန်းကိန်းများ ကောက်ယူခြင်း စစ်တမ်းများအရ သုံးလအရွယ် ကလေး ငယ်များကို မိခင်နို့တစ်မျိုးတည်းတိုက် ကျွေးမှုနှုန်းမှာ ၂၀၀၀ ပြည့်နှစ် စစ်တမ်း အရ ၁၅ ဒသမ ၈ ရာခိုင်နှုန်းရှိပြီး ၂၀၀၃ ခုနှစ်တွင် ၁၄ ဒသမ ၇ ရာခိုင်နှုန်းရှိကာ ၂၀၁၀ ပြည့်နှစ်တွင် ၂၉ ဒသမ ၃ ရာခိုင် နှုန်းအထိ တိုးမြင့်လာသည်ဟု ၎င်းက ပြောသည်။ အသက် ခြောက်လအရွယ်အထိ မိခင် နို့တစ်မျိုးတည်း တိုက်ကျွေးမှုမှာလည်း ၂၀၁၀ ပြည့်နှစ်တွင် ၂၃ ဒသမ ၆ ရာခိုင် နှုန်းအထိ ရှိလာသည်ဟု သိရသည်။

"မိခင်နို့တိုက်ကျွေးမှုတွေ ပိုပြီးတော့ များလာတာကို တွေ့ရပါတယ်။ ဒါပေ မယ့် ပမာဏကတော့ နည်းနေသေးပါ တယ်။ မိခင်တိုင်း ဟာကလေးကို မိခင်နို့ တစ်မျိုးတည်း တိုက်ကျွေးမှုပေးဖို့ လိုအပ် ပါတယ်"ဟု ၎င်းက ပြောသည်။ ကလေးသေဆုံးမှုနှုန်းမှာ အာဟာရ မပြည့်သော ကလေးများတွင် အဖြစ်များ ပြီး အာဟာရမပြည့်ဝသော ကလေးများ မှာ ချူချာခြင်း၊ ဉာဏ်ရည်နှင့် စွမ်းဆောင် ရည် နိမ့်ကျခြင်းနှင့် အသက်ကြီးလာသည့်တိုင်အောင် ကျန်းမာရေးချုချာခြင်း များ ဖြစ်ပေါ်တတ်သည်ဟု သိရသည်။

အာဟာရမပြည့်ဝခြင်းမှာ စားစရာ မရှိခြင်းတစ်ခုတည်းကြောင့် မဟုတ်ဘဲ မိဘအုပ်ထိန်းသူများ၏ အသိအမြင် နည်းပါးမှုနှင့် အာဟာရနှင့်ပတ်သက် သည့် မှားယွင်းသောအသိများကြောင့် ဖြစ်သည်ဟု ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသား အာဟာရဖွံ့ဖြိုးရေးနှင့် သုတေသနဌာနမှ လက်ထောက်ညွှန် ကြားရေးမှူး ဒေါက်တာထင်လင်းက ပြောသည်။

"တချို့အမေတွေက အရိုးစွဲနေတဲ့ အတွေးအခေါ်တွေနဲ့ ကလေးတွေ အတွက် လိုအပ်တဲ့အစားအစာတွေကို မစားဘဲ အစားရှောင် တာတွေရှိတယ်" ဟု ၎င်းက ပြောသည်။ "လူအတော်များများက အာဟာရ မပြည့်ဝဘူးဆိုတာနဲ့ စားစရာမရှိလို့ဆို ပြီး နားလည်လိုက် ကြတယ်။ တကယ် တော့ ကလေးတွေကို ဘယ်လိုကျွေးမွေး တယ်ဆိုတာနဲ့ သန့်ရှင်းမှုကလည်း လိုအပ်ပါသေးတယ်" ဟု ဒေါက်တာ မာရီနပ်ဂိုတင်က ပြောသည်။

မိခင်နို့ သောက်သုံးရခြင်းမရှိသည့် ကလေးငယ်များသည် သောက်သုံးရ သော ကလေးများထက် နမိုးနီးယား အဆုတ်ရောင်ရောဂါ ဖြစ်ပွားနိုင်ခြေ ငါးဆပိုမိုရှိပြီး ၀မ်းပျက်ဝမ်းလျှောရောဂါ ဖြင့် သေဆုံးနိုင်ခြေ ၁၄ ဆ ပိုမိုရှိသည် ဟု စစ်တမ်းများအရ သိရသည်။ "ဖြည့်စွက်အစာကျွေးတာကို တချို့ မိသားစုတွေမှာ စောစောစလေ့ရှိပြီး တချို့တွေကတော့ နောက်ကျမှ စလေ့ ရှိတယ်။ တကယ် တမ်းတော့ ခြောက်လ အရွယ်ကနေစပြီး ဖြည့်စွက်စာကို မိခင်နို့ နဲ့အတူ ကျွေးသင့်ပါတယ်" ဟု ဒေါက်တာ ကျော်ဝင်းစိန်က ပြောသည်။

"ကလေးကိုကျွေးမယ့် အစားအစာ တွေဟာ အန္တရာယ်ကင်းဖို့နဲ့ အာဟာရ တန်ဖိုးရှိဖို့အပြင် အချိန်မှန် စနစ်တကျ ကျွေးမွေးတတ် ဖို့လည်း လိုပါတယ်" ဟု ၎င်းက ပြောသည်။ ဩဂုတ်လ ၁ ရက်နေ့က နေပြည်တော် တွင်ကျင်းပခဲ့သော အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် ဖွင့်ပွဲအခမ်းအနားတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါက်တာဖေသက်ခင်က "အာဟာရ ချို့တဲ့မှုရောဂါ အများစုက ကာကွယ်လို့ရတဲ့ရောဂါတွေဖြစ်ပေမယ့် နှစ်စဉ်အာဟာရချို့တဲ့မှုကြောင့် ဖြစ်တဲ့ ရောဂါတွေကို ကိုယ်ဝန် ဆောင်မိခင်တွေ နဲ့ ကလေးတွေ အများဆုံး ထိခိုက်ခံစား နေရပါတယ်" ဟု ပြောသည်။

မြန်မာနိုင်ငံတွင် အာဟာရ ဖွံ့ဖြိုးရေး လှုပ်ရှားမှုများကို ကျန်းမာရေးဝန်ကြီး ဌာနသည် ယူနီဆက်ဖ်နှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိပြီး အာဟာရဆိုင်ရာ လှုပ်ရှားမှုများအတွက် ယူနီဆက်ဖ်သည် တစ်နှစ်လျှင် အမေရိကန် ဒေါ်လာ ၁ ဒသမ ၇ သန်းမှ နှစ်သန်းခန့်အထိ သုံးစွဲ သည်ဟု ဒေါက်တာကျော်ဝင်းစိန်က ပြောသည်။

ကလေးငယ်များအား အာဟာရ ပြည့်ဝသော အစားအစာများကို စနစ် တကျ ကျွေးမွေးနိုင်ရန်အတွက် အမျိုးသား မဟာဗျူဟာ တစ်ရပ်ဖြစ်သော မြန်မာကလေးသူငယ်များ စနစ်တကျ အစာကျွေးမွေး ပြုစုခြင်းဆိုင်ရာ မဟာ ဗျူဟာကို ၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ငါးနှစ်သက်တမ်း သတ်မှတ်၍ ယူနီ ဆက်ဖ်နှင့် အမျိုးသားအာဟာရဖွံ့ဖြိုး ရေးနှင့် သုတေသနဌာနတို့ ပူးပေါင်း၍ ကန်ဒေါ်လာ ၁၂ သန်းခန့်သုံးစွဲကာ အကောင်အထည်ဖော်သွားမည်ဟု သိရသည်။

0 comments:

Post a Comment