Pages

Sunday, September 11, 2011

ကြားဖူးနားဝ အပိုင်း (၂) မကောင်း ကျောင်းပို့

အပိုင်း (၂)အနေနဲ့ မြန်မာ့စကားမှာ အသုံးများတဲ့ စကားလေးတစ်ခွန်းပါ။

"မကောင်း ကျောင်းပို့" ဆိုတဲ့ စကားလေးဖြစ်ပါတယ်။



အရင်ဆုံး ကလေးငယ်နှစ်ယောက်ရဲ့ အကြောင်းလေးကို ပြောချင်ပါတယ်။ ဘာပြုလဲဆိုတော့ ဒီစကားလေးနဲ့ ပတ်သက်နေလို့ပါပဲ။ ကလေးငယ်များအတွက် မိဘများရဲ့ အခန်းခဏ္ဍဟာ အလွန်ကို အရေးကြီးပါတယ်။ မိဘတိုင်း မိမိတို့ရဲ့ ကလေးများကို အရမ်းချစ်ခဲ့တဲ့ သူတွေပါ။

ကောင်းစားတာမြင်ချင်တယ်၊ ပညာတတ်တာ၊ လိမ်မာတာ၊ ယဉ်ကျေးတာကို မြင်လို တဲ့ သူတွေချည်းဆိုတာတော့ မမှားနိုင်ပါဘူး။




မြတ်စွာဘုရားရှင်လက်ထက်က အနာထပိဏ်သူဌေးကြီးဆိုတာ အားလုံးအသိပါ။ သူ့မှာ သားတစ်ယောက်ရှိပါတယ်။ မောင်ကာဠဆို ခေါ်ပါသတဲ့။ ကလေးတို့ထုံးစံ ကစားနဲ့ အစားကိုပဲ မက်မောတတ်သေးတဲ့ အချိန်ပေါ့။ ဘာသာရေးဆိုတာ သူ့အတွက်က အဓိက မဟုတ်ဘူးလေ။ ဒါကို သူဌေးကြီးက သားငယ်လေး ဘာသာအဆုံးအမ ရစေချုင်တယ်။ လိမ်မာစေချင်တယ်။ ဒီတော့ သူဌေးကြီးကသားကို ဘုရားကျောင်းသွားပြီး တရားနာပါ။ အသပြာ(ငွေ)တစ်ထောင်

ပေးမယ်လို့ မောင်ကာဠကို ပြောလိုက်တယ်။ ငွေလိုချင်တော့ ကျောင်ကိုသွား ဒေါင့်တစ်နေရာ မှာ အိပ်ပြီးတော့ အိမ်ပြန်လာတယ်။ သူဌေးကြီးကလည်း အရေးတယူနဲ့ "ဥပုသ်သည်လေးပြန် လာပြီ..စားစရာ ယူခဲ့ကြ" ဆိုပြီးတလေးတစား ပြောဆိုတယ်။ မောင်ကာဠကလည်း ငွေပေးမှ စားမယ်ဆိုလို့ ငွေကို အရင်ပေးရတယ်။ ဒီလိုနဲ့..........

တစ်ရက်...

နှစ်ရက်.....

...................

..........................

နောက်တော့ သူဌေးကြီးက တမျိုးပြောလာတယ်။

ချစ်သား ကျောင်းကိုသွားပါ။ မြတ်စွာဘုရားရှင်ဟောတဲ့ တရားလေးကို ဂါထာတစ်ပုဒ်ဖြစ်ဖြစ် နာယူမှတ်သားခဲ့ပါ။ အိမ်ရောက်လို့ ပြန်ပြောပြနိုင်ရင် ငွေတစ်ထောင်ပေးမယ်လို့ ပြောလိုက် တယ်။ ဒါနဲ့ကျောင်းသွား၊ ခါတိုင်းလို မအိပ်တော့ဘဲ တရားတော်ကို မှတ်မိအောင် နာတယ်၊ နာလိုက်၊ မှတ်လိုက်၊ မေ့သွားလိုက်။ တ၀ဲလည်လည်ဖြစ်နေတယ်။ ဒီလိုနဲ့ မှတ်ရင်းမှတ်ရင်း တရားနာလိုက်တာ တရားဆုံးသွားတယ်၊ ဂါထာလည်း ရလိုက်တယ်လေ။ အိမ်ရောက်ပြီး တရားကို ပြန်ပြောနိုင်လို့ ငွေတစ်ထောင်ပေးတာတောင် မယူတော့ဘူး။ မောင်ကာဠလေးလည်း ရတနာသုံးပါးနဲ့ ရင်းနှီးခင်မင်ပြီး လိမ်မာသွားတယ်။

(တွေ့ကြုံဖူးခဲ့တဲ့ တချို့သော မိဘတွေနဲ့ အတော်လေး ကွဲပြားတာကို တွေ့လိုက်ရတယ်။ ကလေးတွေကို မညာဘူး၊ ပေးမယ်ဆိုတဲ့ ကတိ အတိုင်း ပေးခဲ့တာကို တွေ့ရတယ်။ ဒါက child psychology အရ အင်မတန်ကို အရေးကြီးပါတယ်)။



နောက်တစ်ယောက်က ဖခင်ကိုသတ်ပြီး နန်းလုခဲ့တဲ့ အဇာတသတ်မင်းသားလေး၊ ဖခင်ကို သတ်မယ့်ကလေးလို့ မမွေးခင်ထဲက ကြိုသိခဲ့ကြတယ်။ မွေးလာတဲ့နောက်လည်း ဖခင်လုပ်တဲ့ ဗိမ္မိသာရမင်းကြီးက သားတော်လေးကို ချစ်ခဲ့တာအပြင်၊ လိမ်မာရေးခြားရှိအောင် လုပ်ပေးတာ အထူးမတွေ့ရဘူး။ နောက်ဆုံး ဒေ၀ဒတ်နဲ့ပေါင်းပြီး ဖခင်ကို သတ်မိတဲ့အပြစ်ကြီး ကျူးလွန်ခဲ့ ရတယ်။

************************************************************************

နှိုင်းယှဉ်စရာတွေ အများကြီးတွေ့ရတယ်။ ဒီနေရာမှာတော့ လိုရင်းပဲ ပြောပါ့မယ်။ ဖခင်နှစ်ယောက်စလုံးဟာ မြတ်စွာဘုရားရှင်နဲ့ ရင်းနှီး သူတွေ၊ သောတာပန်တွေလို့ မှတ်သားဖူး ပါတယ်။ ဒါပေမဲ့ သားတွေကို ပြုပြင်ပေးတဲ့နေရာမှာအတော်လေး ကွာခြားတာတွေ့ရတယ်။

ဗိမ္မိသာရမင်းကြီးကို အပြစ်ပြောနေတာ မဟုတ် ပါဘူး။

" ဒါက အဇာသတ်ရဲ့ ကံတရားပေါ့ကွာ၊ ဘုရားရှင်တောင်မှ မကာကွယ်ပေးနိုင်ခဲ့တာ၊ ဖြစ်ဖို့ရှိလို့ ဖြစ်သွားတာနေမှာပါ"

သူငယ်ချင်းတွေနဲ့ ဆွေးနွေးရင်း သူတို့ရဲ့ ကောက်ချက်ချတဲ့ စကားပါ။

ဘာပဲဖြစ်ဖြစ် ဘုရားရှင်ထံရောက်သွားခဲ့ရင်ဆိုတဲ့ အတွေးကတော့ ........

စာရေးသူရင်မှာ ယခုတိုင် မရဲတရဲ ရှိနေဆဲပါ။

ဘာသာရေးဘက်က တွေးမိတဲ့ အတွေးတစ်ခုပါ

************************************************************************

နောက် မြန်မာ့ရာသမိုင်းကို ကြည့်ရင် ခေတ်အဆက်ဆက် ရှေးမြန်မာတွေဟာ ဘုန်းတော်ကြီး

ကျောင်းများနဲ့ မကင်းခဲ့တာကို တွေ့ရပါတယ်။ ဘုရင်မှစ လက်လုပ်လက်စားအထိ ဘုန်းကြီး

ကျောင်းထွက်တွေပါ။ ဘုန်းကြီးကျောင်းမှစတင်ပြီး ဘာသာရေး ပညာရေးတွေကို လေ့လာသင် ကြားခဲ့ကြတာပါ။ "မင်းတုန်းမင်းနှင့် ငါးခြောက်ပြား"ဖြစ်ရပ်ပါ ဆရာတော်ရဲ့ ....

"ငါးခြောက်ပြားလေးမှ မထိန်းသိမ်းနိုင်ရင် တိုင်းပြည်ကို ဘယ်လို ထိန်းသိမ်းနိုင်ပါမလဲ" ဆိုတဲ့ စကားလေးဟာလည်း မှတ်သားစရာပါ။ ဘုရင်သား၊ သူဌေးသားစသည့် ကလေးများကို ဘုန်းတော်ကြီးကျောင်းလွှတ်ပြီး စာပေသင်ကြားခဲ့စေပါတယ်။ ဘုရင် သူဌေးစသူတွေဟာ စာသင်ပြနိုင်သူတွေကို နန်းတော်ခေါ်ပြီး၊ အိမ်ခေါ်ပြီး (ယခုခေတ် တတ်နိုင်သူများ ဆရာကိုခေါ် ပြီး ၀ိုင်းကျူရှင်သင်သလို) ဆရာငှါးသင်မယ်ဆိုရင် မဖြစ်နိုင်စရာ မရှိပါဘူး။ ဘာကြောင့် ကျောင်းကို ပို့ခဲ့သလဲ။ အဓိကတော့ ဘုရင့်သား၊ သူဌေးသားဆိုတဲ့ မာနအစွဲတွေကို စွန့်နိုင်အောင်ဖြစ်ပါတယ်။ ကိုယ့်နေရာမှာဆိုရင် အလိုလိုက်ခံ သားသမီးဆိုတာ ဆိုးမှာ နွဲ့မှာ သေချာပါတယ်။ ကျောင်းမှာဆိုတော့ တပြေးညီ၊ တပုံတည်းဆိုတော့ ပုံစံတကျ၊ ယဉ်ကျေးသိမ်မွေ့သွားကြပါတယ်။ လိမ်မာသွားပါတယ်။

ဒါကတော့ မြန်မာ့သမိုင်းအမြင်နဲ့ ယှဉ်ပြီးဖြစ်ပေါ်လာတဲ့ တွေးခေါ်ယူဆချက်ပါ။


************************************************************************

ယခုခေတ်အနေနဲ့ကတော့ စာရေးသူ နီးစပ်ရာ စင်္ကာပူနိုင်ငံကို သာဓကပြုချင်ပါတယ်။ စင်္ကာပူရောက် မြန်မာများ စီးပွားရေး ပညာရေးမှာ ပြည့်စုံမှု ရှိကြပေမဲ့ လိုအပ်နေတာ၊ သူတို့ စိုးရိမ်နေတာကတော့ သား/သမီးများရဲ့ ယဉ်ကျေးမှု၊ သိမ်မွေ့မှုပါ။ စင်္ကာပူနိုင်ငံမှာနေ၊ ကျောင်း တက်နေကြတဲ့ ကလေးငယ်များဟာ မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးစံတွေနဲ့ အတော်လေးကို ကင်းကွာနေတာကို တွေ့ကြရတယ်။ တချို့မိဘများဆိုရင် မြန်မာနိုင်ငံကို နှစ်စဉ်ပြန်ပြီး ကလေးငယ်များကို မြန်မာ့ဓလေ့၊ အငွေ့သက်တွေကို ကလေးငယ်များသိအောင် ပြုလုပ်လေ့ ရှိကြပါတယ်။ စင်္ကာပူရှိ မြန်မာဘုန်းတော်ကြီးကျောင်းများသို့ပို့ပြီး ဘာသာ၊ ယဉ်ကျေးမှုကို နားလည်အောင်ပြုလုပ်ပေးနေတာကိုလည်း မြင်တွေ့နိုင်ပါတယ်။ အခြားနိုင်ငံရောက် မိဘများ လည်း အထက်ပါအတိုင်းလုပ်ဆောင်နေကြတာကို နိုင်ငံတကာရှိ ဘုန်းတော်ကြီးကျောင်းများရဲ့ ယဉ်ကျေးမှုသင်တန်းဖွင့်တဲ့ သတင်းတွေက အထင်ရှားပါ။

ဒါက မျက်မှောက်ခေတ်ရဲ့ ပုံရိပ်တွေဖြစ်ပါတယ်။

************************************************************************

စာရှည်သွားပြီမို့ ဆိုလိုရင်းကို နိဂုံးချုပ်ပြောပါမယ့်၊

ဆိုတော့ကာ မကောင်းကျောင်းပို့ဆိုတာ မိမိတို့မှာရှိတဲ့ မကောင်းတော့တဲ့၊ သုံးလို့မရတော့တဲ့ အပျက်အစီး ပစ္စည်းတွေကို ကျောင်းသို့ပို့လိုက်ခြင်း မဟုတ်ပါဘူး။ ဘယ်သူကမှလဲ မိမိတို့ ကိုးကွယ်ရာ အဟောင်းအဆုတ်(မကောင်းတာတွေကို) ကျောင်းပို့ပစ်ခြင်းကို ပြုလုပ်မယ်လို့ မထင်ပါဘူး။

မိမိတို့ ကလေးငယ်များ ကလေးသဘာဝ မကောင်းတဲ့၊ မယဉ်ကျေးသေးတဲ့ အလေ့အကျင့်တွေ

ကောင်းလာအောင်၊ ယဉ်ကျေးလာအောင်၊ ကျောင်းကိုပို့ပေးခြင်းကစခဲ့တဲ့ ဖြစ်ရပ်ကစတင်ပြီး တင်စားပြောခြင်းဖြစ်ပါ တယ်။ (တချို့လူကြီးတွေလည်း ပါကောင်းပါနိုင်ပါတယ်)။

ဘာပြုလို့လဲဆိုတော့ မြန်မာ့ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ ကြီသူကို ရိုသေစတဲ့ အဆုံးအမများဟာ ဗုဒ္ဓဘာသာ အဆုံးအမတွေကို အရင်းခံထားလို့ပါ။

မြန်မာ့ယဉ်ကျေးမှုမှာ ဗုဒ္ဓဘာသာက အဆုံးမတွေကို ဖြုတ်ပစ်လိုက်ရင် လေးပုံတစ်ပုံတောင်

မြန်မာ့ယဉ်ကျေးမှုစစ်စစ် ကျန်ပါတော့မလားဆိုတာ စဉ်းစားစရာ"........

ဆိုတဲ့ ဆရာတစ်ယောက်ရဲ့ စကားကလည်း ရင်ထဲအမှတ်တရပါ။



************************************************************************





အပိုင်း(၁)ကို မထင်မှတ်ပဲ အားပေးသူများတာကို တွေ့ရလို့ ၀မ်းသာကြည်နူးမိရတယ်။ အားပေးသူတွေကိုလည်း ကျေးဇူးတင်ကြောင်း ဒီနေရာကနေပဲ ပြောပရစေ။ တက္ကသိုလ် စာသင်ခန်းအတွင်း ဆရာများပြောကြားချက်၊ စာဖတ်ရာမှ တွေ့ရှိချက်၊ လူကြီးသူမများ

ပြောကြားချက်တို့ကို မှတ်မှတ်ထင် ထင်နဲ့ ပြန်လည်ဝေမျှ တင်ပြခြင်းသာဖြစ်ပါတယ်။ အမြင်မတူတာများရှိပါက လွတ်လပ်စွာ သဘော ထားကွဲလွဲနိုင်၊ ဆွေးနွေးနိုင်ပါတယ်။

စာရှည်သွားရင် ခွင့်လွှတ်ကြပါ.... စာဖတ်သူတွေကိုလည်း အားနာပါရဲ့။

ရွာသားလေး.........