Pages

Friday, August 31, 2012

ဒုက္ခသည်များ ပြန်လည်နေရာချထားရေး လူတွေ့စစ်ဆေးမှု စတင်တော့မည်

အမေရိကန်ပြည်ထောင်စုရဲ့ ဒုက္ခသည်များ ပြန်လည်နေရာချထားရေး အစီအစဉ်အရ ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်း ၉ ခုက ဒုက္ခသည်တွေကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့က ဟိုတယ်တစ်ခုမှာ လူတွေ့စစ်ဆေးမှုတွေ ဒီသီတင်းပတ်ထဲမှာ စတင်ပြုလုပ်မှာ ဖြစ်ပြီး အဲဒီမှာ လက်ဗွေနှိပ်တာတွေကိုပါ တခါတည်း ဆောင်ရွက်မယ်လို့ ဘန်ကောက်မြို့ အမေရိကန်သံရုံးရဲ့ ပြောဆိုချက်အရ သိရပါတယ်။


Photo courtesy of TBBC
ထိုင်း-မြန်မာနယ်စပ်မှ ၈ ကီလိုမီတာအကွာတွင် ၁၉၈၄ ခုနှစ်က စတင်ပြီး မြန်မာနိုင်ငံသား စစ်ပြေးဒုက္ခသည်များအတွက် ဖွင့်လှစ်ထားသော မယ်လ ဒုက္ခသည်စခန်းကို တွေ့ရစဉ်။
အမေရိကန်ပြည်ထောင်စု အနေနဲ့ မြန်မာနိုင်ငံက ဒုက္ခသည်တွေကို ၂၀၀၅ ခုနှစ်ကစပြီး အသုတ်လိုက် ခေါ်ယူနေရာမှာ အခုဆိုရင် အမေရိကန်နိုင်ငံမှာ မြန်မာနိုင်ငံသား ဒုက္ခသည် ခုနှစ်သောင်းလောက် ရှိသွားပြီလို့ ဘန်ကောက်မြို့ရှိ အမေရိကန်သံရုံး ပြောရေးဆိုခွင့်ရှိသူ Kristin Kneedler က အာအက်ဖ်အေရဲ့ ထိုင်းနိုင်ငံရုံးခွဲ တာဝန်ခံကို အတည်ပြု ပြောပါတယ်။

အမေရိကန်မှာ နေထိုင်ဖို့ ခေါ်ယူနေတဲ့ အစီအစဉ်မှာ ဒုက္ခသည်စခန်းတွေမှာ ရောက်ရှိခိုလှုံကြသူတွေအနက် လွန်ခဲ့တဲ့ ၂၀၀၅ ခုနှစ် နိုဝင်ဘာလ နောက်ဆုံးထားပြီး ဒုက္ခသည်အဖြစ် မှတ်ပုံတင် အသိအမှတ်ပြု ခံထားရသူတွေသာ အကြုံးဝင်တယ်လို့ ဆိုပါတယ်။

RFA Burmese

မြန်မာ့လေ့လာရေးအဖွဲ့ ပိုလန်နိုင်ငံသို့ထွက်ခွာ

ဒီမိုကရေစီအသွင် ကူးပြောင်းရေးမှာ ကြုံတွေ့နိုင်တဲ့ အခက်အခဲတွေ ဖြေရှင်းနည်း သင်တန်းကို တက်ရောက်ဖို့အတွက် NLD ပါတီဝင် ၂၀ ကျော် အပါအဝင် အဖွဲ့အစည်း အသီးသီးက လူပုဂ္ဂိုလ် ၅၀ ဟာ ဒီကနေ့ ညနေပိုင်းမှာ မြန်မာနိုင်ငံကနေ ပိုလန်နိုင်ငံကို ထွက်ခွာသွားပါတယ်။


RFA
၂၀၁၂ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့က ပိုလန်နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာနမှ စီစဉ်သည့် သင်တန်းတက်ရောက်မည့် လေ့လာရေးအဖွဲ့ဝင်များ ရန်ကုန်လေဆိပ်သို့ ရောက်ရှိနေစဉ်။
ဒီသင်တန်း တက်ရောက်မယ့် သူတွေကို ပိုလန် နိုင်ငံခြားရေး ဝန်ကြီးဌာန၊ NLD ပါတီနဲ့ မင်္ဂလာမြန်မာ အဖွဲ့တို့က ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

ဒီသင်တန်းဟာ မြန်မာနိုင်ငံ ဒီမိုကရေစီ စနစ်သစ်အတွက် အင်မတန် အထောက်အကူ ပြုလိမ့်မယ်လို့ NLD ပြန်ကြားရေး တာဝန်ခံ ဦးကြည်တိုးက RFA ကိုပြောပါတယ်။

"ဒီသင်တန်းက ကျွန်တော်တို့ မြန်မာနိုင်ငံ လက်ရှိတွေ့ကြုံနေရတဲ့ Transition period မှာ ရင်ဆိုင် ဖြေရှင်းရမဲ့ဟာတွေကို တည်ဆောက်ရေး လုပ်ငန်းတွေမှာ ပါဝင်မဲ့ လူကြီး၊ လူငယ်တွေ အားလုံး၊ state holder တွေ အားလုံးအတွက် သီအိုရီ အပိုင်းအရရော လက်တွေ့အပိုင်းအရရော လေ့ကျင့်ပေးတဲ့၊ အချိန်ကာလ တိုတောင်းပေမဲ့ ထိရောက်မဲ့ သင်တန်းမျိုး ဖြစ်ပါတယ်။ ဒီသင်တန်းကို တက်ရောက်ပြီး ပြန်လာမဲ့ ဒီသင်တန်းသားတွေ အနေနဲ့လည်း မြန်မာ့ ဒီမိုကရေစီ ဖော်ဆောင်ရေးမှာ ထိထိရောက်ရောက် ပိုဆောင်ရွက်နိုင်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်"

ဒီသင်တန်းကို ပိုလန် နိုင်ငံခြားရေး ဝန်ကြီးဌာနက စီစဉ်တာဖြစ်ပြီး ၀ါဆောမြို့တော်က KSAP အမျိုးသား ပြည်သူ့အုပ်ချုပ်ရေး ပညာသင်ကျောင်းမှာ စက်တင်ဘာ ၃ ရက်နေ့ကနေ ၇ ရက်နေ့ထိ ၄ ရက်ကြာ သင်ကြားပို့ချမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီကနေ့ ပိုလန်နိုင်ငံကို ထွက်ခွာသွားသူတွေထဲမှာ NLD ပါတီဝင်တွေအပြင် တိုင်းရင်းသား ပါတီတွေက ခေါင်းဆောင်တွေ၊ သတင်းထောက် တချို့နဲ့ အတူ အနဂ္ဂ၊ သံသာဝင်းစတဲ့ အဆိုတော်တွေလည်း ပါဝင်ပါတယ်။

RFA Burmese

ပြုပြင်ရေး အရှိန်မြင့်ဖို့ မိုးသီးဇွန် တိုက်တွန်း

မြန်မာနိုင်ငံ အတွင်းမှာ လက်ရှိ ပြုလုပ်နေတဲ့ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းတွေ ဒီထက် ပိုပြီးလုပ်ဆောင် လာနိုင်အောင် အာဏာပိုင်တွေနဲ့ တွေ့တဲ့အခါ သူတို့အနေနဲ့ တိုက်တွန်း ဆွေးနွေး သွားမယ်လို့ မိုးသီးဇွန်က ပြောပါတယ်။
မြန်မာနိုင်ငံ ခေတ်သစ် သမိုင်းမှာ အထင်ရှားဆုံး နိုင်ငံရေး ပြောင်းလဲမှုတွေ ဖြစ်ပေါ်စေခဲ့တဲ့ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော် ပုံကြီးအတွင်း ရှေ့တန်းကနေ ဦးဆောင်ပါဝင်ခဲ့သူ တစ်ဦးဖြစ်တဲ့ ကျောင်းသား ခေါင်းဆောင် ဦးမိုးသီးဇွန်နဲ့ လုပ်ဖော်ကိုင် ဖက်တချို့ စက်တင်ဘာလ ၁ ရက်နေ့မှာ မြန်မာနိုင်ငံကို ရောက်ရှိ လာကြမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံ အတွင်းမှာ လက်ရှိ ပြုလုပ်နေတဲ့ ပြုပြင်ပြောင်း လဲရေး လုပ်ငန်းတွေ ဒီထက် ပိုပြီးလုပ်ဆောင် လာနိုင်အောင် အာဏာပိုင်တွေနဲ့ တွေ့တဲ့အခါ သူတို့အနေနဲ့ တိုက်တွန်း ဆွေးနွေးသွားမယ်လို့ ဦးမိုးသီးဇွန်က ပြောပါတယ်။ သူ့ခရီးစဉ်အတွင်း ဘယ်သူတွေကို တွေ့ဖို့ စီစဉ်ထားလဲ။ ဘာတွေ လုပ်သွားဖို့ရှိ လဲဆိုတာကိုတော့ ကိုမိုးသီးဇွန်ကို ကိုယ်တိုင် သွားရောက်တွေ့ဆုံထားတဲ့ ဗွီအိုအေ၀ိုင်းတော်သား ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

ဒီခရီးစဉ်ဟာ ကိုမိုးသီးဇွန်နဲ့ လုပ်ဖော်ကိုင်ဖက် ၈ ဦးတို့အနေနဲ မြန်မာနိုင်ငံနဲ့ ၂၄ နှစ်တာ ခွဲခွာပြီးတဲ့နောက်မှာ ပထမဆုံးအကြိမ် ပြန်လည်သွားရောက်ခွင့် ရတာလည်း ဖြစ်ပါတယ်။ သူတို့အနေနဲ့ကတော့ လက်ရှိအစိုးရက လုပ်ဆောင်နေတဲ့ ပြုပြင်ပြောင်းလဲမှုတွေ အရှိန်မြင့် လုပ်ဆောင်လာအောင် အစိုးရပိုင်း တာဝန်ရှိသူတွေနဲ့ တွေ့တဲ့အခါ တိုက်တွန်း ဆွေးနွေးသွားကြဖို့ စီစဉ်ထားတယ်လို့ ကိုမိုးသီးဇွန်က ပြောပါတယ်။

“တော်တော်များများပဲ ကျနော်တို့ အမြင်တွေ ဖလှယ်ဖြစ်ပါတယ်။ အဓိကကတော့ ဒီနေ့အပြောင်းအလဲအပေါ်မှာပေါ့။ ဒီနေ့ သမ္မတဦးသိန်းစိန် ဦးဆောင်ပြီးတော့ နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမူတွေ လုပ်လာပါတယ်။ အဲ့ဒီ့ပြုပြင်ပြောင်းလဲမူတွေထဲမှာတော့ ကျနော်တို့ ၈လေးလုံး ပြည်ပရောက်နေတဲ့ အင်အားစုတွေနဲ့ပါ တွေ့ဆုံဆွေးနွေးတာတွေ နောက်တစ်ခုက ကျနော်တို့ အထဲမှာ အခုလက်ရှိ နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမူ All Inclusive ပေါ့ဗျာ။ အားလုံးပါဝင်အောင် ဒီနိုင်ငံရေးဖြစ်စဉ်မှာ လုပ်ပါလို့ ကျနော်တို့ တိုက်တွန်းထားတာတွေ ရှိတယ်။ အဲ့တာတွေကို ကျနော်တို့က လုပ်ပါမယ်။ နောက်တစ်ခုက လက်ရှိအခြေအနေတွေကို လေ့လာပါ။

ကျနော်တို့ရဲ့ ထင်မြင်ချက်တွေကိုလည်း နားထောင်ချင်ပါတယ်။ဆိုတော့ ဒီနေ့ မြန်မာပြည်မှာ နည်းနည်းလေး ပြောင်းလဲလာတာတောင် လူတွေက ၀မ်းသာကြတယ်။ အကောင်းဘက်က မျှော်လင့်လာကြပါတယ်။ အဲ့တော့ အများကြီး ပြောင်းမယ်ဆိုရင် ကောင်းတာပေါ့လေ။ အဲ့ဒီ့အပေါ်မှာ ကျနော်တို့က နိုင်ငံရေးအရ ဘာတွေ ပြောင်းလဲသင့်တယ်။

အဲ့ဒီ့အပေါ်မှာ ကျနော်တို့က ဘာတွေ ပြောင်းလဲသင့်တယ်။ ပြည်တွင်းစစ်ငြိမ်းချမ်းရေးကိစ္စတွေ စစ်ရပ်ဆဲရေး ငြိမ်းချမ်းရေး ကိစ္စတွေ နောက် အခြေခံဥပဒေဆိုင်ရာ အမြင်တွေ ပြန်လည်ထူထောင်ရေး ကိစ္စတွေပေါ့ဗျာ။ ဆိုတော့ ဆွေးနွေးစရာတွေက တော်တော်များများကို ရှိပါတယ်။ အကြမ်းဖျင်းလည်း ဆွေးနွေးချင်တဲ့ သဘောထားကို ဦးအောင်မင်းနဲ့ တွေ့တဲ့အချိန်မှာ ဆွေးနွေးထားတာတွေလည်း ရှိပါတယ်။

သူတို့အရင် မြန်မာပြည်ထဲကို သွားခဲ့ကြတဲ့သူတွေရဲ့ ပြောပြချက်တွေအရ မြန်မာပြည်တွင်းက အခြေအနေတချို့ကို ကြိုသိထားတာကြောင့် သူတို့အနေနဲ့ တင်ပြချင်တဲ့အချက်တွေကို ကြိုစဉ်းစားသွားကြတာလို့ ဆိုပါတယ်။

“ကျနော်နဲ့ အခုသွားမှာက ကျနော်အပါအ၀င် ၈ယောက်ပေါ့နော်။ အမည်တွေပြောရမယ်ဆိုရင် ကျနော်ပါမယ်။ ကိုထွန်းအောင်ကျော်ပါမယ်။ ကိုကိုလေး၊ ကိုမူးသာ၊ ကိုယဉ်အေး၊ ကိုရွှေစင်၊ ကိုအေးမင်း၊ ကိုကိုအောင်ပေါ့လေ။ ကျနော်တို့ သွားကြမယ်။ အရင်ကလည်း ကျနော်တို့ရဲဘော်တွေရှိပါတယ်။ ကိုအောင်သူငြိမ်းတို့သွားကြတယ်။ ပြန်လာကြတယ်။ မြန်မာပြည်ထဲမှာဖြစ်နေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမူရေးအခြေအနေတွေ ဆွေးနွေးပြတာရှိပါတယ်။ အဓိက သူတို့ဆွေးနွေးပြတယ်။

ကျနော် ဦးအောင်မင်းနဲ့ ဆွေးနွေးတဲ့အပိုင်းတွေမှာရော ကျနော်တို့ ကြားသိနေတဲ့ အပိုင်းတွေမှာတော့ အစိုးရဘက်က ပြုပြင်ပြောင်းလဲမူကို တော်တော်လေး လိုလားလာတယ်။ စိတ်ပိုင်းဖြတ်လာတာကို တွေ့ရတယ်။ ကျနော်ရဲ့ ယူဆချက်ပေါ့နော်။ ဘယ်လိုပြောင်းလဲရင်ကောင်းမလဲလို့ နည်းလမ်းရှာနေကြပုံရတယ်။ နောက်တစ်ခုက ကျနော်လေ့လာတွေ့ရှိချက် ထူးခြားတာတစ်ခုကတော့ လူသားစွမ်းရည်ပေါ့ဗျာ။ Capacity က မြန်မာပြည်မှာ တော်တော်လေးကျဆင်းနေတာကို တွေ့ရတယ်ပေါ့ဗျာ။ အဲ့ဒီ့တစ်ချက်ကိုလည်း ဆွေးနွေးမယ့်အထဲမှာ ပါလာမယ်။ အဲ့တာကလည်း အရင်က သွားတဲ့သူတွေက ကျနော့်ကို အကြံပေးပါတယ်။ အခုဖြစ်နေတဲ့ အခြေအနေ။”

ဒါဟာ သူတို့အနေနဲ့ ၂၄ အတွင်း ပထမဆုံးအကြိမ် မြန်မာပြည်ထဲကို တရားဝင် သွားရောက်ခွင့်ရတာဖြစ်တဲ့အပြင် မိဘဆွေမျိုးနဲ့ လုပ်ဖော်ကိုင်ဖက် အသိမိတ်ဆွေတွေနဲ့ တွေ့ခွင့်ရမှာဖြစ်ပါတယ်။

“ ကျနော် ဒါ၂၄နှစ်ရှိပြီပေါ့။ ဒါပထမဆုံး အကြိမ်ပေါ့။ အရမ်းပျော်ပါတယ်။ အထူးသဖြင့် ကျနော် ၂၄နှစ်လုံးလုံးပေါ့ဗျာ။ လူ့ဘ၀မှာ ကိုယ့်ရဲ့ ဇာတိမြေဟာ အကြီးမားဆုံး အမြဲတမ်း သတိရနေရတဲ့ နေရာဌာနတစ်ခုဖြစ်ပါတယ်။ အဲ့ဒီ့ဇာတိမြေကို ကျနော်တို့ မေ့ပြီးတော့ နေခဲ့တဲ့ ရက် နာရီဆိုတာ မရှိသလောက်ပါပဲ။ သွားခွင့်ရမယ်။ ဆွေးနွေးတယ်ဆိုတာ နိုင်ငံရေးအရပေါ့။ ကျနော့်ပါစင်နယ်အရ တစ်ဦးချင်းအရ အရမ်းကိုဝမ်းသာတယ်။ အထူးသဖြင့် မိသားစုတွေနဲ့ တွေ့ရမယ်။ အမေနဲ့ တွေ့ရမယ်။ ဆွေမျိုးတွေနဲ့တွေ့ရမယ်။ ကျနော်ချစ်ခင်တဲ့ ရဲဘော်တွေကလည်း အများကြီးရှိတယ်။ သူတို့တွေနဲ့ တွေ့ရမယ်ဆိုတော့ အရမ်းဝမ်းသာတယ်။ အထူးသဖြင့် ကျနော်အလွန်တွေ့ချင်နေတဲ့ ကျနော်ရဲ့ မိတ်ဆွေသူငယ်ချင်းတွေရှိပါတယ်။”

သူတို့အနေနဲ့ လက်ရှိအစိုးရအတွင်းက တာဝန်ရှိသူတွေရဲ့ ဖိတ်ကြားချက်အရ တရားဝင် သွားရောက်တာဖြစ်တာကြောင့် သမ္မတ ဦးသိန်းစိန်နဲ့ပါ တွေ့ဆုံ ဆွေးနွေးဖို့ ရှိတယ်လို့ ပြောပါတယ်။

“ အဓိကပြန်ရတဲ့အကြောင်းရင်းကတော့ ဦးသိန်းစိန်အစိုးရက တာဝန်ရှိတဲ့ဝန်ကြီးတစ်ချို့ရဲ့ ဖိတ်ကြားချက်အရပေါ့နော်။ မြန်မာပြည်မှာ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ဆွေးနွေးဖို့ ကျနော်တို့ အခုသွားမှာဖြစ်ပါတယ်။ တရားဝင်ပေါ့လေ။ ကျနော်တို့ကို တွေ့တယ်။ တရားဝင်ဗီဇာထုတ်ပေးတယ်ဆိုတော့ တရားဝင် သွားတာပေါ့လေ။ ဟိုရောက်ရင်လည်း သမ္မတနဲ့ပါ တွေ့ဆုံဆွေးနွေးဖို့ ရှိပါတယ်ခင်ဗျာ။”

ကိုမိုးသီးဇွန်ဟာ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးအတွင်း ရှေ့တန်းကနေ ဦးဆောင်ပါဝင်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင် တဦးဖြစ်သလို မြန်မာနိုင်ငံအတွင်းမှာ လူ့ဘောင်သစ်ပါတီကို စတင် တည်ထောင်သူတွေထဲက တဦးအပါအ၀င်ဖြစ်တဲ့အပြင် ABSDF ကျောင်းသားတပ်မတော် ခေါင်းဆောင်ဟောင်း တဦးလည်း ဖြစ်ပါတယ်။

ဒီကနေ့ သြဂုတ်လ ၃၁ ရက်နေ့မှာပဲ ထိုင်းနိုင်ငံအခြေစိုက် မြန်မာနိုင်ငံ ဒီမိုကရက်တစ်အင်အားစု FDB အကြီးအကဲလည်းဖြစ်၊ ABSDF ကျောင်းသားတပ်မတော် ခေါင်းဆောင်ဟောင်းလည်းဖြစ်တဲ့ ဒေါက်တာ နိုင်အောင်နဲ့ တခြား လုပ်ဖော်ကိုင်ဖက် ၂ ဦးတို့ မြန်မာနိုင်ငံကို ရောက်လာကြပြီ ဖြစ်ပါတယ်။ သူတို့အနေနဲ့ သီးခြား တာဝန်ယူနေကြတဲ့ ကိုယ်ပိုင် အဖွဲ့အစည်းတွေ ရှိနေကြပေမယ့်လည်း သဘောထားတိုက်ဆိုင်သူ၊ ရည်ရွယ်ချက်တူသူ တဦးချင်း လက်တွဲလုပ်ကြတဲ့သဘောနဲ့ မြန်မာနိုင်ငံကို ပြန်လာတာဖြစ်ပြီး အဖွဲ့အစည်းတခုခုကို ကိုယ်စားပြု သွားရောက်တာမျိုး မဟုတ်ဘူးလို့ ပြောပါတယ်။
ကိုဇော်ဝင်းလှိုင် (ဗွီအိုအေ မြန်မာဌာန)

စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်အတွက် နေအိမ်များ ထပ်ဖယ်ခိုင်း

စစ်ကိုင်းတိုင်း မုံရွာမြို့မှာ တိုင်းဒေသကြီး လွှတ်တော်အသစ်ရဲ့ အနီးဝန်းကျင်က အိမ်တွေကို သက်ဆိုင်ရာက ပြောင်းခိုင်းနေရာမှာ ကြောက်လန့်လို့ ဖယ်ပေးလိုက်သူ ရှိသလို မဖယ်ပေးဘဲ တင်းခံနေသူတွေလည်း ရှိနေပါတယ်။

မြ၀တီ အိုးဘိုတောင်ရပ်ကွက်မှာ အသစ်ဆောက်လုပ်ပြီးစီးစ ဖြစ်နေတဲ့ လွှတ်တော်ရဲ့ ဘေးပတ်လည်က အိမ်တွေကို ဖယ်ခိုင်းနေတာပါ။ ဖယ်ခိုင်းရာမှာ သက်ဆိုင်ရာက ကတိမတည်တဲ့အတွက် မကျေမနပ် ဖြစ်နေကြတာလို့ အဲဒီနယ်မြေကို ရောက်ခဲ့တဲ့ ၈၈ မျိုးဆက်ကျောင်းသား ဦးထွန်းမြင့်အောင်က ပြောပါတယ်။

“လွှတ်တော်က ဆောက်ပြီးသွားပြီ။ ခြံဝန်းတွေလည်း ခတ်ပြီးသွားပြီ။ ဒါတောင် အားမရသေးဘူး လွှတ်တော်ပတ်လည်က နေရာတွေကို အိမ်တွေကို ထပ်ရွှေ့ခိုင်းတယ်။ ပြည်သူတွေ ကြောက်ရတာပေါ့ဗျ။ ရွှေ့ပေးကြပါတယ်။ ဒါပေမယ့် ရွှေ့ခိုင်းတုန်းက ကတိက၀တ်တွေ လုပ်မပေးဘူး။ ကတိတွေ ပျက်ကွက်တာနဲ့ ပတ်သက်ပြီး စုပေါင်းလက်မှတ်ထိုး တိုင်တာတွေလည်းရှိတယ်။ တချို့တွေလည်း မပြောင်းသေးဘူး။ ခုထိ တင်းခံနေတယ်။”

အခု တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးတွေကို နဂိုရှိထားနှင့်ပြီးသား အဆောက်အဦ ဟောင်းတွေမှာပဲ ကျင်းပနိုင်သေးပြီး အသစ်ဆောက်လုပ်နေတာပါ။

အဲဒီလွတ်တော်စဆောက်တုန်းကလည်း ဒေသခံတွေရဲ့ အိမ်တွေနဲ့ လယ်ယာမြေ ဧက ၄၀ ကျော်ကို သိမ်းဆည်းခဲ့ပြီး ဖယ်ပေးရတဲ့သူတွေကို သင်္ချိုင်းနားမှာ ပြန်လည် နေရာချပေးခဲ့တယ်လို့ ဆိုပါတယ်။

အခုအခါ လွှတ်တော်နံဘေးနားကနေ ဖယ်ပေးဖို့ ငြင်းဆန်သူတွေထဲက ကိုစံမြင့်ဆိုသူကို သက်ဆိုင်ရာက ဗွီဒီယိုအက်ဥပဒေနဲ့ လွန်ခဲ့တဲ့ ရက်ပိုင်းက ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့ပါတယ်။ ကိုစံမြင့်အပေါ် ထောင်ဒဏ်ချမှတ်မှုဟာ တရားမမျှတဘူးလို့ ဦးထွန်းမြင့်အောင်က ပြောပါတယ်။

“လက်ဝယ်လည်း မတွေ့ဘူးဗျာ။ ပေးတဲ့ လူနှစ်ယောက်လက်ထဲမှာ တွေ့တယ်ဆိုပြီးတော့ အဲဒီလူ နှစ်ယောက်က တယောက်က ဆယ်အိမ်ခေါင်း တယောက်က ရွာထဲကပေါ့။ ဒီလူတွေကို အတင်းထွက်ဆိုခိုင်းတာ။ သူတို့ လက်ထဲမှာရှိတဲ့ အခွေဟာ ကိုစံမြင့်က ပေးတာ ဆိုပြီးတော့ပေါ့။ တကယ်တော့ ကိုစံမြင့်က မပေးဘူး။ ဒါပေမယ့် အဲဒီလူနှစ်ယောက်ကျတော့ ဘာမှ မဖြစ်ဘဲနဲ့ ကိုစံမြင့်ကိုကျတော့ ထောင်ထဲ ထည့်ထားလိုက်တယ် ။”
လွှတ်တော်တွေအနေနဲ့ ပြည်သူတွေရဲ့ အခက်အခဲတွေကို ဖြေရှင်းပေးဖို့သာ ဖြစ်သင့်ပြီး အခုဖြစ်ရပ်ဟာ လွှတ်တော်က ပြည်သူတွေကို အခက်အခဲ ဖြစ်စေတယ်လို့ ဦးထွန်းမြင့်အောင်က ဝေဖန်ပါတယ်။

by ​အေး​နိုင် (ဒီဗွီဘီ)

ဦးထွန်းမြင့်အောင် (ဓာတ်ပုံ-ဒီဗွီဘီ)

ရပ်ကျေး အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲများ စတင်

ဒေသန္တရ အုပ်ချုပ်ရေးမှာ အရေးပါတဲ့ ရပ်ကွက်နဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူး အသစ်တွေ ရွေးချယ်တင်မြှောက်နေရာမှာ နိုင်ငံရေးပါတီတွေရဲ့ ၀င်ရောက်စွက်ဖက်မှုတွေ ရှိနေပါတယ်။
မြန်မာနိုင်ငံမှာ ရပ်ကွက်နဲ့ ကျေးရွာ ၃ သောင်းကျော် ရှိပြီး ရပ်ကျေး အုပ်ချုပ်ရေးမှူး အသစ်တွေ ခန့်အပ်ဖို့အတွက် နိုင်ငံအနှံ့မှာ စတင် ဆောင်ရွက်နေပါတယ်။
စစ်ကိုင်းမြို့နယ်အတွင်းက ရပ်ကျေး အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲတွေမှာ အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေး ပါတီဝင်တွေတချို့ စွက်ဖက်နေကြတယ်လို့ ကိုယ်တိုင်ကြုံတွေ့ရတဲ့ ဒေသခံတဦးက ပြောပါတယ်။
“ဆယ်အိမ်တစု တစုကို ၁ ယောက်ပြန်ရွေးတာ။ ဆယ်အိမ်စု စုတဲ့အခါမှာလည်း နီးစပ်ရာစုတာမဟုတ်ဘဲနဲ့ သူတို့အစီအစဉ်နဲ့ သူတို့စုပြီး ဆယ်အိမ်က တယောက် တယောက် တက်လာ၊ ဆယ်အိမ်စုမှာ ဆယ်အိမ်ခေါင်းတွေရွေးတာ သူတို့လူတွေချည်း တက်လာမယ်ဆိုရင် အုပ်ချုပ်ရေးမှူးတွေကလည်း ကြံ့ခိုင်ရေးကလူချည်းဖြစ်မယ်။ ကြံ့ခိုင်ရေးက နည်းနည်းဝင်စွက်နေတာ ရှိတယ်။ နောက် တချို့လူတွေရွေးထားတာက တကယ့် ဗရုတ်သုတ်ခလူတွေ ရွေးထားတော့ ဒါကိုလည်း မကျေနပ်ကြဘူး။”
အိမ်ထောင်စု ၁၀ စုကနေ ဆယ်အိမ်စုမှူးတယောက်ကို ရွေးချယ်မှာ ဖြစ်ပြီး ဆယ်အိမ်စုမှူးတွေကတဆင့် ဆန္ဒမဲစနစ်နဲ့ ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ကို ရွေးချယ်ရာမှာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ မြို့နယ်အုပ်ချုပ်ရေးမှူးကမှ အဲဒီရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးကို ခန့်အပ်ရမှာလည်း ဖြစ်ပါတယ်။
လက်တွေ့မှာတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို မြို့နယ်နဲ့ ခရိုင်အဆင့်က အုပ်ချုပ်ရေးမှူးတွေက အကာအကွယ် ပေးထားတာတွေ တွေ့ရတယ်လို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် သင်္ဃန်းကျွန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်က ရှင်းပြပါတယ်။
“အရင်ကာလမှာက ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေ ရဖို့အတွက် မြို့နယ် အုပ်ချုပ်ရေးမှူးတွေကို ပံ့ပိုးရတယ်။ မြို့နယ်ကလည်း ခရိုင် အုပ်ချုပ်ရေးမှူးကို ပံ့ပိုးတယ်။ ခရိုင်အုပ်ချုပ်ရေးမှူးကလည်း တိုင်းအုပ်ချုပ်ရေးမှူးတွေကို ပံ့ပိုးတယ်။ တချို့နေရာတွေမှာ ဆင့်ကဲ ဆင့်ကဲ အကာအကွယ်ပေးသွားကြတယ်။ ဥပမာ သင်္ဃန်းကျွန်းမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူး အချို့ဟာ အထောက်အထားတွေ ခိုင်မာရဲ့သားနဲ့ ဥပဒေအရ အရေးမယူဘဲနဲ့ တာဝန်က ရပ်စဲတာလောက်ပဲ ရှိတယ်။ လမ်းပြင်ဖို့ ငွေ ၃ သိန်းကို အလွဲသုံးစား လုပ်ထားတာကို အထောက်အထားရှိလျက်နဲ့ ရာဇ၀တ်ကြောင်းအရ အရေးယူတာ မတွေ့ရဘူး။ အဲဒါက ဆင့်ကဲဆင့်ကဲ အကာအကွယ်ပေးတာလို့ ယူဆစရာရှိတယ်။”
ရပ်ကွက်အုပ်ချုပ်ရေးမှူးရဲ့ သက်တမ်းကတော့ လွှတ်တော် ကိုယ်စားလှယ်တွေလို ၅ နှစ်သက်တမ်း ဖြစ်ပါတယ်။ လစဉ် ၁ လ ၇ သောင်း ရိက္ခာထောက်ပံ့ကြေးနဲ့ ရုံးစရိတ် ၅ သောင်း လစဉ်ရရှိမှာလည်း ဖြစ်ပြီး ဒေသခံ ပြည်သူတွေဆီက ငွေကြေးမကောက်ခံရဘူးလို့ စစ်ကိုင်းတိုင်း အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက ၀န်ထမ်းတဦးက ပြောပါတယ်။
ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးဟာ ၅ နှစ် သက်တမ်းပြည့် တာဝန်ထမ်းဆောင်ပြီးတဲ့အခါ နိုင်ငံရေးပင်စင်လည်း ပေးမှာဖြစ်တယ်လို့ ဆိုပါတယ်။
အစိုးရသစ်လက်ထက်မှာ အုပ်ချုပ်ရေးမှူးစနစ်နဲ့ ကိုင်တွယ်ဆောင်ရွက်ရာမှာ ဒေသခံတွေ မနှစ်သက်သူတွေကို မခန့်အပ်ဖို့ ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပြီးတဲ့နောက် ရပ်ကျေးအုပ်ချုပ်ရေးမှူး ဥပဒေကို လွှတ်တော်က အတည်ပြုပြီး အကောင်အထည် ဖော်လာ တာ ဖြစ်ပါတယ်။

by မင်းလွင် (ဒီဗွီဘီ)

ပုဂ္ဂလိကသို့ လွှဲပြောင်းလိုက်သည့် တညင်းကုန်း အုတ်စက်ရုံ လုပ်သားများ လျော်ကြေးမရ

ရန်ကုန် ၊ သြဂုတ် ၃၁

ရန်ကုန်တိုင်း ဒေသကြီး အင်းစိန်မြို့နယ် တညင်းကုန်း အုတ်စက်ရုံအား ပုဂ္ဂလိကသို့ စက်တင်ဘာလ ၁ ရက်နေ့တွင် လွှဲပြောင်းမည် ဖြစ်သော်လည်း လုပ်သက်ရင့် စက်ရုံ ဝန်ထမ်း များမှာ ပင်စင်လစာ အပါအ၀င် ခံစားခွင့် လျော်ကြေး တစ်စုံတစ်ရာ ပေးလျော်ခြင်း မရှိကြောင်း စက်ရုံ လုပ်သားများက ပြောကြားသည်။

"ကျွန်တော်တို့ဆီမှာ လုပ်သက် ၂၈ နှစ် ရှိနေတာတောင် လျော်ကြေး မပေးဘူး ၊ နှစ်သုံးဆယ် ပြည့်ရင်လည်း တာဝန် မယူဘူးလို့ စက်ရုံမှူးက အစည်းဝေးမှာ ပြောပါတယ်။ စည်းကမ်းချက် တွေကို သိချင်လို့ ကပ်ထားပေးပါ ဆိုတော့လည်း မီဒီယာသမားတွေကြောင့် မကပ်ထားဘူး၊ဖတ်ချင်ရင် ၇ုံးခန်းထဲမှာပဲ လာဖတ်လို့ ပြောပါတယ်။" ဟု လုပ်သက် ၂၈ နှစ်ရှိ ယင်းစက်ရုံရှိ ဝန်ထမ်းတစ်ဦး က ပြောသည်။

ယခင်က အဆိုပါ စက်ရုံ ဝန်ထမ်းများကို စက်ရုံအနီးနှင့် ဝင်းအတွင်း နေအိမ်များ ပေးထားပြီး ၊ အချို့ ဝန်ထမ်းများကို တဲထိုး နေထိုင်ခွင့် ပေးသော်လည်း Mother Trading သို့ လွှဲပြောင်းပြီး နောက်ပိုင်းတွင် ဆက်လက် အလုပ်လုပ်မည့် ၀န်ထမ်း အချို့ကိုသာ နေထိုင်ခွင့် ပေးကြောင်း အဆိုပါ စက်ရုံ အလုပ်သမားများ ထံမှ သိရသည်။

အထက်ပါ ကိစ္စနှင့် ပါတ်သက်ပြီး The Voice Weekly က တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်းရာ ၀န်ကြီးဌာန၏ ညွှန်ကြားချက် ဖြစ်သောကြောင့် တစ်စုံတစ်ရာ ဖြေကြားပိုင်ခွင့် မရှိပါကြောင်း ၊ အသေးစိတ် သိရှိလိုပါက ၀န်ကြီးဌာန ရုံးအဖွဲ့မှူး ထံသို့ဆက်သွယ် မေးမြန်းရန် ဖြေကြားသည်။

The Voice Weekly

မြန်မာ့စက်မှုဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန ဖျက်သိမ်းဖို့ သမ္မတတောင်းဆို


မြန်မာ့စက်မှု ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနကို ပြည်ထောင်စု လွှတ်တော်က အတည်ပြု ဖျက်သိမ်းပေးဖို့ သမ္မတ ဦးသိန်းစိန်က လွှတ်တော်ကို ဒီကနေ့ သ၀ဏ်လွှာပေးပို့ တောင်းဆိုလိုက်ပါတယ်။
Photo:Myanmar President Office
၂၀၁၂ ခုနှစ် ဇွန်လ ၂၅ ရက်က နေပြည်တော်တွင် ကျင်းပနေသည့် လူမှုကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ ညီလာခံ၌ သမ္မတ ဦးသိန်းစိန် မိန့်ခွန်းပြောကြားနေစဉ်။
မြန်မာ့စက်မှု ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနဟာ ယခင်စစ်အစိုးရ လက်ထက် နောက်ဆုံးသက်တမ်းမှာ ဖွဲ့စည်းခဲ့တာဖြစ်ပြီး နယ်စပ်ရေးရာ ဝန်ကြီးဌာနနဲ့ မြန်မာ့စက်မှု ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန (၂) ခုကို ဒုဗိုလ်ချုပ်ကြီး သိန်းဌေးက ဝန်ကြီးအဖြစ် ဦးဆောင် လုပ်ကိုင်ခဲ့တာပါ။
အခုလို မြန်မာ့စက်မှု ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနကို ဖျက်သိမ်းဖို့ ဖြစ်လာရတာဟာ ဒီဝန်ကြီးဌာနရဲ့ ဘတ်ဂျက်သုံးစွဲမှုနဲ့ ပတ်သက်ပြီး လွှတ်တော်နှစ်ရပ်စလုံးက ကန့်ကွက် ဆွေးနွေးခဲ့တာကြောင့် ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဖြစ်သူ ဒေါက်တာအေးမောင်က RFA ကို ရှင်းပြပါတယ်။
" နယကရဲ့ လက်ထက်က အတည်ပြုခဲ့တဲ့ ဘတ်ဂျက်မှာ မပါဘဲနဲ့ ဘတ်ဂျက်မဲ့ သုံးစွဲတာဖြစ်တယ် ဆိုပြီးတော့ အခါမှာ အခြေအတင် ဆွေးနွေးမှုတွေ အလီလီဖြစ်ခဲ့ပါတယ်။ အဲဒီမှာ နဘူးအိုင် စီမံကိန်းတို့မှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနဲ့လုပ်မဲ့ မြန်မာ့စက်မှု ဖွံ့ဖြိုးရေးဋ္ဌာနကလုပ်မဲ့ အစီအစဉ်တွေကို ဗိုလ်ချုပ်ကြီးသိန်းဌေးက ပြည်ထောင်စု လွှတ်တော်ကို တင်ပြတဲ့အခါမှာ လွှတ်တော်အမတ်တွေက ဘယ်ဘတ်ဂျက်နဲ့ သုံးသလဲ၊ အဲဒီလိုမေးခွန်းတွေ မေးတာတို့၊ အဆိုပြုတာတို့ ရှိခဲ့ပါတယ်။ သူတို့ဖြေတာကတော့ဖြင့် သမ္မတရုံးရဲ့ အထူးရန်ပုံငွေထဲက သုံးတယ်ဆိုတဲ့ သဘောပဲ ရှိတဲ့အခါကျတော့ ပြည်ထောင်စုလွှတ်တော် တစ်ခုလုံးကပဲ ဒီဝန်ကြီးဋ္ဌာနကိုဖျက်ဖို့ ကျွန်တော်တို့ ဆွေးနွေး အဆိုပြုခဲ့ကြတာ ရှိပြီးတဲ့နောက်မှာ ဒီဝန်ကြီးဋ္ဌာနရဲ့ ဘတ်ဂျက် အကုန်လုံးကို ဆက်မပေးတော့ဘူး ဆိုတဲ့သဘောနဲ့ ဆွေးနွေးခဲ့ကြတာ ရှိပါတယ်"
တရုတ်နိုင်ငံမှာ စက်မှုဖွံ့ဖြိုးရေး ဆောင်ရွက်ပြီး စီးပွားရေး ပြုပြင်ပြောင်းလဲခဲ့တဲ့ စံနမူနာတွေအတိုင်း လုပ်ဆောင်ဖို့ အခုဖျက်သိမ်းတော့မယ့် မြန်မာ့စက်မှု ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနကို ဖွဲ့စည်းခဲ့တာ ဖြစ်တယ်လို့ သိရပြီး ဒီဝန်ကြီးဌာနအတွက် သမ္မတရဲ့ အထူးဘဏ္ဍာငွေထဲက သုံးစွဲနေတာ ဖြစ်ကြောင်း သိရပါတယ်။

RFA Burmese

၉၂ ပါဂျောင်ရှင်းတမ်း

၉၂ ပါဂျောင်ရှင်းတမ်း ဟု အမည်ပေးထားသော မြန်မာပြည် မြောက်ပိုင်း ကျောင်းသား ရဲဘော်ဟောင်းများ၏ သတင်းစာရှင်းလင်းပွဲကို ယနေ့နံနက် ၁၀ နာရီခွဲတွင် ရန်ကုန်မြို့၊ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီတွင် ကျင်းပခဲ့သည်။ ပုံမှာ မြန်မာပြည်မြောက်ပိုင်း ကျောင်းသား ရဲဘော်ဟောင်းများထဲမှ ထွက်ပြေး လွတ်မြောက် လာသူများက ရှင်းလင်းနေစဉ်နှင့် ၎င်းတို့၏ ကြေညာချက် ---
အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဓာတ်ပုံ- ဂျေမောင်မောင်(အမရပူရ)
7Day News Journal

ဒေါက်တာနိုင်အောင် ရန်ကုန်လေဆိပ် သတင်းစာရှင်းလင်းပွဲ

“ကျွန်တော်တို့နိုင်ငံ ဒီမိုကရေစီ လမ်းကြောင်းကို လျှောက်လှမ်းနေတဲ့ အချိန်ဖြစ်တဲ့ အတွက်ကြောင့်မို့ အစိုးရနဲ့ မတူညီတဲ့ သဘောထားတွေ ထုတ်ဖော် ပြောဆိုတ ကြောင့်မို့လို့ ပြည်ပမှာရှိတဲ့ ဘယ်သူတစ်ဦး တစ်ယောက်ကိုမှ အမည်းရောင် စာရင်းထဲမှာ ထပ်မရှိ သင့်တော့ပါဘူး။ အကျဉ်း ထောင်တွေထဲ ရောက်နေ တာလည်း မရှိသင့်တော့ဘူး”ဟု ယနေ့မြန်မာနိုင်ငံသို့ ပြန်လည်လာ ရောက်သော ဒေါက်တာနိုင်အောင်က ရန်ကုန်လေဆိပ်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အမည်ပျက်စာရင်းနှင့် ပတ်သက်၍ ၎င်း၏သဘောထားကို ထုတ်ဖော်ပြောကြားသည်။

ထို့အပြင် ဒေါက်တာနိုင်အောင်က ယခုခရီးစဉ်နှင့် ပတ်သက်၍လည်း အောက်ပါအတိုင်း ပြောသည်။

“အခုကတစ်ဦးချင်းကို တစ်သီးပုဂ္ဂလအနေနဲ့ ဖိတ်လို့လာတာ ဖြစ်ပေမယ့် ကျွန်တော်တို့ ပါဝင်ပတ်သက်နေတဲ့ အဖွဲ့အစည်းတွေရဲ့ ဒီမိုကရေစီအရေး အမျိုးသား ပြန်လည်သင့်မြတ်ရေး အမြင်တွေ အဲဒီမူသဘောထားတွေအရ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်”

ဒေါက်တာနိုင်အောင်၊ ဒေါက်တာသောင်းထွန်း၊ ဦးညိုအုန်းမြင့်တို့သည် ယနေ့ မွန်းလွဲ ၂ နာရီခန့်တွင် ရန်ကုန်လေဆိပ်သို့ ရောက်ရှိလာခြင်းဖြစ်သည်။ မြန်မာနိုင်ငံသို့ ရောက်ရှိနေစဉ် အချိန်အတွင်း ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း စသည့် ပြည်ထောင်စုဝန်ကြီးများနှင့် တွေ့ဆုံဆွေးနွေးရန် အစီအစဉ်ရှိသည်ဟု ပြောကြားခဲ့သည်။

ဒေါက်တာနိုင်အောင်က မြောက်ပိုင်းမှ ထွက်ပြေးလွတ်မြောက်လာသူ ကျောင်းသားများနှင့် တွေ့ဆုံရန် အစီအစဉ် ရှိ၊ မရှိ သတင်းထောက်များ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် ၎င်း၏အဖွဲ့သို့ ခွင့်ပြုချက် တောင်းခံရမည်ဖြစ်ပြီး ခွင့်ပြုချက်ရရှိမှာသာ တွေ့ဆုံရန် အစီအစဉ်ရှိသည်ဟု ပြောသည်။

7Day News Journal

ယနေ့မြန်မာနိုင်ငံသို့ ပြန်လည်လာရောက်သော ဒေါက်တာနိုင်အောင်က ရန်ကုန်လေဆိပ်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အမည်ပျက်စာရင်းနှင့် ပတ်သက်၍ ၎င်း၏သဘောထားကို ထုတ်ဖော်ပြောကြားစဉ်

ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)

Thursday, August 30, 2012

ကချင်ဒုက္ခသည်များ အတင်းအကျပ် ပြန်မပို့ရန် အမေရိကန်တိုက်တွန်း

မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ ကချင်ဒုက္ခ သည်တွေကို အတင်းအကျပ် ပြန်မပို့ဖို့နဲ့ ယာယီ ခိုလှုံခွင့်ပေးဖို့ အမေရိကန် ပြည်ထောင်စုက တရုတ်အစိုးရကို တိုက်တွန်းလိုက်ပါတယ်။ ----

သတင်းအပြည့်စုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


photo courtesy of Kachinnet.net
ဆဒုံးမြို့နယ်ခွဲ နယ်စပ်မှတ်တိုင် ၆ နှင့် ၈ ဒုက္ခသည်စခန်း၊ မိုးမောက်မြို့နယ် မိုင်ဂျာယန်အနီး ဆိုင်မိုင်ပါနဲ့ အင်ဘာပါ ဒုက္ခသည် စခန်းများ၌ UNOCHA, UNHCR, WFP တို့က အကူအညီပေးနေစဉ်။

ရေဘေးဒုက္ခသည်တွေ အကူအညီ အလွန်အမင်း လိုအပ်

ဧရာဝတီ တိုင်းတွင်းက ရေလွှမ်းမိုးမူ ခံရတဲ့ မြို့နယ် တချို့က ကျေးရွာ တွေမှာ
ရေအနည်းငယ် ပြန်ကျသွား ပြီဖြစ်ပေမယ့် ရေဘေးသင့် ဒေသတွေက ပြည်
သူတွေ စားဝတ်နေရေး အခက် အခဲတွေနဲ့ ကြုံတွေ့ နေရပြီး အရေးပေါ်
ရေဘေး ကယ်ဆယ်ရေး အကူအညီတွေ လိုအပ်နေပါတယ်။----

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ရေဘေးသင့်ပြည်သူအများစုကတော့ မိမိတို့ရဲ့ ရေ၀ိုင်းနေတဲ့ နေအိမ်တွေမှာပဲ
နေထိုင်နေကြရပြီး အလှူရှင်တွေရဲ့ လှူဒါန်းမူနဲ့ပဲ ရပ်တည်နေရပါတယ်။

အခုနှစ် အတွက် အထည်ချုပ် လုပ်ငန်း ကျဆင်း

မြန်မာနိုင်ငံရဲ့ အထည်ချုပ် လုပ်ငန်းဟာ အခုနှစ်မှာ ထုတ်လုပ်အား လျော့နည်း သွားတယ်လို့ အထည်ချုပ် လုပ်ငန်းရှင်များ အသင်းက ပြောပါတယ်။နိုင်ငံခြား ကိုတင်ပို့တဲ့ အထည်ချုပ် စက်ရုံ ၂ဝဝ နီးပါး ရှိပြီး အလုပ်သမား တစ်သိန်း ဝန်ကျင်လောက် ရှိတဲ့ အထည်ချုပ် လုပ်ငန်းမှာ အနည်းဆုံး ထုတ်လုပ်အား ၁ဝ ရာခိုင်နှုန်းကျော်---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဈေးကွက် ရှိမှ အထည်ချုပ် လုပ်ငန်း ရှင်သန်နိုင်မယ်

မြိတ်ခရိုင် NLD ညီလာခံ ကျင်းပရေး ရှင်းလင်းပွဲနှင့် သရုပ်ပြပွဲပြုလုပ်။

မြိတ်ခရိုင် ညီလာခံ ကျင်းပရေး ကော်မရှင်ဥက္ကဌ ဦးသန်းနွယ်နှင့် မြိတ်မြို့နယ်
ညီလာခံ ကျင်းပရေး ကော်မရှင်မှ ရပ်ကျေး ညီလာခံ ကျင်းပပုံ ရှင်းလင်းပွဲနှင့်
သရုပ်ပြပွဲ ပြုလုပ်ခြင်း အခမ်းအနား၂၈.၈.၂၀၁၂ရက်နေ့ ည၆း၃၀ အချိန်တွင် မြိတ်NLDရုံးတွင်ကျင်းပခဲ့ပါသည်။

အခမ်းအနားသို့ မြိတ်မြို့နယ် ရပ်/ကျေး ကော်မရှင်မှ ၁၅ဦးစီ တက်ရောက် ခဲ့ပါသည်။

ဦးသန်းနွယ်မှ ညီလာခံ ကျင်းပပုံ အဆင့်ဆင့်အား လက်တွေ သရုပ်ပြ ရှင်းလင်း ပေးခဲ့ပြီး
ရပ်/ကျေး ကော်မရှင်တို့၏ မေးမြန်းချက်များအား ပြန်လည်ရှင်းလင်းပြီး နောက် ည ၉ နာရီ
တွင် ရုတ်သိမ်းခဲ့ပါသည်။

Myanmar News Now

မန္တလေး တမ္ပ၀တီရပ်ကွက် လူသတ်မှုအား စစ်ဆေးဆောင်ရွက်နေ

မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည် မြို့နယ်က တမ္ပ၀တီ ခတ္တန်းရပ်၌ ကြေးသွန်း လုပ်ငန်းရှင်တစ်ဦး နေအိမ်တွင် အသတ် ခံရမှု ကို အမှတ်(၁၀)ရဲစခန်းမှ စုံစမ်း စစ်ဆေးမှုများ ပြုလုပ်လျက်ရှိနေဆဲဖြစ် ကြောင်း သိရသည်။

"ဘာကြောင့်သတ်တယ်၊ ဘာကြောင့် အိမ်ထဲမှာ---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

တိုက်ပွဲ ပိုမိုပြင်းထန်မှုကြောင့် ဖားကန့်ဒေသခံများ ထပ်မံထွက်ပြေး

ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း အစိုးရတပ်နဲ့ ကချင်လက်နက်ကိုင် အဖွဲ့အကြား တိုက်ပွဲတွေ ပိုမိုပြင်းထန်လာမှုကြောင့် အနီးအနားကျေးရွာက ဒေသခံတွေ ဖားကန့်မြို့ပေါ် ထပ်မံထွက်ပြေးလာကြပါတယ်။

ကချင်ပြည်နယ်က ကျောက်စိမ်းထွက်ရှိရာ ဖားကန့်မြို့နယ်အတွင်းမှာ---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ရန်လုဒုက္ခသည်စခန်းမှ ရွှေ့ပြောင်းပေးရသည့် ကချင်ဒုက္ခသည်များ

ဖားကန့် အင်န်အယ်လ်ဒီ ဒုက္ခသည်တွေကို ကူညီ

ဖားကန့်မြို့နယ်အတွင်းရှိ ဒုက္ခသည် စခန်း ၃၁ ခုက စစ်ပြေးဒုက္ခသည်တွေကို ဖားကန့်မြို့ အင်န်အယ်လ်ဒီက ကူညီထောက်ပံ့နေတယ်လို့ သိရပါတယ်။
ကချင်ပြည်နယ် ဖားကန့် ကျောက်စိမ်းတွင်းဒေသမှာ လွန်ခဲ့တဲ့ တစ်ပတ်လောက် ကတည်းက စတင်ခဲ့တဲ့ ကေအိုင်အိုနဲ့ အစိုးရတပ်တွေရဲ့ တိုက်ပွဲတွေကြောင့် ဘာသာရေးကျောင်းတွေမှာ---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

တရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေးကော်မတီအစည်းအဝေးကျင်းပ

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌ အဖြစ်ဆောင်ရွက်နေသော
ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး
ကော်မတီ စတုတ္ထအကြိမ် အစည်းအဝေးကို---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



တရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေးကော်မတီအစည်းအဝေးကျင်းပစဉ် ( ဓါတ်ပုံ- အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်)

သိမ်းထားသော ဟူးကောင်းချိုင့်ဝှမ်း လယ်များ ယုဇနက ပြန်ပေးမည်ဟုဆို

ကချင်ပြည်နယ်၊ ဟူးကောင်းချိုင့်ဝှမ်းဒေသမှ ယုဇန ကုမ္ပဏီက သိမ်းယူထားသော
မြေများ ထဲမှ လယ်ဧက တထောင်ကျော်ကို မူလပိုင်ရှင် တောင်သူများထံ ပြန်
လည်ပေးအပ်သွားမည်ဟု ကုမ္ပဏီပိုင်ရှင် ဦးဌေးမြင့်က ကတိပြုလိုက်ကြောင်း----

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


A-farmer-come-to-protest-at-Yuzana-Hotal-2
ကချင်ပြည်နယ်၊ ဟူးကောင်းချိုင့်ဝှမ်းဒေသရှိ လယ်မြေများအား
ယုဇန ကုမ္ပဏီမှ သိမ်းယူထားခြင်းအတွက် ဆန္ဒပြရန် ရောက်ရှိ
လာသောလယ်သမားများအား ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်လမ်း
ပေါ်ရှိ ယုဇနဟိုတယ်ရှေ့တွင် သြဂုတ်လ ၃၀ ရက်နေ့က
တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)

တိုက်ပွဲများကြောင့် ဖားကန့်မြို့နယ် လောင်စာဆီ သိုလောင်ရုံတခု ပေါက်ကွဲ


တိုက်ပွဲများကြောင့် ဖားကန့်မြို့နယ် လောင်စာဆီ သိုလောင်ရုံတခု ပေါက်ကွဲစဉ် (ဓါတ်ပုံ- Myanmar News Now)
ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် အစိုးရတပ်တို့အကြား ပစ်ခတ် တိုက်ခိုက်မှုများကြောင့် ဖားကန့်မြို့နှင့် နှစ်မိုင်အကွာ ဆိုင်းဂျာဘွမ် ကျေးရွာရှိ ဝေအောင်ကမ္ဘာ အကျိုးတူ ကုမ္ပဏီပိုင် လောင်စာဆီ သိုလောင်ရုံထဲသို့ လက်နက်ကြီး ကျကာ ပေါက်ကွဲမှု ဖြစ်ခဲ့ကြောင်း သိရသည်။


သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ပည်ပနိုင်ငံတွင် နိုင်ငံရေးခိုလှုံခွင့် တောင်းခံခဲ့သူတချို့ အမည်မဲစာရင်းမှ ပယ်ဖျက်ပေးဖို့ မရှိသေး

ဦးသိန်းစိန် အစိုးရအဖွဲ့ အနေနဲ့ ယခင်အစိုးရ လက်ထက်က ပြည်ပနိုင်ငံ တွေမှာ
နိုင်ငံရေးခိုလှုံခွင့် တောင်းခံခဲ့ သူတွေကို နိုင်ငံတော် သစ္စာဖောက်မှုနဲ့ အမည်မဲ
စာရင်း Blacklist ထည့်သွင်းထားမှုကနေ ပယ်ဖျက်ပေးဖို့ လောလောဆယ် အစီ
အစဉ်မရှိ သေးဘူးလို့ ---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

လက်ပန်းတောင်း တောင်သူများ ဆက်လက်ဆန္ဒပြ

မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် အာဏာပိုင်တွေက ပုဒ်မ ၁၄၄ ကန့်သတ်နယ်မြေအတွင်းမ၀င်ရ အမိန့် ထုတ်ပြန်ထားပေမယ့် လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းအတွက် ယာမြေအသိမ်းခံရ တဲ့ တောင်သူတွေဟာ ဆက်လက်ဆန္ဒဖော်ထုတ်နေကြပါတယ်။---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Black List မှ ပယ်ဖျက်လိုက်သော မြန်မာနိုင်ငံသားများ

စာရင်း နာမည်ပျက်စရင်းမှ ပယ်ဖျက်ပေး လိုက်တဲ့ မြန်မာနိုင်ငံသားများ စာရင်းမှာတော့ ပြည်ပရောက် NCGUB ညွန့် ပေါင်းအစိုးရ ဒေါက်တာစိန်ဝင်း အပါအ၀င် ၉၀ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ၈၈ မျိုးဆက် ကျောင်းသားတချို့ ပါဝင်တာတွေ့ ရပါတယ်။ သမ္မတရုံးဝက်ဆိုဒ်မှာ ထုတ်ပြန်ထားတဲ့ Black List မှ ပယ်ဖျက်လိုက်သော မြန်မာနိုင်ငံသားများ စာရင်း မှာ နေရပ်လိပ်စာ၊ နာမည် နဲ့  အတူ ဖော်ပြထားတဲ့ လူပေါင်း(၉၃၅)ဦး ရဲ့ အမည်စာရင်းကို ---

အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

Black List မှ ပယ်ဖျက်လိုက်သော နိုင်ငံခြားသားများ စာရင်း

မြန်မာအစိုးရက အမည်မည်းစာရင်း (Black list) မှ ပယ်ဖျက်လိုက်သော လူပုဂ္ဂိုလ်၂၀၈၂ ဦး ၏ စာရင်းကို နိုင်ငံတော် သမ္မတရုံး ၀က်ဘ်ဆိုက်မှ ထုတ်ပြန် ကြေညာလိုက်ပါတယ် ။ အဆိုပါ စာရင်းမှာ ဒေါ်အောင်ဆန်းစုကြည်၏ သားနှစ်ဦးဖြစ်သော Aris, Alexander နှင့် Aris Kimတို့ နှစ်ဦး အပါအ၀င် အမည်မည်း စာရင်းမှ ပြည်ပရောက် မြန်မာနိုင်ငံ သားများလည်း ပါဝင်တာတွေ့ ရပါတယ်။

နိုင်ငံအလိုက် Black List မှ ပယ်ဖျက်လိုက်တဲ့ နိုင်ငံခြားသား ၁၁၄၇ နှစ်ယောက်ရဲ့  နာမည် စာရင်း ----

အပြည့်အစုံ ကို ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ဟူးကောင်း ဒေသ လယ်သများ ဆန္ဒပြမည် အစီစဉ် ရွှေ့ ဆိုင်း

ယုဇနကုမ္မဏီက လယ်ယာမြေ အသိမ်းခံ ထားရသည့် ကချင်ပြည်နယ် ဟူးကောင်း ဒေသခံများသည် သြဂုတ် ၃၀ရက်နေ့ တွင် ယင်းကုမ္မဏီရှေ.၌
မူလကဆန္ဒ ထုတ်ဖော်ရန် စီစဉ်ထားသော်လည်း ယုဇနဦးဌေးမြင့်က
ညှိနိုင်းပေးမည့် အတွက် ယာယီရွှေ. ဆိုင်းလိုက်ကြောင်း ဒေသခံ
လယ်သမားများ ကပြောကြောင်း Venus News Weekly - Facebook
စာမျက်နှာမှာ ရေးသားဖော်ပြ ထားပါသည်။

Venus News Weekly

ယုဇနကုမ္မဏီက လယ်ယာမြေ အသိမ်းခံ ထားရသည့် ကချင်ပြည်နယ် ဟူးကောင်း ဒေသခံများကို သြဂုတ်၃၀ရက်နေ.၊ယင်းကုမ္မဏီရှေ.တွင်တွေ.ရစဉ် ၊(ဓါတ်ပုံ-မနောထွန်း) Venus News Weekly

ယုဇနဟိုတယ်ရှေ.ရောက်ဟူးကောင်းဒေသလယ်သမားများ (ဓါတ်ပုံ-မနောထွန်း) Venus News Weekly

ရန်ကုန်လေဆိပ်တွင် သတင်းစာရှင်းလင်းပွဲ လုပ်လိုဟု ဒေါက်တာနိုင်အောင်ဆို


ဒေါက်တာနိုင်အောင်
ရန်ကုန်၊ သြဂုတ် ၃၀

၂၄နှစ်ကြာ မြန်မာနိုင်ငံနှင့် ဝေးကွာနေရာမှ ပထမဆုံးပြန်လာခွင့် ရမည့် ဒေါက်တာနိုင်အောင်က ရန်ကုန်လေဆိပ်တွင်ပင် သတင်းစာရှင်း လင်းပွဲလုပ်ရန် အကျိုးဆောင်များကို ကမ်းလှမ်းထားကြောင်း ၎င်းက The Voice Weekly သို့ပြောကြားသည်။

ဒေါက်တာနိုင်အောင်နှင့် ဦးညိုအုန်းမြင့်နှင့် ဒေါက်တာသောင်းထွန်းတို့ သြဂုတ်လ ၃၁ရက်နေ့ နေ့လည် ၂နာရီခန့်တွင် ရန်ကုန်လေဆိပ်သို့ ရောက်ရှိ မည် ဖြစ်ကြောင်း ဒေါက်တာနိုင်အောင်ကပြောကြားသည်။

ဒေါက်တာနိုင်အောင်မှာ ABSDF (မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး) ၏ ဥက္ကဋ္ဌဟောင်းတစ်ဦးဖြစ်သည်။

The Voice Weekly

သြဂုတ်လ (၃၀)ရက်နေ့ ထုတ် Venus News Weekly အတွဲ ၄ အမှတ် ၆



ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ

မန္တလေး ပြည်ခိုင်ဖြိုး ရံပုံငွေစရင်း သိန်းနှစ်သောင်းကျော်ကွာဟ

ပြီးခဲ့သည့် ၂၀၁၀ နိုဝင်ဘာ ရွေးကောက်ပွဲတွင် မန္တလေးတိုင်း ဒေသကြီး ပြည်ထောင်စု ကြံခိုင်ရေး ဖွံ့ဖြိုးရေး ပါတီကို ဗဟိုမှ ရံပုံငွေ ကျပ်သိန်း သုံးသောင်းကျော် ချထားပေးရာ စာရင်း မှန်ကန်စွာ မပြနိင်ပဲ သိန်းနှစ်သောင်းကျော် အသုံးစရိတ် ပြထားကြောင်း -----

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ကြံ့ခိုင်ရေး ၏ စီးပွါးရေး လုပ်ငန်း တခုဖြစ်သည့် နယူးဒေး ဓါတ်ဆီဆိုင်

Wednesday, August 29, 2012

ပတ်စ်ပို့အတုဖြင့် မြန်မာနိုင်ငံမှ မွတ်ဆလင် ၁၆ဦး ဒက္ကားလေဆိပ်တွင် ဖမ်းဆီးခံရ


ဘင်္ဂလာဒေခ်ျ့ ပတ်စ်ပို့ အတုကိုင်ဆောင်ပြီး နိုင်ငံခြား တိုင်းပြည်များသို့ ထွက်ခွာရန် ကြိုးစားသူ မြန်မာနိုင်ငံသား မွတ်ဆလင် ၁၆ဦးကို ဘင်္ဂလားဒေ့ခ်ျ ရဲတပ်ဖွဲ့မှ ဒက္ကားမြို့ နိုင်ငံတကာ လေဆိပ်တွင် ယမန်နေ့က ဖမ်းဆီးလိုက်သည်။

ဖမ်းဆီးခံရသူများနှင့် သက်သေခံ အထောက်အထားများ (ဓါတ်ပုံ- Star)

ဘင်္ဂလာဒေခ်ျ့ထုတ် သတင်းများတွင် ရိုဟင်ဂျာများ ဟု ဖေါ်ပြပြီး မြန်မာနိုင်ငံ အစိုးရက ဘင်္ဂလီများဟု ခေါ်ဆိုသူ ၁၆ ဦးအား ဒက္ကားလေဆိပ်မှနေ၍ မလေးရှားနှင့် ကမ္ဘောဒီးယားနိုင်ငံသို့ မထွက်ခွာမီ ဒက္ကားလေဆိပ်သို့ အ၀င်တွင် ဘင်္ဂလာရဲက ဖမ်းမိခြင်း ဖြစ်သည်။

သူတို့အား နိုင်ငံခြားသို့ ထွက်ခွာနိုင်ရန် စီစဉ်ပေးသူ ပွဲစား (၅) ဦးအားလည်း ဘင်္ဂလာရဲက ဖမ်းဆီးခဲ့ပြီး သူတို့အထဲမှ အမ်းဒီ န၀က်ခန် ဆိုသူထံမှာ တာကာငွေ ၂၆ သိန်း နှစ်သောင်း တစ်ထောင်တန်ဖိုးရှိ နိုင်ငံခြား ငွေများကို ဖမ်းဆီးမိခဲ့သည်ဟု ဆိုသည်။

သူတို့နည်းတူ ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား (၇) ဦးကိုလည်း ပတ်စ်ပို့ အတုဖြင့် ယမန်နေ့က ဖမ်းမိခဲ့သည်ဟု ရဲက ဆိုသည်။

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်နှင့် မလေးရှားနိုင်ငံ ကွာလာလာမ်ပူ မြို့ရှိ ယူအန်အိပ်ခ်ျစီအာရ် ရုံးများသည် ရိုဟင်ဂျာ ဆိုသူများကို ဒုက္ခသည်များ အဖြစ် အဆောတလျင် အသိအမှတ်ပြုပြီး တတိယနိုင်ငံများသို့ ပို့ပေးသည်ဟု ဆိုသည်။

ကမ္ဘောဒီးယား ဖနွမ်းပင်ရှိ ယူအန်အိပ်ခ်ျစီအာ ရုံးသည် အမေရိကန် အပါအ၀င် တတိယနိုင်ငံသို့ ထွက်ခွာရန် အတွက် အလွယ်ကူဆုံး စခန်းတစ်ထောက်နားရာ နေရာဖြစ်သဖြင့် ကမ္ဘောဒီးယားသို့ သွားနေကြခြင်း ဖြစ်သည်ဟု သိရသည်။

ယခုလအတွင်း ဘင်္ဂလာဒေခ်ျ့ ပတ်စ်ပို့ အတုဖြင့် နိုင်ငံခြားတိုင်းပြည်များသို့ ထွက်ခွာရန် စီစဉ်ရာမှ ဖမ်းဆီးခံရသူ မြန်မာနိုင်ငံသား ရိုဟင်ဂျာဆိုသူ ၃၈ ဦးထိ ရှိသွားပြီ ဖြစ်ကြောင်း The Daily Star သတင်းစာတွင် ဖေါ်ပြသည်။

သြဂတ်စ်လ ၁၁ ရက်နေ့ကလည်း ဒက္ကားလေဆိပ်မှ ပတ်စ်ပို့ အတုဖြင့် နိုင်ငံခြားသို့ ထွက်ခွာရန် စီစဉ်သူ မြန်မာနိုင်ငံသား မွတ်ဆလင် ၇ ဦးကို ဖမ်းမိကြောင်း ဒက္ကား လေဆိပ် လုံခြုံရေး တာဝန်ယူထားသော ပုလိပ်မင်းကြီး အာတီးကွာ ရာဟမန်က ပြောသည်။

ရိုဟင်ဂျာဆိုသူများသည် ဘင်္ဂလာဒေခ်ျ့ ပတ်စ်ပို့ဖြင့် နိုင်ငံခြားကို ထွက်ခွာသွားပြီးနောက် ရာဇ၀တ်မူများကို ကျူးလွန်ကြသည်ဟု အာတီးကွာ ရာဟမန်ကို ကိုးကားပြီး ယနေ့ထုတ် The Daily Star သတင်းစာက ဆိုသည်။

ဘင်္ဂလာဒေခ်ျ့ နိုင်ငံခြားရေး ၀န်ကြီးဌာနနှင့် လူဝင်မူကြီးကြပ်ရေး အရာရှိများကလည်း ရိုဟင်ဂျာ ဆိုသူများသည် ဘင်္ဂလာဒေခ်ျ့ ပတ်စ်ပို့ကို ကိုင်ပြီး နိုင်ငံခြားတွင် ရာဇ၀တ်မူများကို ကျူးလွန်ကြသဖြင့် ဘင်္ဂလာဒေခ်ျ့နိုင်ငံ၏ နာမည်နှင့် ဂုဏ်သိက္ခာကို အကြီးအကျယ် ထိခိုက်နေကြောင်း ပြောကြားသည်ဟု သတင်းစာက ရေးသားသည်။

ယခုအခါ ဆော်ဒီးအရေးဗီယား နိုင်ငံတွင် ဘင်္ဂလာဒေခ်ျ့ ခရီးသွား အထောက်အထားများဖြင့် ဖမ်းဆီးခံထားရသူ ရိုဟင်ဂျာ (၇၀၀) ရှိပြီး ထိုသူများကို ပြန်လည် လက်ခံယူရန် ဘင်္ဂလာဒေခ်ျ့ကို ဆော်ဒီ တာဝန်ရှိသူများက ဖိအားပေးလျှက် ရှိနေကြောင်း ရေးသား ဖေါ်ပြထားပါသည်။

ထွန်းထွန်း

ပလက်တီနမ် ရတု


ငါတို့ဟာ ကြောင်ရိုင်းတွေပါ မာရီကာနာ
လမ်းပေါ်မှာ ဆိုင်ကယ်တွေနဲ့ စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ခွင့်ပေးနိုင်မလား
အဆင့်မြင့် ယာဉ်ကြောပိတ်ဆို့မှု၊ နိုင်လွန် ကျင်းတစ်ရာ လမ်းမကျယ်တွေမှာ
ငါ ဆိုင်ကယ်စီးဖူးချင်လို့ပါ
ဟွန်းအကျယ်ကြီး တီးကြည့်ချင်လို့ပါ
လမ်းတွေပျက်ပြီး ဘတ်စကားတွေကြပ်တယ်
အသက်ရှူသွင်း ရှူထုတ်နဲ့ စကားတွေက အလုပ်မဖြစ်ဘူး
စတားတွေကတော့ အလုပ်လည်းဖြစ်တယ်၊ အလစ်လည်း ဖြုတ်တယ်
ဘာမှ မတွေးမိအောင် စိတ်ကို ထိန်းကျောင်းရင်း
မိုးများရေနစ် တိုင်းချစ်ပြည်ချစ် တောင်သူလယ်သမားတွေရယ်ပါ လို့ ၇ခါ အော်ပါ
ကန္တာရဆန်သော ၀မ်းတစ်ထွာအတွက် အားကိုးအားထားရာ
ကံကြမ္မာဆိုတာ ဒီလိုဘဲ မိုးတွေရွာနေပြီး
ခုလည်း ဒီမိုးက ရေစီးတော့ ကမ်းတွေပါပြိုသွားတယ်
သာပေါင်းဟာ ညာစားခံခဲ့ရတာလား
အလကားကြီး ထိုးကျွေးထားတာလား
မိုးခေါင် ရေရှား…လယ်များလည်း ပေါက်ဖော်ပိုင်သိမ်း
ကြေးနီရိုင်းဥပဒေနဲ့အညီ မကျူးကျော်ရနယ်မြေ
မနက်ဖြန်တိုင်းမှာ နဖူးကချွေး ခြေမ ကျရစေတော့
မမြင်နိုင်သော ကံတရား၊ မယှဉ်နိုင်သော လက်ဖ၀ါး
ထုတ်ဖော်ခွင့်မရှိတဲ့ ဆန္ဒဆိုတာ ကိုယ်ပိုင်တဲ့ လယ်ယာမြေတွေ
အင်အားသုံးပြီး အလုခံရတာပဲ မာရီကာနာ
နောက်လှည့်ကြည့်ရင် ကျောကုန်းပဲရှိလို့ နောက်ကြောင်းပြန် မလှည့်တော့ဘူး
နေစရိတ်၊ စားစရိတ်နဲ့ မမျှတဲ့ ဝင်ငွေမှာ ဝင်လေ ထွက်လေမမှားအောင်
တတ်နိုင်သမျှ အာရုံတွေကို ဟိုလှည့်ဒီလှည့်
ရေဘူး၊ ထမင်းချိုင့်၊ သံတူရွင်း၊ ဂေါ်ပြား၊ ထွန်တုံး၊ ခိုင်းနွား သားသမီး ပညာရေး
ဘယ်အချိန် ခေါင်းပေါ်ကို ဗုံးကျလာမလဲဆိုပြီး စိုးရိမ်နေကြရတဲ့ အရသာ
ဖူကူယားမားက နိုင်ငံ တိုးတက်ရေးအတွက် ဆင်ဖြူတော်များ ပိုမိုလိုအပ်နိုင်ကြောင်း
အားလုံး စနေနေ့တိုင်း ပူးပေါင်းဆောင်ရွက်မယ်ဆိုရင်
နောင်ဆို ဒီထက်ပိုပြီး ကြက်ဆူပင်တွေ ပေါများလာဖွယ်ရှိကြောင်း
အတိတ်ကမ္ဘာရဲ့ နာကျည်းမှုတွေကြားက ရုန်းထွက်နိုင်ခဲ့ပေမယ့်
သည်အရပ်မှာ သည်ဇာတ်ဟာ အကျယ်လောင်ဆုံးဖြစ်နေတော့
ငြိမ်းချမ်းရေး ဖော်ဆောင်ရာမှာ ကြုံတွေ့နေရတဲ့
ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ် စိန်ခေါ်မှုတွေ
တဒိတ်ဒိတ်တိုးနေတဲ့ နားထင် တစ်ဝိုက်က သွေး
တကယ့် ကြက်ရေးငှက်ရေးဆိုရင် တကယ် ကြက်ပျောက် ငှက်ပျောက်
ငါးပါးသာမက သံဃာစင်ပါ မှောက်ကရော!

သိုးထိန်း(အန္တိမ)

မန္တလေး ပြည်ခိုင်ဖြိုး ရံပုံငွေစရင်း သိန်းနှစ်သောင်းကျော်ကွာဟ

ပြီးခဲ့သည့် ၂၀၁၀ နိုဝင်ဘာ ရွေးကောက်ပွဲတွင် မန္တလေးတိုင်း ဒေသကြီး ပြည်ထောင်စု ကြံခိုင်ရေး ဖွံ့ဖြိုးရေး ပါတီကို ဗဟိုမှ ရံပုံငွေ ကျပ်သိန်း သုံးသောင်းကျော် ချထားပေးရာ စာရင်း မှန်ကန်စွာ မပြနိင်ပဲ သိန်းနှစ်သောင်းကျော် အသုံးစရိတ် ပြထားကြောင်း -----

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ကြံ့ခိုင်ရေး ၏ စီးပွါးရေး လုပ်ငန်း တခုဖြစ်သည့် နယူးဒေး ဓါတ်ဆီဆိုင်

ဟာရီကိန်း Isaac အမေရိကန်ပြည်နယ်တွေ ဝင်မွှေ

ဟာရီကိန်း Isaac ဟာ နယူးအော်လင်းမြို့ကို ဦးတည်နေပြီး လူဝီဆီယားနား၊ မစ္စစ္စပီပြည်နယ်တွေကနေ အာကင်ဆောပြည်နယ်ကို ရောက်သွားနိုင်ပါတယ်။

အမေရိကန်မြောက်ဘက် ကမ်းရိုးတန်းကို မိုးသက်လေပြင်းတွေနဲ့အတူ ရောက်ရှိလာတဲ့ ဟာရီကိန်း မုန်တိုင်း Isaac ဟာ ကုန်းတွင်းပိုင်းကို တဖြည်းဖြည်း ၀င်ရောက်လာနေပြီး-----

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

မြန်မာခေါင်းဆောင်တချို့ ပြည်ဝင်ခွင့်ပိတ်ပင်မှု အမေရိကန်ဖြေလျှော့

မြန်မာ အစိုးရ ခေါင်းဆောင်တွေ အပေါ် ပြည်ဝင်ခွင့် ဗီဇာဆိုင်ရာ ပိတ်ပင် ကန့်သတ် ထားတာကို အမေရိကန် သမ္မတ ဘာရက်ခ် အိုဘားမား (Barack Obama) က ဖြေလျှော့ပေး လိုက်ပါတယ်။

အဲဒါကြောင့် နယူးယောက်မြို့မှာ ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေ ညီလာခံကို တက်ရောက်ဖို့ သမ္မတဦးသိန်းစိန် လာရောက်တဲ့ အခါ အမေရိကန်နိုင်ငံ တွင်းမှာ---
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ကချင်ဒုက္ခသည်တွေကို နယ်စပ်ဖွင့်ပေးဖို့ တရုတ်ကို အမေရိကန်တိုက်တွန်း


မြန်မာနိုင်ငံ မြောက်ပိုင်းကချင်ပြည်နယ်က စစ်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်ကြရတဲ့ အရပ်သား ဒုက္ခသည်တွေကို တရုတ်နိုင်ငံဘက်က လက်ခံအကူအညီပေးဖို့ အမေရိကန်ပြည်ထောင်စုက တရုတ်နိုင်ငံကို တိုက်တွန်းလိုက်ပါတယ်။ ငြိမ်းချမ်းရေးအတွက် ညှိနှိုင်းဆွေးနွေးနေတဲ့ ကြားကပဲ ကချင်ပြည်နယ်အတွင်း တိုက်ခိုက်မှုတွေဆက်ဖြစ်နေတာကြောင့် အရပ်သားတွေ ထွက်ပြေးရာမှာ တရုတ်နိုင်ငံဘက်က သူ့နိုင်ငံတွင်း မ၀င်နိုင်အောင် နယ်စပ်ပိတ်ဆို့ထားတယ်လို့ သတင်းတွေ ဖြစ်နေ တာပါ။ ဒီအကြောင်းကိုတော့ မအေးသန္တာကျော်က တင်ပြပေးထားပါတယ်။

KIA ကချင်လွတ်မြောက်ရေးလက်နက်ကိုင်အဖွဲ့နဲ့ မြန်မာအစိုးရအကြားမှာ ညှိနှိုင်းဆွေးနွေးမှုတွေ ဆက်ပြီး လုပ်နေကြပေမယ့် ကချင်ပြည်နယ်အတွင်း တိုက်ပွဲတွေ၊ စစ်ပွဲတွေ အရှိန်ကတော့ ရပ်မသွားသေးပါဘူး။ အဓိကအားဖြင့် နယ်မြေသတ်မှတ်မှု စစ်ရေးကိစ္စတွေမှာ နှစ်ဘက် တင်းတင်း မာမာ ရှိနေကြပါတယ်။ အခုလို စစ်ပွဲတွေကြောင့် ဒေသခံ အရပ်သားတွေ မိမိတို့ကျေးရွာတွေကို စွန့်ခွာထွက်ပြေးကြရာမှာ နယ်ချင်းစပ် တရုတ်နိုင်ငံဘက်ကိုလည်း ကူးကြပါတယ်။

ကနဦးပိုင်းမှာ တရုတ်ဘက်က လက်ခံထားပေမယ့်လို့ နောက်ပိုင်းမှာ ကချင်အရပ်သား ဒုက္ခ သည်တွေ နေရပ်ကို ပြန်ဖို့ တရုတ်အာဏာပိုင်တွေဘက်က ဖိအားပေးမှုတွေ ရှိလာပါတယ်။ ဒုက္ခသည်သစ်တွေကိုလည်း လက်မခံဘဲ နယ်စပ်မျဉ်းကို ပိတ်ထားတယ်လို့ သိရပါတယ်။ အခြားတဘက်မှာလည်း တရုတ်နိုင်ငံဘက်မှာရှိတဲ့ ဒုက္ခသည်တွေကို ကုလသမဂ္ဂဘက် က အကူအညီပေးဖို့လည်း အခက်အခဲတွေ ရှိနေပါတယ်။ ဒီအခြေအနေမှာ ဒီ ဒုက္ခသည်တွေအတွက် တရုတ်ဘက်က နယ်စပ်ဖွင့်ပေးဖို့ အမေရိကန်ပြည်ထောင်စုက တိုက်တွန်းနေတာပါ။

“အဲဒီဒေသတွေမှာ ကုလသမဂ္ဂအနေနဲ့ ဒုက္ခသည်တွေကို ကူညီနိုင်အောင် နယ်စပ်ဖွင့်ပေးထားဖို့ တရုတ်ကို တိုက်တွန်း နေပါတယ်။ အလားတူပဲ စစ်ပွဲတွေ အကြမ်းဖက်မှုတွေကြောင့် ထွက်ပြေးကြရတဲ့ အရပ်သားတွေကို နိုင်ငံတကာ အသိုင်းအ၀ိုင်းက ကူညီနိုင်အောင်လည်း မြန်မာအစိုးကို တိုက်တွန်းနေတာရှိပါတယ်။”

အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Vitoria Nuland ပြောသွားတာပါ။ တချိန်တည်းမှာပဲ ကချင်ပြည်နယ်အတွင်း စစ်ပွဲတွေရပ်တန့်အောင် မြန်မာအစိုးရကိုရော အိမ်နီးချင်း တရုတ်နိုင်ငံကိုပါ အမေရိကန်ဘက်က တိုက်တွန်းဆွေးနွေးထားတယ်လို့ သိရပါတယ်။

“အဲဒီနယ်စပ်မှာရှိနေတဲ့ အဖွဲ့အစည်းတွေနဲ့ ပြန်လည်ရင်ကြားစေ့ပြီး သူတို့ကိုလည်း နိုင်ငံရေးလုပ်ငန်း စဉ်တွေထဲမှာ ထည့်သွင်း ပါဝင်စေဖို့ မြန်မာအစိုးရကို အမေရိကန်ပြည်ထောင်စုက ပြင်းပြင်းထန်ထန် တိုက်တွန်းနေပါတယ်။ တဘက်မှာလည်း မြန်မာနိုင်ငံကိစ္စနဲ့ ပတ်သက်လို့ တရုတ်နဲ့ ဆွေးနွေးတဲ့ အခါမှာ တရုတ်အနေနဲ့ အရပ်သားဒုက္ခသည်တွေ အတွက် နယ်စပ်တံခါးတွေ ဖွင့်ထားပေးဖို့၊ နောက်.. အဲဒီမှာ ဖြစ်နေတဲ့ နှစ်ပေါင်းရှည်ကြာတဲ့ ပဋိပက္ခတွေ အဆုံးသတ်ရေး မြန်မာအစိုးရရဲ့ ကြိုးပမ်းမှုတွေ ကို ကူညီဖို့ ကျမတို့ အမြဲတမ်း တရုတ်ကို တိုက်တွန်းနေပါတယ်။”

ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင်းမှာ KIA ကချင်လွတ်မြောက်ရေးတပ်မတော် နဲ့ မြန်မာအစိုးရ တပ်တွေ အကြား တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေရာမှာ တနေ့ညကတော့ တိုက်ပွဲအခြေ အနေ တော်တော်လေး ပြင်းထန်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲအတွင်း ပစ်ခတ်တဲ့ လက်နက်ကြီးကျည်တွေဟာ ဖားကန့်မြို့နယ်တွင်း ရွာတွေမှာပါ ကျရောက်တဲ့အတွက် ဒုက္ခသည်တွေ ထပ်မံ ထွက်ပြေးတာတွေ ရှိနေပါတယ်။ အစိုးရဘက်က လက်နက်ကြီးအပါအ၀င် လေကြောင်း အကူတွေပါ ရှိခဲ့ပြီး အဲ့ဒီအနီးတ၀ိုက်မှာရှိတဲ့ ဒေသခံတွေ ညကတည်းက ထွက်ပြေးကုန်ကြတယ်လို့ ကချင်တိုင်းရင်း သူ ဒေါ်ဘောက်ဂျာက ပြောပြပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် ဇွန်လကုန်မှာကတည်းက KIA နဲ့ မြန်မာအစိုးရတပ်တွေအကြား တိုက်ပွဲတွေ စ ဖြစ်ခဲ့တာပါ။ တနှစ်ကျော်ကြာ လာပြီဖြစ်တဲ့ ဒီတိုက်ပွဲတွေအကြောင့် ထွက်ပြေးကြရတဲ့ ဒုက္ခသည် အရေအတွက်ဆိုရင်လည်း တစ်သိန်း နီးပါး ရှိသွားပြီဖြစ်သလို လက်နက်မဲ့ အရပ်သားတွေ လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာလည်း ဆိုးဆိုးရွားရွားကို ဖြစ်ပွားနေတယ်လို့ ဒေသခံတွေရော၊ ဒုက္ခသည်အရေး ဆောင်ရွက်ပေးနေသူတွေကပါ ပြောဆိုကြပါတယ်။

KIO နဲ့ မြန်မာအစိုးရအကြား ၁၇ နှစ်ကြာ တည်ဆောက်ခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးပြီး ပျက်ပြယ်ပြီးနောက်ပိုင်း ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေ ရပ်စဲရေး နှစ်ဘက် အပြန်အလှန် အကြိမ်ကြိမ်ဆွေးနွေး ခဲ့ကြပေမဲ့ အခုထိ ပြေလည်မှုမရသေးပါဘူး။ ပြီးခဲ့တဲ့ ဇူလိုင်လကုန်မှာ ထပ်မံ တွေ့ဆုံဖို့ ပြောဆို ထားခဲ့ပေမဲ့ တဖက်နဲ့တဖက် နေရာညှိနှိုင်းလို့ မရဖြစ်နေတာကြောင့် အခုထိ တွေ့ဆုံနိုင်ခြင်း မရှိဖြစ်နေ ချိန်မှာပဲ တိုက်ပွဲတွေ ဆက်ပြီး ဖြစ်ပွားနေတာပါ။
ဗွီအိုအေ မြန်မာဌာန

ကချင်ဒုက္ခသည်များ။

KIA နဲ့ အစိုးရစစ်တပ် တိုက်ပွဲပြင်းထန်

ယူနန်ပြည်နယ်အတွင်း ဒုက္ခသည်စခန်းမှ ကချင်စစ်ပြေးဒုက္ခသည်များ။
ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင်းမှာ KIA ကချင်လွတ်မြောက်ရေးတပ်မတော် နဲ့ မြန်မာအစိုးရ တပ်တွေ အကြား တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေတာမှာ မနေ့ညကတော့ တိုက်ပွဲအခြေ အနေ တော်တော်လေး ပြင်းထန်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲအတွင်း ပစ်ခတ်တဲ့ လက်နက်ကြီးကျည်တွေဟာ ဖားကန့်မြို့နယ်တွင်း ရွာတွေမှာပါ ကျရောက်တဲ့အတွက် ဒုက္ခသည်တွေ ထပ်မံ ထွက်ပြေးတာတွေ ရှိနေပါတယ်။ ဒီလို အခြေအနေမှာ စစ်ရပ်စဲရေးကို အမြန်ဆုံး လုပ်ဆောင် ဖို့ ပြည်ပအခြေစိုက် ကချင်တိုင်းရင်းသားအဖွဲ့အစည်းတွေကနေ သမ္မတဦးသိန်းစိန် အစိုးရကို တောင်း ဆိုလိုက်ပါတယ်။ အသေးစိတ်ကို မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။

မြန်မာအစိုးရတပ်တွေက KIA တပ်ဖွဲ့တွေကို အခုရက်ပိုင်းအတွင်း ဆက်တိုက် ထိုးစစ်တွေ ဆင်နွှဲနေ တာမှာ အင်္ဂါနေ့ညက ဖားကန့်မြို့နယ်တွင်း ဖြစ်ခဲ့တဲ့တိုက်ပွဲက အတော်လေး ပြင်းထန်တယ်လို့ ဒေသ ခံတွေက ပြောပြပါတယ်။ အစိုးရဘက်က လက်နက်ကြီးအပါအ၀င် လေကြောင်းအကူတွေပါ ရှိခဲ့ပြီး - အဲ့ဒီအနီးတ၀ိုက်မှာရှိတဲ့ ဒေသခံတွေ ညကတည်းက ထွက်ပြေးကုန်ကြတယ်လို့ ကချင်တိုင်းရင်း သူ ဒေါ်ဘောက်ဂျာ က ပြောပြပါတယ်။

“ဖားကန့်မှာကတော့ နေ့တိုင်းပဲ။ ဒီမနက်လည်း အစောကြီးကတည်းက တိုက်ပွဲတွေ ဖြစ်နေလို့ ဒီမနက် လုံး ည သန်းခေါင် ကနေ ရွာသားတွေက ထွက်ပြေးနေကြတာ။ တဒုံးဒုံး တဒိုင်းဒိုင်း ဖြစ်နေတယ်။ အခု ဖားကန့်ဘက်မှာကျတော့ တောက် လျှောက်လိုဖြစ်နေတာ။ ည ၁ နာရီ ၂ နာရီကနေ ဖြစ်နေတာ မနက် ၉ နာရီ ၁၀ နာရီလောက်အထိ မပြီးသေးဘူး။ လေယာဉ်တွေနဲ့ပါ စစ်တပ်ဘက်က လာကူပေး တယ်။ လာကူတယ်ဆိုတာက လက်နက်တွေ လာချပေးတယ်။ လက်နက်တွေ ကျည်ဆံတွေ လာချပေး တယ်။ ပြီးလို့ရှိရင် အပြန်ကျတော့လည်း ဒီဒဏ်ရာရတဲ့သူတွေကိုလည်း လေယာဉ်နဲ့ပဲ သယ်သွား တာပေါ့။ လိုင်ဇာဘက်မှာလည်း နေ့တိုင်း တိုက်ပွဲတွေဖြစ်နေတယ်။”

ဒါ့အပြင် တိုက်ပွဲအတွင်းက ပစ်ခတ်တဲ့ လက်နက်ကြီးကျည်တချို့ ရွာတွေဘက်ကို ကျရောက်တာတွေ ရှိနေပြီး - မီးခိုးလုံးတွေ တက်လာတာ ကိုလည်း တွေ့မြင်နေရတယ်လို့ ဖားကန့်ဒေသခံ ကချင် တိုင်းရင်းသူတဦးကလည်း ပြောပြပါတယ်။

“မနေ့ညကတော့ အကြီးအကျယ်ဖြစ်တယ်။ ဒါကြောင့် မနက်မလင်းခင် ၂ နာရီလောက်ကတည်း ကပေါ့နော် စစ်ပြေးဒုက္ခသည် တွေ ဖားကန့်မှော်ထဲဘက် ထွက်ပြေးကြတာ အကုန်ပဲ။ အခု ညနေ ပိုင်းမှာလည်း --နားက ကုမ္ပဏီရှိတဲ့ဘက်မှာ မီးခိုးလုံးတွေ ထ နေတာ အခုထိကို မငြိမ်းသေးဘူး။ အဲ့ဒီ မီးခိုးလုံးတွေကတော့ မြင်နေရတာပေါ့။ ကျမတို့ ကြိုးတံတားကနေ ကြည့်နေရတာကိုး။”

ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် ဇွန်လကုန်မှာကတည်းက KIA နဲ့ မြန်မာအစိုးရတပ်တွေအကြား တိုက်ပွဲတွေ စ ဖြစ်ခဲ့တာပါ။ တနှစ်ကျော်ကြာ လာပြီဖြစ်တဲ့ ဒီတိုက်ပွဲတွေအကြောင့် ထွက်ပြေးကြရတဲ့ ဒုက္ခသည် အရေအတွက်ဆိုရင်လည်း တစ်သိန်း နီးပါး ရှိသွားပြီဖြစ်သလို လက်နက်မဲ့ အရပ်သားတွေ လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာလည်း ဆိုးဆိုးရွားရွားကို ဖြစ်ပွားနေတယ်လို့ ဒေသခံတွေရော၊ ဒုက္ခသည်အရေး ဆောင်ရွက်ပေးနေသူတွေကပါ ပြောဆိုကြပါတယ်။ ဒီလိုအခြေအနေတွေကြောင့် ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ စစ်မက်ပဋိပက္ခတွေကို အမြန်ဆုံး ရပ်ဆိုင်းပြီး နိုင်ငံရေးအရ တွေ့ ဆုံဆွေးနွေး အဖြေရှာဖို့ကို ပြည်ပအခြေစိုက် ကချင်တိုင်းရင်းသားအဖွဲ့ ၁၁ ဖွဲ့ကနေ သြဂုတ်လ ၂၉ ရက်နေ့ နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြန်ပြီး သမ္မတဦးသိန်းစိန် အစိုးရကို တောင်းဆိုခဲ့ကြပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကချင်ကျောင်းသား လူငယ်သမဂ္ဂ (AKSYU) အထွေထွေအတွင်းရေးမှူး ကိုနော်ဆိုင်းက အခုလို ပြောပါတယ်။

“အဓိကအချက်ကတော့ အခု လက်ရှိ ထိုးစစ်ကို ချက်ခြင်း ရပ်တန့်စေချင်တယ်ပေါ့။ ဘာဖြစ်လို့လဲဆို ဒီ ထိုးစစ်ကြောင့် ဒုက္ခသည်လည်း ပိုပို များလာတယ်လေ။ ဒီ ထိုးစစ်ကို ရပ်ပြီးမှ ဒုက္ခသည်တွေကို အမြန်ဆုံး ကူညီ စောင့်ရှောက်ပေးဖို့ဟာ ကို အဓိကထားပြီး ပြောစေချင်တယ်ပေါ့။ အဓိက-ကတော့ နိုင်ငံရေးအရ တန်းတူ ရည်တူ တွေ့ဆုံဆွေးနွေးမှပဲ တတိုင်းတပြည်လုံး ငြိမ်းချမ်းနိုင် မယ့် အနေအထားဖြစ်တာပေါ့။ အားလုံးပါတဲ့ တွေ့ဆုံဆွေးနွေးရေးပေါ့နော်- တိုင်းရင်းသားတွေနဲ့ သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံဆွေးနွေးနိုင်ရင် တိုင်းပြည်တခုလုံး အေးချမ်းသွားမယ်လို့ အဲလိုပဲ ယုံကြည်တယ်။”

ဒါ့အပြင် ကုလသမဂ္ဂအနေနဲ့ ကချင်ပြည်နယ်တွင်း ဖြစ်ပွားနေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ မတရားပြုကျင့်မှုတွေကို စုံစမ်းရေးကော်မရှင်ဖွဲ့ စစ်ဆေးဖို့နဲ့ တိုက်ပွဲတွေကြောင့် တရုတ်နယ်စပ်ကို ထွက်ပြေးကြတဲ့ စစ်ပြေးဒုက္ခသည်တွေကို တရုတ်အစိုးရ အနေနဲ့ မောင်းမထုတ်ဘဲ လူသားချင်းစာနာမှု အကူအညီတွေ ပေးအပ်ဖို့ကိုလည်း ကချင်တိုင်းရင်းသားအဖွဲ့ ၁၁ ဖွဲ့က တောင်းဆိုခဲ့ပါတယ်။

KIO နဲ့ မြန်မာအစိုးရအကြား ၁၇ နှစ်ကြာ တည်ဆောက်ခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးပြီး ပျက်ပြယ်ပြီးနောက်ပိုင်း ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေ ရပ်စဲရေး နှစ်ဘက် အပြန်အလှန် အကြိမ်ကြိမ်ဆွေးနွေး ခဲ့ကြပေမဲ့ အခုထိ ပြေလည်မှုမရသေးပါဘူး။ ပြီးခဲ့တဲ့ ဂျူလိုင်လကုန်မှာ ထပ်မံ တွေ့ဆုံဖို့ ပြောဆို ထားခဲ့ပေမဲ့ တဖက်နဲ့တဖက် နေရာညှိနှိုင်းလို့ မရဖြစ်နေတာကြောင့် အခုထိ တွေ့ဆုံနိုင်ခြင်း မရှိဖြစ်နေ ချိန်မှာပဲ တိုက်ပွဲတွေ ပိုမိုပြင်းထန် လာနေတာလည်း ဖြစ်ပါတယ်ရှင်။

မနန္ဒာချမ်း (ဗွီအိုအေ မြန်မာဌာန)