Pages

Monday, April 30, 2012

Thursday, April 26, 2012

နှောင်းလူတို့၌ ဖြစ်ကြကုန်၏


နှောင်းလူတို့၌ ဖြစ်ကြကုန်၏
သံလွင်ခ

မြွေဆိုးမြွေဟောက်တသိုက်
အရေခွံလဲလိုက်တာနဲ့
မြွေလိမ္မာတွေဖြစ်
နိုင်ငံသစ်ရဲ့မျက်လှည့်ပွဲလား။

ဆောင့်ကြောင့်ထိုင်တတ်တဲ့ ခွေး
နည်းနည်းလေး မအူဘဲနေပြရုံနဲ့
ညစ်ထပ်ထပ် သတ္တ၀ါမျိုးက
ကေသရာဇာဖြစ်ရရိုးလား။

ပုတ်သင်ညိုတွေကို ခေါင်းပေါင်းပေါင်း
အကောင်းစား တောင်ရှည်ဆင်
လွှတ်သဘင် ၀င်ခိုင်းရုံနဲ့
ဒီမိုကရေစီနိုင်ငံတော်ကြီး
ပုံဖော်ပြီးပြီတဲ့လား။

အင်း ...
ကောသလမင်းရဲ့အိပ်မက်
မှန်ချက်တွေကတော့
ရက်စက်ပါရဲ့။ ။

သံလွင်ခ
(‘စီးဆင်းခဲ့သော ကဗျာများ’ စာအုပ်မှ ...)
Ref: ဒေါက်တာလွမ်းဆွေ

သုံးခွတွင် ဝမ်းရောဂါ ဖြစ်ပွား


သုံးခွမြို့ နယ် ရဲ့ ရေတွင်း တတွင်းက ရေအခု အခုလိုတွေ့ ရပါတယ်။ (ဓါတ်ပုံ-MNN)
ရန်ကုန်၊ ဧပြီ ၂၄

ရန်ကုန်မြို့တော်နှင့် မိုင် ၇ဝ ခန့် အကွာတွင် တည်ရှိသည့် သုံးခွမြို့နယ် အတွင်း သောက်သုံးရေ မသန့်ရှင်းမှုနှင့် မသန့်ရှင်းသော ရေကန်များမှ ရေများကို သောက်သုံး မိခြင်းကြောင့် ဝမ်းရောဂါ ဖြစ်ပွားလျှက် ရှိကြောင်း သုံးခွမြို့နယ် ၈ ရပ်ကွက် အုပ်ချုပ်ရေးမှူးက အတည်ပြု ပြောကြားသည်။

လွန်ခဲ့သော ရက်သတ္တပတ်မှ စတင်၍ သုံးခွမြို့နယ် အတွင်းရှိ ရပ်ကွက်အခိျု့တွင် ဝမ်းရောဂါ စတင် ဖြစ်ပွားခဲပြီး အဓိက အများဆုံး ဖြစ်ပွားနေသော ရပ်ကွက်မှာ (၁၂) ရပ်ကွက် ဖြစ်ကြောင်း၊ လူကြီးများနှင့် ကလေးများတွင် ဖြစ်ပေါ်လျှက် ရှိခြင်းကြောင့် သုံးခွမြို့နယ် ဆေးရုံသို့ တက်ရောက်ကာ ကုသမှုများ ပြုလုပ်လျှက် ရှိကြောင်း ၄င်းက ဆက်လက် ပြောကြားသည်။

ဝမ်းရောဂါ ဖြစ်ပွားရခြင်း အကြောင်းအရင်းမှာ သောက်သုံးရေများ သိုလှောင် ထားသော ကန်များမှ ရေများ အညစ်အကြေးများကြောင့် မသန့်ရှင်းမှုများ ဖြစ်ပေါ်ပြီး လူအများ သောက်သုံးခြင်းကြောင့် ယင်းကဲ့သို့ ဝမ်းရောဂါ ဖြစ်ပွားခြင်း ဖြစ်သည်ဟု လာရောက် စစ်ဆေးသူ ကျန်းမာရေး ဝန်ထမ်းများက မှတ်ချက်ပေး ပြောကြားသည်။

သုံးခွမြို့နယ် အတွင်းရှိ ရပ်ကွက် အခိျု့တွင် ဝမ်းရောဂါ ဖြစ်ပွားနေခြင်းကြောင့် မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှ ရေကို ကြိုချက်၍ သောက်သုံးရန်နှင့် မသန့်ရှင်းသော ရေကန်များကို အသုံးမပြုရန် အတွက် လိုက်လံ နှိုးဆော်မှုများ သတိပေး ဆောင်ရွက်မှုများ ပြုလုပ်လျှက် ရှိကြောင်း သုံးခွမြို့ခံ တစ်ဦးက ပြောကြားသည်။

ရာသီဥတု ပူပြင်း ခြောက်သွေ့လာမှုနှင့် အညီ ခန္ဓာကိုယ်တွင် အငန်ဓာတ် ရရှိရန် မသန့်ရှင်းသော လက်သုတ်စုံများ၊ အစားအသောက်နှင့် ရေများကို စားသောက်မိခြင်းကြောင့်လည်း ဝမ်းရောဂါ ဖြစ်ပွား နိုင်ကြောင်း၊ မိုးရာသီ ကာလတွင်မူ ယင်အန္တာရာယ်ကြောင့် ဖြစ်ပေါ်နိုင်ပြီး ဝမ်းရောဂါ မဖြစ်ပွားအောင် ကြိုတင် ကာကွယ်သင့်ကြောင်း အင်းစိန်မြို့နယ် သီရိစန္ဒာ ဆေးရုံမှ ဆေးရုံအုပ်ကြီး ဦးခင်မောင်တင်က သုံးသပ် ပြောကြားသည်။

ရန်ကုန်တိုင်း ဒေသကြီး ဒဂုံဆိပ်ကမ်း မြို့နယ်ရှိ ၆၁ နှင့် ၆ရ ရပ်ကွက်များတွင်လည်း လွန်ခဲ့သော တစ်ပတ်ခန့်မှ စတင်၍ သောက်သုံးရေ မသန့်ရှင်းမှုနှင့် ပတ်သက်ပြီး ဝမ်းပျက် ဝမ်းလျှော ရောဂါများ ဖြစ်ပွားလျှက် ရှိသည်ဟု ဒေသခံများထံမှ သိရသည်။

သုံးခွတွင် ဖြစ်ပွားသည့် ဝမ်းရောဂါ ဖြစ်ပွားမှုနှင့် ပတ်သက်၍ ယခုအချိန် အထိ လူအသေအပျောက် မရှိ သေးကြောင်း သုံးခွမြို့နယ် ၈ ရပ်ကွက် အုပ်ချုပ်ရေးမှူးက The Voice Weekly သို့ အတည်ပြု ပြောကြား သည်။

The Voice Weekly

ပြည်တွင်းအာမခံလုပ်ငန်းများကို ပုဂ္ဂလိကသို့ စတင်လုပ်ကိုင်ခွင့်ပြုလိုက်ပြီ


အစိုးရကသာ ကာလကြာရှည်လုပ်ကိုင်ခဲ့သော ပြည်တွင်းအာမခံလုပ်ငန်းများကို ပုဂ္ဂလိကသို့
စတင်လုပ်ကိုင်ခွင့်ပြုလိုက်ပြီ ဖြစ်ပြီး၊ အာမခံကုမ္ပဏီတည်ထောင်လိုသူများမှာ အာမခံလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့နှင့် ဆက်သွယ်ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း အဆိုပါအဖွဲ့က ယနေ့(ဧပြီ၂၆)ရက်တွင် တရားဝင်သတင်းထုတ်ပြန်သည်။

ယခင် ပြည်တွင်းအာမခံလုပ်ငန်းများကို အစိုးရ၏ မြန်မာအာမခံလုပ်ငန်းတစ်ခုတည်းကသာ
လုပ်ကိုင်ဝန်ဆောင်မှုပေးခဲ့ပြီး ယခုအခါ ပုဂ္ဂလိကပိုင်၊အများပိုင်ကုမ္ပဏီအများအဖြစ် တည်ထောင်ခွင့်ပြုမည်ဖြစ်ကြောင်းဖော်ပြထားသည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊နိုင်ငံတကာနှင့်တန်းတူ ဖွံ့ဖြိုးရေးတွင် အထောက်အကူဖြစ်စေရန်၊ နိုင်ငံပိုင်၊ အများပိုင်၊ပုဂ္ဂလိပိုင် စီးပွားရေးလုပ်ငန်းများအား သဘာဝဘေးအန္တရာယ်အမျိုးမျိုး ကျရောက်ပါကဆုံးရှုံးပျက်စီးမှုများမှ ကာကွယ်နိုင်ရန်အတွက် အာမခံလုပ်ငန်း ပိုမိုကျယ်ပြန့်အားကောင်းလာရန် ထိုသို့စတင်ခွင့်ပြုခြင်းဖြစ်ကြောင်းလည်း အာမခံလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ပါဝင်သည်။

အာမခံကုမ္ပဏီများ တည်ထောင်ခွင့်ပြုရန်အတွက်လည်း အာမခံလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့ကို
ဖွဲ့စည်းတာဝန်ပေးအပ်ထားပြီး၊ ကြိုတင်ပြင်ဆင်မှုများကိုလည်း ပြုလုပ်ထားသည်ဟုဆိုသည်။
ထို့ကြောင့် ၂၀၁၂ မေ၂ရက်မှစ၍ အာမခံကုမ္ပဏီတည်ထောင်လိုသူများသည် အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့နှင့်ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း သတင်းထုတ်ပြန်ထားသည်။
7Day News Journal
Ref: MNN

အဓိကရုဏ်း ဖြစ်မှာ အစ္စလမ် ဘာသာဝင်များ စိုးရိမ်


လူမျိုးရေး အဓိကရုဏ်းများ ဖြစ်ပွားလာနိုင်သည် ဆိုသော ကောလာဟလများကြောင့် ပဲခူးတိုင်း ပြည်မြို့ရှိ အစ္စလမ် ဘာသာဝင်များ စိုးရိမ်နေကြကြောင်း သတင်းရသည်။

ပြီးခဲ့သည့် သင်္ကြန်ကာလအတွင်း မကွေးတိုင်းကံမမြို့၌ စီးပွားရေးလုပ်ငန်းချင်း ပြိုင်ဆိုင်ရာမှ အစပြုဖြစ်ပွားခဲ့သည့် ပဋိပက္ခ အချင်းများမှုများအပြီး ပြည်မြို့တွင် လည်း အမည်မသိ အဖွဲ့အစည်းများက စာများဖြန့်ဝေခြင်း၊ အင်တာနက် ၀က်ဘ်ဆိုက်များနှင့် လှုမှုကွန် ရက် Face Book ပေါ်တွင် လှုံ့ဆော်ခြင်းများ ပြုလုပ်လာသည့်အတွက် စိုးရိမ်မှုများ တိုးပွားနေခြင်းဖြစ်သည်။
ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ လုသရင်ဗက်လီဟင်း(မ်) ဘုရားကျောင်းတွင် ပြီးခဲ့သည့် ဇန်န၀ါရီ လလယ်ပိုင်းက ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ ဟိန္ဒူနှင့် အစ္စလမ် ဘာသာကြီးလေးခု စုပေါင်းပြီး ကျင်းပသော ချစ်ကြည်ရေးနှင့် ငြိမ်းချမ်းရေး ဆုတောင်းပွဲ (ဓာတ်ပုံ - ဧရာဝတီ)

ပြည်မြို့ခံ အစ္စလမ် ဘာသာဝင် ဦးဝင်းနိုင်က “အခုလာပြီး ချတော့မယ်၊ ဘာညာဆိုပြီး ထင်ယောင် ထင်မှားဖြစ်အောင် ကောလာ ဟလတွေ အသံထွက်နေတော့ စိုးရိမ်တယ်၊ တွေ့ဖူးကြုံဖူးတော့ ပစ္စည်းလေး ဘာလေး သိမ်းထားရတာပေါ့”ဟု ဆိုသည်။

လောလောဆယ် အခြေအနေအရ အစ္စလမ် ဘာသာဝင်များအနေဖြင့် ဗုဒ္ဓဘာသာဝင်များ အထင်အမြင်လွဲမှားမှုမရှိစေရန် အတွက် ဘာသာရေးဝတ်ပြုမှုများနှင့် တခြားသောလူမှုရေးကဏ္ဍများတွင် အစွန်းမထွက်စေရန် သိုသိပ်စွာနေထိုင်ကြောင်း ၎င်းကပြောသည်။

အဆိုပါ လူမျိုးရေးအဓိကရုဏ်း လှုံ့ဆော်စာများကို ပြည်မြို့ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ(ကြံ့ခိုင်ရေး ပါတီ)၀င်တချို့ကဖြန့်ဝေသည်ဟု သတင်းများထွက်ပေါ်သည့်အတွက် ကြံ့ခိုင်ရေးပါတီက မြို့လယ် ကာကာဗလီ ၌ ရှင်းလင်းပွဲလုပ်ရန် ယမန်နေ့က စီစဉ်ကြောင်း၊ သို့သော်လည်း ဖြစ်ပေါ်မလာခဲ့ကြောင်း ဦးဝင်းနိုင်က ဆက်လက် ရှင်းပြသည်။
ပြည်မြို့၌ လူမျိုးရေး အဓိကရုဏ်းများသည် ၁၉၈၈ ၊ ၁၉၉၆ ၊၂၀၀၁ ခုနှစ်များတွင် သုံးကြိမ်တိုင်တိုင်ဖြစ်ပွားခဲ့ရာ အစိုးရကဖန်တီးခြင်း ဖြစ်ကြောင်း စွပ်စွဲပြောဆိုမှုများ ရှိခဲ့သည်။

တခြားသော အစ္စလမ် ဘာသာဝင်တဦးက ပြည်မြို့၏ လက်ရှိအခြေအနေမှာ အေးဆေးတည်ငြိမ်နေကြောင်း၊ ဗုဒ္ဓဘာသာဝင်များ က လည်း အဓိကရုဏ်းဖြစ်ပွားမှုကို လိုလားခြင်းမရှိသကဲ့သို့ စိတ်ဝင်စားခြင်းလည်း မရှိကြောင်း၊ အင်တာနက် ၀က်ဘ်ဆိုက်များတွင် ဖြန့်ဝေနေသကဲ့သို့ အခြေအနေမျိုး မရှိကြောင်း ပြောသည်။
ပြီးခဲ့သည့်ရက်ပိုင်းက ပြည်မြို့ရွှေလက်လှ ရပ်ကွက် ချင်းတန်းလမ်းတွင် လူ ၅၀ ခန့်စုဝေးရာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီဝင်တချို့ ပါဝင်ကြောင်း၊ အစ္စလမ် ဘာသာဝင်တို့၏ အိမ်များကို ဖျက်ဆီးရန် လှုံ့ဆော်ခဲ့သော်လည်း အထမမြောက်ခဲ့ကြောင်း myanmarmuslim.net ဆိုသည့် အင်တာနက် ၀က်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

NLD ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက“သတင်းတွေတော့ ထွက်လာတယ်၊ NLD ပါတီဝင်တွေပါတယ်ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စ၊ ကျနော်တို့လည်း ဒေသခံတွေကို သည်းခံကြဖို့၊ စိတ်ထိန်းဖို့ ပြောထားပါတယ်”ဟု ဆိုသည်။

NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း နိုင်ငံသစ် တည်ထောင်မည့် အချိန်တွင် ယခုကဲ့သို့ အငြင်းပွားနေမည့် အစား တဦးအပေါ် တဦးနားလည်မှုရှိကြရန်၊ သည်းခံရန် မကြာသေးမီက ပြောဆို ခဲ့သေးသည်။

ပြည်မြို့ခံ လူငယ်တဦးဖြစ်သည့် ကိုသီဟကလည်း လူမျိုးရေးအဓိကရုဏ်း ဖြစ်ပွားစေရန်အတွက် စာဖြန့်ဝေမှုများ၊ အင်တာနက် ၀က်ဘ်ဆိုက်များမှ လှုံ့ဆော်မှုများရှိသော်လည်း မြို့ခံအများစုမှာ စိတ်ဝင်စားမှုမရှိကြောင်း၊ လူငယ်များအနေဖြင့်လည်း နိုင်ငံရေးကို သာ ပိုမိုစိတ်ဝင်စားကြောင်း ပြောဆိုသည်။

“လူတွေပါလာမလားဆိုပြီး ကောလာဟလတွေကို ပြောနေတာ၊ လူငယ်ပိုင်းက လက်မခံဘူး၊ အာရုံ မညွှတ်ဘူး”ဟု ၎င်းက ဆို သည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျပ်အတည်းများ ဖြစ်ပွားလျှင် အဓိကရုဏ်းများဖြစ်ပွားတတ်ရာ ၁၉၈၈ ခုနှစ် နောက်ပိုင်း စစ်အစိုးရ လက်ထက် မကြာခဏဖြစ်ပွားသည်ကို တွေ့ရသည်။

မကြာသေးမီကလည်း မကွေးတိုင်းကံမမြို့တွင် မော်တော်ဆိပ်နှင့် ရေယာဉ်လိုင်းများကို
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ မှသာ နှစ်စဉ်ရရှိနေရာ ယခုနှစ်တွင် အစ္စလမ် ဘာသာဝင် ဒေါ်ဝါ၀ါ ရရှိသွားသည်မှ အစပြုကာ လူမျိုးရေး အဓိကရုဏ်း ဖြစ်ပွားပြီး ဘာသာရေး အဆောက်အဦးများနှင့် အိုးအိမ်များ ဖျက်ဆီးခြင်း ခံခဲ့ရသည်။

အလားတူ ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင်ရွာတွင်လည်း ဖြစ်ပွားခဲ့သေးသည်။
Ref: ဧရာဝတီ

ဝင်ငွေခွန်ကို ကျပ်ငွေဖြင့်သာ ဆောင်ရန် အမိန့်ထုတ်ပြန်


Written by ရွှေဟင်္သာသတင်းဌာန
currency_mixနိုင်ငံခြားငွေဖြင့် ထုတ်လုပ် ရောင်းရငွေ (ပို့ကုန်) ၀န်ဆောင်မှု ရငွေ၊ လက်ခစား CMP ရငွေ၊ ငှားရမ်းခ ရငွေ၊ အကျိုးဆောင်ခ ရငွေ၊ လစာ ရငွေများကို ကျပ်ငွေဖြင့်သာ ပေးဆောင် ရတော့မည် ဖြစ်ကြောင်း ကဏ္ဍာရေးနှင့် အခွန် ဝန်ကြီးဌာန၏ အမိန့် ကြော်ငြာစာ အမှတ် ၁၄၈/၂၀၁၂ ၌ ဖေါ်ပြ ပါရှိပါသည်။ အဆိုပါ အမိန့် ကြော်ငြာစာကို ဧပြီလ (၂၃) ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ပြည်ထောင်စု အစိုးရ၏ ဘဏ္ဍာရေးနှင့် အခွန် ၀န်ကြီးဌာနသည် ၀င်ငွေခွန် ဥပဒေပုဒ်မ ၄ နှင့် ၀င်ငွေခွန် စည်းမျဉ်း (၇) တို့အရ အပ်နှင်း ထားသည့် လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ၂၀၁၂ ခုနှစ် ၊ ဧပြီလ ၅ ရက်နေ့တွင် ကျင်းပ ပြုလုပ်သည့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၁၄/၂၀၁၂) မှ သဘောတူ ခွင့်ပြုချက် အရ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
finance_ministry
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနရုံး၏ ဆိုင်းဘုတ်အား မြင်ရစဉ် (ဓါတ်ပုံ - Mizzima)
အဆိုပါ ထုတ်ပြန်ချက်အရ အခြေ ပစ္စည်းမှ မြတ်စွန်းငွေ ခေါင်းစဉ်မှအပ ကျန်ဝင်ငွေ ခေါင်းစဉ်များမှ နိုင်ငံခြားငွေဖြင့် ၀င်ငွေ ရရှိလျှင် ယင်းဝင်ငွေ အပေါ် ၀င်ငွေခွန် စည်းမျဉ်း (၈) ပါ ပြဌာန်းချက်များနှင့်အညီ တွက်ချက်၍ ပြည်တွင်းနေ နိုင်ငံသားနှင့် ပြည်တွင်းနေ နိုင်ငံခြားသား
ဖြစ်ပါက ကျပ်ငွေဖြင့် လည်းကောင်း၊ ပြည်ပနေ နိုင်ငံခြားသား ဖြစ်ပါက ရရှိသည့် နိုင်ငံခြားငွေ အမျိုးအစား ဖြင့်လည်းကောင်း ၀င်ငွေခွန်ပေး ဆောင်ရမည်။

ဤအမိန့်ကြော်ငြာစာဖြင့် ၁၂၃/၂၀၀၆၊ ၁၂၄/၂၀၀၆၊ ၁၂၅/၂၀၀၆၊ ၁၅၆/၂၁၁၊ ၁၅၇/၂၀၁၁၊ ၄၈/၂၀၁၂၊ ၅၃/၂၀၁၂ တို့ကို ဖျက်သိမ်းကြောင်းလည်း ထုတ်ပြန်ထားပါသည်။ ယခုထုတ်ပြန်သည့် အမိန့် ကြေငြာစာသည် ဧပြီလ (၁) ရက်နေ့မှစပြီး အကျိုးသက်ရောက်မှု ရှိစေရမည် ဖြစ်သည်ဟု သိရှိရပါသည်။
Ref: ရွှေဟင်္သာသတင်းဌာန

စင်ကာပူရောက် မြန်မာများ တရားဝင် ငွေလွှဲနိုင်ပြီ


Singapore_Skylineစင်ကာပူ နိုင်ငံရှိ မြန်မာ အလုပ်သမားများ အနေဖြင့် ဧပြီလ (၂၃) ရက်မှ စတင်၍ မြန်မာနိုင်ငံ အတွင်းသို့ တရားဝင် ငွေလွှဲနိုင်ပြီ ဖြစ်ကြောင်း သမ၀ါယမ ဘဏ်မှ ထုတ်ပြန် ထားပါသည်။

ငွေလွှဲရာတွင်လည်း တစ်ရက်လျှင် စင်ကာပူနိုင်ငံသုံးငွေ (၃၀၀၀) သာ လွှဲပို့ နိုင်ပါသည်။ ငွေလွှဲ ၀န်ဆောင်ခ နှုန်းမှာလည်း တစ်ကြိမ်လျှင် ပမာဏ မည်မျှပင် လွှဲသည်ဖြစ်စေ အမေရိကန် ဒေါ်လာဖြင့် တွက်ပါက လေးဒေါ်လာ နီးပါးနှင့် ညီမျှသော လွှဲခကို ပေးဆောင် ရပါမည်။ ဤကဲ့သို့ စင်ကာပူမှ ငွေလွှဲခဲ့ပါလျှင် ရန်ကုန်မြို့မှအပ အခြားသော မြို့များသို့ ထပ်မံ ပေးပို့ ရမည့် သူများအတွက် ဆိုပါက ပြည်တွင်း ငွေလွှဲနှုန်း အတိုင်း ၀န်ဆောင်စရိတ် ယူမည်ဟု သမ၀ါယမဘဏ် (CB) ဘဏ်လီမိ တက်မှ မန်နေဂျင်း ဒါရိုက်တာ ဦးဖေမြင့်က ဆိုပါသည်။

“စီးပွားရေး လုပ်ငန်းကြီးတွေ၊ နှစ်နိုင်ငံ ကုန်သွယ်ရေး လုပ်ငန်းကြီးတွေ ကတော့ ဆွစ်ဖ် SWIFT စနစ်ပြီးမှ လုပ်လို့ရမယ်” ဟု ဦးဖေမြင့်က ဆိုပါသည်။

CB_bank
သမဝါယမဘဏ်၏ ၂၀၁၀-၂၀၁၁ အစုရှယ်ယာရှင်များ အစည်းအဝေးအား မြင်ရစဉ် (ဓါတ်ပုံ - အင်တာနက်)
ဤငွေလွှဲ လုပ်ငန်းကို စင်ကာပူနိုင်ငံမှ All Best Exchange Co.,Ltd ပုဂ္ဂလိက ကုမ္ပဏီနှင့် ပြည်တွင်းရှိ သမ၀ါယမဘဏ် တို့က ချိတ်ဆက်၍ ဆောင်ရွက်ပေးပါသည်။ အလားတူ မလေးရှားရောက် မြန်မာ နိုင်ငံသားများ အတွက်လည်း ဧပြီ လကုန် ပိုင်းတွင် မလေးရှားနိုင်ငံမှ ငွေလွှဲနိုင်ရန် စီစဉ်ထားကြောင်း သမ၀ါယမ ဘဏ်က ဆိုပါသည်။ သမ၀ါယမဘဏ် နိုင်ငံခြားငွေလွှဲပို့ရေး လုပ်ငန်းကို AGD အာရှ စိမ်းလန်းမှု ဖွံ့ဖြိုးရေး ဘဏ်ကလည်း ကြိုးစားခဲ့ပါသည်။သို့သော်မအောင်မြင်ခဲ့ပေ။

မြန်မာအစိုးရကမူ ၂၀၁၁ နိုဝင်ဘာ ၂၅ ရက်မှစတင်၍ နိုင်ငံခြားငွေ ရောင်းဝယ်ဖောက်ကားခွင့် အတွက် ပြည်တွင်း ပုဂ္ဂ လိကဘဏ် (၁၁) ခုကို လိုင်စင် ချပေးထား ခဲ့ပါသည်။

Ref: ရွှေဟင်္သာသတင်းဌာန

တတိယနိုင်ငံ ထွက်နိုင်ရန် နို့ဖိုးဒုက္ခသည် ၁၀၀ခန့် တောင်းဆိုဆန္ဒပြ


ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်၊ အုန်းဖန်မြို့နယ် နို့ဖိုးဒုက္ခသည်စခန်းအတွင်းရှိ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး-UNHCR အရှေ့၌ ဒုက္ခသည် ၁၀၀ဦးခန့်က ယူအဲန်ဓါတ်ပုံရိုက်ပေးပြီး တတိယနိုင်ငံထွက် နိုင်ရန် ယနေ့ မနက် ၉နာရီခွဲမှ မွန်းလွဲ ၁နာရီအထိ တောင်းဆိုဆန္ဒ ပြခဲ့ကြသည်။

ဆန္ဒပြဒုက္ခသည်များသည် အများအားဖြင့် ၂၀၀၉ခုနှစ်မှစ၍ နို့ဖိုးစခန်းရှိ ရပ်ကွက်(၁၆)တွင် ရောက်ရှိလာသူများဖြစ်ပြီး ထိုင်း-မြန်မာနယ်စပ်အခြေစိုက် ဒုက္ခသည်များအတွက် စားနပ်ရိက္ခာထောက်ပံ့ပေးနေသည့် (TBBC)မှ ပေးသော ရိက္ခာလက်မှတ် ရရှိထားသူများဖြစ်သော်လည်း UNHCR မှတ်ပုံတင်လက်မှတ် မရှိသေးသည့်အတွက် ပြုလုပ်ပေးရန် ယခုလို ဆန္ဒပြကြခြင်းဖြစ်သည်ဟု သိရသည်။

နို့ဖိုးစခန်းအတွင်းရေးမှူး စောသူးလေဒို့စိုးက ဆန္ဒပြသူများသည် နိုင်ငံခြားသို့ သွားရောက်အခြေချရန် စောင့်ဆိုင်းနေကြသူများဖြစ်ကြပြီး UN အနေဖြင့် ၎င်းတို့အား ကူညီရန်နှင့် ဒုက္ခသည်အဖြစ် တရားဝင် အသိအမှတ်ပြုပေးရန်အတွက် ဆိုင်းဘုတ်ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြ ခြင်းဖြစ်သည်ဟု ပြောသည်။

“သူတို့တွေ ဆန္ဒပြပေမယ့် ယူအဲန်က ဓါတ်ပုံ (ယူအဲန် မှတ်ပုံတင်လက်မှတ်) လာရိုက်ပေးပြီး နိုင်ငံခြား ထွက်ဖို့က မဖြစ်နိုင်သေးဘူး။ ထိုင်း နိုင်ငံရဲ့ စည်းမျဉ်းစည်းကမ်းအရဆိုရင် ထိုင်းအစိုးရက သူတို့ကို လက်ခံမှ ယူအဲန်က လာလုပ်လို့ ရမယ်လေ။” ဟု ပြောသည်။

ယနေ့ မနက် ဒုက္ခသည်စခန်းအတွင်းသို့ ရောက်ရှိလာသည့် ယူအဲန်တာဝန်ရှိသူများက ဆန္ဒပြသူများကို ခေါ်ယူ ပြောဆိုမှုများရှိသော် လည်း တိကျသည့် အဖြေများ ပေးနိုင်ခြင်းမရှိခဲ့ကြောင်း သိရသည်။
ဆန္ဒပြမှုကို ကိုယ်တိုင် သွားရောက်ကြည့်ရှုခဲ့သူ ကရင်ဒုက္ခသည်များကော်မတီ (ကေအာရ်စီ) အဖွဲ့ဝင်တဦးဖြစ်သူ စောထွန်းဝင်းက “ဆန္ဒပြတာက အဓိက နိုင်ငံခြားထွက်နိုင်ရေး ကိစ္စပါပဲ။” ဟု ပြောဆိုသည်။

နို့ဖိုးစခန်းတွင် ယခင်က ထိုသို့ အလားတူ ဆန္ဒပြသူများမှုမျိုး မရှိဘဲ ယနေ့ဆန္ဒပြမှုတွင် ကချင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်နှင့် သျှမ်း တိုင်းရင်း သားလူမျိုးများ ပါဝင်ခဲ့ကြသည်။

လက်ရှိ နို့ဖိုးဒုက္ခသည်စခန်းတွင် ကရင်အပါအ၀င် တိုင်းရင်းသားလူမျိုးများ စုစုပေါင်း ၁ သောင်းကျော်နေထိုင်ပြီး တရားဝင် ဒုက္ခသည်အ ဖြစ် UNHCR မှ မှတ်ပုံတင်ပြီးသူ ၈ ထောင်ခန့်နှင့် မှတ်ပုံမတင်ရသေးသူ ၃ထောင်ခန့် ရှိသည်ဟု ကေအာရ်စီ၏ ၂၀၁၂ခုနှစ်၊ ဇန်န၀ါရီလ ထုတ် ဒုက္ခသည်ဦးရေအရ သိရသည်။

Ref: KIC

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေ အမျိုးသားလွှတ်တော်မှာ အတည်ပြု


အမျိုးသားလွှတ်တော်မှာ အတည်ပြုလိုက်တဲ့ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုဆိုင်ရာ ဥပဒေဟာ မြန်မာနိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေးနဲ့ စီးပွားရေးဘ၀ကို မြှင့်တင်သွားနိုင်မယ်လို့ ယုံကြည်တဲ့အကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောလိုက်ပါတယ်။ ဒီရင်းနှီးမြုပ်နှံမှုဆိုင်ရာ ဥပဒေကို မနေ့က အမျိုးသားလွှတ်တော်အတွင်း ဆွေးနွေ အတည်ပြုခဲ့တာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

မြန်မာနိုင်ငံအတွင်း နိုင်ငံခြားကုမ္ပဏီတွေ လာရောက် ရင်းနှီးမြုပ်နှံကြစေလိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီနိုင်ငံခြား ရင်းနှီးမြုပ်နှံမှုဆိုင်ရာ ဥပဒေကို အတည်ပြုလိုက်တာဖြစ်တယ်လို့ လွှတ်တော်စည်းဝေးပွဲကိုတက်ရောက်ခဲ့တဲ့ အမျိုးသားလွှတ်တော်အမတ်တွေက ပြောပါတယ်။

ဒီဥပဒေကို အတည်ပြုပေးလိုက်တဲ့အတွက် မြန်မာနိုင်ငံရဲ့ စီးပွားရေးဘ၀ကို မြှင့်တင်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်း မနေ့က အမျိုးသားလွှတ်တော် စည်းဝေးပွဲကို ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ RNDP ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီဥက္ကဋ္ဌလည်းဖြစ်၊ အမျိုးသား လွှတ်တော်အမတ်လည်းဖြစ်တဲ့ ဒေါက်တာအေးမောင်က ဗွီအိုအေကို ပြောပါတယ်။

“နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေရဲ့ အဓိကဦးတည်ချက်က မြန်မာ့လူမှု စီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို အဓိက ဦးတည်တဲ့ရည်မှန်းချက် ဖြစ်ပါတယ်။ အဲဒီတော့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေရယ်၊ လာရောက်ရင်းနှီးမြှုပ်နှံတဲ့ အခါမှာ ပြည်တွင်းမှာလည်း အလုပ်အကိုင် အခွင့်အလမ်းတွေ ပေါ်လာမယ်၊ သွင်းကုန် အစားထိုးတဲ့ လုပ်ငန်းလေးတွေ ရှိမယ်။ ပြည်ပပို့ကုန်တွေလည်း တိုးချဲ့တင်ပို့နိုင်မယ်။ နောက် အဆင့်မြင့် ကျွမ်းကျင်တဲ့ နည်းပညာလည်း ပြည်တွင်းမှာ နည်းပညာအရ အကျိုးအမြတ်ရလာနိုင်တဲ့ လုပ်ငန်းမျိုးတွေဖြစ်လို့ - မြန်မာ နိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေကို ရေးဆွဲခဲ့တာကိုက ဂျပန် ပညာရှင်တွေလည်း ပါတယ်လို့ ကြားပါတယ်။

ဆိုတော့ - တော်တော်လေးကို အကျိုးရှိပြီးကာမှ ပြည်ပရင်းနှီးမြှုပ်နှံသူတွေကို ဖိတ်ခေါ်ပြီးကာမှ ပြည်တွင်းမှာ ရှိတဲ့ စက်မှုကဏ္ဍ၊ နောက် မြန်မာနိုင်ငံမှာရှိတဲ့ မြေပေါ်မြေအောက် သယံဇာတတွေကို အကျိုးရှိရှိ အသုံးချပြီး ကာမှ ကုန်ချောတပိုင်းတစကို တင်ပို့ရောင်းချနိုင်တဲ့ အဆင့်အထိကို ရင်းနှီးမြှုပ်နှံမှု ဥပဒေက- ကျနော် ထင်ပါတယ်- ဒါ-ကျနော်တို့ မြန်မာနိုင်ငံရဲ့ စီးပွားရေးဘဝကို မြှင့်တင်သွားနိုင်မယ်လို့ ယူဆ ယုံကြည်ပါတယ်။ နိုင်ငံခြားသားတွေ၊ ဧည့်နိုင်ငံသားတို့၊ နိုင်ငံသားပြုခွင့်ရသူတို့ ကိုယ်တိုင် - ဒီဘက်က မြေငှားရမ်းခွင့် ပေးထားတာ ရှိပါတယ်။ မြေအသုံးချခွင့် ပေးထားတာ ရှိပါတယ်။ နိုင်ငံခြား မတည် ငွေရင်းတွေကို ရင်းနှီးမြှုပ်နှံနိုင်အောင်လည်းပဲ ကူညီထားတာ တွေ့ပါတယ်။ နိုင်ငံခြားငွေတို့၊ စက်ပစ္စည်း ကိရိယာတို့ ကုန်အမှတ်တံဆိပ်၊ စက်မှုဒီဇိုင်းက အစပေါ့ဗျာ- ကျွမ်းကျင်မှု နည်းပညာ- အဲဒါလေးတွေကို ရင်းနှီးမြှုပ်နှံ နိုင်အောင် ပြဌာန်းထားတာ တွေ့ပါတယ်။”

အဲဒါကြောင့် အကျိုးရှိပြီးကာမှ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိရောက်တဲ့ ရင်းနှီးမြှုပ်နှံမှု ဥပဒေ တခုကို ပထမဆုံးအကြိမ် မြန်မာနိုင်ငံမှာ ပြဌာန်းလိုက်နိုင်မယ့် သဘောလို့ပဲ တွက်ပါတယ်။”
အခုလို နိုင်ငံခြားက လာရောက် ရင်းနှီးမြှုပ်နှံလိုကြသူတွေကို ဖိတ်ခေါ်တဲ့ ဥပဒေတွေကို ပြဌာန်းလိုက် ပေမယ့်လည်း အကန့်အသတ်မရှိ လာရောက် ရင်းနှီးမြှုပ်နှံခွင့် ပြုလိုက်တာတော့ မဟုတ်ဘူးလို့ ဆိုပါတယ်။

“ကန့်သတ်ချက်တွေကတော့ ရှိပါတယ်ဗျ။ လူမျိုးတွေရဲ့ ရိုးရာ ဓလေ့ထုံးတမ်းတွေကို ထိခိုက်တဲ့ လုပ်ငန်းမျိုး တွေ၊ လူနေထိုင်ရာ ပတ်ဝန်းကျင်၊ အများပြည်သူနေထိုင်ရာ ပတ်ဝန်းကျင်ကို ထိခိုက်စေတဲ့ ဆူညံသံပေးတဲ့ လုပ်ငန်းမျိုးတွေ၊ ကျန်းမာရေးကို ထိခိုက်စေတဲ့ လုပ်ငန်းမျိုးတွေ၊ သဘာဝအရင်းအမြစ် ပတ်ဝန်းကျင် ဂေဟ စနစ်ကို ထိခိုက်တဲ့ လုပ်ငန်းမျိုးတွေရယ်၊ နောက် ဒီ နိုင်ငံတော်အတွင်းမှာရှိတဲ့ ရှေးဟောင်းအမွေအနှစ် ပစ္စည်းများ၊ သယံဇာတပစ္စည်းများကို ထိခိုက်တဲ့လုပ်ငန်းမျိုးတွေ၊ နောက် - နိုင်ငံတော်အတွင်းကို ဘေးအန္တရာယ်ရှိတဲ့၊ အဆိပ်အတောက်ရှိတဲ့ စွန့်ပစ်ပစ္စည်းများ တင်ဆောင်လာနိုင်တဲ့ လုပ်ငန်းမျိုးပေါ့နော်- အဲဒီလို ဘေးအန္တရာယ်ရှိတဲ့ ဓာတုပစ္စည်းများ ထုတ်လုပ်တဲ့စက်ရုံ တည်ဆောက်တဲ့ လုပ်ငန်းမျိုးတွေကို ကန့်သတ်ထားတာကိုလည်း တွေ့ပါတယ်။”

ဒီလို ကန့်သတ်ချက်ရှိနေပေမယ့်လည်း နိုင်ငံတော်အတွက် အကျိုးရှိမယ်လို့ အစိုးရအဖွဲ့က သတ်မှတ်ရင် အဲဒီ ရင်းနှီးမြုပ်နှံမှုကို အစိုးရ အဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့ ရင်းနှီးမြုပ်နှံခွင့်ပြုနိုင်တယ်ဆိုတဲ့ ခြွင်းချက်တခုတော့ ထည့်သွင်း ဖော်ပြထားတယ်လို့ ဒေါက်တာ အေးမောင်က ပြောပါတယ်။

ဒီ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေကိုတော့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က လွှတ်တော်အတွင်း အဆိုတင်သွင်းခဲ့တာဖြစ်ပြီး ပြည်သူ့လွှတ်တော်ကလည်း အတည်ပြုထားပြီးဖြစ်တဲ့အတွက် သမ္မတက လက်မှတ်ထိုးပြီးတာနဲ့ ဥပဒေအဖြစ် အတည်ပြုနိုင်တော့မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံက လက်ရှိ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ ဥပဒေတွေက ခေတ်နောက်ကျနေတာ၊ နိုင်ငံခြားက လာရောက် ရင်းမြှုပ်နှံလိုကြတဲ့သူတွေအတွက် ကန့်သတ်ချက်တွေများလွန်းတာ၊ နိုင်ငံခြားသုံးငွေ ကိုင်ဆောင်ခွင့် မရှိတာတွေ အပါအ၀င် တခြား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကန့်သတ်ချက်တွေ အများအပြားရှိနေတဲ့အကြောင်း နိုင်ငံခြားက ရင်းနှီးမြုပ်နှံလိုသူတွေက ထောက်ပြ ပြောဆိုကြတဲ့အတွက် အခုလို ဥပဒေကို ပြင်ဆင် လိုက်တာလည်း ဖြစ်နိုင်တယ်လို့ စောင့်ကြည့် လေ့လာသူတွေက ပြောပါတယ် ခင်ဗျား။

Ref: VOA

မြန်မာ့နိုင်ငံရေးပြေလည်ရင် အာရှထိပ်တန်းဖြစ်နိုင်


ဓတ်ပုံ AP
NLD ပါတီ လွှတ်တော်မတက်နိုင်တဲ့ အခြေအနေကို ညှိနှိုင်းဖြေရှင်းနိုင်ဖို့ မျှော်လင့်ကြောင်း ကုလ၊ မြန်မာ ဆိုင်ရာ အထူးအကြံပေး ဘီဂျေ၊ နမ်ဘီးယားက ပြောပါတယ်။

ကျမ်းသစ္စာကျိန်ဆိုရမယ့် စကားအသုံးအနှုန်းအပေါ် အချေအတင် ဖြစ်နေရတဲ့အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီကိုယ်စားလှယ်တွေ လွှတ်တော်မတက်နိုင်ဘဲ ဖြစ်နေရတဲ့အခြေအနေတွေကို ညှိနှိုင်းဖြေရှင်းသွားနိုင်ဖို့ မျှော်လင့်တဲ့အကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ်က ပြောလိုက်ပါတယ်။ နိုင်ငံရေးအရ တိုးတက်အောင်လုပ်နိုင်မယ်ဆိုရင် အာရှမှာ ထိပ်တန်းနိုင်ငံတခု အထိတောင် ဖြစ်လာနိုင်တယ်လို့လည်း အထူးအကြံပေးပုဂ္ဂိုလ် Vijay Nambiar က ပြောလိုက်တာပါ။ အပြည့်အစုံကိုတော့ ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

နိုင်ငံရေးအရ ကွဲလွဲမှုတွေ ရှိနေပေမဲ့ နောက်ဆုံးမှာ ပြေလည်မှု ရလိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်း ကုလ သမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့အထူးအကြံပေးပုဂ္ဂိုလ်က ပြောလိုက်တာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ဒီလဆန်းမှာ ကျင်းပတဲ့ ကြားဖြတ် ရွေးကောက် ပွဲတွေမှာ အနိုင်ရခဲ့ပေမဲ့ ကျမ်းသစ္စာ ကျိန်ဆိုရာမှာ သုံးနှုန်းတဲ့ စကားလုံးအပေါ် သဘောကွဲလွဲရာက လွှတ်တော် မတက်နိုင်ဘဲ ဖြစ်နေရတဲ့အခြေအနေကို နှစ်ဘက်အကြား ညှိနှိုင်းပြေလည်မှု ရစေ ဖို့ ပြည်တွင်းပြည်ပက တိုက်တွန်းနေတဲ့အထဲ အခုနောက်ဆုံး အထူးအကြံပေးပုဂ္ဂိုလ် Vijay Nambiar ရဲ့ ပြောဆိုချက် ထွက်ပေါ်လာတာပါ။ အစိုးရနဲ့ NLD ကြား ကွဲလွဲမှုတွေကို ကျော်လွှားနိုင်လိမ့်မယ်လို့ ယုံကြည်တဲ့အကြောင်း AP သတင်းဌာနနဲ့ သီးခြားတွေ့ဆုံ မေးမြန်းရာမှာ ပြောလိုက်တာ ဖြစ်ပါတယ်။

“ဒီကိစ္စကို ပြေလည်အောင် နှစ်ဘက်စလုံးက ဖြေရှင်းနိုင်တဲ့ ဉာဏ်အမြော်အမြင်ရှိမယ်ဆိုတာ ကျနော် သေချာပေါက် ပြောနိုင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သူတို့တွေ အနေနဲ့ အောင်မြင်မှုတွေ ရနိုင်ဖို့ အတွက် ရွေးကောက်ပွဲ အဆင့်အထိ ရောက်လာတဲ့ တကယ့် ခြေလှမ်းတွေကို လှမ်းခဲ့ကြတာတွေကို ကျနော်ဖြင့် တွေးတောင် မတွေးမိပါဘူး။”

မြန်မာနိုင်ငံကို သီတင်းပတ်ကုန် သွားမယ့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းကတော့ သဘောထား မတူတာတွေကို ညှိနှိုင်းဖြေရှင်းနိုင်မယ်လို့ မျှော်လင့်ကြောင်း ပြောဆိုထားတာဖြစ်သလို အမေရိကန် ပြည်ထောင်စုကလည်း အခြေအနေကို ဆွေးနွေးအဖြေရှာနိုင်ဖို့ လိုလားတဲ့ အကြောင်း ပြောဆိုထားတာပါ။ တနင်္လာနေ့တုန်းက လွှတ်တော် အခမ်းအနားတွေ ပြန်လည် စတင်ရာမှာတော့ ကြားဖြတ် ရွေးကောက်ပွဲမှာ အမတ်နေရာ အများစု အနိုင်ရထားတဲ့ NLD ကိုယ်စားလှယ်တွေ မပါဘဲ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

လွှတ်တော်အမတ်တွေအဖြစ် ကျမ်းသစ္စာကျိန်ဆိုရာမှာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ကာကွယ် စောင့်ရှောက်ပါမည်ဆိုတဲ့ စကားရပ်အစား လေးစားလိုက်နာပါမည် လို့ ပြောင်းလဲဖို့ NLD ပါတီက လိုလားနေတာ ဖြစ်ပေမဲ့ ဒါဟာ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက် ဖြစ်နေတာမို့ လွှတ်တော်တွင်း ဆွေးနွေးမှ သာ ဖြစ်နိုင်စရာရှိတယ်လို့ အာဏာရ နိုင်ငံရေးပါတီဖြစ်တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီက ပြောဆိုထားပါတယ်။ ကျမ်းသစ္စာကျိန်ဆိုရမယ့် ကိုယ်စားလှယ်တွေထဲက တဦးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒီကိစ္စ ပြေလည်စေဖို့ သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေနဲ့ ညှိနှိုင်းနိုင်ဖို့ ရည်ရွယ်ထားတဲ့အကြောင်း သူ့ကိုပြောပြတယ်လို့ အထူးအကြံပေးပုဂ္ဂိုလ် နမ်ဗီယား ကပြောပါတယ်။

“လက်ရှိ အခြေအနေသစ်နဲ့ ပတ်သက်လို့ ဘာဆက်လုပ်ဖို့ အစီအစဉ်ရှိလဲ ဆိုတာကို ကျနော် သူ့ကို မေးကြည့်ပါတယ်။ သူပြောတာကတော့ အာဏာရပါတီ၊ စစ်တပ်တို့နဲ့ ဆက်သွယ်မယ်လို့ ပြောပါတယ်။ လွှတ်တော်ထဲမှာ ရောက်နေကြတဲ့ စစ်တပ်ထဲက ပုဂ္ဂိုလ်တွေအပါအ၀င် လူအတော်များများဟာ သူ့ရဲ့နိုင်ငံရေးအမြင်နဲ့ သဘောထားတွေကို တကယ်တမ်း လက်ခံတုံ့ပြန်လိုတယ်လို့ သူ့အနေနဲ့ ခံစားမိတဲ့ အကြောင်းလည်း ပြောပါတယ်။”

သမ္မတဦးသိန်းစိန်ကတော့ မြန်မာလူထုအတွက် အကျိုးရှိမယ်ဆိုရင် ပြင်ဆင်ဖို့ မဖြစ်နိုင်စရာမရှိတဲ့ အကြောင်း ဂျပန်နိုင်ငံမှာ အလည်အပတ်ရောက်နေစဉ် တနင်္လာနေ့က ပြောခဲ့တာပါ။ ကျမ်းသစ္စာကျိန်ဆိုဖို့ အငြင်းပွားစရာ ဖြစ်နေရတဲ့ကိစ္စကို မနက်ဖြန် ကြာသပတေးနေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ပွဲတွေ အတွင်း ဆွေးနွေးနိုင်ဖို့ မျှော်လင့်ရကြောင်းလည်း လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။ ကွဲလွဲမှုတွေကို ပြေလည်အောင် ဖြေရှင်းပြီး နိုင်ငံရေးအရ တိုးတက်အောင်လုပ်နိုင်မယ်၊ တိုင်းပြည် ထူထောင်ရေးအတွက် အခြေခံလိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်မယ်ဆိုရင်တော့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေအောင်မြင်ပြီး ဒေသတွင်းမှာ မြန်မာနိုင်ငံဟာ ရှေ့တန်းရောက်လာနိုင်စရာ ရှိတယ်လို့လည်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေးပုဂ္ဂိုလ်က ပြောဆိုလိုက်တာပါ။

“အိမ်နီးချင်းတိုင်းပြည်တွေက အတွေ့အကြုံတွေကနေ သင်ခန်းစာယူဖို့ မြန်မာနိုင်ငံအတွက်တော့ အခွင့် အလမ်းကောင်းတခုပါ၊ ကျွမ်းကျင်မှု အတွေ့အကြုံရှိတဲ့ ပြည်ပရောက်တချို့ကိုလည်း ပြန် လက်ခံပြီး ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်မှာ ပါနေကြပြီလို့ ကျနော်ထင်ပါတယ်။ ဒါပေမဲ့လည်း လစ်ဟာမှုတွေ အများအပြား ရှိနေတာပါ၊ စွမ်းဆောင်ရည်ရှိတဲ့ လူသားအရင်းအမြစ်တွေ အကြီးအကျယ် အားနည်းနေတဲ့အတွက် ပြန်လည် တည်ဆောက်ဖို့ လိုအပ်နေပြီး ဒါတွေကိုသာ ဖြည့်ဆည်းနိုင်မယ် ဆိုရင် မြန်မာနိုင်ငံဟာ အာရှမှာ ကျားတကောင် အဖြစ်နဲ့ ခေါင်းထောင်ထလာနိုင်စရာ အခြေခံတွေ ခိုင်ခိုင်မာမာ ရှိတယ်လို့ ကျနော်ယူဆပါတယ်။”

မြန်မာနိုင်ငံမှာ ကြားဖြတ်ရွေးကောက်ပွဲတွေ ကျင်းပပေးခဲ့တာလို နိုင်ငံရေး အပြောင်းအလဲတွေရှိခဲ့ တဲ့နောက်မှာတော့ အမေရိကန်၊ ဥရောပ သမဂ္ဂ (EU) သြစတြေးလျ၊ ကနေဒါ စတဲ့ နိုင်ငံတွေက အရေးယူ ဒဏ်ခတ်မှုတွေကို လျှော့ပေါ့တာ၊ ဖယ်ရှားတာတွေ လုပ်ခဲ့ကြတာပါ။ ဒီအတွက် ပြည်ပက ရင်းနှီးမြုပ်နှံမှုတွေနဲ့ အတူ မြန်မာ့စီးပွားရေးမှာလည်း တိုးတက်မှု အလားအလာတွေ ရှိလာနိုင်တယ် လို့ မျှော်လင့်မှုတွေလည်း ထွက်ပေါ်နေတာ ဖြစ်ပါတယ်။

Ref: VOA

NLD လွှတ်တော်တက်ရေး မတင်မကျ ဖြစ်နေသေး


အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ၏ လွှတ်တော် ကိုယ်စားလှယ်များ ကျမ်းကျိန်လွှာဆိုင်ရာ ဝေါဟာရ ပြင်ဆင်ရေး တောင်းဆိုမှုနှင့် ပတ်သက်၍ ကျင်းပနေသည့် လွှတ်တော်တွင်း၌မည်သို့ ဖြေရှင်းကြမည်ဆိုသည်မှာ မတင်မကျ ဖြစ်နေသည်။
NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို ယမန်နေ့က ရန်ကုန်မြို့ ဘာသာရေး အခမ်အးနားတခုတွင် တွေ့ရစဉ် (ဓာတ်ပုံ - Reuters)

ယမန်နေ့က ကျင်းပသည့် လွှတ်တော်အစည်းအဝေးတွင် ကန်ပက်လက် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် သူရ ဦးအောင်ကို တင်သွင်းသည့် တရားရေးမဏ္ဍိုင် အားကောင်းစေရေး အဆိုကို အကြိတ်အနယ် ဆွေးနွေးခဲ့ကြောင်း၊ လွှတ်တော်အစည်း အဝေး သို့ သမ္မတမှ အစိုးရ၏ လုပ်ဆောင်ချက်များနှင့် ပတ်သက် သည့် စာတစောင်ပေးပို့ခဲ့ကြောင်း၊ NLD မှ တောင်းဆို ထားသည့် ကိစ္စရပ် မပါဝင်ကြောင်း၊ ကျမ်းကျိန်လွှာ ကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးမှု မရှိသေးကြောင်း သိရသည်။

သို့ဖြစ်၍ မည်သို့ ဆက်လက်ဖြေရှင်းမည်ကို ဧရာဝတီက စုံစမ်းမေးမြန်းခဲ့ရာ NLD ၏ အဆိုပါ ကိစ္စ အဓိက ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက NLD ၏ လက်ရှိ ချဉ်းကပ် လုပ်ဆောင်သည့် နည်းလမ်း အသေးစိပ်ကို မဖြေကြားနိုင်ကြောင်း ပြောသည်။

“ကျနော်တို့က ဥပဒေဆိုင်ရာ အကြံပြုချက်တင်ထားပါတယ်။ အဲတော့ တင်ထားတဲ့ကိစ္စကို မဆုံးဖြတ်သေးခင် ကျနော်တို့ ပြော လို့ရှိရင် မသင့်တော်ပါဘူး၊ ဒါကြောင့် ဒီနည်းလမ်းဆိုတာတွေကို ကျနော်တို့ မဖြေနိုင်တာပါ”ဟု သူက ဆိုသည်။

သို့သော် ယခုကိစ္စသည် အရေးကြီး၍ ညှိနှိုင်းကြိုးစားနေခြင်းဖြစ်ပြီး NLD ကိုယ်စားလှယ်များအနေဖြင့် လာမည့် စက်တင်ဘာ လ ကျင်းပမည့် လွှတ်တော် အစည်းအဝေးများသို့သာ တက်ရောက်နိုင်လိမ့်မည်ဖြစ်ကြောင်း ဦးဉာဏ်ဝင်းက ဆက်ပြောသည်။

NLD က ကျန်းကျိန်လွှာစကားရပ် ပြင်ဆင်ရေးအတွက် ဥပဒေအကြံပြုလွှာကို သမ္မတရုံး၊ လွှတ်တော် ၂ ရပ်နှင့် ဖွဲ့စည်းပုံအခြေ ခံ ဥပဒေ ခုံရုံး များသို့ တင်သွင်းထားကြောင်း သိရသည်။

နိုင်ငံရေးဆောင်းပါးများ ရေးသားသူ စာရေးဆရာ မောင်ဝံသကမူ NLD ၏ ကျမ်းကျိန်လွှာ စကားရပ် ပြင်ဆင်ရေးသည် အစိုးရ ပိုင်း က နိုင်ငံရေးပါတီ မှတ်ပုံတင် ဥပဒေ၌ ပြင်ဆင်ပေးပြီးဖြစ်၍ လွှတ်တော်တွင် ပြင်ဆင်ရန် ခက်ခဲမည်ဟု မထင်ကြောင်း သူ၏ ဖေ့စ်ဘုတ် စာမျက်နှာတွင် ရေးသားတင်ပြထားသည်။

“နိုင်ငံတော်သမ္မတ က ဖြစ်စေ၊ လွှတ်တော်ဥက္ကဌများက ဖြစ်စေ၊ ဒီချုပ်(NLD)အမတ်များကို ၀င်သာဝင်လာခဲ့ပါ။ အထဲရောက် တဲ့အခါ လေးစားလိုက်နာပါမည်ဆိုတဲ့ စာသားအဖြစ် လွှတ်တော်လုပ်ထုံး လုပ်နည်းများနဲ့အညီ ပြင်ဆင်ပေးပါမယ်လို့ အာမခံချက်ပေးပြီး ကမ်းလှမ်းလိုက်ရင်ကော၊ ဘယ်လိုနေမလဲ၊ ကျနော်ကတော့ အဲသလို ကတိပေးရင် ဒီချုပ်တွေလည်း မျက်နှာမပျက်ဘဲ ၀င်လာနိုင်မယ်လို့ ယူဆပါတယ်”ဟု ဆိုသည်။

ဆက်လက်ပြီး သူက“အမျိုးသား ညီညွတ်ရေး စွမ်းဆောင်ချက်တရပ်လို့တောင် ပြည်ခိုင်ဖြိုးတွေကို အမှတ်ပေးစရာ ဖြစ်လာမှာပါ။ နောင် အခါမှာလဲ တူတာတွေကို တွဲလုပ်ဖို့ရာ နမူနာကောင်းတခု ဖြစ်လာမှာပါ”ဟုလည်း ပြောဆိုသည်။

Ref: ဧရာဝတီ

နို့ဖိုးဒုက္ခသည်စခန်းက ဒုက္ခသည်အချို့ ဆန္ဒပြ

နို့ဖိုး ဒုက္ခသည်စခန်း
ထိုင်းနိုင်ငံ တာ့ခရိုင် အုန်းဖန်မြို့နယ် နို့ဖိုးဒုက္ခသည်စခန်းက ဒုက္ခသည် ၁၀၀ ကျော်ဟာ ဒီမနက် စခန်းတွင်းမှာရှိတဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး (ယူအန်အိပ်ခ်ျစီအာ) ရုံးကို သွားရောက်ဆန္ဒပြခဲ့ကြပါတယ်။

၂၀၀၉ ကနေ ၂၀၁၁ အထိ နို့ဖိုးဒုက္ခသည်စခန်းမှာ ၀င်ရောက်ခိုလှုံနေသူတွေကို ခုချိန်ထိ ကုလသမဂ္ဂ ဒုက္ခသည်အဖြစ် အသိအမှတ်မပြုသေးတဲ့အတွက် ဆန္ဒပြပြကြတာလို့ နို့ဖိုးဒုက္ခသည်စခန်း ကော်မတီအတွင်းရေးမှုး စောသူးလေဒိုစိုးက ပြောပါတယ်။

”အဓိက ဒုက္ခသည်ဖြစ်ရေးပဲ၊ လူသစ်က လူဟောင်းဖြစ်ဖို့အတွက်ဘဲ။ သူတို့ကို ယူအန်အိပ်ခ်ျစီအာက လောလောဆယ် အသိအမှတ်မပြုသေးဘူး၊ ပရီ (အကြို) အဆင့်ပဲ ရှိသေးတယ်။ ယူအန်အိပ်ခ်ျစီအာက လောလောဆည် ဘာမှ အဖြေပေးလို့မရသေးဘူး။ အခုလက်ရှိက လူဟောင်းဖြစ်ဖို့ ထိုင်းအာဏာပိုင်လက်ထဲမှာရှိတယ်။”

ဆန္ဒထုတ်ဖော် တောင်းဆိုရာမှာ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုပေးရေးသာမက စားနပ်ရိက္ခာ လုံလောက်စွာ ထောက်ပံ့ရေး၊ အနာဂတ်မဲ့နေမှုနဲ့ နိုင်ငံမဲ့ဖြစ်နေမှုတို့ကို ဖြေရှင်းဆောင်ရွက်ပေးရေးနဲ့ ကုလသမဂ္ဂအနေနဲ့ ဒုက္ခသည်အရေးကို ပိုမိုအလေးထား လုပ်ဆောင်ပေးရန် တောင်းဆိုခဲ့ကြပါတယ်။

ဒုက္ခသည်တွေရဲ့ တောင်းဆိုချက်တွေကို စခန်းက ကုလသမဂ္ဂ တာဝန်ရှိသူတွေက အထက်ကို ပြန်တင်ပြမယ်ဆိုတဲ့အကြောင်း ပြန်လည် ဖြေဆိုခဲ့တယ်လို့ စောသူးလေးဒိုစိုးက ပြောပါတယ်။

နို့ဖိုးဒုက္ခသည်စခန်းမှာ ဒုက္ခသည်ပေါင်း ၁၇,၀၀၀ ကျော်ရှိပြီး ကုလသမဂ္ဂက အသိအမှတ်မပြုသေးသူပေါင်း ၆၀၀၀ ကျော်ရှိတယ်လို့ ဆိုပါတယ်။

Ref: DVB

ဒုက္ခသည်များ ပြန်ပို့ရေး ထိုင်း စစ်တမ်းကောက်


ထိုင်း-မြန်မာ နယ်စပ်ရှိ ဒုက္ခသည်စခန်းများတွင် ထိုင်းအာဏာပိုင်များက ဒုက္ခသည်များ မြန်မာပြည် ပြန်ပို့ရေးနှင့်ပတ်သက်၍ ဒုက္ခသည်များ၏ အနာဂတ်အရေး သဘောထားအမြင်များစုဆောင်းခြင်း အပါအဝင် အလွတ်သဘော စစ်တမ်းကောက်ယူကြောင်း သတင်းရရှိသည်။
ထိုင်းနိုင်ငံ မဲဆောက်မြို့ပြင်ရှိ မယ်လ ဒုက္ခသည်စခန်းမှ ကရင်ဒုက္ခသည် နေအိမ်တလုံး (ဓာတ်ပုံ - Reuters)

မြန်မာအစိုးရက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် ကြိုးပမ်းနေစဉ်နှင့် စခန်းရောက် ဒုက္ခသည်များ၊ ပြည်တွင်းရွှေ့ပြောင်း ဒုက္ခသည် (IDPs) များ ပြန်လည်နေရာချထားရေးတို့ကို အမျိုးသားပြန်လည်သင့်မြတ်ရေးတွင် အဓိကကိစ္စတရပ်အနေဖြင့် ထည့်သွင်းလုပ်ဆောင်နေစဉ်အတွင်း ဤသို့ အလွတ်သဘော စစ်တမ်းကောက်ယူမှု ပြုလုပ်ခြင်း ဖြစ်သည်။

ထိုင်း-မြန်မာ နယ်စပ်တလျှောက်ရှိ ဒုက္ခသည်စခန်း ၉ ခုတွင် ကရင်ဒုက္ခသည်အများစုအပါအဝင် ဒုက္ခသည် ၁ သိန်းခွဲခန့်ရှိပြီး ပြည်တွင်းတွင် စစ်ပြေး ရွာပုန်းရွာရှောင် ရွှေ့ပြောင်းဒုက္ခသည် IDPs ၁ သန်းခွဲရှိကြောင်း ကူညီကယ်ဆယ်ရေးနှင့် အထောက်အပံ့ပေးရေး အဖွဲ့များ၏ စာရင်းအရ သိရသည်။

ဒုက္ခသည်များကို အကူအညီ ပေးနေသည့် ထိုင်း-မြန်မာ နယ်စပ်တလျှောက် ကူညီစောင့်ရှောက်ရေး ညွန့်ပေါင်းအဖွဲ့ (TBBC) မှ လက်ထာက်ညွှန်ကြားရေးမှူး ဆယ်လီ သွန်ပဆင်က ထိုင်းအာဏာပိုင်များသည် ဒုက္ခသည်စခန်းအများစုတွင် ပြီးခဲ့သည့် မတ်လလယ်ကတည်းက စစ်တမ်းများ ကောက်ယူနေကြောင်း၊ ဒုက္ခသည်စခန်းတခုလျှင် လူ ၁၀၀ ရွေးချယ်ပြီး ၎င်းတို့၏ သဘောထားအမြင် များကို မေးမြန်းခြင်းဖြစ်ကြောင်း ပြောကြားသည်။

မစ္စ ဆယ်လီ သွန်ပဆင်က “ဒုက္ခသည်တွေကို သူတို့ ဘယ်သွားချင်သလဲ၊ သူတို့ အနာဂတ်မှာ ဘာလုပ်ချင်သလဲဆိုတာကို သိရဖို့အတွက် အချက်အလက်တွေ စုဆောင်းတဲ့ သဘောပါပဲ” ဟု ဆိုသည်။

တတိယနိုင်ငံသို့ ရွှေ့ပြောင်းအခြေချရေးအတွက် တရားဝင်မှတ်ပုံတင်ထားသည့် မြန်မာဒုက္ခသည်များသာ
လျှောက်ထားနိုင်သော်လည်း ဒုက္ခသည်စခန်းများတွင် မှတ်ပုံတင်မထားသည့် လူသစ်များစွာရှိနေကြောင်းသိရသည်။

TBBC ၏ ကိန်းဂဏန်းများအရ တတိယနိုင်ငံများတွင် သွားရောက်အခြေချပြီးသူ အနည်းဆုံး ၇ သောင်းခန့်ရှိကြောင်း သိရှိရသည်။

စစ်တမ်းကောက်ယူသည့် ဒုက္ခသည်စခန်းများမှာ တာ့ခ်ခရိုင်ရှိ မယ်လစခန်းနှင့် မယ်ဟောင်ဆောင်ပြည်နယ်ရှိ ကရင်နီ ဒုက္ခသည်စခန်း နှစ်ခုတို့တွင်ဖြစ်ကြောင်း သိရသည်။

မယ်လဒုက္ခသည်စခန်းမှ ဥက္ကဋ္ဌ ကိုစောထွန်းထွန်းက ထိုင်းအာဏာပိုင်များသည် လွန်ခဲ့သည့် နှစ်ပတ်က ဒုက္ခသည်စခန်းသို့ လာရောက်ကြောင်း၊ မြန်မာပြည်ပြန်ရေး၊ တတိယနိုင်ငံတွင် အခြေချရေး၊ ထိုင်းနိုင်ငံတွင် တောင်ပေါ်သားမှတ်ပုံတင်ကတ် ရယူရေးနှင့် တခြား ကိုယ်ပိုင်ဆန္ဒ ရှိ မရှိဟူသော အချက်လေးချက်ကို မေးမြန်းပြီး စစ်တမ်းလုပ်သွားကြောင်း ပြောသည်။

ဒုက္ခသည်များအနက် မြန်မာပြည် ပြန်လိုသူ၊ တတိယနိုင်ငံတွင် အခြေချလိုသူနှင့် ထိုင်းတွင်ဆက်နေလိုသူ ရာခိုင်နှုန်း မည်ရွေ့မည်မျှရှိသည်ကို ထိုင်းအာဏာပိုင်များက သိလိုကြောင်း ကိုစောထွန်းထွန်းက ဆိုသည်။
၎င်းက ဆက်လက်၍ လတ်တလောတွင် မြန်မာဒုက္ခသည်များကို ပြန်လည်ပို့ဆောင်ရန် မဖြစ်နိုင်သေးကြောင်း၊ အချိန် ငါးနှစ်ခန့် ယူရလိမ့်မည်ဖြစ်ကြောင်း ပြောကြားသည်။

မြန်မာနိုင်ငံတွင် ဒုက္ခသည်များ ပြန်လည်အခြေချရေးအတွက် လုပ်ဆောင်စရာ များစွာ ရှိနေသေးကြောင်း၊ ပဋိပက္ခဖြစ်ရာ ဒေသများတွင် မိုင်းရှင်းခြင်း၊ ပြန်လည် အခြေချမည့်သူများ အတွက် နေရာရွေးချယ်ခြင်း၊ နိုင်ငံတကာမှ လူသားချင်း စာနာထောက်ထားသော အကူအညီများ ပေးခြင်း စသည်တို့ ပါဝင်ကြောင်း လေ့လာသူများက ဆိုသည်။

မြန်မာအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ ငြိမ်းချမ်းရေး သဘောတူညီချက်ရလျှင် ထိုင်းမြေပေါ်မှ ဒုက္ခသည်စခန်းများကို ပိတ်မည်ဖြစ်၍ ဒုက္ခသည်များအနေဖြင့် မည်သို့လုပ်ဆောင်မည်ကို ထိုင်းအာဏာပိုင်များက သိလိုကြောင်း မစ္စ သွန်ပဆင်က ဆိုသည်။

ထိုင်းနိုင်ငံမြောက်ပိုင်းတွင် ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) နှင့် ဆွေးနွေးပွဲ၌ မြန်မာအစိုးရဘက်မှ ငြိမ်းချမ်းရေးကိုယ်စားလှယ် မီးရထားဝန်ကြီး ဦးအောင်မင်းက အစိုးရအနေဖြင့် ပြည်တွင်း ရွာပုန်းရွာရှောင် IDPs ဒုက္ခသည်များနှင့် စစ်ပြေးဒုက္ခသည်များကို မိုးရာသီမတိုင်မီ ဇွန်လအစောပိုင်း၌ ပြန်လည် နေရာချထားလိုသည်ဟု ပြောကြောင်း သိရှိရသည်။

မစ္စ ဆယ်လီ သွန်ပဆင်ကမူ “ဒီအချိန်သတ်မှတ်ချက်က လက်တွေ့မဖြစ်နိုင်ဘူး။ ထိုင်း-မြန်မာ နယ်စပ်က ဒုက္ခသည်တွေထက် ပြည်တွင်း ရွှေ့ပြောင်းဒုက္ခသည်တွေကို ဦးစားပေး ပြန်လည်နေရာချထားပေးရ မယ်ဆိုတာ ကျမတို့ နားလည်ပါတယ်” ဟု ပြောသည်။

အစိုးရတပ်များနှင့် တိုင်းရင်းသားလက်နက်ကိုင်များ၏ ပဋိပက္ခများကြောင့် ပြည်သူထောင်ပေါင်းများစွာ စစ်ပြေးဒုက္ခသည်ဖြစ်ခဲ့ရပြီး လွန်ခဲ့သည့် ဆယ်စုနှစ် ၂ ခုကပင် ထိုင်း-မြန်မာ နယ်စပ် ဒုက္ခသည်စခန်းများတွင် ရောက်ရှိနေထိုင်ခဲ့ကြရသည်။

အာရပ်စော်ဘွားများနိုင်ငံ (UAE) အခြေစိုက် The National အွန်လိုင်း သတင်းတပုဒ်တွင် မဲဆောက်မြို့ရှိ ဒုက္ခသည်အများစု အားထားရာ မယ်တော်ဆေးခန်းသည်လည်း အလှူရန်ပုံငွေ ထက်ဝက်ခန့် ဖြတ်တောက်ခံရကြောင်း၊ ဒုက္ခသည်များမကြာမီ မြန်မာနိုင်ငံသို့ ပြန်ရမည်ဖြစ်ကြောင်း
ရေးသားထားသည်။

Ref: ဧရာဝတီ

မြန်မာလုပ်သား ပျောက်ဆုံးနေမှု စင်္ကာပူ ဆိပ်ကမ်းအာဏာပိုင်များ အပူတပြင်း ရှာဖွေနေ


port_invistitationစင်ကာပူနိုင်ငံရှိ Everlast Marine Services တွင် အလုပ် လုပ်ကိုင်နေသော မြန်မာနိုင်ငံသား တစ်ဦး ယမာန်နေ့ နံနက် (၈း ၃၀) ခန့်တွင် လုပ်ငန်းခွင် လှေပေါ်မှ ပြုတ်ကျ၍ ပျောက်ဆုံးလျက် ရှိနေသဖြင့် စကာင်္ပူ ဆိပ်ကမ်း အာဏာပိုင်များမှ အပူတပြင်း လိုက်လံ ရှာဖွေလျက် ရှိကြောင်း သိရှိရပါသည်။

လှေပေါ်မှ ပြုတ်ကျသွားသည့် မြန်မာနိုင်ငံသားမှာ သိရှိချက်များအရ လှေပေါ်တွင် သန့်ရှင်းရေးလုပ်သည့် အလုပ်သမားဖြစ်ကာ အသက် (၃၂) ခန့်ရှိသည်ဟု သတင်းများ၌ ဖော်ပြပါရှိပါသည်။ Everlast Marine Service တွင် လုပ်သက် လေးနှစ်ခန့် လုပ်ကိုင်ပြီး ဖြစ်ကြောင်း ကုမ္ပဏီမှ ထုတ်ဖော် ပြောကြားပါသည်။

Everlasts_ship
Everlast Marine Services ပိုင် သင်္ဘော တစ်စီးအား တွေ့ရစဉ် (ဓါတ်ပုံ - အင်တာနက်)

ဆိပ်ကမ်း အာဏာပိုင်များ၏ ပြောကြားချက်များအရ ယမာန်နေ့နံနက် (၈း ၃၀) ခန့်တွင် ပျောက်ဆုံးကြောင်း သတင်း ပေးပို့မှု ရောက်ရှိလာပြီးနောက် မိမိတို့မှလည်း ကယ်ဆယ်ရေး အစီအစဉ်များကို အလျင်အမြန် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ဆိပ်ကမ်း အာဏာပိုင်များမှ ဆိပ်ကမ်း ရဲကင်းလှည့် ရေယာဉ်များနှင့် ရေငုပ်သမားများ အပါအဝင် ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းကို လုပ်ဆောင်ခဲ့ကြသည်။

အလားတူ ကမ်းနီးကမ်းဝေး လှေများသို့ ရေဒီယိုများမှတဆင့် အသိပေး ကြေငြာထားပြီး သဲလွန်စများ တွေ့ရှိပါက ဆိပ်ကမ်း အာဏာပိုင်များသို့ အကြောင်းကြားရန်လည်း ထုတ်ပြန်ထား သော်လည်း အလောင်းကို ယခု အချိန်ထိ မတွေ့ရှိရသေးကြောင်း သိရှိရပါသည်။ ထိုအမှုကို ဆိပ်ကမ်း အာဏာပိုင်များမှ စုံစမ်းရှာဖွေမှုများ ဆက်လက် ပြုလုပ်နေဆဲ ဖြစ်သည်။

Ref: ရွှေဟင်္သာ သတင်းဌာန

ကျမ်းသစ္စာ ကျိန်ဆိုတဲ့ စာသား ပြင်ဆင်ဖို့ ကိစ္စ အချိန်အနည်းငယ် ထပ် ကြာနိုင်ဘွယ်ရှိ



အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောဆိုနေတဲ့ နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ နောက်ဆက်တွဲ ဇယား ၄ ပါ ကျမ်းသစ္စာ ကျိန်ဆိုတဲ့ စာသား ပြင်ဆင်ဖို့ကိစ္စဟာ နောက်ထပ် အချိန်အနည်းငယ် ထပ်ကြာနိုင်ဘွယ်ရှိသလို ပြည်ထောင်စုလွှတ်တော်ကဘယ်လို ဆောင်ရွက်မယ်ဆိုတာကလည်း
စောင့်ကြည့်ရမယ့် အခြေအနေမှာ ရှိနေပါတယ်။ ထိုကိစ္စနဲ့ ပတ်သက်ပြီး ပြည်သူ့လွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်ရေးကော်မတီ အဖွဲ့ဝင် ဥပဒေအကြံပေး ဦးသန်းမောင် က “အခြေခံဥပဒေမှာ ဘယ်ဟာကိုတော့ ပြင်လို့ မရဘူး။ ဘယ်ဟာကိုတော့ ပြင်လို့ ရတယ် မခွဲထားပါဘူး။
မသင့်လျှော်ရင် ပြင်လို့ ရတယ်။ ဒါပေမယ့် နိုင်ငံရေးဘက်ကမကြည့်ဘဲ ဥပဒေကြောင်းအရပဲ ကြည့်ရင် ဒီစာသားကို ပြောင်းဖို့ အားလုံးက ဆန္ဒရှိရင်တောင် လုပ်ထုံးလုပ်နည်းတွေ ရှိပါတယ်။ အကြမ်းပြောရင်တောင် ဥပဒေအဖြစ် အရင် တင်ရမယ်။ နောက် ပြည်ထောင်စုလွှတ်တော်မှာ တင်ရမယ်“ လို့ ပြောကြားကြောင်း မက်ဆင်ဂျာ (Messanger) သတင်းဂျာနယ် မုခစာမျက်နှာတွင် ဖော်ပြထားပါတယ်။ ထိုကိစ္စနဲ့ ပတ်သက်ပြီး ကြံ့ဖွတ်ပါတီ (ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ) ထိပ်တန်းခေါင်းဆောင် ဦးအောင်သောင်းက “ကျွန်တော်တို့ကတော့ တင်ပေးဖို့ မရှိပါဘူး။ ဘာ့ကြောင့်ဆိုတော့ မလိုဘူးလို့ ယူဆပါတယ်။
အခြေခံဥပဒေကို ကာကွယ် ထိမ်းသိမ်းမယ်ဆိုတာ အလွန်ကောင်းပါတယ်။ မိမိ အခြေခံ ဥပဒေကို ကာကွယ် ထိမ်းသိမ်းဖို့ လိုပါတယ်။ ဒီ ကာကွယ် ထိမ်းသိမ်းဖို့ ဆိုတာကို ကြောက်စရာမလိုဘူးလို့ ထင်ပါတယ်၊ မဟုတ်ဘူးလား။ ဒါတွေဟာ ပြဿနာ မဟုတ်ဘူးလို့ ယူဆတယ်။ ဒ့ါကြောင့်မို့ ဒါကို အရေးတယူ လုပ်ပြီး၊ အကြိုက်ကို လိုက်ပြီး လုပ်ဖို့ဆိုတာကတော့ စဉ်းစားရမယ့်ကိစ္စပဲ ဖြစ်ပါတယ်။“ လို့ မဇ္ဈိမကို ပြောပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နာယက ဦးဝင်းတင်ကတော့ “ဦးအောင်သောင်းလို ပုဂ္ဂိုလ်မျိုး၊ ဦးဋ္ဌေးဦးလို ပုဂ္ဂိုလ်မျိုးတွေက ပြောတယ်ဆိုရင်တော့ ကြံ့ခိုင်ရေးက ဒီကိစ္စကို လက်ရှောင်လိုက်ပြီ ဆိုတဲ့သဘော၊ ကြံ့ခိုင်ရေး လက်ရှောင်ပြီဆိုရင်တော့ ၇၅ ရာခိုင်နှုန်း ရနိုင်စရာ အကြောင်းမရှိဘူးလို့ပဲ ပြောရမှာပေါ့။
အဲဒီလိုဆိုရင် လွှတ်တော်ထဲမှာကို လမ်းပိတ်တဲ့ အနေအထားမျိုး ရောက်ကောင်း ရောက်မယ်ပေါ့“ လို့ ဘီဘီစီသတင်းဌာနကို ပြောသလို “ဒီ သော့ခလောက်ကြီးကို ဖြုတ်ပေးပါ၊ ပြင်ပေးပါလို့ ပြောတဲ့အတွက်
သော့ခလောက်ကို ဖြုတ်ပေးပြီး ပြီ။ သို့သော် ရွေးကောက်ပွဲတွေ နိုင်ပြီးတဲ့နောက်ပိုင်း လွှတ်တော်ထဲကို ၀င်မယ့် ကြံတဲ့အခါကျ လွှတ်တော်တံခါးဝမှာလည်း ဒီ သော့ခလောက်ကြီးပဲ ချိတ်ထားတယ်ဆိုတာကတော့ မြင်ရင် သိမှာပဲ ဗျာ၊ ဘယ်သူက မ၀င်ချင်တာလဲ၊ ဘယ်သူက တားဆီး ဟန့်တား လုပ်ထားတာလဲ၊ နို့မို့လည်း ဒီ သော့ခလောက်ကို ဘယ်သူ ဖြုတ်ပေးနိုင်သလဲ ဆိုတဲ့အပေါ်မှာပဲ တည်လိမ့်မယ်ထင်တယ်“ လို့ ဘီဘီစီ သတင်းဌာနကို ပြောပါတယ်။
ဆက်စပ်သတင်းများအရ ကျမ်းကျိန်တဲ့စာသား ပြင်ဆင်ဖို့ ဦးသိန်းစိန်ထံ အကြောင်းကြားခဲ့စဉ် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးက ပြင်ဆင်ပေးနိုင်တဲ့ နည်းလမ်းကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က တင်ပြခဲ့ကြောင်း၊ ထိုသို့ တင်ပြခဲ့မှုနဲ့ ပတ်သက်ပြီး ဦးသိန်းစိန်က ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးကို အကြောင်းကြားတဲ့သဘော မပြုလုပ်ဘဲ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က တင်ပြတဲ့ စာကို လက်လွှဲပေးအပ်ခြင်းသာ ဖြစ်ကြောင်းလည်း ကြားသိရပါတယ်။ ကြည့်ရတာက ဦးသိန်းစိန်ကိုယ်၌ကလည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က တင်ပြတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အချက်အလက်ကို ပြင်ဆင်မယ့်ကိစ္စနဲ့ ပတ်သက်ပြီး ပါဝင်ပတ်သက် ပြောဆိုရင် အစိုးရနဲ့ လွှတ်တော်ထဲရှိ ကြံ့ခိုင်ရေးပါတီ ထိပ်ပိုင်းခေါင်းဆောင်တွေက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဘက်က ရှေ့နေလိုက်တယ်လို့ ပြန်လည် ဝေဖန်မယ့်အရေးကို လက်ရှောင်လိုက်တာလဲ ဖြစ်နိုင်ပါတယ်။
ဦးဝင်းတင်ရဲ့စကားကို ထောက်ရှုရင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကတော့ သူ့ရပ်တည်ချက်အတိုင်း ဆက်လက် ရပ်တည်သွားမယ့်သဘောမှာ မြင်နေရပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားလှယ်တွေ လွှတ်တော်ထဲ ပါဝင် တက်ရောက်လိုတဲ့ ဆန္ဒရှိသူများအနေနဲ့ ပါဝင်နိုင်မယ့်နည်းလမ်းကိုသာ စဉ်းစားကြရတော့မယ့် သဘောကို မြင်နေရပါတယ်။ ဒီတော့ ဒီ အခက်အခဲနဲ့ ပတ်သက်ပြီး ဘာတွေ ဖြစ်လာကြမလဲဆိုတာကတော့ ဆက်လက် စောင့်ကြည့်ကြရတော့မှာပဲ ဖြစ်ပါတယ်။
မင့်လှိုင်၊ ဧပြီ ၂၅ ရက်၊ ၂၀၁၂
Ref: Burma Today

ဥပဒေကို လိုက်နာပါ၏ လော


ခေတ်သစ် နိုင်ငံရေးအခြေခံ ဥပဒေပညာရှင် စီအက်ဖ် စထရောင်း (C . F . Strong ) က ”ဖွဲ့စည်ပုံ အခြေခံဥပဒေ ဟူသည် အစိုးရ၏ အာဏာများနှင့် ပြည်သူတို့၏ ရပိုင်ခွင့်နှင့် အခွင့်အရေးများကို စုစည်းဖော်ပြထားသော အစိုးရနှင့်ပြည်သူ အကြား ဆက်ဆံရေး ကောင်းမွန်စေရန် ညှိနှိုင်း သတ်မှတ်ထားသော မူ များ ဖြစ်သည်၊ ဟုရှင်းရှင်းလင်းလင်းဖွင့်ဆို ခဲ့ပါသည်။

အစိုးရနှင့် ပြည်သူအကြား ဆက်ဆံရေး ကောင်မွန်စေရန် ညှိနှိုင်း သတ်မှတ်ထားသော မူ များကို နှစ်ဖက်စလုံးက လိုက်နာရပါမည်။ နိုင်ငံနှင့် ပြည်သူအကြား ချုပ်ဆိုထားသော သဘောတူစာချုပ်ကြီး ဖြစ်သည်ဟုလည်း စီအက်ဖ် စထရောင်းက ရှင်းပြပါသေးသည်။ အမှန်စင်စစ်မှာ ဥပဒေသည် ဥပဒေနှင့် ပတ်သက်သည့် သူများ အထူးသဖြင့် အပေါ်ထပ်အဆောက်အအုံဖြစ်သည့် လွှတ်တော်များ အစိုးရများက စံပြလိုက်နာပြရစမြဲဖြစ်သည်။ မိမိတို့နိုင်ငံတွင် ခေတ်အ ဆက်ဆက်နှင့် လက်ရှိအစိုးရများကို လေ့လာလျှင် ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ဗိုလ်နေ၀င်း စစ်အုပ်စုက ဖျက်ဆီးခဲ့သည်။ ယခုလည်း ဗိုလ်သိန်းစိန် ကြံ့ဖွံ့အစိုးရ အနေဖြင့် ၎င်းတို့ကိုယ်တိုင်
စိတ်ကြိုက် ရေးဆွဲပြဋ္ဌာန်းခဲ့သော စစ်အုပ်စုလက်စွဲ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အစိုးရ မည်သို့ရှိသည်ကို လေ့လာဆန်းစစ်ရပါတော့မည်။

အစိုးရသတင်းစာထဲမှာ ဧပြီလ ၂၂ ရက်စွဲဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က
ကြေညာချက် နှစ်ခုထုတ်ပြန်ပြီး၊ ပြည်သူ့လွှတ်တော်က စစ်သားအမတ် (၃၉) ဦးနှင့် အမျိုးသားလွှတ်တော်က စစ်သားအမတ် (၂၀) ဦး၊စုစုပေါင်း စစ်သားအမတ် ၅၉ -ဦးကို အစားထိုးလဲလှယ် လိုက်ပါသည်။ ပြည်ထောင်စု ဥပဒေပြုလွှတ်တော် ထဲတွင် ရှိသော စစ်သားအမတ် (၁၆၆) ဦးထဲက တ၀က်လောက်ကို အစားထိုးလဲလှယ် လိုက်တာပါ။ ထုတ်ပယ်ခံရတဲ့ ၅၉

ဦးက ဗိုလ်မှုးများဖြစ်ပြီး ခုအသစ်ခန့်တဲ့သူ တွေက ဗိုလ်မှုးချုပ်၊ ဗိုလ်မှုးကြီးနှင့် ဒုဗိုလ်မှုးကြီးတွေ ဖြစ်ကြောင်း တွေ့မြင်ရပါသည် ။ ရွှေစစ်မစစ် ကို မှတ်ကျောက် တင်၍ သိရှိနိုင်သည့်နည်းတူ ဥပဒေအတိုင်း လိုက်နာ လုပ်ဆောင်ခြင်း ဟုတ်၏ မဟုတ်၏ ကိုလည်း ၄င်းတို့ပြဋ္ဌာန်းထားသည့်ဥပဒေများနှင့် ချိန်ထိုးဆန်းစစ်ခြင်းဖြင့် သိရှိနိုင်ပါသည်။

ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၃၃ -”တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် မိမိအမည်စာရင်း တင်သွင်းထားသော တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် တစ်ဦးဦးကို အစားထိုးပြောင်းလဲလိုကြောင်း ကော်မရှင်သို့ အကြောင်း ကြားသည့်အခါ အစားထိုးပြောင်းလဲလိုသည့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အမည်စာရင်းကို အများပြည်သူ သိရှိရန် ကြေညာရမည်။ ထိုသို့ကြေညာသည့်နေ့မှ စ၍ ပြောင်းလဲခြင်းခံရသော မူလလွှတ်တော်ကိုယ်စားလှယ်သည် လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ရပ်စဲပြီး ဖြစ်သည်ဟု မှတ်ယူရမည်။”ဟု ဖော်ပြထားပါသည်။ (မည်သည့်အတွက်ကြောင့်အစားထိုးပြောင်းလဲခံရသည်ကို ကော်မရှင်က အများပြည်သူ သိရှိရန် ထုတ်ပြန်ကြေညာခြင်း လုံးဝမရှိခဲ့ ကြောင်းတွေ့ရှိရပါသည်။

၂၀၀၈ ခုနှစ် အခြေခံဥပဒေ ပုဒ်မ -၃၉၆ (က) တွင်”လွှတ်တော်ကိုယ်စားလှယ် တစ်ဦးကို အောက်ပါ အကြောင်းတရပ်ရပ်ကြောင့် တာဝန်မှ ပြန်လည်ရုပ်သိမ်းခွင့် ရှိသည်- (၁)မှ(၅) အထိပြဋ္ဌာန်းထားပါသည်။ ဤအတွက် တာဝန်မှ ပြန်လည်ရုပ်သိမ်း ကြောင်းကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က အများပြည်သူ သိရှိနိုင်ပါရန် ကြေညာခြင်းပြုရပါမည်။ တစုံတရာ ကြေညာခြင်းမရှိသည်ကို၌က ဥပဒေကို ဖောက်ဖျက်ကျူးလွန်ရာရောက်ပါသည်။ ခေါင်မလုံလျှင် တစ်အိမ်လုံးမိုးယိုစမြဲ၊ ထိုနည်းတူပင် ဥပဒေပြုရေးမဏ္ဍိုင်၏အထွဋ်အထပ်ဖြစ်သည့် ပြည်ထောင်စုဥပဒေပြုလွှတ်တော်ကသတ်မှတ်ပြဋ္ဌာန်းထား သည့် ဥပဒေများသည်လည်း တညီတညွတ်တည်းမရှိလျှင် ဥပဒေစိုးမိုးမှုရှိလိမ့်မည်မဟုတ်ချေ။

၂၀၀၈ ခုနှစ် အခြေခံဥပဒေ ပုဒ်မ-၁၁၉ တွင်” ပြည်သူ့လွှတ်တော်၏ သက်တမ်းသည် ယင်းလွှတ်တော်၏ ပထမအကြိမ် အစည်းအဝေး စတင်ကျင်းပသည့် နေ့ရက်မှ စ၍ ငါးနှစ်ဖြစ်သည်။ ဟုလည်းကောင်း ပုဒ်မ- ၁၅၁ တွင်” အမျိုးသားလွှတ်တော်၏ သက်တမ်းသည် ပြည်သူ့လွှတ်တော်၏ သက်တမ်းနှင့် အညီ ဖြစ်သည်။ ပြည်သူ့လွှတ်တော်၏ သက်တမ်း ကုန်ဆုံးသောနေ့တွင် အမျိုးသားလွှတ်တော်၏ သက်တမ်းသည်လည်း ကုန်ဆုံးသည်။ ဟုလည်းကောင်း ဖော်ပြထားပါသည်။

ထို့အတူ လွှတ်တော်ကိုယ်စားလှယ်များ၏ သက်တမ်းသည်လည်း ငါးနှစ်ဖြစ်ပါသည်။ လွှတ်တော်ကိုယ်စားလှယ် ဆိုသည်မှာ “လွှတ်တော် တစ်ရပ်ရပ်သို့ ရွေးကောက်တင်မြှောက်ခံရသည့် လွှတ်တော်ကိုယ်စားလှယ်ကိုလည်းကောင်း၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ဥပဒေနှင့်အညီ အမည်စာရင်းတင်သွင်းသော တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်ကို လည်းကောင်း ဆိုသည်” ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥပဒေ ပုဒ်မ ၂(ခ) တွင်ဖော်ပြထားသည်။

ဆိုလို သည်မှာ လွှတ်တော်ကိုယ်စားလှယ်တိုင်း လွှတ်တော်သက်တမ်း ငါးနှစ်ကာလသာ ထမ်းဆောင်ခွင့်ရှိပါသည်။ အများတန်းတူ အခွင့်အရေး ရှိရပါမည်။
တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်ဖြစ်၍ ခဏခဏ အစားထိုးခန့်အပ်နိုင်သည်ဟု ဥပဒေက ပြဋ္ဌာန်းထားချက်မရှိပါ။

နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များ အခန်း(၈)တွင်ပြဋ္ဌာန်းထားသော ပုဒ်မ -၃၄၇ တွင်”နိုင်ငံတော်သည် မည်သူ့ကိုမဆို ဥပဒေအရာတွင် တန်းတူညီမျှ အခွင့်အရေး ရရှိစေရမည်။ထို့ပြင် ဥပဒေ၏ အကာအကွယ်ကိုလည်း တန်းတူညီမျှစွာ ရယူပိုင်ခွင့် ပေးရမည်။ ဟုဖော်ပြချက်ကို မည်သူမဆိုလိုက်နာသင့်ပါသည်။ မလိုက်သူများကား အဘယ်သူများပါနည်း။ ရဲရဲအစစ်ဆေးခံနိုင်ရပါမည်။

ဦးမျိုး (ဥပဒေ)၊ ဧပြီ ၂၅၊ ၂၀၁၂
Ref: MoeMaKa

မလေးရှားကို အလုပ်လာလုပ်မယ်ဆိုရင် သိသင့်တာလေးတွေ



By/ K Aung Soe …

ကျွန်တော်ဟာ face book မှာစိတ်ကူးရရင် ရသလို စာရေးနေကျပါ အစပိုင်း ရေးခါစမှာတော့ ကျွန်တော် လက်ရှိနေထိုင်ရာ မလေးရှား အကြောင်းကိုပဲ အခြေခံပြီးရေးတာများပါတယ် ။ နောက်တော့ သူငယ်ချင်းတွေက ပြောတယ် မင်းရေးတာ မလေးရှား အကြောင်းတွေ ချည်းပဲ ထပ်နေပြီ တစ်ခြား အကြောင်းအရာ တွေလည်းရေးအုံးလို့ ပြောလာတာနဲ့ မလေးရှား အကြောင်း ကိုလက်ရှောင်နေတာ ကြာပါပြီ ။ ဒါပေမယ့် ခုရက်ပိုင်း အတွင်း မလေးရှားကို Agent calling visa နဲ့လာ အလုပ်လုပ်တဲ့ သူတွေ အဆင်မပြေလို့ ညဉ်းတာတွေ အလုပ်မှာ အဆင်မပြေလို့ ပွဲစားက နှိပ်စက်တာတွေကို ကြားရဖန်များလာတော့ မလေးရှားကို လာပြီး အလုပ်လုပ် မယ့်သူတွေ အတွက် အထောက် အကူ ရလိုရငြား ဆောင်းပါး တစ်ပုဒ်လောက် ရေးရင်ကောင်းမယ်လို့ စိတ်ကူးမိလို့ ဒီဆောင်းပါး ကိုရေးဖြစ်လိုက်ပါတယ် ။



၁၉၉၀ ခုနှစ် အစောပိုင်းမှာတော့ မြန်မာ့ အသံကလွှင့်တဲ့ ရေဒီယို အသံလွှင့် ဇာတ်လမ်းတွေမှာတော့ နိုင်ငံခြားကို သွားအလုပ် လုပ်တဲ့သူတွေကို ရှုတ်ချတဲ့ သဘောဆောင်တဲ့ အသံလွှင့်ဇာတ်လမ်းလေးတွေ လွှင့်တာများပါတယ် ။ ဇာတ်သိမ်းမှာတော့ နိုင်ငံခြားထွက် အလုပ်လုပ်တဲ့ သူတွေ အဆင်မပြေလို့ မြန်မာပြည်ပြန်လာရတဲ့ အခန်းနဲ့ပဲ ဇာတ်သိမ်းတာများပါတယ် ။ ဒါပေမယ့် သက္ကရာဇ် ၂၀၀၀ လောက်လည်းရောက်ရော ရွှေအင်းဝ တို့လို အစိုးရနဲ့ ဆက်နွယ်တဲ့ ကုမ္ပဏီတွေက မြန်မာပြည်မှာ ရှိသမျှလူငယ်တွေ ကိုရိုက်ခါထုတ်ပြီး ပြည်ပကို ပို့သလို လူထောင်သောင်းနဲ့ ချီပြီး မလေးရှားကို ပို့ခဲ့ပါတယ် ။ အဲဒီတုန်းကတော့ အလုပ်လုပ်ရမယ့် စက်ရုံ ကုမ္ပဏီတွေက တိုက်ရိုက်ခေါ်တဲ့ Calling visa နဲ့ပဲခေါ်တာများပါတယ် ။ အဲဒီတုန်းက အလုပ်သမားလောက မှာတော့ Calling နဲ့ Over stay နှစ်မျိုးပဲရှိတာပေါ့ ။ Calling နဲ့လာတဲ့ အလုပ်သမားတွေကို ပါတ်စပို့စာအုပ်ကို သူဌေးက ကိုင်ထားပြီး အလုပ်သမားကိုတော့ စာအုပ်နဲ့ ပါမစ် မိတ္တူပဲ ပေးကိုင်ထားတာပေါ့ ။ တကယ်လို့ အပြင်မှာ ပြဿနာတက်မှ သူဌေးက ကိုင်တိုင်လိုက်ရှင်းပေးတာပေါ့ ။ Calling နဲ့လာနဲ့ အလုပ်သမားတွေကျတော့ ငွေစုချင် စုလို့ရတဲ့ Bank card ကိုသူဌေးရဲ့ ထောက်ခံချက်တွေယူပြီး လုပ်လို့ရပါတယ် ။ ဒီထက် အရင် စောပိုင်းကာလာတွေမှာတော့ ပါတ်စပို့စ် စာအုပ်ကို သူဌေးက မသိမ်းပါဘူး အလုပ်သမား လက်ထဲကိုပဲပေးထားတယ် ဒါပေမယ့် အလုပ်သမားတွေက လစာများတဲ့နေရာကို ပြောင်းပြီး လုပ်ကြတာတွေကြောင့် နောက်ပိုင်းတော့ သူဌေးက စာအုပ်ကို အလုပ်သမားတွေကို ပေးမကိုင်တော့ပဲ သူတို့ပဲ သိမ်းထားကြတော့တယ် ။



သူဌေးတွေက ဒီလိုလုပ်လာတော့ အလုပ်သမားတွေက စက်ရုံမှာ အဆင်မပြေလည်း စာအုပ်လက်ထဲမှာ မရှိတော့ ထွက်မပြေးရဲဘူး ကျိတ်မှိတ်ပြီးနေရတယ် ။ ဒီအခက်အခဲတွေကို ပွဲစားတွေက သိတော့ စားပေါက်ထွင်ကြတယ် ။ Free calling ဆိုပြီးတော့ပေါ့ အဲဒီပါစမ် အမျိုး အစားက ပုံမှန် Calling visa ထက်ဈေးကြီးတယ် ထူးခြားချက်ကတော့ စာအုပ်ကို လက်ထဲမှာကိုင်ပြီး ကိုယ်ကြိုက်ရာမှနေရာမှာ လုပ်ပိုင်ခွင့်ရှိတယ်ပေါ့ ။ ဒါဟာ တကယ်တော့ တရားဝင် မဟုတ်ပါဘူး ပွဲစားတွေရဲ့ စားပေါက်ထွင်မှု သက်သက်ပါပဲ သူတို့ရဲ့ လုပ်ပုံ လုပ်နည်းက စက်ရုံ တစ်ရုံက အလုပ်သမား ၁၀ ယောက်လောက်ခေါ်မယ်ဆိုရင် မလေးရှား Immigration ဌာနမှာ ၁၃ ယောက်ဖြစ်ဖြစ် ၁၅ ယောက်ဖြစ်ဖြစ် ပွဲစားက စာရင်းတင်ပြီး ပိုတဲ့ လူ ၅ ယောက်ကို Free calling အဖြစ် ဖန်ပြီး ပါမစ် ကပ်ပေးတာပေါ့ ။ ဒီ Free calling သမားဟာ ပါမစ်ရပေမယ့် ပါမစ်မှာပါတဲ့ လိပ်စာထဲက ကုမ္ပဏီမှာ အလုပ်မလုပ်ရဘဲ ကိုယ့်ဟာကို အလုပ်ရှာလုပ်ရပါတယ် ။ မလေးရှားမှာ အလုပ်ဖူးပြီးသား လူအတွက်တော့ အဆင်ပြေပေမယ့် ပထမဆုံး အခေါက် အဖြစ်လာတဲ့ သူအတွက်တော့ အဆင်မပြေပါဘူး ပြီးတော့ အလုပ်ရှိသည် ဖြစ်စေ မရှိသည်ဖြစ်စေ တစ်နှစ်ကုန်တာနဲ့ ပါမစ်သက်တမ်းကို ကိုယ့်စားရိတ်နဲ့ကိုယ်ပဲ တိုးရမှာပါ ။ Calling သမားတွေကမှ သူဌေးက စိုက်ပေးပြီး တိုးလို့ရသေးသလို အလုပ်မရှိမှာလည်း ပူစရာ မလိုပါဘူး ။ နောက်တစ်ခုကတော့ Free calling သမားတွေဟာ အဆင်ပြေရာနေရာမှာ ဝင်လုပ်ရတဲ့ အတွက် အဖမ်းအဆီးနဲ့ တိုးမိရင်တော့ ပါမစ်မှာပါတဲ့ လိပ်စာနဲ့ လက်ရှိလုပ်နေတဲ့ နေရာ မတူတဲ့ အတွက် တရားဝင် မဟုတ်ပါဘူးဆိုပြီး ဖမ်းဆီး အရေးယူခံရမှာပါ ။ ဒီလို Free calling ဆိုတာတွေ ဖမ်းမိတာ များလာတော့ မလေးရှား ဝန်ကြီးတစ်ယောက်ကနေတောင် Free calling ဆိုတဲ့ ကိုယ်လုပ်ချင်တဲ့နေရာတွေမှာ လုပ်လို့ရတယ်ဆိုတဲ့ ပါမစ်မျိုး မလေးရှား မရှိပါဘူး တရားမဝင်ပါဘူးဆိုတာကို သတင်းစာကနေ တဆင့်ရှင်းပြရပါသေးတယ် ။



အခုနောက်ဆုံးကြားရတာတော့ Agent calling ဆိုတဲ့ ပွဲစားကနေ တဆင့်ခေါ်တဲ့ Agent Calling သမားတွေပါ သူတို့ကတော့ အလုပ်ရှင်ကခေါ်တာ မဟုတ်ဘဲနဲ့ ပွဲစားကနေခေါ်လိုက်တယ် ရောက်လာရင် ပွဲစားရဲ့ အဆောင်မှာထားတယ် ။ အလုပ်ရှင်တစ်ယောက်က ပြည်ပ အလုပ်သမားခေါ်မယ်ဆိုရင် အလုပ် ၁၀ ဦးထက်မနည်း ခေါ်နိုင်ပါမှ ခေါ်ခွင့်ရှိပါတယ် ဒီတော့ စားသောက်ဆိုင် အငယ်စား အလတ်စားလောက် ဖွင့်ထားတဲ့ သူတွေ စက်ရုံအသေးစားတွေကျတော့ လူအများကြီး မခေါ်နိုင်တာနဲ့ အခုလို အလုပ်သမားပွဲစားတွေဆီကနေ တဆင့်ငှားရပါတယ် ။ အဲ့လို သူဌေးတွေကို ပွဲစားကနေလိုက်ရှာပြီး အလုပ်သွင်းပေးတယ် အလုပ်သမားရဲ့ လစာတွေကိုတော့ ပွဲစားနဲ့ပဲ ညှိထားတယ် စာအုပ်ကိုလည်း ပွဲစားကနေပဲ ကိုင်ထားတာပါ ။ လစဉ် အလုပ်သမားရဲ့ လစာထဲကနေ ပွဲစားခဖြတ်ယူပါတယ် လစဉ်တိုင်း ပွဲစားက အလုပ်မလုပ်ရပဲ မြတ်နေတာပေါ့ ။ တကယ်လို့ အလုပ်မှာ အဆင်မပြေဘူး ပြဿနာတက်လို့ အလုပ်က ထွက်ရတယ် ဆိုရင် ပွဲစားက သူ့ဝင်ငွေထိခိုက်တဲ့ အတွက် နှိပ်စက်ကလူ ပြုတတ်ပါသေးတယ် အဆောင်ကနေ ထွက်ပြေးလို့လည်း မရပါဘူး အစောင့်နဲ့ထားပါတယ် ။ နောက်ထပ် အလုပ်တစ်ခု မတွေ့ မခြင်း အဆောင်မှာပဲ အငတ်ငတ် အပြတ်ပြတ်နဲ့ထားတတ်ပါတယ် ။



သူငယ်ချင်းတွေရဲ့ ကြုံတွေ့ရတဲ့ အဖြစ်အပျက်တွေကို ပေါင်းပြီး ရေးလိုက်ပါတယ် မလေးရှားကို အလုပ်ကြမ်းသမား အဖြစ်နဲ့ လာအလုပ်လုပ်မယ့်သူတွေ အတွက် သိသင့် သိထိုက်တယ် ထင်တာလေးတွေ ချရေးလိုက်ခြင်းသာ ဖြစ်ပါတယ် ။ လူတစ်ယောက်နဲ့ တစ်ယောက်ဟာ ကုသိုလ်ကံခြင်း တူတာမဟုတ်သလို လုပ်ရည်ကိုင်ရည်ခြင်းလည်း မတူတာကြောင့် ဒီတစ်ယောက်က ဒီလိုလုပ်သွားလို့ အဆင်မပြေရင် နောက်တစ်ယောက်ကျတော့လည်း အဆင်ပြေရင် ပြေနေတတ်ပါတယ် ။ ဒါ့ကြောင့် မလေးရှားကို လာမယ်ဆိုရင် ဒီလိုနည်းနဲ့လာရင် မကောင်းဘူးလို့ ကျွန်တော်မပြောရဲပါဘူး ကိုယ့်ကိုယ်ပိုင်ဥာဏ်နဲ့ သုံးသပ်နိုင်အောင် ဒီကလူတွေ ရင်ဆိုင်နေရတာလေးတွေကို ချပြလိုက်ခြင်းသာဖြစ်ပါတယ် ကိုယ့်အခြေ အနေနဲ့ကိုယ်သာ အကောင်းဆုံးဖြစ်အောင် ညှိနှိုင်း စဉ်းစားပြီး လုပ်ဆောင်နိုင်ကြပါစေ … ။


Monday, April 23, 2012

ဖူးကတ် အဝတ်လျှော်စက်ရုံမှ အလုပ်သမားများဆန္ဒပြ


ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖူးကတ်မြို့ရှိ ဖူးကတ် အဝတ်လျှော်စက်ရုံ (Ratsada Amthr Phuket Laundry)၌ အလုပ် လုပ်ကိုင်နေကြသည့် မြန်မာရွှေ့ပြောင်း အလုပ်သမား (၃၀)ခန့်သည် လုပ်ငန်းရှင်မှ သိမ်းဆည်းထားသည့် ၎င်းတို့၏ ယာယီ နိုင်ငံကူး လက်မှတ်များ ပြန်လည်ရရှိရန် (၂၀၊၀၄၊၂၀၁၂) ညနေ(၆)နာရီခန့်က ဆန္ဒပြ တောင်းဆို ခဲ့ကြသည်။

(Ratsada Amthr Phuket Laundry)သည် ဖူကတ်ခရိုင်အတွင်းရှိ ဟော်တယ်များမှ စောင်၊ ခေါင်းအုံးစွတ်၊ အိပ်ယာခင်း၊ မျက်နှာသုတ်ပုဝါ၊ လက်သုတ်ပုဝါ အစရှိသည့် ဟော်တယ် အသုံးအဆောင် ပစ္စည်းများကို လျှော်၊ ဖွတ်၊ မီးပူတိုက်သည့် လုပ်ငန်းများကို လုပ်ကိုင်နေသည့် စက်ရုံဖြစ်ပြီး၊ အမျိုးသမီး အလုပ်သမား (၅၀)ခန့် အပါအ၀င် မြန်မာရွှေ့ပြောင်း အလုပ်သမား (၁၀၀)ခန့် လုပ်ကိုင်လျက် ရှိသည်ဟု သိရသည်။

“ကျနော်တို့ရဲ့ ယာယီနိုင်ငံကူး လက်မှတ်တွေ ပြန်ပေးဖို့ စက်ရုံမန်နေဂျာဆီမှာ ဒီနေ့တောင်းပါတယ်။ သူဌေးတူဖြစ်တဲ့ စက်ရုံ မန်နေဂျာက ကျနော်တို့ကို ဆဲလွှတ်ပြီး၊ မပေးနိုင်ဘူး။ မင်းတို့ တိုင်ချင်တဲ့နေရာ သွားတိုင်လို့ ပြောတယ်”ဟု ဆန္ဒပြပွဲကို ဦးဆောင်သူ အလုပ်သမား ကိုနိုင်က ပြောသည်။
အလုပ်သမား အားလုံး၏ ယာယီနိုင်ငံကူး လက်မှတ်များကို သူဌေး၏ ရုံးခန်းထဲတွင် သိမ်းဆည်းထားပြီး၊ အကြောင်း အမျိုးမျိုးကြောင့် မြန်မာပြည်သို့ ပြန်ချင်သည့် အလုပ်သမားများက ၎င်းတို့၏ နိုင်ငံကူး လက်မှတ်များကို တောင်းဆိုသည့်အခါ ဆဲဆို ကြိမ်းမောင်းခံရပြီး လုပ်အားခလည်း ရှင်းမပေးကြောင်း သိရသည်။

“သင်္ကြန်မတိုင်ခင်က ကျတော်တို့ စက်ရုံက အလုပ်သမား တစ်ယောက်က မြန်မာပြည်ပြန်ပြီး မင်္ဂလာဆောင်ဖို့ သူ့ရဲ့ ယာယီနိုင်ငံကူး လက်မှတ်ကို သွားပြီးတောင်းတော့ သူဌေးက မပေးတဲ့အပြင် ရှင်းပေးရမယ့် လုပ်အားခငွေ ဘတ်(တစ်သောင်း) ကျော်ကိုလည်း မပေးလိုက်ဘူး။ အဲဒီအလုပ်သမားက လူပွဲစားကို ဘတ်ငွေ( ၅၀၀၀) ပေးပြီး ပြန်သွားခဲ့ရတယ်။ အခု ရနောင်းကနေ ဖူကတ်ကို ပြန်တက်လာတဲ့လမ်းမှာ အဖမ်းခံရတယ်လို့ ကြားရတယ်”ဟု အဆိုပါ အလုပ်ရုံတွင် ( ၅)နှစ်ခန့် လုပ်ကိုင်ခဲ့သည့် အလုပ်သမား ကိုဌေးက ပြောသည်။

“အလုပ်သမားတွေ အနေနဲ့ သူတို့ရဲ့ ယာယီမှတ်ပုံတင် ပြန်ရဖို့ ကျနော်တို့ရုံးကို အကြောင်းကြားလာတယ်။ ကျနော်တို့ အနေနဲ့ကလည်း ကိုယ့်ရဲ့ အခွင့်အရေးကို ကိုယ်တိုင် တောင်းဆိုဖို့ လိုအပ်ကြောင်း အကြံပေးခဲ့ပါတယ်။ ထိုင်းအလုပ်သမား ဥပဒေအရလည်း အလုပ်သမားတွေရဲ့ ယာယီနိုင်ငံကူး လက်မှတ်က အလုပ်သမားတွေရဲ့ လက်ထဲမှာဘဲ ရှိရမှာပါ။ ကျနော်တို့ အနေနဲ့ ကျနော်တို့ရဲ့ ထိုင်းရှေ့နေနဲ့ တိုင်ပင်ပြီး ဥပဒေဘောင်တွင်းက အကူအညီ ပေးနိုင်ဖို့ ပြင်ဆင် နေပါတယ်”ဟု အလုပ်သမားများနှင့် သွားရောက် တွေ့ဆုံခဲ့သည့် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း၏ အမှုဆောင် ဒါရိုက်တာ ဦးထူးချစ်က ပြောသွားသည်။

အဆိုပါ စက်ရုံတွင် လုပ်ကိုင်နေသည့် အလုပ်သမား အသစ်များ အနေဖြင့် အမျိုးသားတစ်ဦး၏ တစ်ရက် လုပ်အားခမှာ (၁၉၀)ဘတ် ဖြစ်ပြီး အမျိုးသမီးတစ်ဦးလျှင် (၁၇၀)ဘတ် ရရှိသည်ဟု သိရသည်။ ကျန်းမာရေး မကောင်းလျှင် ဖြစ်စေ၊ အမျိုးသမီးများ ကလေးမီးဖွားလျှင်ဖြစ်စေ အလုပ်ပျက်ကွက်ပါက လုပ်အားခ မရရှိကြဟု သိရသည်။

Ref: GHR

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်တော်မှ ကြိုဆိုကြောင်း သမ္မတ ဦးသိန်းစိန်ပြောဆို


ပြည်သူ့ လွှတ်တော်ကို ဒေါ်အောင်ဆန်းစုကြည် ၀င်ရောက်လာမှာကို ကြိုဆိုပါတယ်။ လွှတ်တော်ကို တက်ဖို့ကိစ္စကတော့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် အဆုံးအဖြတ်ပေးရမှာ ဖြစ်တယ်လို့ သမ္မတဦးသိန်းစိန်က ဂျပန် သတင်းထောက်များကို ပြောကြားကြောင်း ဂျပန်နိုင်ငံကလာတဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
AFP
၂၀၁၂ခုနှစ် ဧပြီလ ၂၁ ရက်က ဂျပန်နိုင်ငံ၊ တိုကျိုတွင်ကျင်းပသော မဟာမဲခေါင်ဒေသ အစည်းအဝေးတွင် သမ္မတ ဦးသိန်းစိန်နှင့် ဂျပန်ဝန်ကြီးချုပ် Mr. Yoshihiko Noda တို့ကိုတွေ့ရစဉ်။
သတင်းထောက်တစ်ဦးရဲ့ အမေးကို ဖြေကြားရာမှာ ဦးသိန်းစိန်က မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစီနည်းလမ်းတကျ ပြုပြင် ပြောင်းလဲမူတွေ ချမှတ်ပြုလုပ်နေတာကို နောက်ကြောင်းပြန်မှာ မဟုတ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရည်မှန်းချက်တူညီတဲ့ ဆောင်ရွက်ချက်တွေကို ပူးပေါင်းဆောင်ရွက်မှာ ဖြစ်ကြောင်းလည်း ပြောသွားပါတယ်။

ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဆိုင်ရာ အပြောင်းအလဲများ လုပ်ပေးမပေး မေးမြန်းရာမှာတော့ ဒီကိစ္စကို ပြည်သူကသာ အဆုံးအဖြတ်ပေးပါလိမ့်မယ်။ ပြည်သူ့ ဆန္ဒနဲ့ ပြည်သူရဲ့ ရွေးချယ်မှုသာ အဓိကဖြစ်ပါတယ်လို့ ဖြေကြားသွားပါတယ်။

NLD ပါတီ အဆိုပြုထားတဲ့ ပါလီမန်လွှတ်တော်ကို မ၀င်ခင် ကျမ်းကျိန်ဆိုရမယ့် စာသားကို ပြင်ဆင်ပေးဖို့ တောင်းဆိုချက်အပေါ် သူ့အနေနဲ့ ဆောင်ရွက်ပေးဖို့ အစီအစဉ် မရှိသေးဘူးလို့ သမ္မတ ဦးသိန်းစိန်က ပြောတယ်လို့လည်း ဂျပန်နိုင်ငံကလာတဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ဒါနဲ့ ပတ်သက်လို့ လိုက်ပါသွားတဲ့ မြန်မာ အရာရှိတစ်ဦးကတော့ အစီအစဉ်မရှိဘူးလို့ သမ္မတက မပြောကြောင်း၊ ဘာသာပြန်ဆိုကြတာ မှားတာဖြစ်ကြောင်း ပြန်လည် ငြင်းဆိုထားပါတယ်။
သမ္မတ ဦးသိန်းစိန် ဂျပန်သတင်းထောက်တွေနဲ့ တွေ့ဆုံခဲ့တာနဲ့ ပတ်သက်ပြီး ဆက်သွယ်မေးမြန်းချက်ကို နားဆင်နိုင်ပါတယ်။

Ref: VOA

စာအုပ်များ အခမဲ့ ဖတ်ရှုရန်အတွက် Website ၁၈ ခု



ဟိုမွှေဒီမွှေ လုပ်ရင်းနဲ့ စာအုပ် တွေ ဖတ်ချင်သူများအတွက် အဆင်ပြေစေမယ့် Websites ကလေးတွေတွေ့လို့ပြန် ပြီးတော့ မျှလိုက်ပါတယ်.. မြန်မာ ဆိုဒ်တော့မဟုတ်ပါဘူး.. ဒါပေမယ့် တချို့ ဆိုဒ်တွေ ထဲမှာ မြန်မာလို စာအုပ်တွေ Upload တင်ထားတာတွေ ရှိတော့ မြန်မာ စာအုပ်ပါ ရှာလို့ရမယ်ထင်ပါတယ်..

သူ့အထဲမှာညွှန်းထားတာတော့ အကောင်းဆုံး Websites အခု ( ၁၈ ) လို့ပြောတာပဲ …နဂိုမူရင်းရေးထားတဲ့ သူကတော့ အခု ၂၀ ပါ.. ဒါပေမယ့် အဲဒီ့အထဲက တချို့ ဆိုဒ်တွေကမရှိတော့လို့ကျန်တာကလေးကိုပဲ ဖော်ပြလိုက်ပါတယ် ..

Free Ebook Download ပါ .. Free နော် Free .. ကျွန်တော်တို့ တွေက Free ဆိုမှ စိတ်ဝင်စား ကြလို့ ကြေငြာပေးတာပါ…အဲဒီ့ ၁၈ ခုကတော့ အောက်မှာနော်… လိုလို မယ်မယ် ပေါ့ .. ကူးပြီးတော့ Save ရင် Save ထားလိုက်ပါ…

၁ ။ http://www.freebookspot.in
အဲဒီ့ဆိုဒ်မှာ ခေါင်းစဉ်ခွဲ ၉၆ ခု ရှိပြီးတော့ Free down လို့ရတဲ့ စာအုပ်ပေါင်း ၄ ထောင်ကျော်ရှိပါတယ် …

၂ ။ http://www.free-ebooks.net
ဒီဆိုဒ်မှာတော့ Online magazine တွေ အပြင် ကိုယ်ကြိုက်တဲ့ စာရေးဆရာ ၊ စာအုပ်အမည်တွေကိုပါ ရေးပြီး
တော့ ရှာနိုင်ပါတယ် ..

၃ ။ http://manybooks.net
ဒီဆိုဒ်မှာတော့ စာအုပ်ပေါင်း ၂၁၂၈၂ ကျော်ရှိပါတယ်.. ကိုယ့်ရဲ့ PDA ၊ IPod ၊ Ebook Reader တွေနဲ့ပါ
ဖတ်နိုင်ပါတယ် ..

၎ ။ http://www.getfreeebooks.com
ဒီဆိုဒ်မှာတော့ စာအုပ်အားလုံးနီးပါး ကို Free Download ရနိုင်ပါတယ် ..

၅ ။ http://freecomputerbooks.com
ဒီဆိုဒ်မှာတော့ ကွန်ပျူတာနဲ့ပါတ်သတ်တာ ကိုလေ့လာချင်သူများအတွက် အထူး သင့်လျော်တဲ့ ဆိုဒ် တစ်ခုပါ.
ခေါင်းစဉ်ခွဲပေါင်း ၁၅၀ ရှိပါတယ် … ကိုယ်လိုချင်တဲ့ ကွန်ပျူတာ စာအုပ်တော်တော်များများကိုလည်း
ရှာဖွေတွေ့ရှိနိုင်ပါတယ် ..

၆ ။ http://www.freetechbooks.com
ဒီဆိုဒ်မှာတော့ ကွန်ပျူတာနဲ့ပါတ်သတ်တာတွေ ၊ အင်ဂျင်နီယာပိုင်းတွေ ၊ ပရိုဂရမ်ပိုင်းတွေကို လေ့လာချင်သူများ အတွက် အထူး သင့်လျော်တဲ့ဆိုဒ် တစ်ခုပါ..

၇ ။ http://www.scribd.com
ဒီဆိုဒ်မှာကလေးကိုတော့ တော်တော်များများ ရင်းနှီးမှာပါ … မြန်မာလိုစာအုပ်တွေကိုလည်း
ရှာဖွေတွေ့ ရှိနိုင်ပါတယ် .. ဒါအပြင့် အဲဒီ့ ဆိုဒ်မှာ ကိုယ်ဖော်ပြချင်တဲ့ စာအုပ်ကို Upload တင် ပြီးရင် ကိုယ့် ရဲ့
Blog ပေါ်မှာ I-Paper နဲ့ ဖော်ပြနိုင်အောင် ခွင့်ပြုထားပါတယ် …

၈ ။ http://knowfree.net
ဒီဆိုဒ်မှာတော့ Ebook တွေ အပြင် Video Training တွေ ကိုပါ ရယူနိုင်ပါတယ် ။။

၉ ။ http://www.onlinefreeebooks.net
ဒီဆိုဒ်မှာတော့ ကဏ္ဍပေါင်းစုံ က စာအုပ်တွေကို ရယူနိုင်ပါတယ် ။ တော်တော် များပါတယ်။ ဆေးဘက်ဆိုင်ရာ
တွေ ၊ စီးပွားရေးဆိုင်ရာ စာအုပ်တွေ တခြား ဘက်တွေ ကစာအုပ်တွေကိုရော ရနိုင်ပါတယ် ။

၁၀ ။ http://www.memoware.com
ဒီဆိုဒ်ကလည်း အပေါ်က ဆိုဒ်လိုပါပဲ ။ ကဏ္ဍပေါင်းစုံ က စာအုပ်တွေကို ရယူနိုင်ပါတယ် ။

၁၁ ။ http://www.zillr.org
ဒီဆိုဒ်မှာတော့ နည်းပညာ ပိုင်းဆိုင်ရာ စာအုပ်တွေကို ရရှိုနိုင်ပါတယ်..

၁၂ ။ http://www.onlinecomputerbooks.com
ဒီဆိုဒ်မှာတော့ ကွန်ပျူတာ ပိုင်းဆိုင်ရာ စာအုပ်တွေကို ရရှိုနိုင်ပါတယ်..

၁၃ ။ http://www.snipfiles.com
ဒီဆိုဒ်မှာတော့ စာအုပ်တွေ အပြင် Software တွေကိုပါ ရရှိုနိုင်ပါတယ်.. Software တွေကိုတော့ Free မရနိုင်
ဘူး ထင်ပါတယ် ..:)

၁၄ ။ http://www.bookyards.com
ဒီဆိုဒ်မှာတော့ စာအုပ်ပေါင်း ၈ သိန်းကျော်ရှိပါတယ် ..Video တွေကိုလည်းကြည့်ရှုနိုင်ပါတယ် ..

၁၅ ။ http://digital.library.upenn.edu/books
ဒီဆိုဒ်မှာတော့ စာအုပ်ပေါင်း ၃၀၀၀၀၀ ကျော်ရှိပါတယ် .. စာရေးဆရာ နာမည် စီးရီးနဲ့တောင် ရှာနိုင်ပါတယ် …

၁၆ ။ http://www.asksam.com/ebooks
ဒီဆိုဒ်မှာတော့ ကိုယ်ကြိုက်တဲ့ စာရေးဆရာနာမည် ဘာကြိုက်လဲ ရှိတ်စပီးယား ကြိုက်တာလား ရပါတယ်
ရှာဖွေတွေ့ရှိနိုင်ပါတယ် ..

၁၇ ။ http://www.baen.com/library
ဒီဆိုဒ်မှာတော့ စာကြည့်တိုက်တစ်ခု ပါ .. Science နဲ့စာအုပ်တွေကိုပါ ဒေါင်းနိုင်ပါတယ် …

၁၈ ။ http://www.ebooklobby.com
ဒီဆိုဒ်မှာတော့ စာအုပ်တွေကို သူကဏ္ဍကလေးတွေ နဲ့သူ ခွဲပြီးတော့ ရှာနိုင်ဖွေနိုင်ပါတယ်..

စာအုပ်တွေကို တော့ Online မှာ တခြားနေရာက ဆိုဒ်တွေမှာလည်း ရှာနိုင်ပါတယ် …ကျွန်တော်အနေနဲ့
လည်း အဲဒီ့ ဆိုဒ်ကလေးကနေတွေ့လို့ သဘော ကျလို့ ပြန်လည် မျှဝေခြင်းသာဖြစ်ပါတယ် …
ကိုယ်လိုချင်တဲ့စာအုပ်တွေကိုလည်း အလွယ်တကူ ရှာတဲ့ အခါမှာ အကူအညီ ပြုမယ်ထင်ပါတယ် ..
အဆင်ပြေပါစေလို့ ဆုတောင်းလျက် …

REF : http://www.hongkiat.com
http://www.mmcfamily.org မြန်မာချစ်သူဆိုဒ်မှ..

Ref: အဝေးဆီက မလေးရောက်ခရီးသည်