Pages

Tuesday, February 28, 2012

ကိုထိုက်အကြံပြုစာ

ကျွန်တော် ၈၈ မျိုးဆက်ခေါင်းဆောင်တွေအပေါ် အကြံ တစ်ခု ပြုလိုပါတယ်။ ၈၈ ခေါင်းဆောင်တွေအနေနဲ့ အခုလို ခရီးစဉ်တချို့ ထွက်ပြီးသွားရင်တော့ .. နိုင်ငံရေး လုပ်ကိုင်ပုံတွေ ပြောင်းသင့်ပြီထင်ပါတယ်။ အခုလို သွားလာနေတာ ကောင်းပါတယ်။ ဒါပေမယ့် လူထုနဲ့ ထိတွေ့တဲ့ ပုံစံကို ပြောင်းစေလိုပါတယ်။

အခု ၈၈ ခေါင်းဆောင်တွေအနေနဲ့ .. လူထုနဲ့ ထိတွေ့နေတာဟာ တစ်လမ်းသွား ပုံစံ ဖြစ်နေတယ်လို့ ထင်ပါတယ်။ လူတွေကို မိန့်ခွန်းပြောတဲ့ အပိုင်းကို ပြည်သူလူထုရဲ့ တောင်းဆိုချက်အရ လုပ်နေရတာ ဖြစ်နေတော့ တလမ်းသွား ဖြစ်နေတယ်လို့ သုံးသပ်တာ ဖြစ်ပါတယ်။ ၈၈ မျိုးဆက်တွေက ပြောတာကို ပြည်သူတွေက နားထောင်တာ လုပ်နေရပြီး ပြည်သူတွေက ပြန်လှန်ပြီး ထဲထဲဝင်ဝင် ဆွေးနွေးတဲ့ ပုံစံက အားနည်းနေပါတယ်။ ဒီနည်းဟာ ရေရှည်အတွက် မကောင်းသလို ... နားထောင်သူရော၊ ဟောပြောသူပါ ကြာလျှင် ပင်းပန်းတာ၊ ငြီးငွေ့တာတွေ ကြုံလာရနိုင်ပါတယ်။

ပြည်သူတွေနဲ့ ဒီမိုကရေစီရေးရာ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးတာနဲ့... ပြည်သူတွေကို ဒီမိုကရေစီမှာ ပါဝင်ပက်သက်မှုဆိုတာဟာ ဆန္ဒမဲပေးရုံ၊ ခေါင်းဆောင်တွေကို ထောက်ခံရုံ၊ ကြိုဆိုရုံနဲ့ ခေါင်းဆောင်တွေ ဟောပြောတာကို နားထောင်ရုံတွေတင် မဟုတ်ဘဲ .. ဒီထက် ပိုတဲ့ နည်းတွေနဲ့ ပါဝင်ပက်သက်နိုင်အောင် ပညာပေးတာတွေ .... ပြည်သူအများ ဒီမိုကရေစီဆန်ဆန် တွေးခေါ် လုပ်ကိုင်တတ်လာအောင် စနစ်ကျတဲ့ အပြန်အလှန် ဆွေးနွေးပွဲ အလုပ်ရုံလေးတွေ ဖြစ်လာအောင် လုပ်ဖို့ လိုအပ်တယ်လို့ ထင်ပါတယ်။

အခြား နိုင်ငံရေး လှုပ်ရှားသူတွေ၊ အခြားနယ်ပယ် အသီးသီးက ခေါင်းဆောင်တွေနဲ့ ၂ လမ်းသွား ဆွေးနွေးပေမယ့် .. လူထုနဲ့ ၂ လမ်းသွား ဆွေးနွေးမယ့် အလုပ်ရုံလေးတွေ အခုအချိန်အထိ လုံးဝ မရှိသေးပါဘူး။ အလုပ်ရုံ ဆွေးနွေးပွဲတွေ လိုအပ်နေပါတယ်။

ဒါတွေ ရှိလာမှ ဒီမိုကရေစီ ဖေါ်ဆောင်ရေးရဲ့ အဓိက အင်အားစု ဖြစ်တဲ့ ပြည်သူတွေက ပိုမိုပါဝင် ပက်သက်လာမှာ ဖြစ်ပြီး၊ ဒီမိုကရေစီ ရေရှည်တည်တံရေးကိုလည်း ပြည်သူ့အင်အားနဲ့ တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်လို့ အကြံပြုလိုပါတယ် ... ခင်ဗျာ။

(အခုအချိန်မှာ ... ကျွန်တော် အကြံပြုတာကို ၈၈ ခေါင်းဆောင်တွေက စဉ်စားထားပြီး အကောင်အထည် ဖေါ်ဖို့ လုပ်ကိုင်နေတဲ့ ကာလလည်း ဖြစ်နိုင်ပါတယ်။)

လေးစားစွာဖြင့်
ကိုထိုက်

0 comments:

Post a Comment