Pages
Wednesday, August 15, 2012
တိုင်းရင်းသားမဟုတ်သူကို လက်မခံနိုင်လို့ သမ္မတပြော
ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးတိမ်းရှောင်ခဲ့တဲ့ ရိုဟင်ဂျာအမျိုးသမီး
ရခိုင်ပြည်နယ်မှာ တရားမ၀င်နေထိုင်နေတဲ့ ဘင်္ဂါလီတွေကိုကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာ မဟာ မင်းကြီးရုံး (UNHCR)က လွှဲပြောင်းတာဝန်ယူဖို့နဲ့ ဒုက္ခသည်စခန်းတွေဖွင့်ပေးဖို့ သမ္မတဦးသိန်းစိန်ကပြောတာ မဟုတ်မှန်ကြောင်း မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ မဟာမင်းကြီး Mr Antonio Guterres က ငြင်းဆိုထားပြီး သမ္မတရုံးဝဘ်ဆိုက်မှာတော့ “တိုင်းရင်းသား မဟုတ်ပဲ ခိုးဝင်လာတဲ့ ရိုဟင်ဂျာ တွေကို လက်ခံရန် မည်သို့မျှ မဖြစ်နိုင်ကြောင်း၊ နောက်ဆုံး ဖြေရှင်းတဲ့ နည်းလမ်းမှာခိုးဝင်လာတဲ့ ရိုဟင်ဂျာတွေကို UNHCR ထံ အပ်နှံပြီး ဒုက္ခသည် စခန်းအဖြစ် ထားရှိရန် ဖြစ်ကြောင်း၊ UNHCR ကကျွေးမွေးစောင့်ရှောက်ပေးရန်နဲ့ တတိယ နိုင်ငံက လက်ခံမယ်ဆိုပါက ပို့ပေးမှာ ဖြစ်ကြောင်း သမ္မတဦးသိန်းစိန်နဲ့ မဟာမင်းကြီးတို့တွေ့ဆုံစဉ်မှာပြောကြားတယ်လို့ ဖေါ်ပြထားပါတယ်။
Mr Guterres ကမနေ့က ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ် မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာပြောခဲ့တာဖြစ်ပါတယ်။
Mr Guterres နဲ့ တွေ့ဆုံစဉ်မှာ သမ္မတက ၁၉၄၈ မတိုင်မီ ရောက်လာသူတွေက မွေးဖွားတဲ့ တတိယမျိုးဆက် မြေးအဆင့်ကိုသာ နိုင်ငံသားအဖြစ် လက်ခံနိုင်မယ်လို့လဲ ပြောခဲ့တယ်လို့ ဆိုပါတယ်။
ရိုဟင်ဂျာတွေကို ဒုက္ခသည်စခန်းမှာထားပြီး တတိယနိုင်ငံက ခေါ်ယူဖို့ကိစ္စနဲ့ ပတ်သက်ပြီး Mr Guterres က UNHCR အနေနဲ့ နိုင်ငံတစ်နိုင်ငံအတွင်းက ညှင်းပန်းနှိပ်စက် မှုတွေကြောင့် တခြားနိုင်ငံကို ထွက်ပြေးကြရတဲ့သူတွေအတွက်ကိုသာ တတိယနိုင်ငံကို ပို့ဆောင် ပေးဖို့ တာဝန်ရှိကြောင်း၊ရခိုင်ပြည်နယ်က ဖြစ်ပေါ်နေတဲ့ အခြေအနေနဲ့ သက်ဆိုင်မှု မရှိဘူးလို့ ပြော ပါတယ်။
ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ မတည်ငြိမ်မှုတွေမှာ ပါဝင်ပတ် သက်တယ်လို့ သံသယ ရှိသူ UNHCR ၀န်ထမ်းသုံးဦးကို အစိုးရက ထိန်းသိမ်းထား တာ မှန်ကန်ကြောင်း တရား ဥပဒေရဲ့ အထက်မှာ ဘယ်သူမျှ မရှိရဘူးဆိုတာကို သူ့အနေနဲ့ အသိ အမှတ်ပြုကြောင်း ဒါပေမယ့် ဒီဝန်ထမ်းတွေကို ဘယ်လို စွပ်စွဲချက်တွေနဲ့ ထိန်းသိမ်းထားတယ် ဆိုတာကိုသိလိုကြောင်းနဲ့ထိန်း သိမ်း ထားတဲ့ ၀န်ထမ်းတွေကို တွေ့ဆုံခွင့် တောင်းထားကြောင်း Mr Guterres က ပြောပါတယ်။
UNHCR ရဲ့ ၀န်ထမ်းတွေအနေနဲ့လည်း နိုင်ငံတွင်းက ဥပဒေတွေကိုလေးစားလိုက်နာရမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
UNHCR ၀န်ထမ်းသုံးဦးအပြင် WFP နဲ့ NGOs တွေက ၀န်ထမ်း ၇ ဦးခန့်ကိုလည်း ထိန်းသိမ်းထားကြောင်း သိရပါတယ်။
အနာဂတ်မှာ ရခိုင်လူမျိုးတွေနဲ့ မွတ်စလင် တွေကြား ပြန်လည် ရင်ကြားစေ့ရေးနဲ့ တရားဥပဒေကို လိုက်နာပြီး အတူတကွ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေးကို မျှော်လင့်ကြောင်း၊ ရခိုင်နဲ့ မွတ်စလင်လူထု နှစ်ဘက်စလုံးအတွက် လိုအပ်တဲ့ လူသားချင်းဆိုင်ရာ အထောက်အပံ့တွေကို ခွဲခြားမှု မရှိပဲ ပေးသွားမှာ ဖြစ်ကြောင်း မဟာမင်းကြီးက ပြောကြားသွားပါတယ်။
UNHCR ရဲ့ ခန့်မှန်းချက်အရ ရခိုင်ပြည်နယ်မှ မြန်မာနိုင်ငံသား မဟုတ်တဲ့ မွတ်စလင်လူဦးရေ ၈ သိန်းခန့် ရှိတယ်လို့ သိရတယ်လို့ဆိုပါတယ်။
ရခိုင်ဒေသက ပြသနာရပ်တွေအပြင် ထိုင်းနယ်စပ်မှာ ရှိတဲ့ မြန်မာဒုက္ခသည်တွေကို မြန်မာနိုင်ငံကို ပြန်လာနိုင်အောင် စီစဉ်ပေးဖို့ကိစ္စကိုလည်း သမ္မတ ဦးသိန်းစိန်နဲ့ ဆွေးနွေးခဲ့ကြောင်း၊ သူတို့ရဲ့ လုံခြုံရေးနဲ့ ဘ၀ရှင်သန်ရပ်တည်ရေးကို အာမခံချက်ပေးနိုင်ရမှာ ဖြစ်ကြောင်းနဲ့ မိမိဆန္ဒ အလျောက် ပြန်လာချင်သူတွေကိုသာ ကူညီပြီး ပြန်ပို့မှာ ဖြစ်တယ်လို့ မဟာမင်းကြီးက ပြောပါတယ်။
ဇူလိုင်လ ၁၃ ရက်နေ့မှာလည်း ထိုင်းဝန်ကြီးချုပ်နဲ့ ထိုင်းအစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး ဒီကိစ္စကို ဆွေးနွေးမှာ ဖြစ်တယ်လို့ ပြောတဲ့အကြောင်း ရေဒီယိုသြစတြေးလျသတင်းထောက် ကိုလူလှကသတင်းပေးပို့ခဲ့ပါတယ်။
Ref: Radio Australia
0 comments:
Post a Comment