Pages

Friday, February 1, 2013

ကဏန်းလုပ်ငန်း၌ လက်ခစားစနစ် စတင်လုပ်ကိုင်ရန် ပြင်ဆင်နေ


Saturday, February 02, 2013

မြန်မာ့ ရေထွက်ကုန်ပစ္စည်းတစ်ခုဖြစ် သည့် ကဏန်းလုပ်ငန်းများတွင် လက်ခစားစနစ် စတင်ရန်စီစဉ်လျက်ရှိကြောင်း မြန်မာနိုင်ငံက ကဏန်းလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌဦးနှင်းဦးကပြောသည်။

လက်ခစားစနစ်မှာ ပြည်ပမှကုန်ကြမ်း များကို ပြန်လည်သန့်စင်ကာ တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ်ထုပ်ပိုးပေးရသောစနစ် Cutting, Manufacturing and Pack-aging System (CMP)ဖြစ်သည်။

"လက်ခစားစနစ်ကို ကျွန်တော်တို့ လုပ်ငန်းတွေမှာလည်း စမ်းသပ်လုပ် ဆောင်ဖို့ ကြိုးစားနေပါတယ်။ ကျွန်တော် တို့ ငါးလုပ်ငန်းဦးစီးဌာနအနေနဲ့ ၀န်ကြီး ဌာနကို တင်ပြထားပါတယ်။ ခွင့်ပြု၊
မပြု ကတော့ မသိရသေးဘူး။ ငါးကတော့ လက်ခစားစနစ် လုပ်ဖူးတယ်။ ကျွန်တော်တို့ကအခုမှစလုပ်မှာဆိုပေမယ့် အောင်မြင်မယ်လို့ ယုံကြည်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ကျွန်တော်တို့ဆီကို အာရှနဲ့ ဩစတြေးလျက လုပ်ငန်းရှင်တွေလည်းကမ်းလှမ်းထားပြီးပြီ။
ခွင့်ပြုမိန့်ရဖို့ပဲ ကျန်တော့တယ်။ သူတို့ဘက်ကလည်း ဒါကိုပဲ စောင့်နေတာ။ ရရင် ကျွန်တော်တို့ စပြီးလုပ်ရုံပဲ" ဟု ဦးနှင်းဦးက မြန်မာတိုင်း(မ်)ကို
ပြောသည်။

အဆိုပါ လက်ခစားစနစ်မှာ အထည် ချုပ်လုပ်ငန်းများက စတင်လုပ်ကိုင်ခဲ့ပြီး
ရေလုပ်ငန်းတွင်ငါးလုပ်ငန်းအား ၂၀၁၂ ခုနှစ်မှ စတင်ခါလုပ်ကိုင်လျက်ရှိရာ အထိုက်အလျောက် အောင်မြင်မှု များရရှိ ကြောင်း စတင်လုပ်ကိုင်သူ အဏ္ဏ၀ါဒေ၀ီ ကုမ္ပဏီမှဥက္ကဋ္ဌဖြစ်သူ ဒေါက်တာ တိုးနန္ဒာတင်က ပြောသည်။

"ကျွန်မတို့ စလုပ်တုန်းကတော့ ခွင့်ပြု မိန့်ရဖို့ ခြောက်လလောက် စောင့်ရ တယ်။ နောက်ပြီးတင်ပြမှုတွေကလည်း ပိုများတယ်။ အဆင့်ဆင့်ပဲ။ အခုကဏန်း လုပ်ငန်းကလည်း လုပ်မယ်ဆိုတော့ အဆင်ပြေမှာပါ။ ကျွန်မတို့လောက်လည်း ခွင့်ပြုမိန့်တွေ အကြာကြီးမစောင့်ရတော့
ဘူးလို့ ထင်ပါတယ်။ လက်တလော ကျွန်မတို့ အာကျင်တီးနားကငါးတွေကိုပဲ ဒီမှာ လက်ခစားပြန်လုပ်နေတယ်။ တခြားနိုင်ငံ ကလည်း လုပ်ဖို့ကမ်းလှမ်းတာ
တွေရှိပါ တယ်။ ဒါပေမဲ့ ကျွန်မတို့အနေနဲ့က မလုပ်နိုင်သေးဘူး"ဟု ၎င်းက
ပြောသည်။

လက်ခစားစနစ် စတင်ပြုလုပ်မည်ဆိုပါက စနစ်တကျပြုလုပ်ရန် လိုအပ်ကြောင်းလည်းဒေါ်တိုးနန္ဒာတင်က ပြောသည်။ "ဒီလက်ခစား
စနစ်ဆိုတာ သူများနိုင်ငံက ကုန်ကြမ်းကို ကိုယ့်နိုင်ငံမှာ ကုန်ချောပြန်လုပ်ပြီး လက်ခယူတာဆိုတော့ ကိုယ်ယူထားတဲ့ကုန်ကို စနစ်တကျလုပ်ဖို့
အရေးကြီးတယ်။ ကျွန်မတို့လုပ်ငန်းတွေမှာလည်း လက်ခစားရှိနေတဲ့အတွက် ကုန်ကြမ်းပြတ်လပ်တဲ့အခါကျရင် ရပ်ထားစရာမလိုဘဲ ဆက်လုပ်နေလို့
ရတယ်လေ" ဟု ၎င်းက မြန်မာတိုင်း(မ်)ကို ပြောသည်။

ယင်းလက်ခစားစနစ်ကို ကဏန်း လုပ်ငန်းတွင် ပြုလုပ်ရန်အစီအစဉ်နှင့် ပတ်သက်၍လည်းမြန်မာနိုင်ငံကဏန်း လုပ်ငန်းရှင်များ အသင်းဝင်များဖြစ်သော အခြားလုပ်ငန်းရှင်များကလည်း
သဘောတူလက်ခံကြောင်း ဦးနှင်းဦးက ပြောသည်။

"ကျန်တဲ့ လုပ်ငန်းရှင်တွေကလည်း ဒီလက်ခစားစနစ်လုပ်ဖို့ကို စိတ်ဝင်စား ပါတယ်။ ကျွန်တော်တို့အသင်းအနေနဲ့ ကတော့ ဒီလုပ်ငန်းအဆင်ပြေအောင် တခြားနိုင်ငံတွေနဲ့ ချိတ်ဆက်ပေးတာပေါ့။ နောက်ပြီး မြန်မာပြည်မှာ ကဏန်း တွေဒီလောက်ပေါတာကို ဘာဖြစ်လို့ ပြည်ပက ပြန်
သွင်းပြီးလုပ်တာလဲလို့ ပြောကြလိမ့်မယ်။ တကယ်တော့ ကျွန်တော်တို့လုပ်မယ့်ကဏန်းကဒီမှာမရှိတဲ့ ကဏန်းမျိုးဖြစ်တဲ့ ကဏန်းအကြီးမျိုးတွေပါ" ဟု ၎င်းက ပြောသည်။

ဓာတ်ပုံ - တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့အနီးရှိ မွေးမြူရေးကန်
တစ်ခုတွင်မွေးမြူထားသော အခွံပျော့ကဏန်းများကို စစ်ဆေးနေစဉ်။ ( အောင်ထွန်းဝင်း/ မြန်မာတိုင်း(မ်))

မြတ်ငြိမ်းအေး
Myanmar Times
3

0 comments:

Post a Comment