ရန်ကုန်၊ဖေဖော်ဝါရီ-၎
စစ်ပွဲများ နှစ်လကျော်ကြာအရှိန်မြင့်ဖြစ်ပွားပြီးနောက် ပြန်လည်တွေ့ဆုံဆွေးနွေးမှုအနေဖြင့် တရုတ်နိုင်ငံ ရွှေလီမြို့တွင် ဖေဖော်ဝါရီ ၄ ရက်က ခုနစ်နာရီကျော်ကြာ ဆွေးနွေးခဲ့သည်။
ဆွေးနွေးပွဲတွင် ခိုင်မာသောစစ်ပြေငြိမ်းရေးကို အလျင်အမြန်အကောင်အထည်ဖော်ရန်၊ ပဋိပက္ခဖြစ်ပွားသည့် နေရာများ လေ့လာစောင့်ကြည့်စိစစ်သည့် စနစ်ပေါ်ပေါက်ရေး ဆက်လက်ဆွေးနွေးသွားရန်နှင့် ဖေဖော်ဝါရီလမကုန်မီ နိုင်ငံရေးဆွေးနွေးပွဲ ပြုလုပ်နိုင်ရန် သဘောတူခဲ့ကြကြောင်း ဆွေးနွေးပွဲအပြီး နှစ်ဖက်ပူးတွဲကြေညာချက်ဖြင့် သတင်းထုတ်ပြန်သည်။
အစိုးရဘက်မှ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့နှင့် ကချင်လွတ်မြောက်ရေး အဖွဲ့မှ ဦးဆမ်လွတ်ဂမ် ဦးဆောင်ပြီး ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော် ပါဝင်သော အဖွဲ့တို့သည် တရုတ်အစိုးရ၏ ကြားဝင်ကူညီမှုဖြင့် ဖေဖော်ဝါရီ ၄ ရက်တွင် ရွှေလီမြို့ ကျင်းချန်းဟိုတယ်၌ နံနက် ၉ နာရီမှစတင်ကာ ညနေ ၄ နာရီကျော်အထိ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲတွင် ပါဝင်ခဲ့သော ကေအိုင်အေဒုတိယစစ်ဦးစီးချုပ်ဗိုလ်ချုပ်ဂွန်မော်က “အတော်အသင့် ကျေနပ်အားရပါတယ်။ ရှေ့ဆက်မယ့်ဆွေးနွေးပွဲတွေအတွက် အစပြုနိုင်တယ်လို့ ပြောနိုင်ပါတယ်” ဟု 7Day News ၏ ဆက်သွယ်မေးမြန်းချက်ကို အွန်လိုင်းမှတစ်ဆင့်ဖြေကြားသည်။
ပဋိပက္ခ၏ အဓိကပြဿနာဖြစ်နေသော နှစ်ဖက်တပ်များရောထွေးနေခြင်းနှင့် တပ်များနီးကပ်နေသည့်အတွက် တပ်များနေရာချထားရေးနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ခြင်းရှိ၊ မရှိ မေးမြန်းရာ ယခု ဆွေးနွေးပွဲတွင် တပ်ကိစ္စမပါသေးဘဲ မူအရဆွေးနွေးရေးနှင့် အဖြေရှာရန်၊ စစ်အရှိန်လျှော့ရန် အဓိက ဆွေးနွေးဖြစ်ခဲ့ကြောင်း ဗိုလ်ချုပ်ဂွန်မော်က ဖြေကြားသည်။
“လူထုရဲ့ စိတ်ဓာတ်လုံခြုံ ရေးရဖို့ ကြိုးစားရဦးမှာဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဂွန်မော်က 7Day News ကို ဖြေကြားသည်။
ဆွေးနွေးပွဲတွင် ပါဝင်ခဲ့သော မြန်မာငြိမ်းချမ်းရေးစင်တာမှ တာဝန်ရှိသူ ဦးလှမောင်ရွှေက ဆွေးနွေးပွဲနှင့်ပတ်သက်ပြီး “တော်တော်လေးအားတက်မိတယ်။ အလားအလာကောင်းတဲ့ ဆွေးနွေးပွဲတစ်ခုလို့ ပြောလို့ရပါတယ်။ ပဋိပက္ခတွေ ဒီလောက်ဖြစ်ပြီးရာကနေ ဆွေးနွေးရာမှာ တစ်ဖက်နဲ့တစ်ဖက် အပြစ်မတင်ဘဲနဲ့ ငြိမ်းချမ်းရေးရအောင် ဘယ်လိုလုပ်မလဲဆို တာကို ဦးတည်ဆွေးနွေးခဲ့ကြတယ်။ မျှော်လင့်ချက်အများကြီးရခဲ့တယ်” ဟု ပြောကြားသည်။
ယခု ဆွေးနွေးပွဲ၏ ထူးခြားမှုမှာ တရုတ်အစိုးရမှ ကြားနေသက်သေအဖြစ် ဆောင်ရွက်ပေးခြင်းနှင့် တတိယအဖွဲ့အစည်းများဖြစ်သော ကရင်အမျိုးသားအစည်းအရုံး(ကေအင်န်ယူ)မှ ဥက္ကဋ္ဌ ဗိုလ်ချုပ်
ကြီးစောမူတူးစေးဖိုး၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) မှ ဗိုလ်မှူးချုပ်စိုင်းလူး စသူတို့က သက်သေအဖြစ် ဆွေးနွေးပွဲတွင် ပါဝင်ခဲ့ကြခြင်းဖြစ်သည်။
ဆွေးနွေးပွဲတွင် ဆက်သွယ်ရေးလမ်းကြောင်းထားရှိရေး၊ နှစ်ဖက် စစ်ရေးတင်းမာမှုများ လျှော့ချနိုင်ရေး၊ ဆက်လက်ပြုလုပ်မည့် ဆွေးနွေးပွဲများတွင် လေ့လာသူများနှင့် သက်သေများအဖြစ် ပါဝင်မည့် အဖွဲ့အစည်းများ ဖိတ်ခေါ်ရေးတို့ကို ဆွေးနွေးခဲ့ကြပြီး နောက်တစ်ကြိမ်ဆွေးနွေးပွဲကို ကေအိုင်အေအနေနှင့် ညီညွတ်သော တိုင်းရင်းသားဖက်ဒရယ် ကောင်စီ (UNFC) နှင့် ညှိနှိုင်းပြီးနောက် ဖေဖော်ဝါရီလမကုန်မီ ကျင်းပနိုင်ရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲများ ဆက်လက်ကျင်းပသွားရန် သဘောတူညီခဲ့ကြောင်း ပူးတွဲထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။
ဖေဖော်ဝါရီ ၁ ရက်နေ့စွဲဖြင့် ကေအိုင်အိုဘက်မှကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ရာ မြန်မာ့တပ်မတော်အနေနှင့် ထိုးစစ်များ
ဆင်နွှဲခြင်းကို ရပ်ဆိုင်းပါက ကေအိုင်အေကလည်း ပြဿနာဖြစ်ပွားနိုင်မည့်စစ်ရေးလှုပ်ရှားမှုများကို ပြုလုပ်မည်မဟုတ်ဘဲ ကေအိုင်အိုအနေနှင့် နိုင်ငံရေးပြဿနာများကို ဆွေးနွေးခြင်းဖြင့် အဖြေရှာနိုင်မည်ဟု ယုံကြည်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ နောက်တစ်နေ့မှာပင်အစိုးရဘက်မှ ကြေညာချက်တစ်စောင်ထုတ်ပြန်ရာတွင်လည်း ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီနှင့် ကေအိုင်အို၊ ကေအိုင်အေနှင့် ဆွေးနွေးပွဲများ စတင်နိုင်ရန် ညှိနှိုင်းဆောင်ရွက်လျက်ရှိပြီး အပစ်အခတ်ရပ်စဲထားသော လက်နက်ကိုင်အဖွဲ့အစည်းများ အပါအ၀င် အခြားသော အဖွဲ့အစည်းများက တွေ့ဆုံဆွေးနွေးရေး ဆောင်ရွက်နိုင်ရန် ကူညီနေမှုများကို အသိအမှတ်ပြုကြောင်း ပြောကြားခဲ့သည်။ ထိုသို့ ထုတ်ပြန်ပြီး နှစ်ရက်အကြာတွင် ရွှေလီမြို့၌ တွေ့ဆုံဆွေးနွေးနိုင်ခဲ့ခြင်းဖြစ်သည်။
လွန်ခဲ့သော လေးလအကြာ ၂၀၁၂ ခုနှစ် အောက်တိုဘာ ၃၀ ရက်က အစိုးရနှင့် ကေအိုင်အိုတို့ ရွှေလီမြို့မှာပင် တွေ့ဆုံဆွေးနွေးခဲ့ပြီး ထိုတွေ့ဆုံပွဲတွင် နိုင်ငံရေးအရ ဆွေးနွေးရန် အစိုးရဘက်မှ သဘောတူညီပြီး ဇန်န၀ါရီတွင် ပြန်လည်တွေ့ ဆုံရန် ကမ်းလှမ်းခဲ့သော်လည်း ဒီဇင်ဘာလဆန်းမှစကာ ကေအိုင်အိုဌာနချုပ်ရှိရာ လိုင်ဇာအနီး လဂျားယန်ဒေသတွင် တိုက်ပွဲများ ပြင်းထန်ခဲ့သည်။ ဖားကန့်ဒေသတွင်လည်း တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ကာ နှစ်လကျော်အတွင်း တိုက်ပွဲအကြိမ်ရေ အများဆုံးနှင့် အတင်းမာဆုံး အခြေအနေသို့ ရောက်ရှိခဲ့သဖြင့် တွေ့ဆုံနိုင်ခဲ့ခြင်းမရှိပေ။ အစိုးရဘက်မှ လေကြောင်းပစ်ကူမှုများကို တစ်လနီးပါးကြာ အသုံးပြုခဲ့ပြီး နိုင်ငံတကာနှင့် ကုလသမဂ္ဂမှ လေကြောင်းအသုံးပြုခြင်းရပ်တန့်ရန် ဖိအားပေးတောင်းဆိုမှုများကြောင့် တစ်လအကြာတွင် ရိက္ခာပို့ရန်အတွက် သာ အသုံးပြုခဲ့သည်။ လိုင်ဇာအနီးဖြစ်ပွားသော တိုက်ပွဲများတွင် တရုတ်နိုင်ငံဘက်ခြမ်းသို့တိုင်အောင် လက်နက်ကြီးများ ကျရောက်မှုရှိခဲ့သည်။
ထိုသို့ ပဋိပက္ခများကြီးထွားလာပြီးနောက် တရုတ်နိုင်ငံအစိုးရ၏ ကြားဝင်ညှိနှိုင်းပေးမှုဖြင့်ရွှေလီမြို့တွင် ထပ်မံတွေ့ဆုံနိုင်ခြင်း ဖြစ်သည်။ ပဋိပက္ခများ ပြေလည်စေရန် ဆွေးနွေးညှိနှိုင်းမှုများ အကြိမ်ကြိမ်ပြုလုပ်ကာ နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာရန် လိုအပ်ကြောင်း နိုင်ငံရေးလေ့လာစောင့်ကြည့်သူများက သုံးသပ်သည်။
0 comments:
Post a Comment