Pages

Friday, February 1, 2013

ထိုင်းနိုင်ငံမှ အခွန်ဆောင်မှု မရှိဘဲ တရားမ၀င် ပုစွန်များ နေ့စဉ် ၀င်ရောက်နေသဖြင့် ပြည်တွင်းထုတ်လုပ်သူများ ဈေးကွက်ယှဉ်ပြိုင်ရန် အခက်အခဲဖြစ်နေ


Saturday, February 02, 2013

ထိုင်းနိုင်ငံမှ အခွန်ပေးဆောင်ခြင်းများ မရှိဘဲ အသိအမှတ်ပြု လက်မှတ်များ မရှိသော တရားမ၀င် ပုစွန်များမှာ ပြည်တွင်းသို့ နေ့စဉ် ၀င်ရောက်လျက်
ရှိနေပြီး ပုစွန်ထုတ်လုပ်သူများ အနေဖြင့် ဈေးကွက်ယှဉ်ပြိုင်ရန် အခက်အခဲများ ဖြစ်နေကြောင်း မြန်မာနိုင်ငံ ပုစွန်လုပ်ငန်းရှင်များ
အသင်းမှ ဒုတိယဥက္ကဌ ဒေါက်တာကျော်ထွန်းမြင့်က ပြောပြသည်။

အထက်ပါ အကြောင်းအရာများကို မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ ကျင်းပသော အပတ်စဉ် သားငါးကဏ္ဍ အစည်းအဝေးတွင် ပြောကြား
ခဲ့ခြင်းဖြစ်သည်။

"အခုလက်ရှိ ပြည်တွင်းဈေးကွက်မှာ ရေငန်ပုစွန် တစ်ပိဿာကို
ခြောက်ထောင်ကနေ ခုနှစ်ထောင်အထိ တက်လာပါတယ်။ ဈေးကောင်း
လာတဲ့အတွက် ယိုးဒယားကနေ ပုစွန်တွေဟာ ပြည်တွင်းကို အခွန်လည်း
မပေးဘူး။ အသိအမှတ်ပြု လက်မှတ်လည်း မရှိဘဲနဲ့ တရားမ၀င် ၀င်လာတဲ့အခါကြတော့ ပြည်တွင်းထုတ်လုပ်သူတွေအတွက် မျှတမှုရှိတဲ့ ယှဉ်ပြိုင်မှုမျိုး မရှိပါဘူး။ ဈေးကွက်ယှဉ်ပြိုင်ဖို့အတွက် အခက်အခဲတွေ
ဖြစ်နေပါတယ်" ဟု ဒေါက်တာကျော်ထွန်းမြင့်က ပြောသည်။

မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ ပုစွန်များ တင်ပို့ရောင်းချရာတွင် အခွန်နှင့် အထောက်အထား အသိအမှတ်ပြု လက်မှတ်များ ပါရှိသော ပုစွန်များကိုသာ တင်ပို့ရောင်းချသော်လည်း ထိုင်းနိုင်ငံရှိ မဟာချိုင်ဈေးသို့ ရောက်ရှိသော
အခါတွင် ဈေးအနှိမ်ခံရ၍ အောက်ဈေးဖြင့်သာ ရောင်းချခဲ့ရကြောင်း သိရှိရသည်။

ထိုင်းနိုင်ငံမှ တရားမ၀င် ၀င်ရောက်လာသော ပုစွန်များသည် ယခင်က ပြည်တွင်းဈေးကွက်သို့ ခြင်းများဖြင့်သာ ၀င်ရောက်လာရာမှ အခုအခါတွင် နေ့စဉ် ဆယ်ဘီးကား ၃ စီးခန့် ၀င်ရောက်နေကြောင်း
မြန်မာနိုင်ငံ ပုစွန်လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဌ
ဒေါက်တာကျော်ထွန်းမြင့်က ပြောသည်။

"အခုလို တရားမ၀င် ပုစွန်တွေ ၀င်နေတာကို ထိန်းဖို့အတွက် ပြီးခဲ့တဲ့ လေး၊ ငါး၊ ခြောက်လလောက်က ကရင်ပြည်နယ်၊ မွန်ပြည်နယ် ၀န်ကြီးချုပ်တို့နဲ့
ဆွေးနွေးပါတယ်။ နယ်စပ်ထွက်ပေါက်တွေ များတဲ့အတွက် ပိတ်ဖို့
မလွယ်ပါဘူး" ဟု မြန်မာနိုင်ငံ ပုစွန်လုပ်ငန်းရှင်များအသင်း ဒုတိယ ဥက္ကဌ ဒေါက်တာကျော်ထွန်းမြင့်က ပြောသည်။

အထက်ပါ တရားမ၀င် ပုစွန်များ နေ့စဉ်ဝင်ရောက်နေမှုများကြောင့် ပြည်တွင်း
ထုတ်လုပ်သူများ အနေဖြင့် ဈေးနှုန်းအရ ယှဉ်ပြိုင်နိုင်မှု မရှိဘဲ မွေးမြူရေး လုပ်ငန်းများ လျော့ကျသွားကာ ထုတ်လုပ်မှုများ လျော့နည်းသွားကြောင်း သိရှိရသည်။

Eleven Media Group
ဓာတ်ပုံ - yoeyoeblog.blogspot.com
1

0 comments:

Post a Comment