Pages

Monday, March 25, 2013

ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်း လိုင်စင်နှစ်ခု ပဏာမရွေးချယ်ခြင်းအတွက် မေးခွန်းနှင့် အဖြေများ ထုတ်ပြန်

Monday, March 25, 2013

မြန်မာနိုင်ငံ၏ နိုင်ငံတစ်ဝှမ်း ဆက်သွယ်ရေး လုပ်ငန်းလိုင်စင်နှစ်ခုနှင့် ပတ်သက်၍ ပဏာမရွေးချယ်ခြင်းအတွက် စည်းမျဉ်းစည်းကမ်းများ ထုတ်ပြန်ခဲ့ပြီး အဆိုပါ စည်းမျဉ်းစည်းကမ်းများနှင့် ပတ်သက်၍ မေးခွန်းနှင့် အဖြေများကို မတ်လ ၂၁ ရက်စွဲဖြင့် တယ်လီကွန်မြူနီကေးရှင်း တင်ဒါစိစစ်ရွေးချယ်ရေး ကော်မတီက ထုတ်ပြန်လိုက်ကြောင်း သိရသည်။

www.mcpt.gov.mm ဝက်ဘ်ဆိုက်တွင် အဆိုပါ မေးခွန်းနှင့် အဖြေများကို ထုတ်ပြန်ထားခြင်း ဖြစ်သည်။ မြန်မာနိုင်ငံအတွင်း ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းလိုင်စင် နှစ်ခု တင်ဒါအတွက် စိတ်ဝင်စားသူများအား ဖိတ်ခေါ်ခဲ့ပြီး ပါဝင်လျှောက်ထားသူများ၏ တင်ပြချက် မေးခွန်းများအား
ဖြေကြားထားခြင်း ဖြစ်သည်။

လက်ရှိ အသုံးပြုလျက်ရှိသော အချက်များကို အခြေခံ၍ ဖြေဆိုထားခြင်း
ဖြစ်ကြောင်း သိရသည်။ ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းလိုင်စင်
နှစ်ခုအား တင်ဒါခေါ်ယူခဲ့ရာ ၉၁ ဖွဲ့ လာရောက် လျှောက်ထားခဲ့ကြောင်း သိရသည်။

တင်ဒါစိစစ်ရွေးချယ်ရေး ကော်မတီအနေဖြင့် လိုင်စင်ကို အပြီးသတ်
ရွေးချယ်ရာတွင် အဆင့်သုံးဆင့်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

ပထမအဆင့်တွင် ပြည်တွင်းပြည်ပမှ ဝင်ရောက် လျှောက်ထားသူများကို ပါဝင်ဖြစ်ခြင်း အကြောင်းအရာများအား ဖော်ပြရန် ဖိတ်ခေါ်ခဲ့ခြင်းဖြစ်ကြောင်း ဒုတိယအဆင့် ရွေးချယ်ခြင်းကို လက်ရှိဆောင်ရွက်ခဲ့ပြီး ရည်ရွယ်ချက်မှာ ပါဝင်လျှောက်ထားသူများအား စိစစ်အကဲဖြတ် ရွေးချယ်မည်ဖြစ်ကြောင်း သိရသည်။

ကုမ္ပဏီတစ်ခုချင်းသော် လည်းကောင်း၊ အဖွဲ့လိုက်ချင်းသော် လည်းကောင်း ပါဝင်လျှောက်ထားခဲ့သူများ အနေဖြင့် ၎င်းတို့ရှိ အော်ပရေတာနှင့် ပတ်သက်သော အခြေခံလိုအပ်ချက်များ၊ ဘဏ္ဍာရေးအင်အား
တောင့်တင်းခိုင်မာမှု၊ လုပ်ငန်းကျွမ်းကျင်မှု အတွေ့အကြုံ စသည်တို့ကို သရုပ်ပြသခဲ့ခြင်း ဖြစ်သည်။ လျှောက်ထားခဲ့သူများ အနေဖြင့် သိရှိလိုသော အချက်များကို မတ်လ ၇ ရက်နေ့အထိ မေးမြန်းနိုင်ရန် ကြေညာခဲ့ပြီး ယခုအခါ မေးမြန်းချက်များနှင့် ဖြေဆိုချက်များကို ဝက်ဘ်ဆိုက်မှတစ်ဆင့် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

တင်ဒါစိစစ်ရွေးချယ်ရေး ကော်မတီအနေဖြင့် ဒုတိယအဆင့်ကို ရွေးချယ်
ပြီးစီးပါက တတိယအဆင့်ကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ တတိယ အဆင့်မှာ လုပ်ကိုင်ခွင့်ရ လိုင်စင်များကို အပြီးသတ် ရွေးချယ် ရမည် ဖြစ်ကြောင်း သိရသည်။

ဆက်သွယ်ရေး အော်ပရေတာ ရွေးချယ်ခြင်း ဒုတိယအဆင့်အား
ဧပြီလ ၄ ရက် နောက်ဆုံးထား၍ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်၏ တယ်လီဖုန်း သိပ်သည်းဆအား ၂၀၁၅-၂၀၁၆ တွင်
၇၅ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းသို့ မြှင့်တင်နိုင်ရန် ဆက်သွယ်ရေး ဝန်ဆောင်မှုများကို အများပြည်သူမှ သက်သာသည့် နှုန်းထားဖြင့် ရရှိနိုင်စေရန်နှင့် စိတ်ကြိုက်ရွေးချယ် အသုံးပြုနိုင်စေရန် ရည်မှန်းချက်
များဖြင့် ထိုကဲ့သို့ လုပ်ကိုင်ခွင့်ရလိုင်စင် ရွေးချယ်ခြင်းများကို
ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ၂၀၁၃ ခုနှစ် မတ်လ ၂၈ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။

Khit Lu Nge

0 comments:

Post a Comment