ရခိုင်ပြည်နယ် စစ်တွေမြို့မှာ အမျိုးသမီး ဦးရေ ၂၀၀ လောက်က ငြိမ်းချမ်းရေး
အတွက် စီတန်းလှည့်လည်ခွင့်လျှောက်ထားခဲ့ရာမှာ အာဏာပိုင်တွေဘက်က
မနေ့ကခေါ်ယူတွေ့ဆုံပြီး တားမြစ်လိုက်ပါတယ်။
ဒီကနေ့ စက်တင်ဘာလ ၃၀
ရက်နေ့မှာ စီတန်းလှည့်လည်ခွင့်ရရှိဖို့အတွက် ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၆
ရက်နေ့က စတင်လျှောက်ထားခဲ့ပြီး မြို့နယ်ရဲစခန်းက ပုဒ်မ-၁၄၄ ညမထွက်ရ
အမိန့်ကို အကြောင်းပြကာ အဲဒီနေ့မှာပဲ ပယ်ချခဲ့တယ်လို့ သိရပါတယ်။
၂၇
ရက်နေ့မှာ ပြည်နယ်ရဲစခန်းမှူးဆီကို ဆက်လက် အယူခံ ဝင်ရောက်ခဲ့ ရာမှာလည်း
မနေ့ကနေ့လည်ပိုင်းက အမျိုးသမီးတွေကို အဲသည်လိုခေါ်ယူတွေ့ဆုံပြီး အချိန် ၂
ပတ်ဆိုင်းငံ့ကာ ကန့်သတ်မှုတွေပြုလုပ်လိုက်တာ
ဖြစ်တယ်လို့ ဦးဆောင်သူအမျိုးသမီးတစ်ဦးဖြစ်တဲ့ ဒေါ်ညိုအေးက RFA ကိုပြောပါတယ်။
"အဲဒီကိစ္စနဲ့
ပတ်သက်ပြီး ကျွန်မတို့ဘက်က နည်းနည်းလေး ကသိကအောင့်ဖြစ်တာပေါ့လေ။
အမှန်တကယ်က ကျွန်မတို့က ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ကို
ကျွန်မတို့မှာ ဒီကဥပဒေပိုင်းဆိုင်ရာ အကုန်လုံး မငြိဖို့အတွက်
ပွင့်လင်းမြင်သာမှုရှိအောင် လုပ်လိုက်တာ။ အဲဒီ ၂ ပတ် အတွင်းမှာ သူတို့က
ဘယ်နေ့မဆိုသူတို့က အကြောင်းပြန်နိုင်တယ်ပေါ့နော်။ ကျွန်မတို့မှာ
အချက်အလက်တွေအားလုံးဟာ ပြည်ထောင်စုပြိုကွဲရေးမူ တစ်ခုမှမပါဘူး"
အာဏာပိုင်တွေဆီကို
လျှောက်ထားတဲ့ အချက်တွေထဲမှာ ရခိုင်ပြည်နယ်ငြိမ်းချမ်းရေး အတွက် ၁၉၈၂
မြန်မာနိုင်ငံသားဥပဒေကို လိုက်နာလေးစားပါ၊ မြန်မာ့ပြည်တွင်းရေးကို OIC
ဝင်မစွက်နဲ့၊ မြန်မာပြည်မှာ ဘယ်အချိန်ကမှ ရိုဟင်ဂျာမရှိ၊
မြန်မာ့အမျိုးသမီးများဘဝ လှပလုံခြုံမှုရှိပါစေ စတဲ့ စတန်းတွေပါဝင်တဲ့ စာတန်း
၈ ခုထဲက တစ်ချို့ကိုလည်း အာဏာပိုင်တွေ ဘက်က ပြန်လည်ပြင်ဆင်လျှောက်ထား
ဖို့ပြောဆိုခဲ့တယ် လို့သိရပါတယ်။
RFA Burmese
0 comments:
Post a Comment