စက်တင်ဘာလ ၂၈ ရက်နေ့မှာ ကျရောက်မယ့် ကမ္ဘာ့ခွေးရူး ရောဂါ ကာကွယ်ရေး
နေ့မှာ ပြည်တွင်းရှိ တိုင်းဒေသကြီး၊ ပြည်နယ်
များရှိ ခွေးအကောင်ငါးထောင် ကျော်ကို
မြန်မာနိုင်ငံ တိရစ္ဆာန် ဆေးကု ဆရာဝန်များ အသင်းနဲ့ မွေးမြူရေးနှင့် ကုသရေး
ဦးစီးဌာနတို့ ပူးပေါင်းပြီး ခွေးရူးရောဂါ ကာကွယ်ဆေး အခမဲ့ ထိုးပေးသွားမှာ
ဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိ ပြည်တွင်းမှာ ခွေးရူးရောဂါ ဖြစ်ပွားတဲ့ ခွေးအကောင်ရေဟာ ၁၀ ရာခိုင်နှုန်း
ခန့်ရှိတာ ဖြစ်ပါတယ်။
အဆိုပါ ခွေးရူးရောဂါ ပိုးဟာ လင်းနို့များမှ ကူးစက်နိုင်ပြီး အဲ့ဒီ ခွေးရူးရောဂါ
ပိုးစတင် ပေါ်ပေါက်မှု အရင်းအမြစ်ကို အတိအကျ ပြောဖို့ ခက်ခဲ တာကြောင့် ခွေးမွေးထားသူတိုင်း ခွေးရူးကာကွယ် ဆေးကို ကြိုတင် ထိုးထား
သင့်တယ်လို့ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ တာဝန်ရှိသူရဲ့ ပြောကြား
ချက်အရ သိရပါတယ်။
ဒါ့အပြင် မကြာမီ ကျရောက်မယ့် ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်ရေး နေ့မှာလည်း
သိသင့် သိထိုက်တဲ့ ဟောပြောမှုတွေကို ပြည်နယ်နဲ့တိုင်းဒေသကြီး အလိုက် ပြုလုပ်
ပေးသွားမှာ ဖြစ်ပါတယ်။
အဆိုပါ မြန်မာနိုင်ငံ တိရစ္ဆာန် ဆေးကု ဆရာဝန်များ အသင်းဟာ ၂၀၁၁ ခုနှစ်အတွင်း
ကလည်း နိုင်ငံ တစ်ဝန်းလုံး ခွေးရူးရောဂါ ကာကွယ် တိုက်ဖျက်ရေး လုပ်ငန်းတွေကို
အမျိုးသား လှုပ်ရှားမှု အသွင်နဲ့ ဆောင်ရွက်ခဲ့ တာကြောင့် ကမ္ဘာ့ တိရစ္ဆာန်
ကျန်းမာရေး အဖွဲ့ OIE နဲ့ ကမ္ဘာ့တိရစ္ဆာန် ဆေးကု ဆရာဝန်များ အသင်း တို့က
ချီးမြှင့်တဲ့ ၂၀၁၂ ခုနှစ် ကမ္ဘာ့တိရစ္ဆာန် ဆေးကုနေ့ ဆုကို ရရှိခဲ့တယ်လို့
သိရပါတယ်။
MRTV 4


0 comments:
Post a Comment