Pages

Saturday, September 15, 2012

ရွှေဘိုမြို့ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်စုံစီမံချက်များ ရေးဆွဲအဆိုပြု


အတွဲ ၃၀ ၊ အမှတ် ၅၈၆ ( ၁၄ - ၂၀ ၊ ၉ ၊ ၂၀၁၂)
စည်သူလွင်

ရွှေဘိုမြို့ အဝေးပြေးကားဂိတ်သို့ မောင်းနှင်နေသည့် ကားတစ်စီးကို တွေ့ရစဉ်။
ဓာတ်ပုံ - စည်သူလွင်

စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ ရွှေဘိုမြို့ ဖွံ့ဖြိုးတိုးတက်ရေး အတွက် စီမံချက်များကို တိုင်းဒေသကြီးအစိုးရထံ အဆိုပြုတင်ပြ ထားကြောင်း ယခုလ ၆ ရက်နေ့က ရွှေဘိုမြို့၌ ကျင်းပသော မြို့ပြ ဖွံ့ဖြိုးမှု အလုပ်ရုံဆွေးနွေးပွဲအရ သိရသည်။

အဆိုပြုတင်ပြချက်များတွင် ရွှေဘို စည်ပင်သာယာမြို့မဈေး အဆင့် မြင့်တင်ခြင်း၊ သက်တမ်းလွန်အိမ်ရာများ ပြုပြင် ခြင်း၊ အဝေးပြေး ကားဂိတ်တိုးချဲ့ခြင်း၊ စက်မှုဇုန်လုပ်ငန်းများတိုးချဲ့ခြင်း၊ ကုန်စည် ရောင်းဝယ်ရေးအတွက် ကုန်စည် ဒိုင်တည်ဆောက်ခြင်း၊ ကျေးရွာ များကို စနစ်တကျ အကွက်ချမြှင့်တင်ပေးခြင်း နှင့် မြို့ရှောင်လမ်း များဖောက်လုပ်ခြင်း တို့ဖြစ်ကြောင်းသိရသည်။

"အခုလို မြို့ပြဖွံ့ဖြိုးရေး စီမံချက်တွေ ရေးဆွဲရတာ တိုးတက်လာတဲ့ လူဦးရေ အနေအထားအရ နှစ်ရှည်စီမံကိန်းတွေအဖြစ် ရေးဆွဲ အဆိုပြုထားတာပါ။ ရွှေဘိုစည်ပင်သာယာဈေးဆိုရင် အဆင့်မြှင့်ဖို့ လိုအပ်နေတယ်။ "ပြည်တွင်း ပြည်ပခရီးသွားတွေလည်း အသွား အလာများတဲ့အတွက် မြို့အနေနဲ့ အဆင့်မြင့်ဖို့လည်း လိုအပ်နေပြီ။ မြို့အတွက် ရေပေးဝေနေ တဲ့ မဟာနန္ဒာကန်နားက ငါးမွေးမြူ ရေးကန်တွေကိုလည်း သီးသန့်ဖြစ်အောင် လုပ်ဖို့ လိုအပ်နေပါတယ်" ဟု မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန နေပြည်တော် (မြို့ပြနှင့် ဒေသစီမံကိန်းဌာနခွဲ) ဒုတိယညွှန်ကြားရေးမှူး ဒေါ်အေးအေးမြင့်က ပြောသည်။

မြို့ပြဖွံ့ဖြိုးမှု စတင်အကောင်အထည် ဖေါ်ပါက ကျူးကျော်နေထိုင်သူများကို လည်း စနစ်တကျဖြစ်စေရေးအတွက် ပြန်လည် နေရာ ချထားပေးရန်လည်း စီစဉ်ဆောင်ရွက်ထားကြောင်း ၎င်းက ဆိုသည်။ အလုပ်ရုံဆွေးနွေးပွဲတွင် မြို့ပြဖွံ့ဖြိုး တိုးတက်စေရေးအတွက် စီမံချက်များ ရေးဆွဲပြီး သက်ဆိုင်ရာ တာဝန်ရှိသူများ ထံသို့ အဆိုပြုရာတွင် ဒေသခံများက မြို့အတွက်လိုအပ်သည်များကို ဆွေးနွေး ခဲ့ကြပြီး ဌာနဆိုင်ရာမှ တာဝန်ရှိသူများ ကလည်း ပါဝင်ဆွေးနွေးတင်ပြခဲ့ကြသည်။

ရွှေဘိုမြို့နယ် စာရေးဆရာအသင်း ဥက္ကဋ္ဌ ဘာမထီခင်အောင်က "ရွှေဘို မြို့မ ဈေး နှစ်ထပ်ဆောင် ဆောက်လုပ်ပေးဖို့ လိုပါတယ်။ မြို့ပြဖွံ့ဖြိုး တိုးတက်ရေး တည်ဆောက်ပြီး မီးသတ်မျှော်စင်ရှိဖို့ လည်းလိုပါတယ်။ ဘူတာက စုတ်ပြတ် နေ ပါပြီ၊ မြို့လူထုက မလိုလား တော့ပါဘူး။ အသစ်ဆောက်ပေးဖို့ လိုနေပါတယ်။ ကုတင် ၂၀၀ ဆံ့ ဆေးရုံဖြစ်ဖို့အတွက် လိုအပ်ပါတယ်" ဟု ဆွေးနွေးသွား ခဲ့သည်။

ရွှေဘိုစည်ပင်သာယာမြို့မဈေး သည် ၁၉၅၅ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ ပြီး လိုအပ်သည့် အသေးစား ထိန်းသိမ်းမှု များကိုသာ ပြုလုပ်ခဲ့ကြောင်း၊ ဈေးတွင် ဆိုင်ခန်းပေါင်း ၁,၅၉၆ ခန်းရှိပြီး ဈေးရုံ ပေါင်း ၆၀ နှင့် ဈေးအတွင်းလမ်း ၆၇ လမ်း ရှိကြောင်း၊ ယခုလက်ရှိ တွင် မြို့လူထုအတွက် တိုးချဲ့ရန် လိုအပ်နေပြီဖြစ်ကြောင်း မြို့ခံများ၏ပြောပြချက်အရ သိရသည်။ ရွှေဘိုနန်းတော်ကြီးကို ယဉ်ကျေးမှု နယ်မြေအဖြစ်သတ်မှတ်တော့မည် ဖြစ်သည့်အတွက် ဈေးကြီးနှင့် ကပ်လျက် တည်ရှိနေသည်မှာ မသင့်လျော်သောကြောင့် ဈေးကြီးကို ပြောင်းရွေ့ပြီး အသစ်တည်ဆောက်ပေးရန် ရွှေဘိုမြို့နယ် မဲဆန္ဒနယ်အမှတ် (၂)မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းကိုကိုက တင်ပြဆွေးနွေးသွားခဲ့သည်။

"မြို့မဈေးကို ပြောင်းဖို့ဆိုတာ မဖြစ် နိုင်ပါဘူး။ ပြောင်းရွှေ့မယ်ဆိုရင်တော့ ဈေးသူ၊ ဈေးသားတွေ ဒုက္ခရောက်ကုန် ကြပါမယ်။ "အဆင့်မြှင့်တင်ဖို့နဲ့ တိုးချဲ့ဖို့ အတွက်ကိုပဲ စီစဉ်ဆောင်ရွက်သွားမှာ ပါ"ဟု စစ်ကိုင်းတိုင်းဒေသကြီး ဆောက် လုပ်ရေးဝန်ကြီးဌာန လမ်းပန်းဆက် သွယ်ရေး ၀န်ကြီး ဦးတင်ငွေက ပြောသည်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ စစ်ကိုင်း၊ ရွှေဘိုနှင့် မုံရွာမြို့များအတွက် မြို့ပြဖွံ့ဖြိုးတိုးတက်ရေး စီမံချက်များ ရေးဆွဲကာ အဆိုပြုတင်ပြဆွေးနွေး ထားပြီး ကသာမြို့၊ ကလေးမြို့နှင့် တမူးမြို့ များအတွက် ကိုလည်း စီမံချက်များရေး ဆွဲ၍ မြို့ပြအလုပ်ရုံဆွေးနွေးပွဲများ ပြု လုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

0 comments:

Post a Comment