Pages

Sunday, December 23, 2012

မြန်မာနိုင်ငံရှိမြေများ၏ ၅၄ ရာခိုင်နှုန်းခန့်မှာ သဘာဝသယံဇာတများ ထွက်ရှိနေ


မြန်မာနိုင်ငံရှိမြေများ၏ ၅၄ ရာခိုင်နှုန်းခန့်မှာ သဘာဝသယံဇာတများ ထွက်ရှိနေ၊ သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်ထိခိုက်မှု စစ်တမ်းများမပါရှိသော စီမံကိန်းများအား နိုင်ငံပွင့်လင်းမြင်သာမှု ရှိမှသာ ဆက်လက်လုပ်ဆောင်သင့်ဟု သုံးသပ်နေကြ............

မြန်မာနိုင်ငံပိုင်ဆိုင်ထားသည့် မြေပိုင်နက်အားလုံး၏ ထက်ဝက်ကျော်ခန့်မှာ သဘာဝသယံဇာတများ ထွက်ရှိနေပြီး ထိုသို့ပိုင်ဆိုင်ထားသည့် သယံဇာတများအား မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန် အကြောင်းပြချက်ဖြင့် အလွန်အကျွံ ထုတ်ယူအသုံးပြုမည်ဆိုပါက မြန်မာနိုင်ငံ၏ သဘာဝပတ်ဝန်းကျင်တစ်ခုလုံး ပျက်စီးသွားနိုင်သည်ဟု စီးပွားရေးပညာရှင်များနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင်များက သုံးသပ်နေကြသည်။

မြန်မာနိုင်ငံအတွင်း တွင်းထွက်သယံဇာတအရင်းအမြစ် တူးဖော်ရေး စက်မှုလုပ်ငန်းများ၊ စီမံကွပ်ကဲမှု ပိုမိုကောင်းမွန်လာရန်၊ ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင် ပိုမိုကောင်းမွန်ရန်နှင့် ပုဂ္ဂလိကကဏ္ဍ လူမှုအခြေပြုအဖွဲ့အစည်းများနှင့် လက်တွဲ၍ ပြည်သူလူထုအား သိရှိစေရန်၊ တွင်းထွက်သယံဇာတ အရင်းအမြစ်တူးဖော်ရေး စက်မှုလုပ်ငန်းများ ပွင့်လင်းမြင်သာမှုရှိစွာ နိုင်ငံ့ကိုယ်စားပြု ဆောင်ရွက်နိုင်ရန်အတွက် တွင်းထွက်သယံဇာတ အရင်းအမြစ်တူးဖော်ရေး စက်မှုလုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး ဦးဆောင်ကော်မတီအား ဒီဇင်ဘာ ၃၁ ရက် နောက်ဆုံးထားဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ နိုင်ငံတော်သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း ဦးဆောင်သည့် ပြည်ထောင်စုဝန်ကြီး လေးဦးအား တာဝန်ပေးအပ်ခဲ့ကြောင်း သိရသည်။

ကော်မတီအနေဖြင့် ပုဂ္ဂလိကကဏ္ဍ လူမှုအခြေပြုအဖွဲ့အစည်းများနှင့် လက်တွဲ၍ ပြည်သူလူထု သိရှိစေရန်၊ တွင်းထွက်သယံဇာတ အရင်းအမြစ်တူးဖော်ရေး စက်မှုလုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ခြင်း လုပ်ငန်းစဉ်မူကြမ်း ရေးဆွဲရန်၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့EITI (Extrative Industries Transparency Initiative) တွင် အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်ရန်၊ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု အရင်းမြစ်အဖွဲ့အစည်း၏ စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုအဖွဲ့အား ညှိနှိုင်းရေးအဖြစ် တာဝန်ပေးအပ်ရန်နှင့် တွင်းထွက်သယံဇာတများအား နောင်လာနောက်သား ပြည်သူများအတွက် ရေရှည်တည်တံ့သည့် ဖွံ့ဖြိုးတိုးတက်ရေးကို ဦးဆောင်သည့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များအား အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။

“မြန်မာနိုင်ငံ လက်ရှိပိုင်ဆိုင်ထားတဲ့ မြေဧရိယာစုစုပေါင်းရဲ့ ၅၄ ရာခိုင်နှုန်းက ကျောက်စိမ်း၊ ရေနံ၊ သဘာဝဓာတ်ငွေ့၊ ပတ္တမြားစတဲ့ တန်ဖိုးမြင့် သယံဇာတတွေ ထွက်နေတယ်။ နိုင်ငံတိုးတက်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ သဘာဝပတ်ဝန်းကျင်၊ လူမှုပတ်ဝန်းကျင် ထိခိုက်မှု စစ်တမ်းမပါတဲ့ စီမံကိန်းတွေ လုပ်ခိုင်းမယ်ဆိုရင် မြန်မာနိုင်ငံကြီးက အချိုင့်အပေါက်တွေနဲ့ပဲ ကျန်ခဲ့ပြီး တိုင်းပြည်ပျက်ကြီး ဖြစ်သွားမှာပေါ့” ဟု သဘာဝပတ်ဝန်းကျင် ပညာရှင်တစ်ဦးက ပြောသည်။

မြန်မာနိုင်ငံတွင် လက်ရှိတူးဖော် ရယူနေသည့် သဘာဝသယံဇာတများမှာ ကျောက်စိမ်း၊ ရေနံ၊ သဘာဝဓာတ်ငွေ့ စသည့် နိုင်ငံတကာ ဈေးကွက်ဝင် ထုတ်ကုန်များဖြစ်ပြီး မြန်မာနိုင်ငံရှိ မြို့နယ်ပေါင်း ၃၂၅ မြို့နယ်အနက် ၁၇၆ မြို့နယ်တွင် သတ္ထုကြော၊ သတ္ထုသိုက်နှင့်၊ သတ္ထုစွဲဝင် မှီတည်မှုများရှိနေကာ စုစုပေါင်းထွက်ရှိသည့် သတ္ထုအမျိုးအစား ၄၀ ကျော်ခန့်ရှိနေပြီး အမျိုး ၂၀ ကျော်ခန့်မှာ ကမ္ဘာ့ဈေးကွက်ဝင် သတ္ထုများ ဖြစ်နေကြောင်း အမျိုးသားလွှတ်တော် သတ္ထုနှင့်သယံဇာတရေးရာ ကော်မတီဥက္ကဋ္ဌ ဦးနေ၀င်းထွန်းက ပြောသည်။

မြန်မာနိုင်ငံအတွင်း စီမံကိန်းများ လုပ်ဆောင်ရာတွင် ပွင့်လင်းမြင်သာမှု မရှိခြင်း၊ ဒေသခံများ၏ လူနေမှုဘ၀ ထိခိုက်စေခြင်း၊ မြန်မာနိုင်ငံ၏ သဘာဝပတ်ဝန်းကျင် ထိခိုက်စေခြင်း စသည့်အချက်များကြောင့် ဧရာဝတီမြစ်မြစ်ဖျားခံရာ ဒေသတွင် တရုတ်နိုင်ငံ CPI ကုမ္ပဏီမှ တရုတ်နိုင်ငံအတွက် အဓိက လျှပ်စစ်ဓာတ်အားဖြန့်ဝေမည့် မြစ်ဆုံဆည်စီမံကိန်းမှာ နိုင်ငံတစ်ဝန်းရှိ ပြည်သူများ၏ တစ်ပြေးညီကန့်ကွက်မှုများကြောင့် လတ်တလော ယာယီရပ်ဆိုင်းထားကြောင်းသိရပြီး အဆိုပါစီမံကိန်းအား အပြီးတိုင်ရပ်ဆိုင်းနိုင်ရန် ပြည်သူများက မျှော်လင့်နေကြောင်းလည်း သိရသည်။

အဆိုပါစီမံကိန်းကဲ့သို့ပင် လက်ရှိတွင် တရုတ်နိုင်ငံ ၀မ်ပေါင်ကုမ္ပဏီမှ လာရောက်လုပ်ကိုင်နေသည့် မုံရွာမြို့အနီး လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာလည်း ပွင့်လင်းမြင်သာမှု မရှိခြင်း၊ ဒေသခံများ၏ လူနေမှုဘ၀ ထိခိုက်စေခြင်း၊ မြန်မာနိုင်ငံ၏ သဘာဝပတ်ဝန်းကျင် ထိခိုက်စေခြင်း စသည့်အချက်များကြောင့် ရပ်ဆိုင်းရန် ကန့်ကွက်မှုများနှင့် ရင်ဆိုင်ခဲ့ရကာ စီမံကိန်းရပ်ဆိုင်းရေး ဆန္ဒဖော်ထုတ်သည့် ဒေသခံများနှင့် သံဃာတော်များအား မီးလောင်ဗုံးဟု အများယူဆနေကြသည့် မျက်ရည်ယိုဗုံး၊ မီးခိုးဗုံးများနှင့် နှိမ်နင်းခဲ့မှုကြောင့် အဆိုပါစီမံကိန်း ရပ်ဆိုင်းရန် သင့်မသင့် ပြန်လည်စစ်ဆေးရန်နှင့် အခြားသောအချက်များပါဝင်သည့် စုံစမ်းရေးကော်မရှင်အား တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သည့် စုံစမ်းရေးကော်မရှင်အား ယခုလဆန်းပိုင်းအတွင်း နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်မှ ဖွဲ့စည်းပေးခဲ့ကြောင်း သိရသည်။

“နိုင်ငံအတွင်းမှာ လက်ရှိလုပ်ကိုင်နေတဲ့ စီမံကိန်းတွေက ပွင့်လင်းမြင်သာမှု နည်းနေသလို ပြည်သူတွေကလည်း လက်မခံကြဘူး။ နိုင်ငံအခြေအနေကလည်း ပွင့်လင်းမြင်သာမှု အားနည်းတယ်လို့ ဝေဖန်နေတဲ့အချိန်မှာ စီမံကိန်းတချို့ ရပ်ဆိုင်းထားသင့်ပြီး ပွင့်လင်းမြင်သာမှုရှိမှ ပြန်လည်လုပ်ကိုင်သင့်ပါတယ်” ဟု အမျိုးသားစီးပွားရေးနှင့် လူမှုရေးအကြံပေးကောင်စီမှ အဖွဲ့ဝင်တစ်ဦးက သုံးသပ်ပြောကြားသည်။

မြန်မာနိုင်ငံ၏ လက်ရှိ အနေအထားအရ နိုင်ငံအတွင်းရှိ သယံဇာတများအား အလွန်အကျွံ ထုတ်ယူသုံးစွဲ၍ ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းအား အနာဂတ်ကာလတွင် လုပ်ဆောင်မှု မပြုသင့်ကြောင်းလည်း ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ပြောကြားခဲ့သည်။

သဘာဝသယံဇာတများအား အလွန်အကျွံ ထုတ်ယူသုံးစွဲနေသော်လည်း သဘာဝဓာတ်ငွေ့အပါအ၀င် သယံဇာတများမှ ရရှိငွေများအား နိုင်ငံတော်မှ မှန်မှန်ကန်ကန် သုံးစွဲမှု ရှိမရှိနှင့် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်စေမည့် အခြေခံအဆောက်အအုံများတွင် သုံးစွဲမှုရှိမရှိ သိရှိနိုင်ရန် ရေနံနှင့်သဘာဝဓာတ်ငွေ့ ကဏ္ဍတွင် ကမ္ဘာလုံးဆိုင်ရာ ပွင့်လင်းမြင်သာမှုစံနှုန်း (EITI) နှင့် မြန်မာနိုင်ငံရှိ စီးပွားရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးစင်တာတို့ ပူးပေါင်းစစ်ဆေးမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ စီးပွားရေးအကြံပေး အဖွဲ့ခေါင်းဆောင် ဒေါက်တာဦးမြင့်က အတည်ပြု ပြောကြားသည်။

EMG

0 comments:

Post a Comment