Friday, 21 December 2012
၂၀၁၃ခုနှစ်တွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အတွက် မြန်မာ့ရိုးရာခြင်းလုံး
လက်ရွေးစင်ရွေးချယ်ပွဲကို ၂ဝ၁၃ ခုနှစ် ဇန်နဝါရီ (၂၆)ရက်မှ စတင်၍ ရန်ကုန်မြို့ အောင်ဆန်းအား ကစားပြိုင်ပွဲကွင်း၌ ကျင်းပသွားမည် ဖြစ်သည်။
အဆိုပါရွေးချယ်ပွဲတွင် (၂ဝ၁၁-၂ဝ၁၂)ကျောင်းသား အားကစားပွဲနှင့်
Champion Challenge Cups (CCC) ပြိုင်ပွဲများမှ ရွေးချယ် ထားသော အားကစားသမားများ သာမက ပြင်ပမှ မည်သည့်အားကစားသမားမဆို တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက် ဖြစ်စေ (ဝင်ကြေး အခမဲ့) ပါဝင်ယှဉ်ပြိုင် အရွေးချယ်ခံနိုင် မည်ဖြစ်သည်။
ပြိုင်ပွဲအမျိုးအစားများမှာ အမျိုးသားပြိုင်ပွဲအတွက် အပြည်ပြည်ဆိုင်ရာ ဥပဒေဖြင့် ရေးဆွဲ ထားသော ပြိုင်ပွဲ အမျိုးအစား (၁)၊ (၂)၊ (၃)၊ (၄)၊ (၅)၊ (၆) နှင့် အမျိုးသမီး ပြိုင်ပွဲအတွက် အပြည်ပြည်ဆိုင်ရာ ဥပဒေဖြင့်
ရေးဆွဲထားသော ပြိုင်ပွဲအမျိုးအစား(၁)၊ (၂)၊ (၃)၊ (၄) တို့ ဖြစ်ကြောင်း သိရှိရသည်။
ပြိုင်ပွဲဝင်ရောက် အရွေးချယ်ခံမည့် အားကစား သမားများသည်
မြန်မာနိုင်ငံ ခြင်းလုံး အဖွဲ့ချုပ် သို့ ဒီဇင်ဘာ (၃၁)ရက် နောက်ဆုံးထား၍ စာရင်း ပေးသွင်းရန်ဖြစ်ပြီး ရွေးချယ်ခံရပါက လည်း နေပြည်တော် အားကစား လေ့ကျင့်ရေး စခန်းတွင် စခန်းသွင်း လေ့ကျင့် သွားမည်
ဖြစ်ကြောင်း သိရှိရသည်။
အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၌ အိမ်ရှင်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံက ရိုးရာကစားနည်း နှစ်မျိုး ထည့်သွင်း ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။
အိမ်ရှင်နိုင်ငံအနေဖြင့် ရိုးရာကစားနည်း ရှစ်မျိုးအထိ ထည့်သွင်း ယှဉ်ပြိုင်နိုင်မည်ဖြစ်ပြီး ခြင်းလုံးနှင့် ဗန်တိုသိုင်းတို့ကို ထည့်သွင်းမည်ဖြစ်သည်။
ငွေကုန်ကြေးကျများသည့် ရိုးရာကစားနည်းများ ထည့်သွင်းပါက ထိုကစားနည်း၏ အနက် အဓိပ္ပာယ်ကို မြန်မာနှင့် အင်္ဂလိပ် ဘာသာများဖြင့် ရေးသားပြုစုခြင်း၊ ကစားပုံ စည်းမျဉ်းစည်းကမ်းများ ထည့်သွင်းရေး ဆွဲခြင်းတို့ကို ဆောင်ရွက်ရကြောင်း သိရှိရသည်။ ထို့နောက် မိမိတို ရိုးရာအားကစား ထည့်သွင်းရန်အတွက် အိမ်နီးချင်းနိုင်ငံ
လေးနိုင်ငံမှ ထောက်ခံပေးရကြောင်း သိရှိရသည်။
`` အခု ဒီခြင်းလုံးအားကစားအတွက် နိုင်ငံအားလုံးက ထောက်ခံ
ပေးခဲ့တာပါ၊ အခု ဒီလို ပြိုင်ပွဲအမျိုးအစား သတ်မှတ်ပေးလိုက်တာက
မြန်မာ့ရိုးရာဓလေ့လည်း မပျက်အောင်၊ နိုင်ငံတကာနဲ့လည်း ကစားလို့ရအောင် အပြည်ပြည်ဆိုင်ရာ ဥပဒေနဲ့ ပြောင်းလဲလိုက်တာပါ၊ အခုမှ ပထမဦးဆုံး SEA GAME မှာ ပထမဦးဆုံး ခြင်းလုံးအားကစား ထည့်သွင်းခွင့်ရတာပါ၊ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်နေ ပါတယ်´´ ဟု အဆိုပါကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ခြင်းလုံးအဖွဲ့ချုပ်မှ ဦးရဲအောင်မြင့်က ပြောသည်။
မြန်မာနိုင်ငံအနေဖြင့်အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပမည့် ဆီးဂိမ်းပြိုင်ပွဲတွင် ပြိုင်ပွဲများတွင် ပေးအပ်သည့် စုစုပေါင်း ရွှေတံဆိပ်ဆုများ၏ သုံးပုံ နှစ်ပုံခန့်ရရှိရန် ကြိုးစားသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ပြီးခဲ့သည့် အားကစားပွဲတွင် ရွှေတံဆိပ်ဆု ရရှိခဲ့သည့် မြားပစ် အားကစားကိုလည်း ရွှေတံဆိပ် ထပ်မံရ ရှိအောင် လေ့ကျင့် မည်ဟု သိရသည်။ ထို့ကြောင့် ယခု အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့်အချိန်တွင် မိမိတို့၏ ရိုးရာကစားနည်းများကို အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်
နေကြောင်း မြန်မာနိုင်ငံ ခြင်းလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦး မှ ပြောသည်။
မြန်မာ့ခြင်းလုံးသမိုင်းသည် ၁၂၀၈ ခုနှစ်၌ နန်းတက်သော ပုဂံမင်း
လက်ထက်တွင် ယိုးဒယားပန်းပုဆရာတစ်ဦးက ခြင်းလုံးပုံသဏ္ဍန် တစ်ခုကို ဆင်စွယ်ဖြင့် ထုလုပ်၍ ပုဂံမင်းထံဆက်သရာ ပုဂံမင်းသည် နှစ်ချိုက်လှသဖြင့် ထိုဆင်စွယ်ခြင်းလုံးပုံ သဏ္ဍန်ကို ကြိမ်ဖြင့် ထိုးယက်လုပ်စေလျှက် မိမိ၏လူပျိုတော်သားများအားခတ်ကစား စေခဲ့ရာမှ ခြင်းလုံးအားကစားနည်း စတင်ခဲ့ရခြင်းဖြစ်သည်။
သို့သော် ၁၉၆၂-၂၇ ခုနှစ်အတွင်းရေးသား ထားသော ပြင်သစ်လူမျိုး
သုတေသီ ချားလ်ရွိုင်ဇယ် ၏ နှစ်ပတ်လည် အစီရင်ခံစာ၌ ပြည်မြို့ဟောင်း၊
မှော်ဇာရွာအနီး ကုလားတန်ကုန်းရွာနှင့် မလှမ်းမကမ်းတွင်ရှိသည့် ဦးခင်ဘ၏ယာကုန်းမြေအောက် တွင်တွေ့ရှိသည့် အုတ်တိုက်ထဲမှ တူးဖော်ရရှိသော ရုပ်တုများ၊ လက်ဝတ်တန်ဆာများ၊ ဗုဒ္ဓရုပ်ပွားတော်များ
အနက်မှ ထူးခြားသော အရာဝတ္ထုတစ်ခုကို တွေ့ရှိရသည်။ ထိုအရာဝတ္ထုမှာ (၂)လက်မတ်တင်း အချင်းရှိသည့် သေးငယ်သောငွေခြင်းလုံး ကလေး
တစ်လုံးပင်ဖြစ်သည်။
ထိုတူးဖော်ရရှိသောပစ္စည်းများ၏ ခေတ်နှင့်သက်တမ်းကို ပြန်လည်၍ သုတေသနပြုသည့်အခါတွင် ခရစ်သက္ကရာဇ် (၇)ရာစုနှစ်က
ဖြစ်ကြောင်း တွေ့ရှိ ရပါသည်။ ခေတ်အားဖြင့် ပျူခေတ် ဖြစ်ပေသည်။ ထို့ကြောင့် မြန်မာ့ခြင်းလုံး အားကစားနည်းသည် လွန်ခဲ့သည့်နှစ်ပေါင်း (၁၂၀၀) ကတည်းက ပေါ်ပေါက်ခဲ့ကြောင်း ခန့်မှန်းသိရှိရသည်။
မြတ်မိုးကျော်(မြစ်မခ)
Myit Makha Mediagroup
0 comments:
Post a Comment