Monday, 03 December 2012
ဆက်သွယ်ရေးဥပဒေကြမ်း အကြံပြုဆွေးနွေးပွဲကို ဒီဇင်ဘာလ ၃ ရက်နေ့က MICTDC ရှိ Conference Hall တွင် ကျင်းပခဲ့ပြီး ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ ဥပဒေရေးရာ တာဝန်ရှိသူများ၊ ဥပဒေပညာရှင်များ၊ ကွန်ပျူတာအသင်းများမှ တာဝန်ရှိသူများ၊ အိုင်တီပညာရှင်များ၊ အိုင်တီလုပ်ငန်းရှင်များ တက်ရောက်
ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
အဆိုပါ အကြံပြုဆွေးနွေးပွဲတွင် တစ်ဦးလျင် ငါးမိနစ်ခန့်စီဖြင့် မိမိတို့ အကြံပြုလိုသော အချက်များကို အကြံပြု ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ယင်းအကြံ ပြုဆွေးနွေးပွဲတွင် ပြည်တွင်းပြည်ပမှ ပညာရှင်၊ လုပ်ငန်းရှင်ပေါင်း ၂၀ ဦးခန့်မှ အကြံပြု ဆွေးနွေးခဲ့ကြသည်။
မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်၏ ဥက္ကဋ္ဌဖြစ်သူ ဦးခွန်ဦးက ဆက်သွယ်ရေး ဥပဒေကြောင့် အိုင်စီတီကဏ္ဍမှာ အလျင်အမြန် တိုးတက်ဖွံ့ဖြိုးသွားနိုင် သကဲ့သို့ ယင်းဥပဒေကြောင့်ပင် တိုးတက်မှု
နှေးကွေးသွားခြင်းနှင့်လည်း ကြုံတွေ့နိုင်ကြောင်း၊ Regulator အနေဖြင့် ၀န်ကြီးဌာနအောက်တွင် ရှိမနေဘဲ သီးခြားဖြစ်နေသင့်ကြောင်း စသည့်အချက်များကို အကြံပြုဆွေးနွေးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း၏ဥက္ကဋ္ဌ ဦးရဲရင့်ဝင်းက ''အခန်း ၄ ပုဒ်မ ၇ အရ အိုင်တီဝန်ဆောင်မှုလုပ်ငန်း အားလုံးဟာ လိုင်စင်လို
နေတဲ့သဘောမျိုး ဖြစ်နေပါတယ်။ အဲဒီမှ Web Development လုပ်ငန်းတွေ၊ eCommerce လုပ်ငန်းတွေ၊ ကိုယ်ရေးလိုက်တဲ့ Application တစ်ခုကို ရောင်းရင်လည်း လိုင်စင်လိုနေတဲ့သဘော ဖြစ်နေပါတယ်။ အဲဒါကြောင့် လိုင်စင်လိုတဲ့လုပ်ငန်း၊ လိုင်စင်မလိုတဲ့လုပ်ငန်း ဆိုပြီး ခွဲခြားသတ်မှတ်ပေးဖို့ လိုမယ်ထင်ပါတယ်။ ဒါက လွတ်လပ်စွာ ဖန်တီးခွင့်နဲ့ အသေးစားလုပ်ငန်းတွေကို ထိခိုက်နိုင်ပါတယ်'' ဟု အကြံပြု သုံးသပ်ခဲ့သည်။
''တခြားနိုင်ငံတွေမှ International Gateway နဲ့ပတ်သက်ပြီးတော့ တစ်ဦးတစ်ယောက်တည်းက မကိုင်ဘဲ လိုင်စင်ရှိသူတွေကို ခွင့်ပြု
ထားတာ တွေ့ရတယ်။ ဒီလိုမျိုး လုပ်ငန်းတွေမှာ Service Quality က စကားပြောပါတယ်။ တစ်ဦးနဲ့တစ်ဦး Operator Run ကြပုံချင်း မတူကြပါဘူး။ နောက်တစ်ချက်က ဆက်သွယ်ရေးပစ္စည်းတွေကို လိုင်စင်ရှိမှ အသုံးပြုလို့ရမယ်ဆိုတာကို ပြင်သင့်ပါတယ်။ နောက်တစ်ခုက Regulator အနေနဲ့ ၀န်ကြီးဌာနအောက်မှာ မရှိသင့်တဲ့ကိစ္စ၊ အဲဒါနဲ့ပတ်သက်ပြီး စင်ကာပူကို လေ့လာကြည့်တော Facilities Based လိုင်စင်နဲ့ Service Based လိုင်စင်ဆိုပြီး နှစ်မျိုးခွဲထားတာ တွေ့ရတယ်။ Facilities Based မှာက Infrastructure တွေပါတဲ့ လုပ်ငန်းကြီးတွေ အကျုံးဝင်ပြီး Service Based မှာက အင်တာနက်ဝန်ဆောင်မှု လုပ်ငန်းတွေလို လုပ်ငန်းသေးတွေ အကျုံးဝင်တာ တွေ့ရတယ်။ ဆက်သွယ်ရေး ဥပဒေက အရေးကြီးပါတယ်။ လွဲသွားရင် အားလုံးလုပ်ရကိုင်ရ ခက်သွားနိုင်တယ်'' ဟု မြန်မာနိုင်ငံ ကွန်ပျူတာလုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌဦးမင်းဇေယျာလှိုင်က အကြံပြု ပြောကြားခဲ့သည်။
MIDO ၏ Executive Director ဖြစ်သူ ကိုနေဘုန်းလတ်ကလည်း ''အခုကြုံတွေ့နေရတဲ့ Volume Based Charging ကိစ္စလိုမျိုးပဲ ၀န်ဆောင်မှုနှုန်းထားတွေ၊ ကုမ္ပဏီတွေရဲ့ နှုန်းထားတွေကို ၀န်ကြီးဌာနကပဲ သတ်မှတ်နေမယ်ဆိုရင် ယှဉ် ပြိုင်မှုကို ထိခိုက်နိုင်သလို စားသုံးသူတွေကို ၀န်ဆောင်မှုပေးရာမှာလည်း ထိခိုက်မှုတွေ ရှိနိုင်ပါတယ်။ အခန်း (၁၉) ပုဒ်မ၆၀ (က) အရ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ဆိုတာတွေမှာ ဘယ်လိုမျိုး သတ်မှတ်မှာလဲ။ တိကျတဲ့အဓိပ္ပါယ် ဖွင့်ဆိုချက်တွေ လိုပါတယ်။ ၆၆ မှာ သတင်းအချက်
အလက်တွေကို ပေးပို့ဖြန့်ချိတယ်၊ လက်ခံရယူတယ်ဆိုတာ ဘယ်လိုမျိုးကို ပြောတာလဲ။ အီးမေးလ်ရဲ့ Inbox ထဲရောက်နေတဲ့ မက်ဆေ့တစ်ခုကလည်း လက်ခံရယူတာပဲလား။ လူကထောင်ထဲ
ရောက်နေချိန်မှာလည်း Inbox ထဲကို မက်ဆေ့တွေက ထပ်ရောက်နေနိုင်
တာပဲ။ ထောင် ၇ နှစ် ကနေ ၁၅ နှစ်ထိ ချနိုင်တယ်ဆိုတဲ့ အချက်က လွတ်လပ်စွာ ရေးသားထုတ်ဖော်ခွင့်နဲ့ သတင်းလွတ်လပ်ခွင့်ကို ထိခိုက်နိုင်တယ်'' ဟု ဆွေးနွေးပြောကြားခဲ့သည်။
''အခန်း ၁၁ ပုဒ်မ ၃၂ (က) က လက်တွေ့လုပ်ဆောင်နေရတာတွေနဲ့ ကိုက်ညီမှုမရှိဘူး။ ၀န်ဆောင်မှုနှုန်းထားတွေကို တင်ပြရန် မလိုဆိုတာမျိုး ထည့်သွင်းပေးသင့်တယ်။ အခန်း (၁၉) ပြစ်မှုနှင့် ပြစ်ဒဏ်များမှာ ၀န်ဆောင်မှုပေးသူကို ဒုက္ခရောက်စေနိုင်တဲ့အချက်တွေ အများကြီး
ပါတာ တွေ့ရပါတယ်။ အဲဒါအပြင် Google အနေနဲ့ လုပ်ငန်းလိုင်စင် လာမလျောက်ခဲ့ဘူးဆိုရင် ဆက်သွယ်ရေးဥပဒေ ပြဌာန်းပြီးနောက်မှာ ဂျီမေးလ်တောင်မှ တရားမ၀င် အီးမေးလ်ဖြစ်သွားနိုင်တဲ့ အခြေအနေမျိုးမှာ ရှိနေတယ်။ ပြိုင်ဆိုင်နိုင်မှုကို အားပေးတဲ့အချက်တွေ ပိုထည့်သွင်း
သင့်ပါတယ်'' ဟု MCC ကွန်ပျူတာအုပ်စုမှ ဒေါ်ချောခင်ခင်က
ပြောကြားခဲ့သည်။
ထို့နောက် မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်မှ အလုပ်အမှုဆောင် တစ်ဦးဖြစ်သူ ဦးအောင်စိုးသာက ''၃၁(က)(ခ) တွေမှာ ၀န်ဆောင်ခနှုန်းထား သတ်မှတ်တဲ့ကိစ္စက ၀န်ကြီးဌာနရဲ့ တာဝန်ရှိသူအပေါ်မှာ လုံးဝမူတည်
နေတာ တွေ့ရတယ်။ လက်ရှိပုံစံအရ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနက Regulator ဖြစ်နေတာ တွေ့ရတယ်။ ကိစ္စတော်တော်များများကို Regulator ဆီတင်ပြရမယ် ဆိုတာမျိုးတွေ ပါနေတယ်။ Regulator ဆိုတာ ဘယ်လက်အောက်မှာမှ မဟုတ်ဘဲ လွတ်လွတ်လပ်လပ်ပဲ ဖြစ်နေသင့်
ပါတယ်။ ပုဒ်မ ၇၂ မှာ ၀န်ကြီး သို့မဟုတ် ၀န်ကြီးက တာဝန်ပေးအပ်သူကပဲ အမျိုးသားဆက်သွယ်ရေး အကြံပေးကော်မတီမှာ ဥက္ကဋ္ဌလုပ်နိုင်တယ် ဆိုတာက မဖြစ်သင့်ဘူး။ လွတ်လွတ်လပ်လပ်ပဲ ဖြစ်သင့်တယ်'' ဟု အကြံပြုခဲ့သည်။
''အခန်း ၂၀ ပုဒ်မ ၇၃ မှာ ကြားဖြတ်ဖမ်းယူရေးအတွက်လို့ ဆိုရာမှာ ဘယ်လိုအချက်မျိုးကို ဆိုလိုလဲဆိုတာကို တိတိကျကျ ပြဋ္ဌာန်းသင့်တယ်။ ဒီဥပဒေမူကြမ်းမှာ ၀န်ကြီးဌာနရဲ့ လွှမ်းမိုးမှုတွေ အရမ်းများနေပါတယ်'' ဟု ကိုဇော်ဇော်မျိုးလွင်က အကြံပြုတင်ပြခဲ့သည်။
''ဒီဥပဒေမူကြမ်းမှာ ယေဘုယျဆန်တာတွေ တော်တော်များများ တွေ့ရ
ပါတယ်။ အသုံးပြုသူတွေကိုပါ သက်ရောက်နေတာတွေလည်း အများကြီး
တွေ့ရတယ်။ တချို့ကိစ္စတွေအတွက် Cyber Crime ဥပဒေလိုမျိုး သက်သက်ရှိသင့်တယ်။ ဒီဥပဒေက ဆက်သွယ်ရေးလုပ်ငန်းများကို စည်းကြပ်တဲ့ ဥပဒေမျိုးပဲ ဖြစ်သင့်တယ်'' ဟု ကိုအိမောင်ကလည်း အကြံပြုသည်။
မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်မှ တွဲဖက်အတွင်းရေးမှူး ဦးထွန်းသူရသက်က ''အခန်း ၄၊ ပုဒ် မ ၇ (ဂ)(ဃ) မှာ အသုံးချဝန်ဆောင်မှု လုပ်ငန်းတွေအနေနဲ့ လိုင်စင်ယူရမယ်ဆိုတာ အဆင်မပြေနိုင်ဘူး။ အဲဒီလို လုပ်ငန်းတွေအနေနဲ့ လိုင်စင်ယူစရာ မလိုသင့်ဘူး'' ဟု အကြံပြုခဲ့သည်။
Eleven Media Group

0 comments:
Post a Comment