Pages

Thursday, January 31, 2013

လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်း

လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်း
  
January 31, 2013
 
ရန်ကုန်မြို့တော်ကြီးရဲ့ လိုင်းကားမှတ်တိုင်အချို့မှာ လိုင်းကားတစ်စီး ရပ်တိုင်း တစ်စီးနဲ့တစ်စီး အကွာအဝေးကို စာရွက်လေးနဲ့ တေးမှတ်ထားပြီး မိနစ်အပိုင်းအခြားကို ပြောပြပေးနေရတဲ့ အလုပ်သမားလေးများကို တွေ့ဖူးကြပါလိမ့်မယ်။ 

ကားတစ်စီးဝင်လာတာနဲ့ အပြေးကလေးသွားပြီး အကျိုးအကြောင်း ပြောပြရင်း စပယ်ယာ ကမ်းပေးတဲ့ငွေ လေးနှစ်ရာကျပ်ကို လှမ်းယူကာ နောက်ကားအလာကို ဆက်မျှော်ရင်း တစ်နေ့တာ ၀တ္တရားကို တာဝန်ကျေပွန်စွာ ထမ်းဆောင်နေတာကိုတွေ့ရပါတယ်။ 
ဒီလို ပြုလုပ်ပေးနေခြင်းရဲ့ ရည်ရွယ်ချက်က ကားတစ်စီးနဲ့တစ်စီး ထပ်မနေဖို့နဲ့ တစ်စီးနဲ့တစ်စီး အရမ်းကွာဟမသွားစေဖို့အတွက် အားလုံးအဆင်ပြေစေရန် အဓိကထားဆောင်ရွက်ပေးနေခြင်းပဲဖြစ်ပါတယ်။ 

ဒါပေမယ့် လိုင်းကားသမားအချို့ရဲ့ လောဘ၊ မာန၊ အတ္တတွေကြောင့် တစ်ခါတစ်ခါ (ကားချင်းပြိုင်ဖိုက်ကြတဲ့အခါ) ရည်ရွယ်ချက်များ အကျိုးမဲ့ အချည်းအနှီးဖြစ်မှန်း မသိ ဖြစ်သွားကြတာတွေ တွေ့နေရပါတယ်။ 

လိုင်းချင်းတူ ရှေ့ကားတစ်စီးကို ကျော်တက်နိုင်ဖို့ ရှေ့မှတ်တိုင်မှာ ဆင်းမည့်ခရီးသည်ကို ပြူးတူးပြဲတဲ အသဲအသန် (တွန်းမချယုံ တမယ်) တက်သုတ်ရိုက်အဆင်းခိုင်းတာမျိုး၊ တစ်ခါတစ်ခါ ရှေ့ကားကို အမှီလိုက် ဖြတ်ကျော်နိုင်ဖို့အရေး ဆင်းမည့်မှတ်တိုင်ကို ကျော်ရပ်ပြီးမှ ကမန်းကတမ်း အဆင်းခိုင်းကာ ကျော်လာတဲ့နောက် မှတ်တိုင်ကို ကားပြန်စီးဖို့ ငွေပြန်အမ်းလိုက်တာမျိုးတွေ အချို့အချို့ ကြုံဖူး ကြပါလိမ့်မယ်။ 

သူတို့ဆန္ဒပြည့်ဖို့နဲ့ သူတို့ လုပ်ရပ်ကို အချင်းမများချင်လို့ အားနာစိတ်နဲ့ ကြိတ်မှိတ်နားလည်ပေးလို့ ရပေမယ့် အန္တရာယ်များတယ်ဆိုတာ သူတို့ မသိကြဘူးလား။ သိသိကြီးနဲ့ ဖိုက်ကြ၊ မိုက်ကြတဲ့အခါ ကျွဲနှစ်ကောင်ခက်တဲ့ ကြားထဲက မြေဇာပင်ဖြစ်ရသူက ခရီးသည်တွေပဲဖြစ်ပါတယ်။ ပဲကြီးလှော်ကြား ဆားညပ်ဆိုတာမျိုးပေါ့။

တစ်စီးနဲ့တစ်စီး အလုပ်အယက် ကျော်တက်၊ “ချစ်ကိုယ့်တစ်စီးလောက်” ဆိုပြီး ကန့်လန့်ဖြတ်ဝင် ကားတန်းကြီးက လေးငါးတန်းဖြစ်သွားမှတော့ ယာဉ်ကျောတွေ ပိတ်ပြီး ကားပေါ်မှာ ပေးဆပ်လိုက်ရတဲ့ အချိန်ကာလ အပိုင်းအခြားတွေနဲ့ အလဟဿအကျိုးမဲ့လေလွင့် ဆုံးရှုံးသွားတဲ့ စက္ကန့်နာရီတွေကို လနဲ့ နှစ်နဲ့ချီတွက်ရင် နှမြောစရာ အလွန်ကောင်းကြောင်း၊ အချိန်ရဲ့ တန်ဖိုးကို သိသူတိုင်း ဒီကိစ်္စကြီးကို လိပ်ခဲတင်းလင်း ဖြစ်နေခဲ့ကြတာ အတော်လေးကြာနေပါပြီ။ 

ရုံးသွားရုံးပြန်တွေ နောက်ကျ၊ အလုပ်သွား၊ အလုပ်ပြန်တွေ နှောင့်နှေး၊ အချိန်းအချက်တွေလွဲ၊ စားချိန်၊ သောက်ချိန်တွေ မမှန်၊ (ကြီးကြီးကျယ်ကျယ်ပြောရရင် နိုင်ငံတော်အတွက် လုပ်အားတွေဆုံးရှုံး) အကျိုးမဲ့ ဆုံးရှုံးသွားတဲ့ အချိန်တွေကို ပြန်လိုချင်လို့ မရနိုင်တော့သလို၊ ဆုံးရှုံးမှု ပမာဏတွေက များပြားလှပါတယ်။ 

ဒါတွေဟာ ဘယ်သူမပြုမိမိမှုလို့ပဲ တရားနဲ့ ဖြေရလေမလား။ စကားနဲ့ မရှင်းဘဲ ဓားနဲ့ရှင်းရမည့်ကိစ္စမျိုးလဲ မဟုတ်လေတော့ ဒီကိစ္စလေးနဲ့ ဒီနိုင်ငံမှာ လူလာဖြစ်ရတာ လူဖြစ်ရကျိုး မနပ်လေခြင်းရယ်လို့ပဲ ဆိုရလေမလား။ 

ယာဉ်ကြောတွေ နေ့တိုင်းပိတ်နေရတဲ့အထဲ လှည်းတန်း ကုန်းကျော်တံတားကြီးနဲ့ ဘုရင့်နောင်ကုန်းကျော်တံတားကြီးတွေ တည်ဆောက်နေတော့ ပိုဆိုးတာပေါ့ဆိုပြီး တော်တော်နဲ့ မပြီးစီးနိုင်လို့ စီမံခန့်ခွဲမှုတွေ ညံ့ဖျင်းလေခြင်းရယ်လို့ အားမလို အားမရဖြစ်ကာ တံတားကြီးနှစ်ခုကို လက်ညှိုးထိုးတဲ့ သူကထိုးနဲ့ ကိုယ့်လူမျိုး ကိုယ့်စရိုက် အကြောင်းတွေကိုတော့ နည်းနည်းလေးမှ ထည့်သွင်း စဉ်းစားမိကြဟန် မတူပါဘူး။

ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်နေကြသည်ဆိုပေမယ့် နိုင်ငံတကာနှင့် ယှဉ်ကြည့်ရင် လူတစ်ယောက် ဖုန်းတစ်လုံး ပုံပြင်ဟာ လူတန်းစား မရွေး လက်လှမ်းမှီတဲ့အဆင့် မရောက်သေးလေတော့ ငါးထောင်တန် အိပ်မက်ရှည်ကြီးကို မက်ရင်း ကိုင်တွယ် သုံးစွဲနိုင်သူတွေရဲ့ လိုင်းကားပေါ်က ဟမ်းဖုန်းသံတွေကို နားစွင့်ကြည့်လိုက်ရင် “ဟယ်လို ဟုတ်ကဲ့၊ အခုလာ နေပါပြီခင်ဗျ၊ ယာဉ်ကြောတွေပိတ်နေလို့ အခုဘယ်ကိုရောက်နေပါပြီ” ဆိုတဲ့ အသံကတစ်ဖုံ၊ “ဟယ်လို သမီးပါ အမေ၊ သားလေးနိုးနေပြီလား၊ ထမင်းကျွေးထားနှင့်တော့ အမေ၊ ကားတွေပိတ်နေလို့ အိမ်ပြန်ရောက်ချိန် မှန်းလို့မရဘူး” ဆိုတာကတစ်နည်း၊ 

အားလုံးရဲ့ လက်ကိုင်ဖုန်းထဲမှာ ကားပိတ်နေတာတွေနဲ့ပဲ ထပ်နေပါတယ်။ ဘုရင့်နောင်မီးပွိုင့်နားမှာတော့ တံတားတည်ဆောက်ရေးအဖွဲ့ကနေပြီး (လုပ်ငန်းခွင်ဧရိယာ အဆင်မပြေမှုများရှိပါက သည်းခံခွင့်လွှတ်ခြင်းဖြင့် ပူးပေါင်းပါဝင်ပေးကြပါရန် လေးစားစွာ အနူးအညွတ် ပန်ကြားအပ်ပါသည်) ဆိုတဲ့ ဆိုင်းဘုတ်လေး ချိတ်ထားတာကို တွေ့နေရပါတယ်။ 

ထို့အတူပါပဲ၊ လှည်းတန်းမီးပွိုင့်နားမှာလည်း အလားတူ ဆိုင်းဘုတ်လေးကို တွေ့နေရပါတယ်။ “စိတ်ရှည်၊ ဇွဲသန်၊ သည်းညည်းခံ၊ ရောက်ရန်နိဗ္ဗာန်တည်း” ဆိုတဲ့ ဓမ္မဆောင်ပုဒ်လေးကို သွားသတိရမိပါတယ်။ 

လောလောဆယ်မှာတော့ နိဗ္ဗာန်မရောက်သေးရင်နေပါစေ၊ ပစ္စက္ခအခြေအနေမှာ လူတိုင်းလိုရာခရီး အမြန်ရောက်ဖို့ပဲ စိတ်စော တမ်းတနေမိကြမှာ မလွဲပါဘူး။ ဒီတံတားကြီးတွေ မပြီးခင် သည်းညည်းခံနေကြပြီး၊ တံတားကြီးတွေ ပြီးသွားရင်ကော (ဆူးလေကုန်းကျော်တံတားလို တံတားပေါ်ကမသွားဘဲ အောက်ကနေပဲ လမ်းဖြတ်ကူးနေကြဦးမှာလား)

ဒါတစ်ခုတင်မကပါဘူး။ အရာရာတိုင်းမှာပေါ့ဗျာ။
ဗိုလ်ချုပ်ပြောခဲ့ဖူးသလို၊ စည်းနဲ့ကမ်းနဲ့ တိုင်းပြည်မှ မဟုတ်ဘဲ စည်းကမ်းမဲ့ တိုင်းပြည်ဖြစ်နေလေသလား၊ 

စည်းနဲ့ကမ်းနဲ့တိုင်းပြည်ကြီးဖြစ်လာမှ လူတိုင်းပြောနေကြတဲ့ ဒီမိုကရေစီရဲ့ အရသာကို မြိန်ရေယှက်ရေ အပြည့်အ၀ခံစားကြရမှာ မဟုတ်လား။ 

စည်းကမ်းရှိတဲ့တိုင်းပြည်ဖြစ်လာဖို့ ဘယ်လောက်ကြိုးစားကြရဦးမလဲလို့ စဉ်းစားကြည့်လိုက်တဲ့အခါ ပွဲထဲက လူရွှင်တော်တွေ ပျက်သွားတာကို သွားသတိရမိပါတယ်။ 

စည်းမဲ့ကမ်းမဲ့တွေ ပပျောက်ပြီး စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီနိုင်ငံတော်ကြီးဖြစ်လာဖို့ ဘယ်နှစ်နှစ် ကြိုးစားရမလဲလို့ လူရွှင်တော် တစ်ယောက်က မေးလိုက်တော့ တစ်ယောက်က လက်(၄)ချောင်းထောင်ပြပါတယ်။ (၄)လလားလို့မေးတော့ ခေါင်းခါပြတယ်။ 
(၄)နှစ်လားလို့ မေးတော့လဲ ဟင့်အင်းလို့ ငြင်းပြန်ပါတယ်။ 

ဒီလိုနဲ့ စိတ်မရှည်နိုင်တော့ “မင်းထောင်ပြတဲ့ လက်(၄)ချောင်းက ဘာလဲကွာ” လို့ မေးလိုက်မှ “လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်း” တဲ့။

မျိုးဝင်းအောင်(မြင်းမူ)

0 comments:

Post a Comment