Sunday, 20 January 2013 22:09 |
၂၀၀၈ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ ငါးနှစ်တာကာလအတွင်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လူသတ်မှု၊ မုဒိမ်းမှုအပါအ၀င် အမှုကြီး ၁၀ မျိုးတွင် ဖြစ်ပွားမှုအရေအတွက် ၈၀၀၀ ကျော်ရှိခဲ့ပြီး ၂၀၁၂ ခုနှစ် တစ်နှစ်တည်း အမှုအရေအတွက်သည် ငါးနှစ်အတွင်း အမြင့်ဆုံး ဖြစ်ပြီး လူသတ်မှုနှင့် မုဒိမ်းမှုဖြစ်ပွားမှုမှာ ယခင်နှစ်များကထက် ပိုမိုများပြားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ တရားဝင်ထုတ်ပြန်ချက်များအရ သိရသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ လူသတ်မှု၊ ဓားပြမှု၊ လုယက်မှု၊ ပြန်ပေးမှု၊ မုဒိမ်းမှု၊ ဖောက်ထွင်းမှု၊ တိရိစ္ဆာန်ခိုးမှု၊ နိုင်ငံတော်ပုန်ကန်မှု၊ လက်နက်မှုနှင့် မတရားအသင်းအမှုများကို အမှုကြီး ၁၀ မျိုးစာရင်းတွင် ထည့်သွင်းထားသည်။
နှစ်အလိုက် အမှုကြီး ၁၀ မျိုး ဖြစ်ပွားမှု အချက်အလက်များအရ ၂၀၁၂ ခုနှစ်တွင် ဖြစ်ပွားမှု အရေအတွက် ၂၃၁၈ မှုဖြင့် အများဆုံးဖြစ်ကြောင်း သိရသည်။ နှစ်အလိုက် အမှုကြီး ၁၀ မျိုး ဖြစ်ပွားမှုအရေအတွက်မှာ ၂၀၀၈ ခု နှစ်တွင် ၁၄၈၄ မှု၊ ၂၀၀၉ ခုနှစ်တွင် ၁၃၉၈ မှု၊ ၂၀၁၀ ပြည့်နှစ်တွင် ၁၃၆၄ မှု၊ ၂၀၁၁ ခုနှစ်တွင် ၂၂၉၀ မှုနှင့် ၂၀၁၂ ခုနှစ်တွင် ၂၃၁၈ မှုဖြစ်ပြီး ငါးနှစ်အတွင်းဖြစ်ပွားခဲ့သည့် အမှုကြီးအရေအတွက် စုစုပေါင်း ၈၈၅၄ မှု ဖြစ်သည်။
၂၀၁၂ ခုနှစ်သည် ငါးနှစ်တာကာလအတွင်း မှုခင်းဖြစ်ပွားမှု အများဆုံးနှစ်ဖြစ်ပြီး လူသတ်မှုနှင့် မုဒိမ်းမှုဖြစ်ပွားမှုမှာလည်း အမြင့်ဆုံးဖြစ်ကြောင်း သိရသည်။
၂၀၁၂ ခုနှစ်အတွင်း လူသတ်မှု ၁၃၂၃ မှု၊ ဓားပြမှု ၁၀ မှု၊ လုယက်မှု ၉၁ မှု၊ ပြန်ပေးမှု ၃၇ မှု၊ မုဒိမ်းမှု ၆၅၄ မှု၊ ဖောက်ထွင်းမှု ၃၅ မှု၊ တိရိစ္ဆာန်ခိုးမှု ၅၄ မှု၊ လက်နက်မှု ၁၁ မှု၊ မတရားအသင်း ၁၀၃ မှု စုစုပေါင်း ၂၃၁၈ မှု ဖြစ်ပွားခဲ့သည်။
နှစ်အလိုက် လူသတ်မှုဖြစ်ပွားသည့် အရေအတွက်မှာ ၂၀၀၈ ခုနှစ်တွင် ၇၉၁ မှု၊ ၂၀၀၉ ခုနှစ်တွင် ၇၄၁ မှု၊ ၂၀၁၀ ပြည့်နှစ်တွင် ၇၉၅ မှု၊ ၂၀၁၁ ခုနှစ်တွင် ၁၂၄၅ မှုနှင့် ၂၀၁၂ ခုနှစ်တွင် ၁၃၂၃ မှုတို့ဖြစ်ပြီး မုဒိမ်းမှု ဖြစ်ပွားသည့် အရေအတွက်မှာ ၂၀၀၈ ခုနှစ်တွင် ၄၃၀ မှု၊ ၂၀၀၉ ခုနှစ်တွင် ၃၈၄ မှု၊ ၂၀၁၀ ပြည့်နှစ်တွင် ၃၇၇ မှု၊ ၂၀၁၁ ခုနှစ်တွင် ၆၀၅ မှု၊ ၂၀၁၂ ခုနှစ်တွင် ၆၅၄ မှုတို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထိုသို့ မှုခင်းများ ကျူးလွန်ရာတွင် ကျူးလွန်ပုံကျူးလွန်နည်းများသည် ခေတ်နှင့်အညီ ပြောင်းလဲလျက်ရှိကြောင်းနှင့် အင်တာနက်ကြည့်၍ လည်းကောင်း၊ နိုင်ငံခြားမှ တရားမ၀င်တင်သွင်းလာသည့် ဆင်ဆာမဲ့၊ ညစ်ညမ်းဗီဒီယို အခွေများကြည့်၍ လူသတ်မှု၊ မုဒိမ်းမှု၊ လုယက်မှု၊ နာကျင်စေမှု၊ ခိုးမှုနှင့် အခြားပြစ်မှုများ ကျူးလွန်လာကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သုံးသပ်ထားသည်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှလည်း လူသတ်မှု လျော့နည်းကျဆင်းစေရေးအတွက် ကြိုတင်ကာကွယ်သည့်အနေဖြင့် လက်နက်ပုန်း၊ လောင်းကစား၊ မူးယစ်ဆေးဝါး၊ ယစ်မျိုးစသည့် အမှုများကို ဖမ်းဆီးအရေးယူမှုများ ပြုလုပ်နေပြီး မုဒိမ်းမှုလျော့နည်းကျဆင်းစေရေး မူးယစ်ဆေးဝါး၊ ယစ်မျိုး၊ ညစ်ညမ်းဗီဒီယို ဖမ်းဆီးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အမှုကြီး (၁၀) မျိုးဖြစ်ပွားမှု အခြေအနေ
စဉ် အမှုအမျိုးအစား ၂၀၀၈ ၂၀၀၉ ၂၀၁၀ ၂၀၁၁ ၂၀၁၂
(၁) လူသတ်မှု ၇၉၁ ၇၄၁ ၇၉၅ ၁၂၄၅ ၁၃၂၃
(၂) ဓားပြမှု ၉ ၁၇ ၁၈ ၁၃ ၁၀
(၃) လုယက်မှု ၄၇ ၇၈ ၄၈ ၁၀၄ ၉၁
(၄) ပြန်ပေးမှု ၁ ၂ ၂ ၄၁ ၃၇
(၅) မုဒိမ်းမှု ၄၃၀ ၃၈၄ ၃၇၇ ၆၀၅ ၆၅၄
(၆) ဖောက်ထွင်းမှု ၉ ၇ ၁၁ ၁၅၀ ၃၅
(၇) တိရစ္ဆာန်ခိုးမှု ၈၀ ၇၆ ၅၄ ၃၉ ၅၄
(၈) နိုင်ငံတော်ပုန်ကန်မှု - ၁ - - -
(၉) လက်နက်မှု ၁၈ ၁၇ ၁၇ ၁၁ ၁၁
(၁၀) မတရားအသင်း ၉၉ ၇၅ ၄၂ ၈၂ ၁၀၃
စုစုပေါင်း ၁၄၈၄ ၁၃၉၈ ၁၃၆၄ ၂၂၉၀ ၂၃၁၈
|
0 comments:
Post a Comment