ကမ္ဘာထိပ်တန်း ငွေလွှဲပို့ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သော Western Union နှင့် ပြည်တွင်းပုဂ္ဂလိဘဏ် ၇ ခုဖြစ်သော ကမ္ဘောဇဘဏ်၊ သမ၀ါယမဘဏ်၊ ပထမပုဂ္ဂလိကဘဏ်၊ မြန်မာ့အရှေ့ဆောင်ဘဏ်၊ မြန်မာ့မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးရေးဘဏ်၊မြန်မာ့အရှေ့တိုင်းဘဏ်၊ ယူနိုက်တက်အမရာဘဏ်တို့နှင့် ချိတ်ဆက်၍ ပြည်ပငွေလွှဲဝင် ၀န်ဆောင်မှုလုပ်ငန်းအား စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း ဇန်န၀ါရီလ ၁၂ ရက်နေ့က သိရပါသည်။
"Western Union လို ကမ္ဘာ့နံပတ်တစ် ငွေလွှဲလုပ်ငန်းဖွဲ့အစည်းနဲ့ ပြည်တွင်းဘဏ်တွေ ချိတ်ဆက်ပြီး လုပ်ဆောင်နိုင်တာဟာ အောင်မြင်မှုတစ်ခုပါ။ မြန်မာနိုင်ငံကနေ နိုင်ငံခြားမှာ အလုပ်သွားလုပ်နေသူဟာ ၂ သန်းကျော် ၃ သန်းနီးပါး ရှိတဲ့အတွက် မြန်မာပြည်ကို ငွေလွှဲဖို့ မြန်မာနိုင်ငံမှာရှိတဲ့ ဘဏ်တွေနဲ့ Western Union နဲ့ ချိတ်ဆက်လိုက်တဲ့အတွက် မြန်မာနိုင်ငံကို ငွေပြန်ပို့တဲ့နေရာမှာ အဆင်ပြေစေပါတယ်။ နိုင်ငံခြားက တခြားလုပ်ငန်းတွေလည်း ချိတ်ဆက်လုပ်ဆောင်မှာဖြစ်လို့ ဘဏ်စနစ်ကို နိုင်ငံတကာဘဏ်စနစ်အဖြစ် တိုးမြှင့်ဖို့ဆောင်ရွက်နေတဲ့အချိန်မှာ Western Union နဲ့ ချိတ်ဆက်လိုက်ခြင်းဟာ အရေးကြီးတဲ့ ခြေလှမ်းတစ်ခုပါ" ဟု ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ ဒု-၀န်ကြီး ဒေါက်တာမောင်မောင်သိမ်းက ပြောကြားပါသည်။
Western Union မှ အာရှပစိဖိတ်၏ မန်နေးဂျင်းဒါရိုက်တာနှင့် စီနီယာ ဒုတိယဥက္ကဌဖြစ်သူ Drina Yue က မြန်မာနိုင်ငံအတွက် အရှိန်အဟုန်တိုးမြှင့်ရာတွင် ငွေကြေးအကောင့်ဖွင့်ခြင်းနှင့် လိုအပ်သည့်အချိန်တွင် ငွေပေးချေခြင်း ပြုလုပ်နိုင်သည်အထိ ဆောင်ရွက်ပေးရန်ရည် ရွယ်ထားကြောင်း၊ နိုင်ငံတကာ ငွေလွှဲမှုသည် နိုင်ငံခြားရှိ မြန်မာလူမျိုးများ၏ မိသားစုများအတွက် မရှိမဖြစ် အရေးပါသော ၀န်ဆောင်မှုတစ်ခုဖြစ်ကြောင်း၊ မြန်မာလူမျိုးများအနေဖြင့် အရှေ့တောင်အာရှ၊ မြောက်အာရှ၊ အမေရိကန်ပြည်ထောင်စု၊ ဥရောပ၊ သြစတြေးလျ စတဲ့မည်သည့်နေတွင် ရှိသည်ဖြစ်စေ Western Union မှ ၀န်ဆောင်မှုပေးနိုင်ကြောင်း ထည့်သွင်းပြောကြားပါသည်။
'နိုင်ငံတကာ ငွေလွှဲမှုလုပ်ငန်းက ဒီနေ့ဖွင့်ပြီဆိုတော့ မနက်ဖြန် စတင်လုပ်ဆောင်လို့ရပါပြီ။ အဓိကရည်ရွယ်ချက်ကတော့ အရင်က နိုင်ငံခြားမှာသွားလုပ်နေတဲ့ မိဘပြည်သူတွေ အနေနဲ့အရင်က ငွေလွှဲတဲ့အခါ လုံခြုံစိတ်ချရမှု နည်းပါတယ်။ ငွေလွှဲတဲ့အခါမှာလည်း နည်းလမ်းအမျိုးမျိုးနဲ့ ငွေလွှဲနေရတယ်။ အခုချိန်မှာ Western Union နဲ့ပြည်တွင်းက နိုင်ငံတော်အသိအမှတ်ပြု ဘဏ်တွေလုပ်တာ ဖြစ်တဲ့အတွက် ငွေကြေးကို ယုံကြည်စွာ မြန်မြန်ဆန်ဆန်နဲ့ ငွေပို့လို့ရပါပြီ" ဟု ယူနိုက်တက်အမရာဘဏ်မှ Chief Executive Officer ဦးသန်းဝင်းဆွေက ပြောကြားပါသည်။
ကမ္ဘောဇဘဏ်မှ အကြီးတန်း အထွေထွေမန်နေဂျာ ဦးဇော်လင်းထွဠ်က "ဘဏ်တွေဘက်ကကြည့်ရင် Product အသစ်တစ်ခု ဈေးကွက်ကို မိတ်ဆက်ပေးနိုင်တယ်။ အခုလိုမိတ်ဆက်ပေးတဲ့အတွက် ဒီ Product အပေါ်ကနေ ဘဏ်တွေက ၀င်ငွေရနိုင်တယ်။ စားသုံးသူဘက်ကကြည့်ရင် နိုင်ငံတကာက ငွေတွေကို အရင်က တရားမ၀င်အနေနဲ့ လွှဲနေရာကနေ အခု တရားဝင်လွှဲလို့ရတဲ့အတွက် ငွေရောက်မလာဘူးဆိုတဲ့စိတ်ကို ပူမစရာလိုတော့ဘူး။ အခုဆို Formal Channel က လွှဲတာဖြစ်တဲ့အတွက် လုံခြုံစိတ်ချမှုကို ပြည်သူတွေရလာမယ်" ဟု ပြောကြားပါသည်။
"ဒီဇင်ဘာ ၁၄ ရက်နေ့က Western Union နဲ့ လက်မှတ်ရေးထိုးပြီး jပည်ပငွေလွှဲလုပ်ငန်းကို စတင်လုပ်ဆောင်နေပါပြီ။ အခုဆို မြန်မာနိုင်ငံကို မြန်မြန်ဆန်ဆန်နဲ့ ငွေလွှဲလို့ရပါပြီ။ ငွေလွှဲနှုန်းပေါ်မူတည်ပြီး ၀န်ဆောင်မှုအနေနဲ့ Western Union က ၇၅ ရာခိုင်နှုန်း၊ သမ၀ါယမဘဏ်က ၂၅ ရာခိုင်နှုန်း အကျိုးအမြတ် ရမှာပါ" ဟု သမ၀ါယမဘဏ်မှ မန်နေးဂျင်းဒါရိုက်တာ ဦးဖေမြင့်က ပြောကြားပါသည်။
အမေရိကန်အခြေစိုက် Western Union သည် အာရှပစိဖိတ်တွင် ၂၁ နှစ်ကြာ လည်ပတ်ခဲ့ပြီး ဒေသတွင်း ၁၉ နေရာတွင် ရုံးခန်းများ ဖွင့်လှစ်ထားကြောင်း၊ ဘဏ်များ၊ နိုင်ငံခြားငွေကြေး လဲလှယ်ရေးနေရာများ၊ လက်လီနှင့်ခရီးသွားလုပ်ငန်းများ အပါအ၀င် အမျိုးအစားစုံလင်သော ကုန်သွယ်မှုများအတွက်လည်း ၀န်ဆောင်မှုပေးနေကြောင်း သိရသည်။
Western Union သည် Vigo, Orlandi Valuta, Pago Facil တို့ကဲ့သို့ နာမည်ရငွေပေးချေမှု ၀န်ဆောင်မှုလုပ်ငန်းတစ်ခု ဖြစ်သည့်အပြင် ၂၀၁၁ ခုနှစ်တွင် Western Union သည် ကမ္ဘာအနှံ့အပြားရှိ သုံးစွဲသူအချင်းချင်း ငွေကြေးချိတ်ဆက်မှု ၂၂၆ မီလျံ ဆောင်ရွက်ခဲ့ပြီး ဖောက်သည်ချင်း ငွေလွှဲမှုမှာ အမေရိကန်ဒေါ်လာ ၈၁ ဘီလျံနှင့် စီးပွားရေးဆိုင်ရာ ငွေပေးချေမှု ၄၂၅ မီလျံကို ဆောင်ရွက်ခဲ့သည်။
လက်ရှိတွင် နိုင်ငံပေါင်း ၂၂၀ ကျော်နှင့်ချိတ်ဆက်၍ ငွေလွှဲပို့ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးနေသော အဖွဲ့အစည်းတစ်ခုဖြစ်ပြီး အေးဂျင့်ပေါင်း ငါးသိန်းနှစ်သောင်း ၀န်းကျင်ခန့်ရှိကြောင်းနှင့် ကမ္ဘာဇဘဏ်၏ သဘောတူညီချက် ရလာမည့်လတွင် Western Union ၏ အေးဂျင့်နေရာကို ၂၅၀ ၀န်းကျင်ခန့် တိုးချဲ့သွားမည်ဖြစ်ကြောင်း သိရသည်။
0 comments:
Post a Comment