မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ်က အမေ့ရွာဖြစ်တဲ့ တောင်ဘိုရွာကို ပြန်တဲ့ အကြောင်းတွေ ပြောရင်းနဲ့ အညာက တောဓလေ့အစားအသောက်တွေအကြောင်း ရေးနေပါတယ်။
အမေ့ရွာတောင်ဘို (အဆက်)
ကုန်းကြီးရွာမှာ ခဏနားပြီးတော့ တောင်ဘိုရွာကို သွားဖို့ အနောက်စူးစူးဘက်ကို ထွက်ခဲ့ ပါတယ်။ ရွာကနေ ကျွန်တော်တို့ကို လာကြိုတဲ့ လှည်းတွေမှာ ကောင်းပေ့ဆိုတဲ့ နွားတွေတပ်ထားတော့ လှည်းယဉ် ကြော့ကြော့လေးတွေ ချူသံတလွင်လွင်နဲ့ လှည်းလမ်းကြောင်းပေါ်မှာ ပေါ့ပေါ့ပါးပါး ပြေးသွား နေပါတယ်။ လှည်းဆရာတွေက နွားတွေကို ရိုက်တယ်၊ နှက်တယ်ဆိုတာ မရှိပါဘူး။ ပါးစပ်က ချော့လိုက၊် အသံမာမာနဲ့ ငေါက်လိုက်၊ ဝါးဒုတ်ချောင်းသေးသေးလေးနဲ့ ကျောလေးတို့ပေးလိုက်နဲ့ တရှိန်ထိုးပြေးအောင် မောင်းတာပါ။ နွားတွေကိုလည်း ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေလိုပဲ ဆက်ဆံကြပါတယ်။ အညာက ရွာတွေမှာ နွားသေရင် ငိုကြတယ်။ တောင်သူ တော်တော်များများက နွားသေရင် မစားရက်ဘူး။ မြေမြှုပ်ကြပြီး တမ်းတမ်းတတရှိကြတယ်။ဒီလိုနွားတွေအပေါ်မှာ သံယောဇဉ်ရှိကြပြီး ချော့ချော့မော့မော့ ပြေပြေလည်လည် ရင်းရင်းနှီးနှီး ဆက်ဆံကြတဲ့ သဘောတရား ရှိတာကြောင့်လည်း ကျွန်တော်တို့ လှည်းကို ဆွဲပြီး ပြေးနေတဲ့ နွားလေးတွေဟာလည်း လှည်းကိုဆွဲပြီး ပြေးတာဟာ စိတ်ပါလက်ပါ တကယ့်ကို လုပ်ချင်လို့ လုပ်နေတဲ့ ပုံစံမျိုးတွေနဲ့ ပြေးနေကြတာပါ။ နွားတွေအားရပါးရပြေးကြတာဟာ လှည်းသမားရိုက်မှာကြောက်လို့ နှိပ်စက်မှာ ကြောက်လို့ဆိုတာထက် လှည်းဆရာကို ချစ်လို့ သူ့အလိုကျ ကြွကြွရွရွလေးတွေ ပြေးပေးနေတဲ့ သဘောကို ဆောင်ပါတယ်။ ဒီလိုနဲ့ မနက်ခင်းအညာနေတက် သဲလမ်းကြောင်းလှည်းလမ်းထဲမှာ ကျွန်တော်တို့ လှည်းလေးပြေးသွားနေပါတယ်။ အဲဒီအချိန်မှာ မနက် (၉းဝဝ)နာရီ လောက်ဆိုပေမယ့် နေကတော့ တော်တော်လေးပူနေပါပြီ။ ဆောင်းဖို့ ထီးတွေထုတ် ပေးထားပေမယ့် ကျွန်တော်တို့ ကလေးတစ်သိုက် ကတော့ ထီးကို သိပ်မမက်ပါဘူး။ လှည်းနောက်က တကောက်ကောက် လိုက်နေတဲ့ ခွေးကို အစာကျွေးလိုက်၊ စ လိုက်နဲ့ ဆူညံအော်ဟစ်ပြီး လိုက်လာ ကြပါတယ်။ ခွေးတွေအကြောင်း ပြောရမယ်ဆိုရင် အညာမှာ ခွေးနဲ့ လှည်းဟာ ခွဲမရဘူးလို့ ပြောရပါမယ်။ အညာတောက ရွာတွေမှာ ဘယ်အိမ်ကမဆို လှည်းထွက်တာနဲ့ အဲဒီအိမ်က ခွေးကလည်း လှည်းအောက်ကဖြစ်ဖြစ်၊ လှည်းနောက်ကဖြစ်ဖြစ် တကောက်ကောက် လိုက်တော့တာပါပဲ။ ရန်ကုန်မြို့ပေါ်မှာ ကိုယ်ပိုင် ကားလေးတွေပေါ် ခွေးတွေ တင်လာတဲ့အခါ ခွေးလေးတွေ ကားပြတင်းပေါက်ကနေ ခေါင်းလေးတွေ ထုတ်လို့ ကားလိုက်စီးတာ မြင်ရင် ရွာမှာ လှည်းအောက်က ခွေးလေးတွေ ပြေးလိုက်တာကို သတိရပါတယ်။ ကြုံတုန်း အညာဒေသမှာ ရွာကလူတွေ လှည်းနဲ့ ခရီးသွားတဲ့အကြောင်း နည်းနည်း ပြောပြချင်ပါတယ်။ ကျွန်တော် ကလေးဘဝတုန်းက ဝမ်းတွင်းနယ်တဝိုက်မှာ လမ်းပန်းဆက်သွယ်ရေးက လုံးဝမကောင်းပါဘူး။ အဲတော့ ရွာတစ်ရွာကနေ တစ်ရွာကြားမှာကားလမ်းဆိုတာ လုံးဝမရှိ။ ကားလမ်းမကြီးဘေးမှာရှိတဲ့ ရွာတွေကသာ ကားစီးလို့ရတာ။ ကျန်တဲ့ရွာတွေမှာ တနေရာကနေ တနေရာကိုသွားရင် ခြေလျင် သွားရင်သွား၊ လှည်းနဲ့ သွားရင်သွား ဒီနှစ်နည်းပဲရှိတယ်။ အဲဒီတုန်းက လှည်းခရီးဆိုတာ ခရီးတိုတွေရှိသလို ခရီးဝေးတွေလည်း လှည်းနဲ့ သွားရတာရှိပါတယ်။ တစ်ခါတလေ မိုင် (၂ဝ)ကျော်ကျော် လှည်းနဲ့သွားကြရတာပါ။ ဥပမာပြောရမယ်ဆိုရင် အမေ့ရဲ့အစ်ကို ဦးမောင်မောင်ဟာ မန္တလေး ဝက်စလီကျောင်း မှာ နေပါတယ်။ ဦးလေး ဦးမောင်မောင် တောင်ဘိုရွာကနေ မန္တလေး ဝက်စလီကျောင်းတက်ဖို့ သွားမယ်ဆိုရင် မန္တလေး ရထားစီးဖို့ ကူမဲနဲ့ သဲတော ဘူတာကြားမှာရှိတဲ့ သပြေတောင်းဆိုတဲ့ ဘူတာသေးသေးလေးကို သွားရပါတယ်။ အဲလို တောင်ဘိုရွာကနေ သပြေတောင်း ဘူတာကို သွားတာဟာ မိုင် (၂ဝ) ကျော် ဝေးပါတယ်။ ဒီခရီးကို လှည်းနဲ့ပဲ သွားရတာပါ။ ကားလမ်းမှ မရှိတာကိုး။ ဘယ်လိုသွားလဲဆိုတာပြောရမယ်ဆိုရင် တောင်ဘိုကနေ အရှေ့ကို လှည်းနဲ့ တက်ရပါတယ်။ လှည်းလမ်းကြောင်းက တောင်ဘိုကနေ အရှေ့ဘက်ကိုသွား၊ ကုန်းကြီးရွာကို ဖြတ်၊ ရွှေတောင်ရွာရောက်တော့၊ ရန်ကုန်၊ မန္တလေး ကားလမ်းကို ကျော်ပြီး အရှေ့ကို လှည်းလမ်းအတိုင်း တော်တော်ကြီး ဆက်သွားတော့မှ သပြေတောင်းဘူတာကို ရောက်တာပါ။ အဲလောက်ဝေးတဲ့ခရီးကို လှည်းနဲ့ပဲ သွားရပါတယ်။ ဒီပြင် သွားစရာနည်းလမ်းမှ မရှိတာကိုး။ ဒီလိုပဲ ဟိုဘုရားပွဲ၊ ဒီဘုရားပွဲ ရွာနီးချုပ်စပ်က ဘုရားပွဲတွေသွားရင်လည်း အညာဒေသမှာ ရွာကလူတွေဟာ လှည်းတွေနဲ့ပဲ သွားကြရတာပါ။ တစ်ခါတလေ အလွန်ကို ဝေးတဲ့ မြို့တစ်မြို့နဲ့ တစ်မြို့သွားတာလည်း လှည်းနဲ့ သွားကြပါတယ်။ နွေဦးပေါက်ပြီဆိုရင် အညာမှာ နေခြစ်ခြစ်တောက်ပူပြီး လယ်တွေ ပတ်ကြားအက်ကွဲပြီး စိုက်ပျိုးရေးလုပ်ငန်းတွေ ဘာမှ လုပ်လို့ မရပဲ၊ တောင်သူတွေ နားကြရပါတယ်။ အဲဒီ အခါမျိုးမှာ အမေ့ရွာ တောင်ဘိုနားတဝိုက်က လူတွေဟာ မိသားစုလိုက်၊ အုပ်စုလိုက် လှည်းတွေနဲ့ မိုင် (၅ဝ)ကျော်ဝေးတဲ့ တောင်ပေါ်တက် တောခုတ်လေ့ရှိကြပါတယ်။ တောခုတ်တယ်ဆိုတာ ထင်းခုတ်တာကို ပြောတာပါ။ အစိုးရက ခုတ်ရမယ့် ကြိုးဝိုင်း သတ်မှတ်ပေး ထားပါတယ်။ အဲဒီနေရာတွေကို လှည်းနဲ့ သွား၊ တနွေလုံး တောင်ပေါ်မှာနေ၊ ထင်းခုတ်လိုက်၊ ထင်းခွေလိုက၊် လှည်းနဲ့သယ်ပြီး တောင်ခြေက ရွာတွေမှာ ရောင်းချင်ရောင်း ဒါမှမဟုတ် သဲတော၊ ဝမ်းတွင်းအထိ လာရောင်း၊ တောင်ပေါ်ပြန်တက်၊ တစ်ခါတလေ တောင်ပေါ်မှာတင် ခုတ်ပြီးသား ထင်းတွေနဲ့ မီးသွေးဖုတ်၊ မီးသွေးကို တောင်ခြေသွားရောင်း၊ ဒီလှည်း ဒီနွားနဲ့ ဒီမိသားစုတွေ သွားလာလုပ်ကိုင် လှုပ်ရှားနေကြတာကို တွေးမိတော့ ငယ်ငယ်တုန်းက အညာမှာနေခဲ့ရတဲ့ ဘဝကို သတိရမိပါတယ်။ လှည်းဟာ အညာကလူတွေအတွက် မရှိမဖြစ် တကယ့်ကို အသုံးဝင်တဲ့ ပို့ဆောင်ရေးယာဉ် တစ်ခုဖြစ်ပြီး သူတို့ ဘဝရဲ့ တစ်စိတ်တဒေသ မရှိမဖြစ်အရာမျိုး ဖြစ်နေပါတယ်။ အညာကလူတွေအတွက် လှည်းဟာ ဘာနဲ့တူလဲဆိုတော့ အနောက်နိုင်ငံတွေမှာ ဟောလီးဒေးသွား၊ ပစ်ကနစ်သွား၊ နယ်လှည့်ခရီးထွက်ရင် သုံးတဲ့ ကရာဗင် (caravan) နဲ့ တူပါတယ်။ ဘာလို့တူတာလဲ ဆိုတာရှင်းပြပါမယ်။ ကရာဗင်ကို အဓိပ္ပါယ်ဘယ်လို ဖွင့်ထားသလဲဆိုတော့ a vehicle equipped for living accommodadtion တဲ့။ လူနေလို့ရအောင် ပြင်ဆင်စီစဉ် ထားတဲ့ ယာဉ်လို့ပြောရမှာပါ။ ကရာဗင်ဟာ နောက်ဆွဲကား၊ ဒါမှမဟုတ် လူနေလို့ရအောင် တခါတည်း လုပ်ထားတဲ့ ကားကို ခေါ်တာပါ။ ကရာဗင်ကို မောင်းသွားပြီး ရပ်ချင်တဲ့နေရာ ရပ်၊ အိပ်ချင်တဲ့နေရာ အိပ်လို့ရတယ်။ အဲဒီလိုကားပေါ်မှာ လူနေအသုံးအဆောင်ရယ်၊ မီးဖိုချောင် ပစ္စည်းအားလုံး ပါတာမျိုးကို ကရာဗင်လို့ ခေါ်တာပါ။ အညာက လှည်းဟာလည်း အနောက်တိုင်းက ကရာဗင်တွေလိုပါပဲ။ ရက်တွေ ချီပြီးသွားရတဲ့ ခရီးဝေးသွားတဲ့ လှည်းတွေပေါ်မှာ အိမ်တစ်ခုလို မိသားစုလိုက် နေလို့အိပ်လို့ရအောင် အကုန်လုံး ပြီးပြည့်စုံအောင် ပါတာပါ။ ဒါကြောင့် လှည်းဟာ အနောက်တိုင်းက ကရာဗင်နဲ့ သိပ်တူတာပဲလို့ ပြောချင်တာပါ။ အညာဒေသ တောသူတောင်သားတွေအတွက် ခရီးရှည်သွားတဲ့ လှည်းတွေပေါ်မှာ ခရီးသွားအသုံးအဆောင် စားစရာ၊ သောက်စရာ အစစအရာရာနဲ့ အိပ်စရာနေစရာ ပစ္စည်းတွေ အပြည့်အစုံပါပါတယ်။ ကျွန်တော့်အမြင်ကို ပြောရရင်တော့ လှည်းဟာ အညာက ကရာဗင်လို ခရီးသွားယာဉ်တစ်မျိုးပါပဲ။ ဒီလို ခရီးဝေးသွားတဲ့ လှည်းတွေမှာ ဝါးနဲ့ ရက်ထားတဲ့ ဖျာကို ပေါင်းမိုးလုပ်ပြီး တင်ထားပါတယ်။ လှည်းပေါ်မှာ ဝါးဖျာပေါင်းမိုး အလုံးလေးနဲ့ပါ။ ရှေးတုန်းက အမေရိကန်စစ်တပ်တွေက မြင်းလှည်းအမိုးပုံစံမျိုးပေါ့။ အဲဒီ အမိုးပေါ်မှာ ထင်းစီးလိုဟာမျိုးတွေ တင်ထားပါသေးတယ်။ ပြီးတော့ အမိုးအောက်ထဲဝင်လိုက်တော့ လှည်းထဲမှာလည်း သပ်သပ်ရပ်ရပ် လုံလုံခြုံခြုံနဲ့ ပစ္စည်းတွေ တစ်စုတစ်စည်းတည်း တင်လို့ရတယ်။ ဒီဝါးဖျာ အမိုးဟာ အညာနွေရဲ့ ဒဏ်၊ အညာဆောင်းရဲ့ အအေးဒဏ်တွေကိုလည်း ကာကွယ်ပေးပါတယ်။ ဒီလိုပေါင်းမိုးနဲ့ ပစ္စည်းအပြည့် တင်ထားတဲ့ လှည်းလေးကို မောင်းပြီး အညာသားတွေ ခရီးထွက်ရင် လှည်းကို မောင်းသွား၊ ရပ်ချင်တဲ့နေရာ ရပ်ကြပြီး နားနားနေနေ ထမင်းဟင်း ချက်စားကြတယ်။ အဲလို ရပ်ချင်တဲ့နေရာမှာ ရပ်ပြီး ထမင်းဟင်း ချက်ပြုတ် စားတော့မယ်ဆိုရင် နွားတွေကို လှည်းက ချွတ်ပြီး တစ်နေရာမှာ တိုင်စိုက်ပြီး ကြိုးရှည်ရှည်နဲ့ ချည်ထားလိုက်ပါတယ်။ အဲလိုလုပ်တာကို နွားတွေကို လှန်တယ်လို့ ခေါ်ပါတယ်။ ပထမဆုံး နွားတွေစားဖို့ လှည်းပေါ်မှာ သယ်လာတဲ့ ကောက်ရိုးထုံးကိုချ ဖြေပြီးကျွေးရတယ်။ ပြီးတော့ နွားတွေ ရေသောက်ဖို့ သီးသန့်ယူလာတဲ့ ရေခွက်ခပ်ပြန့်ပြန့်ကြီးကို နွားတွေရှေ့မှာ သွားချပါတယ်။ ဆိုလိုတာက လှည်းခရီးစဉ်မှာ ပထမဆုံး ဦးစားပေး ဂရုစိုက်ရမှာက ခရီးတစ်လျှောက်လုံး ရုန်းကန်ပြေးလွှားပြီး လှည်းနဲ့ ခရီးသည်တွေကို ဆွဲလာရတဲ့ နွားတွေပါ။ သူတို့မပါရင် ခရီးစဉ် ပျက်သွားမှာပါ။ ဒါကြောင့် လှည်းဆရာတွေဟာ နွားတွေကို တကယ့် ဆွေမျိုးသားချင်း လုပ်ဖော်ကိုင်ဖက်ရောင်းရင်း လူအချင်းချင်း ဆက်ဆံသလို သိပ်ပြီးဂရုစိုက်ကြပါတယ်။ ဒါကြောင့် ခရီးပန်းလာတဲ့ နွားတွေကို အရင်ဆုံး ပြုစုတာပါ။ နွားတွေ ဖြုတ်ပြီး၊ လှန်ပြီးတာနဲ့ လှည်းပေါ်တင်လာတဲ့ ပစ္စည်းတွေအောက်ချပြီး လှည်းကြီးကို ထောင်လိုက်ပါတယ်။ လှည်းဖင်မြီးဟာ မြေကြီးကို ထိပြီး ထမ်းပိုးတွေက မိုးပေါ်ထောင်လို့ပေါ့။ အဲတော့ လှည်းကြမ်းခင်းက တစ်စောင်းလေးဖြစ်ပြီး အမိုးသဘောမျိုးဖြစ်၊ ဘေးတစ်ဖက်တစ်ချက်မှာ လှည်းဘီးတွေ ကာထားပြီး လှည်းအောက်နေရာလေးဟာ နားစရာခိုစရာ တဲလေးထိုးထားသလို ဖြစ်သွားပါတယ်။ အဲဒီ လှည်းအောက်မှာ ဖျာလေးဘာလေးခင်းပြီး အကွယ်အကာရှိတဲ့ နေရာလေးလို့ သတ်မှတ်ပြီး နေကြထိုင်ကြ အိပ်ကြပါတယ်။ အဲလို နွားနဲ့ လှည်းကို နေရာချပြီးတော့မှ ချက်ဖို့ ပြုတ်ဖို့ စီစဉ်ကြရတော့တာပါ။ ထမင်းဟင်း ချက်တယ်ဆိုပေမယ့် လှည်းပေါ်မှာ အနောက်တိုင်းကရာဗင် ကားထဲမှာလို ထမင်း၊ ဟင်း ချက်စရာမီးဖိုချောင်လိုတော့ မပါဘူးပေါ့။ လှည်းခရီးမှာ မီးဖိုဆိုတာ လှည်းလမ်းဘေးမှာဖိုတဲ့ မီးဖိုပဲပေါ့။ မီးဘယ်လို ဖိုသလဲဆိုရင် ပထမဆုံး မြေနေရာပြန့်ပြန့် သန့်သန့်လေးကိုရွေး၊ လှည်းပေါ်မှာ ပါလာတဲ့ အုတ်ခဲလေးတွေနဲ့ ဖိုခနောက်ဆိုင် မီးဖိုတွေလုပ်၊ လှည်းပေါ်မှာ ပါလာတဲ့ ထင်းလေးတွေကို အုတ်ခဲလေးတွေ ကြားမှာပုံ၊ ရေနံဆီလေး လောင်းပြီးမီးမွှေး၊ ဒါမှမဟုတ်ရင် အဲဒီတုန်းကခေတ်စားတဲ့ ထင်းရူးဆီအခဲလေးတွေကို မီးရှို့ပြီးမွှေး၊ ဘာမှ ပါမလာရင် သစ်ရွက်ခြောက်လေးတွေပုံ မီးရှို့ပြီး မီးမွှေး၊ ဒီလိုနဲ့ မီးဖို ဖိုပြီး ထမင်းဟင်း ချက်ကြရတာပါပဲ။ များသောအားဖြင့် လှည်းပေါ်မှာ အဲလို မီးဖိုလို့ရတဲ့ပစ္စည်းတွေ အစုံအလင်ပါပါတယ်။ ပြီးတော့ ဟင်းချက်စရာ အခြောက်အခြမ်းတွေလည်း သယ်လာသေးတယ်။ အဓိကကတော့ အမဲခြောက်၊ ငါးခြောက် ဖြစ်ပါတယ်။ တစ်ခါတလေ ကြက်ဥ၊ ဘဲဥ အပိုဆောင်လာတတ်တယ်။ ထမင်းချက်စရာ ဆန်အိတ် သေးသေးလေးနဲ့ ရေအိုးလေးလည်း ပါတယ်။ ဆန်၊ ဆီ၊ ဆား၊ ငရုပ်သီး၊ ဟင်းချက်စရာ တိုလီမိုလီ အစာပလာလေးတွေကို ဘူးလေးတွေ၊ ပုလင်းလေးတွေနဲ့ ထည့်လာမယ်။ အဲဒီလို စုံစီနဖာ ပစ္စည်းတွေကို အညာမှာသုံးလေ့ရှိတဲ့ ထန်းခေါက်တောင်းထဲမှာ ထည့်ပြီး လှည်းဦးမှာ တင်လာပါတယ်။ ပြီးတော့ လှည်းထိပ်မှာ ဓါးမတစ်လက်ကို ထိုးထားသေးတယ်။ နောက်ဆုံး လှည်းခရီးစဉ်မှာ မပါမဖြစ်တာကို ပြောရမယ်ဆိုရင်တော့ လှည်းအောက်က ခွေးပေါ့။ ရှေ့မှာ ပြောခဲ့သလိုပဲ အိမ်ကခွေးဟာ လှည်းထွက်ကတည်းက တစ်ကောက်ကောက် လှည်းနောက်၊ လှည်းအောက်ကနေ လိုက်တော့တာပါပဲ။ အညာတောရဲ့ အကျင့်ကတော့ ခရီးသွားရင် လောက်လေးခွလေးတွေ ပါကြပြီးလမ်းမှာတွေ့တဲ့ ချိုး၊ ခါ၊ ဆက်ရက်တွေကိုပစ်၊ ဖွတ် ပဒတ်လိုက်၊ ခရီးသွားဟန်လွဲ ဟင်းစားလေး ရအောင် တောလိုက်ကြတဲ့ အကျင့်ရှိပါတယ်။ အဲဒီတော့ ခွေးက လှည်းနောက်ကလိုက်ရင်း ယုန်တို့၊ ဖွတ်တို့ တွေ့လို့ ဟောင်ပြီဆိုရင် လှည်းပေါ်ကလူတွေ ဓါးဆွဲ၊ လောက်လေးခွဆွဲပြီး ခွေးနဲ့အတူ တောလိုက်ကြတော့တာပဲ။ ဒါကြောင့် ခွေးဟာလည်း ခရီးစဉ်မှာ အရေးပါအရာရောက်တဲ့ ခရီးသွားအဖွဲ့ဝင်တစ်ယောက်ပါ။ ကိုယ့်သခင်ကိုလည်း ကာကွယ် စောင့်ရှောက်ပေးတတ်ရုံမကပဲ တောလိုက်တာမှာလည်း အထောက်အကူ ဖြစ်ပါတယ်။ တကယ်ကို အစစအရာရာ အသုံးကျတဲ့ ခွေးပါ။ ကရာဗင်နဲ့ခရီးသွားသလို ခရီးသွားကြတဲ့ အညာလှည်း စနစ်ပါ။ ဆက်ပြောရဦးမယ်ဆိုရင် ကရာဗင်မှာ တွိုင်းလက်ပါသလို အညာက လှည်းသမားတွေအတွက်လည်း အညာစတိုင် တွိုင်းလက်ရှိပါတယ်။ ကရာဗင်ပေါ်က တွိုင်းလက် ဆိုတာလေးတွေဟာ ကားပေါ်မှာ ရသလောက်နေရာလေးကို လုပြီး ဖြစ်ကတက်ဆန်း ကျဉ်းကျဉ်း ကျုပ်ကျုပ် လုပ်ထားတာလေးတွေပါ။ အညာတောခရီး မှာတော့ ခရီးတစ်လျှောက် ဘယ်နားမှာဖြစ်ဖြစ် လူရှင်းတဲ့ နေရာမှာ ရပ်ပြီး ခြုံတွေကြားမှာ တောထိုင်လို့ရတဲ့ လှည်းစီးခဲ့တဲ့လူတွေ သုံးတဲ့ အညာ တွိုင်းလက်ပါ။ အညာလှည်းခရီးမှာ တောထိုင်ရတာကတော့ ကရာဗင်တွိုင်းလက်ထဲဝင်ရတာနဲ့ တခြားစီပါ။ ကရာဗင် တွိုင်းလက် ကျဉ်းကျဉ်းလေးထဲမှာ လှောင်နေပြီး ထိုင်ရပြုရတာ ခက်ခက်ခဲခဲ၊ အညာချုံပုတ်တွေ ကြားက တောထိုင်တဲ့ တွိုင်းလက်ကတော့ လေတဟူးဟူးနဲ့ ကွင်းပြင်ထဲမှာ လွတ်လွတ်လပ်လပ်။ လှည်းရပ် စခန်းချလိုက်ပြီးတာနဲ့ လှည်းနဲ့ ခပ်ဝေးဝေး ချုံလေးတွေဆီကို သွား ကြိုက်တဲ့ချုံပုတ်ကိုရွေး၊ ထိုင်ချင်သလိုထိုင်ကြပါတယ်။ ချုံအကွယ်မှာ ငုတ်တုတ်လေးထိုင် လုံချည်လေးမ လေကောင်းလေသန့်ရှုရင်းနဲ့ အားရပါးရ အခင်းကြီးသွားလိုက်ရတာ ဘာနဲ့မှ အရသာမတူအောင်ကို ဇိမ်တွေ့ကြပါတယ်။ မစင်တုံးတခွေထွက်ပြီးရင် ရှေ့နားတစ်နေရာ ရွှေ့သွားရင်း ကိုယ့်မစင် ကိုယ်ပြန် မနင်းမိအောင်လည်း ဂရုစိုက်ရပါသေးတယ်။ အားလုံးကိစ္စဝိစ္စပြီးပြီဆိုတော့မှ သန့်စင်ဖို့ အနီးအနားက ချုံပုတ်လေးတွေက သစ်ကိုင်းလေးတွေကို ချိုးပြီး အချွန်အတက်မပါ၊ လုံးချောကိုင်းလေး တွေကို ရွေးပြီး တုတ်နဲ့ ကိုယ့်မစင် သန့်ရှင်းရေးလုပ်ရပါတယ်။ အညာတောမှာ တွိုင်းလက်ပေပါမလို၊ ချုံတို၊ ချုံစက တုတ်ခနောင်းတွေနဲ့ သန့်ရှင်းရေးလုပ်ကြတာကို ကြားရင် အခုခေတ်လူတွေ အံ့သြနေကြပါလိမ့်မယ်။ တုတ်တွေသုံးပြီး သန့်စင်လို့ ဟိုရှဒီရှဖြစ်မယ်တော့ မထင်ပါနဲ့၊ ဘာမှမဖြစ်ပါဘူး။ အညာဒေသ တခွင်လုံးမှာ တောထိုင်ရင်ဘာစက္ကူမှ မသုံးကြပါဘူး။ မိရိုးဖလာနှစ်ပေါင်းများစွာ တုတ်ခနောင်းနဲ့ပဲ အခင်းသွားပြီး သန့်ရှင်းကိစ္စပြီးကြတာပါ။
လှည်းခရီးမှာ ထမင်းဟင်းချက်ကြပြုတ်ကြ စားကြတဲ့ ကိစ္စကို ဆက်ပြီးပြောချင်ပါသေးတယ် လှည်းတွေရပ်၊ နွားတွေလှန်၊ မီးဖိုပြီးရင် ထမင်းကို ပထမဆုံးစချက်ပါတယ်။ အညာမှာတော့ ထမင်းရေခန်းချက်ခဲပါတယ်။ ထမင်းရည်ကို ငှဲ့ပြီး ချက်တာများပါတယ်။ ဘာလို့လဲဆိုတော့ ထမင်းရည်ကို တကယ်အရသာခံ မြိန်ရည်လျှက်ရည် သောက်ရမယ့် အာဟာရတစ်မျိုးလို့ ယူဆကြလို့ ထင်ပါရဲ့။ ထမင်းရည်ငှဲ့ပြီဆိုရင်ကလေးတွေဟာ သူသောက်မယ်၊ ငါသောက်မယ် အလုအယက်ပါပဲ။ ကြက်သွန်ဖြူကို ဓါးပြားရိုက်ပြီး ထမင်းရည်ပူပူထဲ ထည့်၊ ဆားလေး အနေတော်နဲ့ ရောမွှေသောက်၊ ဘယ်လိုအရသာရှိမှန်းမသိဘူး။ တစ်ခါတလေရောက်တော့ ထမင်းရည်က ကိုယ်မသောက်ရပဲ ခွေးအတွက် ချန်ထားပေးရတာရှိသေးတယ်။ ခုနက ပြောခဲ့သလို ခွေးဟာလည်း မိသားစုဝင်လို့ သတ်မှတ်ထားတော့ ကိုယ်နဲ့ တန်းတူကျွေး၊ တန်းတူစားပဲလေ။ လှည်းခရီးသွားရင် မီးဖိုနှစ်ဖိုလောက် ပြိုင်တည် တတ်ကြပါတယ်။ တစ်ဖိုက ထမင်းအိုး၊ တစ်ဖိုက ဟင်းအိုးပေါ့။ အညာမှာ လှည်းနားတုန်း ဟင်းချက်တာက သိပ်အကြီးအကျယ်ကြီးတော့ မဟုတ်ဘူး။ ကြက်သွန်နီ နည်းနည်းလှီးပြီး ဒယ်လေးအိုးထဲထည့်၊ ဆီလေးပါလေကာနဲ့ ရှဲကနဲ ဆီသတ်ပြီးတော့ နနွင်းလေးနည်းနည်းထည့်တယ်။ အညာမှာ ဟင်းချက်ရင် နနွင်းအမြဲသုံးပါတယ်။ ဘာချက်ချက် နနွင်းမပါမပြီးပါ။ အဲလို နနွင်း၊ ကြက်သွန်နီဆီသတ်ပြီးတော့မှ ငါးခြောက်ပိုင်းလေးတွေထည့်၊ ရေထည့်၊ ငရုတ်သီးအခြောက် ထောင်းပြီးသားခပ်များများလေးနဲ့ ဆားလေးထည့် ရောမွှေ၊ နောက်ဆုံးမှ ခရမ်းချဉ်သီး တစ်လုံးနှစ်လုံးလက်နဲ့ ချေပြီး ဒယ်ပိုင်းထဲ ထည့်လိုက်တယ်။ ပြီးတော့ ရေပွက်ပွက်ဆူလာရင် ဒယ်အိုးပေါ်ကို စလောင်းဖုံးလေး အုပ်လိုက်ပါတယ်။ စလောင်းဖုံးဆိုတာ မြေအိုး စလောင်းဖုံးပါ။ ခနနေတော့ စလောင်းဖုံးလေးဖွင့်ကြည့်ပြီး ဟင်းရည်လေးကို ဇွန်းလေးနဲ့ ခပ်ပြီး အပေါ့အငံမြည်းကြည့်၊ လိုသလို ဆားလေးထည့်၊ တစ်ခါတလေ စိတ်ကူးရရင် မန်ကျည်းမှည့်လေး နည်းနည်းပါ ထည့်မွှေလိုက်သေးတယ်။ ပြီးတော့ စလောင်းလေးပြန်အုပ်ထား၊ ခနနေတော့ စလောင်းလှပ်ကြည့်၊ ဆီကျန်ရေကျန် ရေ အနေတော်လောက်ကျန်ပြီဆိုရင် ဒယ်ပိုင်းလေးကို မီးဖိုပေါ်က ချလိုက်တော့။ အမဲခြောက်၊ ငြုပ်သီးချက် ချက်လည်း ဒီလိုပုံစံမျိုးပါပဲ။ ဒါပေမယ့် အမဲခြောက်ရောက်တော့ နည်းနည်းမာတော့ ဟင်းအိုးကို မီးဖိုပေါ်မှာ နည်းနည်းကြာကြာလေး ပိုထားပေးရတာပေါ့။ ဟင်းအိုး၊ ထမင်းအိုးကျက်တော့ စားဖို့ပြင်ကြရပြီပေါ့။ လှည်းပေါ်မှာပါတဲ့ ထန်းခေါက်ဖျာကို ထောင်ထားတဲ့ လှည်းအောက်နေရာလေးမှာ ချခင်းပြီး သံပန်းကန်ပြားတွေ စီချ၊ ထမင်းကို ပန်းကန်ပေါ်မှာ မောက်နေအောင်ပုံပြီးထည့်၊ ဟင်းပန်းကန်တွေ ဘာတွေလုပ်မနေတော့ဘဲ ဟင်းအိုးဒယ်ပိုင်းလိုက်ကို ထမင်းဝိုင်းအလယ်မှာ ချလိုက်ပါတယ်။ ပြီးတာနဲ့ တစ်ယောက်ကို ဟင်းတစ်ဖတ်ယူ၊ ရေပေါလောဟင်းရည်ကို သုံးလေးဇွန်းထမင်းပေါ်ဆမ်း၊ လက်နဲ့ အားရပါးရ ထမင်းတွေကို နယ်ပြီး စားကြပါတော့တယ်။ ဟင်းဖတ်လေးကိုတော့ တစ်ခါတည်း မစားပါဘူး။ နည်းနည်းလေးဖဲ့၊ အဲဒီဟင်းလေး ပါလေကာနဲ့ ထမင်းတစ်လုတ်အားရပါးရစား၊ ဟင်းဖတ်လေး တစ်ဖဲ့နဲ့ တစ်လုပ်စားပြီးရင် နောက်ထပ် နှစ်လုပ်လောက်ကို ဟင်းဖတ်မပါဘဲ ဟင်းရည်နဲ့နယ်စားတယ်။ ချွေတာပြီး ဟင်းတစ်ဖတ်နဲ့ လောက်အောင် စားကြတဲ့ အညာလှည်းထမင်းဝိုင်းပါ။ ဒီလို ငါးခြောက်၊ ငရုတ်သီး ဟင်းရည်ကြဲအပြင်၊ ထမင်းဝိုင်းတိုင်းမှာ မပါမဖြစ်ကတော့ ငရုတ်သီးစိမ်းတောင့်ပွနဲ့ ဆားပန်းကန်လေးပါပဲ။ ငါးခြောက်ဖတ်လေးကို ချွေတာစားပြီး ထမင်းမြိန်အောင် ငရုတ်သီးစိမ်းတောင့်ပွတွေကို တဂျွမ်းဂျွမ်းနဲ့ ဝါးစားပါသေးတယ်။ ကြုံတုန်းပြောရမယ်ဆိုရင် အညာမှာ ငရုတ်သီး၊ ခရမ်းချဉ်သီးဆိုတာ သိပ်ပေါပါတယ်။ ငရုတ်ခင်း၊ ခရမ်းချဉ်ခင်း တွေ့လို့ ကိုယ်စားဖို့လောက် ခူးယူတာကို ခိုးတယ်လို့ လုံးဝမယူဆကြပါဘူး။ စားချင်သလောက်တော့ ဝင်ခူးစားကြပဲ။ အဲတော့ လှည်းခရီးတစ်လျှောက်မှာ တွေ့ရတဲ့ ငရုတ်ခင်း၊ ခရမ်းချဉ်ခင်းတွေဟာ လှည်းသမားတွေအတွက် အပူအပင်မရှိ စိတ်ရှိ၊ လက်ရှိ ခူးယူစားလို့ ရတဲ့ နေရာတွေပါ။ လှည်းခရီး ဟင်းအကြောင်းဆက်ပြောရမယ်ဆိုရင် လမ်းဘေးမီးဖိုမှာ ဖြစ်သလို ချက်စားရတာဆိုတော့ ဖွယ်ဖွယ်ရာရာလည်း သိပ်မရှိ၊ ဟင်းလည်းအများကြီး မချက်နိုင်၊ လောက်ငှရုံစားကြရတာပါ။ အဲဒီ လှည်းဟင်းရဲ့အဓိက အနှစ်သာရက ငရုတ်သီးအခြောက် ခပ်နိုင်နိုင်လေးနဲ့ ဟင်းအရည်ခပ်များများ ပါရတာပါ။ အညာသားတွေက ဘာဟင်းမှမပါတောင် ငရုတ်သီးတောင့်ကိုက်ပြီး ထမင်းစားနိုင်ကြတဲ့သူတွေဆိုတော့ ငါးခြောက်နံ့လေးရရုံ ဟင်းကို ချက်ပြီး ငရုတ်သီး ဗုန်းပေါလအောပါတဲ့ ဟင်းအနှစ်နဲ့ဆိုတော့ ငါးခြောက်ဖတ် မပါတောင် ထမင်းစားလို့ တအားမြိန်ပြီပေါ့။ ပြီးတော့ လှည်းနားတဲ့နားမှာ မြန်မြန်ဆန်ဆန် ထမင်းစားဖို့ချက်ရ၊ ပြုတ်ရတာဆိုတော့ အချိန်ယူပြီး အချဉ်ဟင်းလို ဟင်းရည်သောက် တစ်ခွက်သပ်သပ် မချက်နိုင်တော့ပါဘူး။ အဲတော့ အရည်သောက် သဘောမျိုးရအောင် ဟင်းချက်တဲ့အခါမှာ ရေလေးများများ ထည့်ချက်ပြီး ရေပေါလောဟင်းဖြစ်အောင် ချက်ရပါတယ်။ အဲလို ဟင်းထဲမှာ ပါတဲ့ ဟင်းရည်တွေကို ရွှဲနေအောင်ဆမ်းထားတော့ ထမင်းလုပ်တွေ တစ်လုပ်ပြီးတစ်လုပ် ဆက်တိုက်သွတ်နေတာ လည်မျိုထဲမှာ မနင်ဘဲ တရှောရှော ဝင်သွားတော့တာပေါ့။ အခုပြောခဲ့တာက လှည်းတစ်စီးထဲ ခရီးသွားရင် ချက်ပြုတ်စားကြတဲ့ အကြောင်းပါ။ များသောအားဖြင့်တော့ ရွာကလူတွေ မိသားစုတွေလိုက်ခရီးဝေးသွား၊ အလုပ်လုပ်ကြမယ်ဆိုရင်တော့ အုပ်စုလိုက်ဖွဲ့ပြီးလှည်း လေးငါးခြောက်စီး သွားကြပါတယ်။ အဲဒီအခါမှာတော့ အခုလို လှည်းတစ်စီးထဲမဟုတ်ပဲ စုပေါင်းခရီးသွား၊ စုပေါင်းစားကြတဲ့အခါ ပိုပြီးတောင် လှုပ်လှုပ်ရှားရှား စိတ်ဝင်စားစရာကောင်းပါသေးတယ်။ ဂွန်ဒေါင်း၊ ဒိန်းတောင်းတွေ ပေါ်လာပြီး မြို့ချင်းဆက် ရွာချင်းဆက် လမ်းတွေပေါ်လာတော့ တဖြည်းဖြည်း တိမ်မြုပ်ပျောက်ကွယ် သွားပြီဖြစ်တဲ့ သတိရစရာ၊ လွမ်းစရာ အညာလှည်းခရီးပါ။
0 comments:
Post a Comment