သွေးဆုံးချိန် ရောက်လာတဲ့အခါမှာ သင့်စိတ်နဲ့ ခန္ဓာကိုယ် ကျန်းမာရေး ထိခိုက်သွားပြီဆိုတဲ့ အတွေးကို မတွေးသင့်ပါဘူး။ သွေးဆုံးချိန်ကို ရောက်လာချိန်မှာ ငယ်ရွယ်နုပျိုတဲ့ စိတ်နဲ့ခန္ဓာ ရရှိစေဖို့ အောက်ပါအချက်တွေကို သိထားသင့်ပါတယ်။
သင်ရဲ့ လိင်မှုဘဝက ပြီးဆုံးပြီလို့ မထင်ပါနဲ့
သွေးဆုံးပြီဆိုတာနဲ့ သင်ရဲ့ လိင်မှုဘဝက ပြီးဆုံးပြီလို့ မထင်လိုက်ပါနဲ့။ ဒီအရွယ်အထိ အမျိုးသမီးတွေမှာ တက်စတိုစတီရုန်းအဆင့် အနည်းငယ် ရှိနေတုန်းပါပဲ။ အသက်ကြီးလာတဲ့ အခါမှာ အမျိုးသားနဲ့ အမျိုးသမီးတွေရဲ့ တက်စတိုစတီရုန်း အဆင့်က လျော့ကျသွားပေမယ့် သွေးဆုံးချိန်ရောက်တဲ့အထိ တချို့ အမျိုးသမီးတွေမှာ တက်စတိုစတီရုန်းအဆင့်က မြင့်တက်နေတုန်းပဲ ရှိပါသေးတယ်။
ဟော်မုန်း အစားထိုး ကုထုံးကို လုံးဝ လျစ်လျူရှုမထားပါနဲ့
လွန်ခဲ့တဲ့ နှစ် ၂၀ တုန်းက ဟော်မုန်းအစားထိုး ကုသမှုခံယူတာက ငယ်ရွယ်နုပျိုမှုရဲ့ အခြေခံလို့ ယူဆပြီး ခံယူခဲ့ကြပေမယ့် နောက်ပိုင်းမှာ နှလုံးရောဂါထတာ၊ လေဖြတ်တာ၊ ရင်သားကင်ဆာဖြစ်တာ စတဲ့ ရောဂါတွေနဲ့ ဆက်စပ်မှုရှိတယ်လို့ တွေ့ရှိခဲ့ပါတယ်။ လတ်တလော လေ့လာမှုတွေအရ ဟော်မုန်းအစားထိုး ကုသမှုခံယူတဲ့ လူတိုင်းမှာ ဒီလို ဘေးထွက်ဆိုးကျိုးတွေကို ဖြစ်စေတာ မဟုတ်ကြောင်း သိရပါတယ်။ ဟော်မုန်းအစားထိုး ကုသမှုခံယူတဲ့ အသက်အရွယ်ပေါ် မူတည်ပြီး နှလုံးကို ကာကွယ်နိုင်စွမ်း ရှိတာလား၊ နှလုံးရောဂါထနိုင်ခြေ မြင့်တက်နေသလားဆိုတဲ့ အချက်က ပြောင်းလဲမှု ရှိနေတာ ဖြစ်ပါတယ်။ ဒါကြောင့် ဟော်မုန်း အစားထိုး ကုသမှုအတွက် ဆရာဝန်နဲ့ တိုင်ပင် ဆွေးနွေးကြည့်နိုင်ပါတယ်။
သွေးဆုံးချိန်ရောက်ရင် စိတ်ကျန်းမာရေး ထိခိုက်မှုရှိတယ်လို့ မထင်ပါနဲ့
သွေးဆုံးချိန် တစ်ခုတည်းဟာ စိတ်ဓာတ်ကျတာ အပါအဝင် စိတ်ကျန်းမာရေး ထိခိုက်မှုနဲ့ ဆက်စပ်မှု ရှိတယ်လို့ လေ့လာမှုတွေက ဖော်ပြမထားပါဘူး။ သွေးဆုံးချိန်က ဦးနှောက်နဲ့ ခန္ဓာကိုယ်အပေါ် အချက်ပြတဲ့အတွက် အဲဒီ အပြောင်းအလဲတွေကိုတော့ လက်ခံဖို့ လိုပါတယ်။ လက်မခံရင် စိတ်ဓာတ်ကျတာလို ပြင်းထန်တဲ့ ဝေဒနာတွေကို ဖြစ်စေနိုင်ပါတယ်။ ကလေးတွေ အရွယ်ရောက်ပြီး အိမ်ထောင်ကျတာ၊ အလုပ်ထဲမှာ စိတ်ပါဝင်စားမှု မရှိတာ စတဲ့အချက်တွေအပြင် ဆေးဝါးတွေ သောက်နေရတာကြောင့် အသက်ကြီးလာတဲ့အခါ စိတ်ဓာတ်ကျတာတွေလည်း ဖြစ်တတ်ပါတယ်။ ဒါကြောင့် စိတ်ဓာတ်ကျတဲ့အခါ သွေးဆုံးချိန် ရောက်လာလို့ ဆိုတာကို မတွေးတောဘဲ အစားအသောက်၊ လေ့ကျင့်ခန်းတွေကို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နည်းလမ်းအတိုင်း လိုက်နာပေးဖို့ လိုပါတယ်။
သွေးဆုံးချိန်ရောက်ရင် ကိုယ်အလေးချိန် မြင့်တက်မယ်လို့ မထင်ပါနဲ့
ကိုယ်အလေးချိန် မြင့်တက်လာတဲ့အခါ သွေးဆုံးချိန် ရောက်လာလို့ဆိုပြီး အပြစ်မတင်ပါနဲ့။ သင်စားတဲ့ အစားအသောက်ကို အမြဲစောင့်ကြည့်ပြီး ပုံမှန်လေ့ကျင့်ခန်းကို လုပ်ဆောင်ပေးတဲ့ အလေ့အထကို လိုက်နာမယ်ဆိုရင် သက်လတ်ပိုင်းအရွယ်မှာ ကိုယ်အလေးချိန် မြင့်တက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ သွေးဆုံးချိန်မှာ ပဲပိစပ်၊ ပဲပုပ်စေ့၊ ပဲနို့ စတဲ့ အစားအသောက်တွေကို စားပေးသင့်သလို သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်တွေကိုလည်း များများ စားပေးဖို့ လိုပါတယ်။ ဒါ့အပြင် လမ်းလျှောက်တာ၊ ခပ်သွက်သွက် ပြေးတာ၊ ရေကူးတာ စတဲ့ အေရိုးဗစ် လေ့ကျင့်ခန်းတွေကိုလည်း လုပ်ပေးသင့်ပါတယ်။
ကြယ်စင်
0 comments:
Post a Comment