မီဒီယာဥပဒေနှင့် ပတ်သက်၍ Conference on Media Development in Myanmar အား ၂၀၁၂ ခုနှစ်၊ မတ်လ (၁၉) ရက်နေ့တွင် ရန်ကုန်မြို့ ချက်ထရီယမ် ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ အခမ်းအနားတွင် ပြန်ကြားရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ကြီး၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်း၊ ပြည်တွင်းပြည်ပ သတင်းမီဒီယာများမှ တာဝန်ရှိ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြသည်။
ယင်း ကွန်ဖရင့်တွင်-
“မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစီ နိုင်ငံတစ်နိုင်ငံ ဖြစ်လာဖို့ မီဒီယာလောက တိုးတက်ဖို့လိုအပ်ကြောင်း၊ ထိုသို့ တိုးတက်မှုဖြစ်ပေါ်လာစေရန်မှာ သတင်းအချက်အလက်များ လွတ်လပ်စွာရယူနိုင်ရန် လိုအပ်ကြောင်း၊ မြန်မာနိုင်ငံ၏ အစိုးရအနေနှင့်လည်း ပိုမိုကောင်းမွန်သော ချဉ်းကပ်မှုများ၊ နည်းဗျူဟာများဖြင့် မီဒီယာလောကအား နိုင်ငံတကာ အဆင့်မီအောင် ပြင်ဆင်သင့်ပြီး မီဒီယာသမားများကိုလည်း နိုင်ငံတကာ အဆင့်မီသော အရည်အသွေးပြည့်ဝသော မီဒီယာသမားများဖြစ်လာစေရန် ပြုစုပျိုးထောင်ရမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်နေပြီဖြစ်သည့်အတွက် နိုင်ငံတကာမှ မိမိတို့နိုင်ငံနှင့်ကိုက်ညီသည်များကို ယူ၍ လုပ်ဆောင်ရမည်ဖြစ်ကြောင်း” အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ ဂျာနယ်လစ်များ အနေနှင့်လည်း အတူတကွပူးပေါင်းပြီး မိမိကိုယ်မိမိ ကာကွယ်နိုင်ဖို့လည်း အရေးကြီးကြောင်း၊ မီဒီယာလွတ်လပ်ခွင့်ရရန် လုံလောက်သောအင်အားနှင့် ရဲဝံ့စွာ ထုတ်ဖော်ပြောဆိုရဲမှုသည်လည်း လိုအပ်ကြောင်း၊ ထိုသို့သာတူညီမျှမှုနှင့် လွတ်လပ်စွာ ပြောဆိုရေးသားခွင့် ရှိရန်လည်း လိုကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ ဥပဒေနှင့်အညီ ဖိနှိပ်ချုပ်ချယ်ခံမှုမျိုးလည်း ရှိနိုင်ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံတွင် ရေးဆွဲတော့မည့် မီဒီယာ ဥပဒေအား နိုင်ငံတကာမှ လေ့လာပြီး စံချိန်စံညွှန်းနှင့် ကိုက်ညီမှသာ ပြဋ္ဌာန်းသင့်ကြောင်း နိုင်ငံတကာတွင် လွတ်လပ်စွာ ထုတ်ဖောပြောဆိုခွင့်နှင့် လွတ်လပ်စွာ သတင်းအချက်အလက် ရယူခွင့်ကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေကြပြီ ဖြစ်သဖြင့် မြန်မာနိုင်ငံတွင်လည်း အလေးထားလုပ်ဆောင်သွားကြရန် လိုအပ်ကြောင်း တင်ပြဆွေးနွေးခဲ့ကြသည်။
နိုင်ငံတကာတွင် မီဒီယာကဏ္ဍ၊ ဥပဒေများ လုပ်ဆောင်ရာတွင် မိမိနှင့် ကိုက်ညီသော အချက်များကိုသာ လုပ်ဆောင်ကြပြီး သတင်းထုတ်ပြန်မှုကို တားဆီးပိတ်ပင်ပိုင်ခွင့် ရှိကြောင်း၊ တည်ဆဲဥပဒေများနှင့် ညှိစွန်းလျှင် တားဆီးနိုင်သည့် အပြင်၊ ပြည်သူလူထု ဆူပူအောင် လုပ်ဆောင်သည့် သတင်းဖြစ်လျှင် တားဆီးနိုင်ကြောင်း၊ ထို့အတူ မြန်မာနိုင်ငံ၏ သတင်းထုတ်ပြန်ခွင့်သည်လည်း ပိတ်ပင်တားဆီးမှုများ ရှိခဲ့ပြီး၊ ယခုအချိန်တွင် တစ်ဆင့်ပြီး တစ်ဆင့် လျော့ချပေးနေပြီ ဖြစ်သဖြင့် ဒီမိုကရေစီ နိုင်ငံကို ရောက်ရှိရန် နီးစပ်ပြီဖြစ်ကြောင်း၊ လက်ရှိ ရှိပြီးသား ဥပဒေများကို ပြန်လည်သုံးသပ်ပြီး နိုင်ငံတကာမှာ ရှိပြီးသား ဥပဒေတွေနဲ့အညီ ပြင်ဆင်ဖို့ လိုအပ်ကြောင်း ဆွေးနွေး တင်ပြခဲ့ကြသည်။
၂၀၀၅ ခုနှစ် နောက်ပိုင်းတွင် ဂျာနယ်လစ်များကို ၁၉၆၂ ဥပဒေဖြင့် အကျဉ်းချထားခြင်း မရှိကြောင်း၊ ရာဇဝတ်ကြောင်းအရ သို့မဟုတ် အီလက်ထရောနစ် မီဒီယာဥပဒေ အရသာ အရေးယူခဲ့ခြင်းများ ရှိကြောင်း ထိုဥပဒေကို ပြန်လည်သုံးသပ်ရန် စဉ်းစားနေကြောင်း သိရသည်။
၂၀၁၂ ခုနှစ် ဒီဇင်ဘာလ မတိုင်ခင် Media Law အတည်ပြုနိုင်အောင် ကြိုးပမ်းမည်ဖြစ်ပြီး ၂၀၁၃ ခုနှစ် အစပိုင်းတွင် Media Law ကို လွတ်လပ်စွာ ကျင့်သုံးနိုင်မည်ဖြစ်ပြီး ဥပဒေအရ လွတ်လွတ်လပ်လပ် ရေးသားဖော်ပြခွင့်များ ရရှိလာနိုင်မည် ဖြစ်ကြောင်း သိရသည်။
မီဒီယာ ဥပဒေကို ချိုးဖောက်လျှင် ဌာနဆိုင်ရာ အကြီးအကဲနှင့် ကျင့်ဝတ်ထိန်းသိမ်းရေးအဖွဲ့တို့ ညှိနှိုင်း၍ ဝန်ကြီးထံ မည်ကဲ့သို့ အရေးယူသွားမည်ကို တင်ပြမည်ဟု သိရသည်။
ရုပ်မြင်သံကြားနှင့် ပတ်သက်၍ ဥပဒေ မရှိသေးဘဲ ယင်းလုပ်ငန်းနှင့် စပ်လျဉ်း၍ နိုင်ငံခြားသား ၁၀၀ ရာခိုင်နှုန်း ပိုင်ဆိုင် သည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကိုလည်း ခွင့်ပြုဦးမည် မဟုတ်ပေ။ ဂျာနယ်ပေါင်း ၂၁၂ စောင်၊ မဂ္ဂဇင်းပေါင်း ၁၈၉ စောင်နှင့် အထွေထွေထုတ်ဝေခွင့်ပေါင်း ၅၃၂ ခုတို့ကို မီဒီယာဥပဒေနှင့်အညီ လွတ်လပ်စွာရေးသား ခွင့်ပြုမည်ဖြစ်သည်။
မီဒီယာဥပဒေ ပထမ မူကြမ်းကို ရှေ့နေချုပ်ရုံးမှ မှတ်ချက်ပြန်လည် ချထားပေးပြီး ဒုတိယ မူကြမ်းကို UNESCO ကျွမ်းကျင်သူများ၊ အဆိုပါ Media Development Form မှ တင်သွင်းချက်များနှင့် ပေါင်းစည်း၍ ဂျာနယ်လစ်များ၏ သဘောထားများ ပါဝင်ကာ ထပ်မံတင်သွင်းသွားမည် ဖြစ်သည်။
၁၉၆၂ ခုနှစ်တွင် နိုင်ငံရေး ရှုပ်ထွေးခဲ့ပြီး Press Law ကို ထုတ်ပြန်ခဲ့သည်။ ပထမပိုင်းတွင် ဆင်ဆာတင်ဖို့ မလိုခဲ့သော်လည်း ၁၉၆၄ ခုနှစ်တွင် နိုင်ငံရေး စာပေများ တင်ဖို့လိုလာပြီး ၁၉၆၅ ခုနှစ်တွင် ဘာသာရေး စာပေများကို ဆင်ဆာတင်ရန် လိုအပ်လာခဲ့သည်။ ၁၉၇၁ ခုနှစ်တွင် PSRD ကို ပြည်ထဲရေး ဝန်ကြီးဌာန လက်အောက်သို့ လွှဲပြောင်းပေးခဲ့ပြီး ၁၉၇၇ ခုနှစ်တွင် ပုံနှိပ်သည့် စာများအားလုံး ဆင်ဆာတင်ရန် လိုအပ်လာခဲ့သည်။ ၁၉၈၂ ခုနှစ်တွင် PSRD အနေနဲ့ ဆင်ဆာဖြတ်ရန် စာလုံးပေါင်းများပါ စစ်ဆေးလာခဲ့သည်။
၂၀၀၄ ခုနှစ်တွင် ၆၅ စောင် PSRD သို့ ပေးခဲ့ရပြီး ၂၀၀၅ ခုနှစ်တွင် ၂၅ စောင်သာ ပေးရတော့သည်။ ၂၀၀၅ ခုနှစ်တွင် PSRD ကို ပြန်ကြားရေး ဝန်ကြီးဌာနသို့ လွှဲပြောင်းပေးခဲ့သည်။ ၂၀၀၅ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ တဖြည်းဖြည်းချင်း ဆင်ဆာဖြေလျော့မှုများ ပြုလုပ်ပေးခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် ယခင် ၄၈-၆၂ နှင့် ၆၂-၂၀၀၅ အကြားရှိ မူဝါဒများကို ရှောင်ကျဉ်၍ ပိုမိုလွတ်လပ်မှုပေးခဲ့သည်။ မီဒီယာများကို လွတ်လပ်မှုနှင့် တာဝန်ယူမှု၊ ဆင်ခြင်တုံတရားများ ကျင့်သုံးနိုင်အောင် လေ့ကျင့်ပေးခဲ့သည်။
0 comments:
Post a Comment