Pages

Tuesday, January 8, 2013

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း တက်ရောက်သော


ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း တက်ရောက်သော လွှတ်တော် ကော်မတီများ အစည်းအဝေး၏ ဆုံးဖြတ်ချက်အရ ရန်ကုန် တက္ကသိုလ် ပြန်လည် မွမ်းမံရေးနှင့် အဆင့်မြှင့်တင်ရေး ကော်မတီကို အဖွဲ့ဝင် ၁၇ ဦးပါဝင်ပြီး ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် ဖွဲ့စည်း ထားပါသည်။ ထိုကော်မတီတွင် ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီမှ အောက်ပါ ပုဂ္ဂိုလ်များ ပါဝင်ပါသည်။

* ဒေါက်တာချမ်းငြိမ်း (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)
* ဒေါက်တာစိုးရင် (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)
* ဒေါက်တာမြဦး (အမျိုးသားလွှတ်တော်ကိုယ်စားလှယ်)
* ဒေါက်တာမြဦး (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)
* ဒေါက်တာမောင်မောင်ဝင့် (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)
ပြင်ပပညာရှင်များအဖြစ် အောက်ပါပုဂ္ဂိုလ်များပါဝင်ပါသည်။

* ဒေါက်တာမြင့်သိန်း (ပါမောက္ခချုပ်-ငြိမ်း)
* ဒေါက်တာမောင်သိန်း (ဘူမိဗေဒပါမောက္ခ၊ ငြိမ်း)
* ဦးကျော်မြင့်ဦး (ပါမောက္ခချုပ်၊ ငြိမ်း)
* ဒေါက်တာတင်လှိုင် (ညွှန်ချုပ်၊ သိပ္ပံနှင့်နည်းပညာ၊ ငြိမ်း)
* ဒေါက်တာသိမ်းမြင့် (ဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဝိဇ္ဇာနှင့် သိပ္ပံ ပညာရှင်အဖွဲ့)
ပညာရေးဝန်ကြီးဌာနမှ အောက်ပါ ပုဂ္ဂိုလ်များ ပါဝင်ပါသည်။

* ဦးဇော်ဌေး (အဆင့်မြင့်ပညာညွှန်ချုပ်၊ အောက်မြန်မာပြည်)
* ဒေါက်တာမျိုးသိန်းကြီး (ဒုတိယညွှန်ချုပ်၊ အမှတ် (၁) အခြေခံပညာ)
* ဒေါက်တာတင်ထွန်း (ပါမောက္ခချုပ်၊ ရန်ကုန်တက္ကသိုလ်)
* ဒေါက်တာခင်သက်နီ (ပါမောက္ခ၊ ကုန်ထုတ်ဓာတု၊
ရန်ကုန် တက္ကသိုလ်)
* ဒေါက်တာချောချောစိန် (ပါမောက္ခ၊ နိုင်ငံတကာ ဆက်ဆံရေး)
ဤကော်မတီ၏ ပထမအကြိမ် အစည်းအဝေးကို ၂၀-၁၂-၁၂ ရက် နေ့တွင် ပြည်သူ့လွှတ်တော် အဆောင်တစ်ခုတွင် ကျင်းပခဲ့ပါသည်။ ဒေါ်အောင်ဆန်းစုကြည်က သဘာပတိအဖြစ် ဆောင်ရွက်ပြီး လုပ်ငန်း ဆပ် ကော်မတီများ ဖွဲ့စည်းပြီး ဖြစ်ပါသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အထက်ပါ ၁၅ ဦးပေါင်း ၁၆ ဦးသာ စာရင်း ဖော်ပြ ထားသော်လည်း ထိုနေ့က အစည်းအဝေးတွင် ပညာရေး ဒုတိယဝန်ကြီး ဒေါက်တာမျိုးမြင့် တက်ရောက်သဖြင့် ရန်ကုန်တက္ကသိုလ် အဆင့်မြင့်တင်ရေး လွှတ်တော် ကော်မတီ အဖွဲ့ဝင် ၁၇ ဦးဟု နားလည်နိုင်ပါသည်။

အမျိုးသားရေးကိစ္စ

ရန်ကုန် တက္ကသိုလ်ကို တက္ကသိုလ်နှင့် တူအောင် ရှေးရှေးက အတိုင်း ဂုဏ်ဒြပ်ရှိအောင် အဆင့်မြှင့်တင်ခြင်းသည် အမျိုးသားရေး ကိစ္စကြီးဟု ကျွန်တော် နားလည်ပါသည်။ အမျိုးသားရေး ကိစ္စကြီးကို ပြည်သူ့လွှတ်တော်က စေ့ဆော်ပြီး ကော်မတီဖွဲ့၍ ဆောင်ရွက်နေသဖြင့် ဝမ်းမြောက်ဖွယ်ဖြစ်ပါသည်။

သူရဦးရွှေမန်းနှင့် ပြည်သူ့လွှတ်တော်က အားတက်သရော ဆုံးဖြတ်လိုက်သည်။ ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်ပြီး လုပ် ကိုင်ရန် တာဝန်ပေးထားသည်။ လူမှန်နေရာမှန် ဖြစ်ပါသည်။

အမျိုးသား လွှတ်တော်ကလည်း ပူးပေါင်းဆောင်ရွက်ကြောင်း တွေ့ရသည်။ ပညာတတ် သမားတော်ကြီး၊ ဆေးတက္ကသိုလ် ပါမောက္ခချုပ်ဟောင်း ဖြစ်သော (ဆရာကြီး) ဒေါက်တာမြဦးက အမျိုးသားလွှတ်တော်ဘက်မှ ပါဝင် ဆောင်ရွက်နေသည်။

ပြည်ထောင်စု အစိုးရ(ပညာရေး ဝန်ကြီးဌာန)သည် ယခင်က ရန်ကုန်တက္ကသိုလ် အဆင့်မြှင့်တင်ရေး (တစ်နည်း ပြန်လည် ဖွင့်လှစ်မည့် အရေး)တွင် “အင်တင်တင်” လုပ်ခဲ့သော်လည်း ယခု လိုလိုချင်ချင် ပါဝင် လုပ်ဆောင်နေပါပြီ။ အမြင်မှန်၊ စေတနာမှန်ကို တွေ့မြင်သဖြင့် ဝမ်းသာဖွယ် ဖြစ်ပါသည်။

ရန်ကုန်တက္ကသိုလ်ကို အကြောင်းပြုသော ညီညွတ်ရေး
ရန်ကုန်တက္ကသိုလ်ကို ပြန်လည်မွမ်းမံပြီး အဆင့်မြှင့်တင်ရန် လုပ်ဆောင်နေပါပြီ။ ပါတီတစ်ခုက ဦးဆောင်ခြင်း မဟုတ်ပါ။ သူရ ဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့က အားလုံးကို စည်းရုံး သိမ်းသွင်းပြီး လုပ်ဆောင်သော အမျိုးသားရေး လုပ်ငန်းဖြစ်ပါသည်။ သမ္မတကြီး ဦးသိန်းစိန်ကလည်း (ဘာမျှပြောဆိုသံ မကြားရသော်လည်း) စိတ်တူ သဘောတူ အားပေး ထောက်ခံသည်ဟု ယုံကြည်ရပါသည်။ အဘယ်ကြောင့်နည်း။ သမ္မတကြီး သဘောမတူလျှင် ရန်ကုန်တက္ကသိုလ် အဆင့်မြှင့်တင်ရေး ကော်မတီတွင် ဘယ်လိုလုပ်ပြီး တာဝန်ထမ်းဆဲ ဒုတိယဝန်ကြီးနှင့် ပါမောက္ခချုပ်၊ ညွှန်ချုပ်၊ ပါမောက္ခများ ပါဝင် နိုင်မည်နည်း။
ဤကဲ့သို့ ညီညီညွတ်ညွတ် အားလုံး အားလုံး ပါဝင် လုပ်ဆောင် ကြမည့် အမျိုးသားရေး လုပ်ငန်းကို ကျွန်တော် မကြုံစဖူး ယခုကြုံတွေ့ ရသဖြင့် အလွန် ဝမ်းသာပါသည်။ နိုင်ငံသားအပေါင်းလည်း ဝမ်းသာ ကြပါလော့။

ရန်ကုန်တက္ကသိုလ် အဆင့်မြှင့်တင်ရေး ကော်မတီတွင် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဦးစီးခေါင်းဆောင်(ကော်မတီ ဥက္ကဋ္ဌ)အဖြစ်ပါဝင်သည်။NLD ၏ တစ်ခဲနက် ထောက်ခံမှု အသေအချာ ရရှိလေပြီ။

လွှတ်တော်တွင် အင်အားအကြီးဆုံး ဖြစ်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ကိုယ်စားလှယ် ငါးဦးလည်း ထိုကော်မတီတွင် ပါဝင်သည်။ အာဏာရ ပါတီကြီး၏ တစ်ခဲနက် ထောက်ခံမှု အသေအချာ ရရှိလေပြီ။
ပြည်ထောင်စု အစိုးရနှင့် သမ္မတကြီး၏ သဘောတူညီမှုနှင့် လုပ်ကိုင်ရန် သန္နိဋ္ဌာန်ကိုလည်း အသေအချာ တွေ့မြင်ရပါပြီ။

အဆင့်ရှိသော နိုင်ငံဂုဏ်ဆောင် တက္ကသိုလ်ကြီး ပေါ်ထွန်းရေး ကို ဟောပြော၊ ရေးသား ဆော်သြနေသော ကျွန်တော်(ကလောင်နာမည် ဘိုးလှိုင်)၏ နာမည်ရင်းသည် ဒေါက်တာတင်လှိုင်ဖြစ်ပါကြောင်း၊ အထက်ပါ ကော်မတီဝင် တစ်ယောက် ဖြစ်ပါကြောင်း ဝမ်းမြောက် ဝမ်းသာ ဖော်ပြပါသည်။

ရန်ကုန်တက္ကသိုလ် အဆင့်မြှင့်တင်ရေး အောင်မြင်ပါစေ။

ဘိုးလှိုင်
Voice
ရန်ကုန်တက္ကသိုလ် အဆင့်မြှင့်ပြုပြင်မွမ်းမံရေး အစည်းအဝေးတွင် လက်ရှိပြင်ဆင်မှုများနှင့် သင်ထောက်ကူကရိယာများ လိုအပ်မူ တို့ကိုဆွေးနွေးနေစဉ်တွေ့ရတဲ့ မေစု (4-1-2013)

0 comments:

Post a Comment