သူမမှာ
သာနိုင်တဲ့လရှိတယ်။
သူမ စကား
စန္ဒယားတလုံးလို၊ ချိုသာနွဲ့ပြောင်း
ဧည့်အလည် ဂုဏ်ဆောင်ကောင်းတယ်။
သူမဟာ
မြို့များကို ပြားချပ်
အသံကို ဆူညံရပ်တန့်
အဟန့်လည်း ကောင်းတယ်။
သူမဟာ
ရစ်သမ်ကဗျာကို မြန်စေသလို
ငှက်ဆိုတေးချင်း
နှင်းဆီမနက်
ရောင်လက်ညနေ
လှပစေသူပေါ့။
ကျွန်တော့မှာ
အရူးအမူး၊ ကဗျာတွေကူးချ
သူမအတွက် ဘဝ
ညတွေလည်း အချစ်ည
ဘ၀တွေလည်း အချစ်အလှ
ကော်ဖီတောင်မှ အချစ်ကျကျ
ရိုမန်တိက
ရိုမန်တိက
နောက်က လိုက်အော်ခဲ့ကြတယ်။
“ချစ်တယ်၊ ချစ်တယ်”
အော်တယ်.. သွေးရူးသွေးတမ်းပေါ့
သူမရဲ့ ဥပက္ခာ လျှာကြမ်းမှာ
ကမ္ဘာမီးလောင်၊ ပုလင်းထောင်၊ ဖောင်ကနဲဖွင့်
အင်ကနဲရှိုက်
ညဟာလည်း မိုက်လွန်းစွ
ဘ၀ဟာလည်း ကမ်းလွန်ဝေးပြ
ထွက်ပြေးကြဖို့ နေရာဟာ
ဗုဒ္ဓဂါယာမဟုတ်
မီးလောင်ပြင် ငုတ်တုတ်ထဲ
“မေမေရေ၊ မေမေ့သားတော့
လှလှပပ ဖျားပေါ့”
သည်းထန် အော့အန်
ကဗျာတွေ ဖန်ဆင်းခဲ့တယ်။
သူမဟာ
အသပြာအတွက်
ဂွတ်ဟုတ်အငူထက်၊ တက်ရပ်တတ်ပါသလား။
ကိုယ် သတိမထားမိ။
သူမဟာ
ရာသီစာ ကဗျာများ
ကျော်သွားတတ်ပါသလား
ကိုယ် သတိမထားမိ။
သူမဟာ
အဆောင်ယောင်အတွက်
အယောင်ဆောင်တတ်ပါသလား
ကိုယ် သတိမထားမိ၊
သူမအကြောင်း
ကိုယ် မသိပေဘူး။
ကျွန်တော်ဟာ
မသိတာကို သိချင်ယောင်ဆောင်
အသံဖွာလောင်၊ အဆန်ချောင်တယ်။
ကျွန်တော်ဟာ
ဘ၀ ပဓာန
တခဏ အဟာရ ဘာညာနဲ့
လျှာရည်စလည်း တသည်းသည်းပေါ့။
ကျွန်တော်ဟာ
သစ္စ၀ါဒီ၊ ကဗျာသီသူ
ဗမာပြည်သူ တဦးအတွက်
ရင်လေးစိတ်ပျက်၊ အရက်သောက်
ကဗျာတပုဒ်ကို ဖွားမြောက်
ဦးဏှောက်ခြောက်ခမ်း
အနာဂတ် စာတန်းကို
<ပွန်းပဲ့စွာ>
ပေးဆပ် ငိုကြွေးခဲ့ပါရဲ့။
သူမဟာ
“မဟာအချစ်၊ ကိုယ့်သစ္စာ”
ကဗျာရှည်ကို မဖတ်ဖူးလား
ဘုရားစူးထား
စကားသွားနဲ့
ခံစားချက် သွေးရည်ပေကျံ
မျက်ရည်လျှံဝေကြောင်း
ရက်ထောင်သောင်းကို
နှောင်းလူတွေမှ
သိခွင့်ရကြမယ် ထင်ပါရဲ့။
ယောဟန်အောင်
ဇန်န၀ါရီ ၁၄၊ ၁၉၈၇။
0 comments:
Post a Comment