Thursday, January 10, 2013
သဘာဝပင်လယ်ပြင်မှ အများဆုံးရရှိသော ပုစွန်များမှာ ရရှိမှု
နည်းပါးလာ၍ နိုင်ငံခြားဝင်ငွေများစွာရရှိရန်အတွက် မြန်မာနိုင်ငံရေထွက်
ပစ္စည်း ထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်းမှ အများပိုင်ကုမ္ပဏီ ဖွဲ့စည်းသွားရန် ဆွေးနွေးနေကြောင်းကို မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ အမှုဆောင် ဒုတိယဥက္ကဌ ဦးဟန်ထွန်းက အပတ်စဉ်သားငါးကဏ္ဍ အစည်းအဝေးတွင် ပြောကြားခဲ့သည်။
အများပိုင်ကုမ္ပဏီ တည်ထောင်မှုနှင့် ပတ်သက်၍ "ရေထွက်ကုန်ပစ္စည်းများအပေါ် အကောင်းဆုံးပြုပြင်ထုတ်လုပ်ရေးနှင့်
နိုင်ငံခြားသို့ တင်ပို့နိုင်တဲ့အထိ လုပ်ဆောင်သွားဖို့အတွက် အသင်းအနေနဲ့ အများပိုင်ကုမ္ပဏီ ဖွဲ့စည်းဖို့ ဆွေးနွေးနေပါတယ်။ အများပိုင်ကုမ္ပဏီ လုပ်ကိုင်ဖို့အတွက် အခြေခံအနေနဲ့တော့ ကုန်ကြမ်းပစ္စည်းရဖို့ လိုအပ်ပါတယ်။ ရေငန်၊ ရေချိုပုစွန် မွေးမြူရေးကဏ္ဍတွေမှာ အားထားလုပ်ကိုင်သွားမှာဖြစ်ပါတယ်" မြန်မာနိုင်ငံ ငါးလုပ်ငန်း
အဖွဲ့ချုပ်မှ အမှုဆောင်ဒုတိယဥက္ကဌ ဦးဟန်ထွန်းက ပြောပြသည်။
မြန်မာနိုင်ငံရှိ ပုစွန်မွေးမြူရေးကဏ္ဍတွင် လုပ်ကိုင်နေသော ဧကပေါင်း ၂၂၀၀၀၀ ကျော်ရှိနေပြီး တစ်သိန်းကျော်မှာ သမားရိုးကျ၊ မိရိုးဖလာ
အတိုင်းသာ လုပ်ကိုင်နေကြပြီး၊ သိပ္ပံနည်းကျအတိုင်း လုပ်ကိုင်ကြသည်မှာ ဧကသောင်းဂဏန်းကျော်ခန့်သာရှိကြောင်း သိရှိရသည်။
ပြည်ပသို့ ပုစွန်များတင်ပို့ရာတွင် သဘာဝပင်လယ်ပြင်မှ ဖမ်းဆီးရရှိခဲ့ပြီး လက်ရှိအချိန်တွင် သယံဇာတများမှာ ဆုတ်ယုတ်လာနေကြောင်း သိရှိရပြီး ပုစွန်မွေးမြူသော လုပ်ငန်းရှင်များမှာလည်း သိသိသာသာလျော့နည်း
လာကြောင်း သိရှိရသည်။
"အများပိုင်ကုမ္ပဏီ တည်လိုက်ရင် အရင်းအနှီးတို့ နည်းပညာတွေလိုတယ်။ ဒါတွေက ငှားရမ်းလိုရပါတယ်။ ထုတ်လုပ်မှုစရိတ်က နိုင်ငံတကာမှာ အခြားနိုင်ငံတွေထက် ယှဉ်ပြိုင်ပြီးတော့ ထုတ်လုပ်နိုင်အောင် လုပ်ရမှာဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ ပို့ကုန်လုပ်ငန်းရှင်တွေနဲ့ စက်ရုံတွေ စဉ်ဆက်မပြတ်လည်ပတ်နိုင်ဖို့လည်း ပါပါတယ်" ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ အမှုဆောင်ဒုတိယဥက္ကဌ ဦးဟန်ထွန်းက ပြောပြသည်။
အများပိုင်ကုမ္ပဏီ တည်ထောင်ရာတွင် မတည်ရင်းနှီးငွေ အနည်းဆုံး ကျပ်သန်းငါးရာ ရှိရမည်ဖြစ်ပြီး အများနှင့်သက်ဆိုင်သော ကုမ္ပဏီများ၏ ငွေးရေးကြေးရေးဆိုင်ရာ သတင်းအချက်အလက်များကို အများပြည်သူ ထင်သာမြင်သာရှိစေရန် ထုတ်ပြန်ကြေညာရမည်
ဖြစ်ကြောင်းလည်း သိရှိရသည်။
Eleven Media Group
0 comments:
Post a Comment