လေတွေက သစ်ရွက်တွေနဲ့
အချင်းချင်း စကားပြောနေတယ်။
သစ်ကိုင်းရှည်ရှည်တွေက
နေလုံးကို ခုတ်ဖြတ်လိုက်
နေလုံးက ရှောင်လိုက်၊ ရပ်လိုက်နဲ့
ငါ... တောလမ်းလေးအတိုင်း လိုက်လာတယ်။
ဟေး... ဟေး
လေတွေ ဝှေ့ပြေး၊ သစ်ရွက်ပြေးလိုက်
သူတို့ဘာသာ ပျော်မြူးနေခိုက်
ငါ့ကိုလည်း ကရုမစိုက်
ညနေကိုလည်း ရယ်မောဟားတိုက်
ပြေးသံ ဟိုက်သံ
ဝေးပြန် လိုက်ပြန်
ကန်သာတောရဲ့
ကစားပွဲ ဖွဲ့မှုမှာ
ငါ ဘယ်နေရာမှာလဲကွယ်။
အဝေးမှာ နေ
အနီးမှာ ရေ
တိမ်တွေ နီစွက်၊ လက်မျောရှည်ရှည်
ကန်ရေကို မွှေတယ်။
ဟေး.... ဟေး
ဟေး အပျိုမ
ရေခပ်ကြသကို၊ နေညိုညိုမှာ
ပုလွေတိုသံ၊ ရေစိုပြန်လာ
ဗေဒါပန်သူ ... သူမ
ဗေဒါပေးသူ... သူ
ငေးကျန်ရစ်သူတယောက် ပုလွေပျောက်
ချောက်ကပ်ကပ် အပြန်မှာ
ရင်ခုန် မြန်သူမြန်
ထရေ အန်သူအန်
ရေကန်မှာတော့ ခရေတကုံး
တိတ်တိတ်ပုန်း ကျန်တယ်။
လေတွေက
စကားရှည် မပြတ်
အရိပ်ရှည် လေလှုပ်ခတ်
ငန်းဖြူတွေ ဖြတ်ပြန်လာတော့
ကန်ရိပ်မှာထင်၊ ကူးဝင်ပူးပေါင်း
ကန်ရဲ့ ၀ိဉာဉ်အပေါင်းဟာ
အမဲရောင် အားကောင်းလာချိန်မှာလည်း
ဖြူစင်ခြင်း အတိမ်အနက်ကို
မထိမ်ဝှက် နိုင်သေးဘူး။
ယောဟန်အောင်
ဖေဖေါ်ဝါရီ ၁၁၊ ၁၉၈၇။
0 comments:
Post a Comment