Tuesday, November 27, 2012
နာဆာအဖွဲ့က အင်္ဂါဂြိုဟ်ပေါ်သို့ လွှတ်တင် ထားသည့် စက်ရုပ်ယာဉ် Curiosity သည် အင်္ဂါဂြိုဟ် ပေါ်မှ မြေသား နမူနာများကို ရယူ၍ သက်ရှိများ နေထိုင်ခြင်း ရှိ၊မရှိ စူးစမ်း
ရှာဖွေရာတွင် အင်္ဂါဂြိုဟ် ပေါ်မှ
မြေသားသည် ဟာဝိုင်ယီကျွန်း မိုနာကီယာရှိ ရေတိုက်စား ထားသည့် မီးတောင် ချော် ကျောက်နှင့် တူနေကြောင်း တွေ့ရှိ ရသည်။
Curiosity စက်ရုပ် ယာဉ်ပေါ်ရှိ ဓာတုဗေဒနှင့် ဓာတ်သတ္တု စမ်းသပ်မှု
ကိရိယာ (Che Min) ကို အသုံးပြုပြီး ပထမဦးဆုံး အင်္ဂါဂြိုဟ် မြေသားကို အမျိုးအစား ခွဲခြား နိုင် ခဲ့သည်။ အင်္ဂါဂြိုဟ်ခေါ် ဂြိုဟ်နီကြီးသည် ဖုန်မှုန့်၊ မြေမှုန့် တို့ ပြည့်နှက် နေ သည်ဟု ယခင်ယူဆ ထားသည့် အချက် ကို ယခု တွေ့ရှိချက်က ချိုးဖျက် ပစ်ခဲ့သည်။ စက်ရုပ်ယာဉ်တွင် ပါရှိသော X-ray ရောင်ခြည်တိုင်း တာကိရိယာ ဖြင့် အင်္ဂါ ဂြိုဟ်ပေါ်မှ မြေသားကို အသေးစိတ် လေ့လာခဲ့ရာမှ ယခု အဖြေရခြင်း ဖြစ်သည်။
အင်္ဂါဂြိုဟ်ပေါ်ရှိ ကျောက်သားနှင့် မြေသား နမူနာများမှ ဓာတ်သတ္တု များကို အမျိုးအစား ခွဲခြားခြင်း သည် စက်ရုပ် ယာဉ် Curiosity က အင်္ဂါဂြိုဟ်၏ ယခင် ပတ်ဝန်းကျင် အခြေအနေ များကို သိရှိ ရေး အတွက် အရေးပါသော လုပ်ငန်းတာဝန် တစ်ခုဖြစ်သည်။ အင်္ဂါဂြိုဟ်၏ မြေမှုန့်သည် လူ၏ ဆံပင် တစ်ချောင်း အရွယ်၊ အချင်း သုည ဒသမ ဝဝ၆ လက်မ ခန့်ရှိပြီး ဖဲလ်ဆဖာ၊ ပိုင်ရိုဇင်း၊ အိုလစ်ဗင်း တို့ပါဝင်သည့် မီးတောင် ချော်ကျောက် အမျိုးအစား ပင်ဖြစ်သည်ကို တွေ့ရသည်။
ထို့အပြင် Curiosity စက်ရုပ်ယာဉ် ပေါ်တွင် တပ်ဆင် ထားသည့် အင်္ဂါဂြိုဟ် ပေါ်ရှိ နမူနာ ပစ္စည်းများ အသေး စိတ်စူးစမ်း ရှာဖွေသည့် ကိရိယာ (SAM) အင်္ဂါဂြိုဟ် ပေါ်ရှိ လေထုထဲတွင် မီသိန်း ဓာတ်ငွေ့ရှိ၊ မရှိဆိုသည်ကို ထောက်လှမ်း ရှာဖွေလျက် ရှိရာ နိုဝင်ဘာ ၂ ရက်က အင်္ဂါဂြိုဟ် ပေါ်၌ မီသိန်း ဓာတ်ငွေ့ မရှိကြောင်း တွေ့ရှိခဲ့ရသည်။ ယခင်က ကမ္ဘာမှ တိုင်းတာ သိရှိထားသည့် အင်္ဂါဂြိုဟ် လေထုထဲတွင် မီသိန်း ဓာတ်ငွေ့ ရှိသည်ဟု ယူဆ ထားမှုမှာ အင်္ဂါဂြိုဟ် ပေါ်သို့ စက်ရုပ်ယာဉ်နှင့် အင်္ဂါဂြိုဟ်ပတ် ဂြိုဟ်တုများ ထောက်လှမ်းမှု အရ လေထု ထဲတွင် မီသိန်း ဓာတ်ငွေ့မရှိသည်မှာ သေချာသွားပြီဖြစ် သည်။
သက်ရှိများ နေထိုင်သည့် ကမ္ဘာကြီး၏ လေထုတွင် မီသိန်း ဓာတ်ငွေ့များ ရှိခြင်းကြောင့် အင်္ဂါဂြိုဟ် ပေါ်တွင် မီသိန်း ဓာတ်ငွေ့ရှိပါက သက်ရှိများ ရှိမည်ဟု ယူဆထားမှု ယခုတွေ့ရှိ ချက်ကြောင့် သိပ္ပံပညာ ရှင်များ မျှော်လင့် ထားသ လို ဖြစ်မလာခဲ့ပေ။ သို့သော်လည်း စက်ရုပ် ယာဉ် Curiosity ၏ သက်တမ်း ကာလ ကုန်ဆုံးရက် အချိန်များစွာ ကျန်ရှိ နေသေး၍ သိပ္ပံပညာရှင် များကအင်္ဂါဂြိုဟ်ပေါ် တွင် အလွန် သေးငယ်သည့် မိုက်ခရို ဇီဝပိုးမွှားများ နေထိုင် နိုင်ခြင်းရှိ၊ မရှိ ဆိုသည် ကို ဆက်လက်ရှာဖွေ သွားမည် ဖြစ်ပါသည်။ ။
မြ၀တီ

0 comments:
Post a Comment