Monday, 26 November 2012
ငြိမ်းချမ်းရေးဖော်ဆောင်ရန် တိုင်းရင်းသားခေါင်းဆောင်များ၏ အကြံဥာဏ်များနှင့် အတွေးအခေါ်များအား ရယူလိုကြောင်းနှင့်
ပြည်သူလူထု၏ ထောက်ခံမှုကို
ယခုထက်မက ရရှိရန်ပြုလုပ်သင့်သည်ဟု ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်သော ဆွေးနွေးပွဲတွင်
နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဆိုသည်။
“အနာဂတ် ငြိမ်းချမ်းရေးတည်ဆောက်မှုလုပ်ငန်းများအတွက် ပြည်သူ
လူထုတစ်ရပ်လုံး၏ ထောက်ခံမှုကို အခုထက်ပိုမိုရရှိစေရန် လုပ်ဆောင်နိုင်မယ်လို့ ယုံကြည်ပါတယ်။ တိုင်းရင်းသား ခေါင်းဆောင် အသီးသီး အကြံဥာဏ်များ၊ အတွေးအခေါ်များကို ရယူလိုပါတယ်၊” ဟု ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောသည်။
တိုင်းရင်းသားခေါင်းဆောင်များမှပေးသည့် အကြံပေးချက်များအပေါ်
မူတည်၍ ငြိမ်းချမ်းရေးဆိုင်ရာ နိုင်ငံရေးဆွေးနွေးပွဲ ပြုလုပ်သွားရန် အစီအစဉ်ရှိသည်ဟု ၄င်းက ဆက်ပြောသည်။
“တိုင်းရင်းသားခေါင်းဆောင်တွေကနေပေးတဲ့ အကြံဥာဏ် အတွေးအခေါ် ရရှိချက် အပေါ်မူတည်ပြီး အထိရောက်ဆုံးဖြစ်မယ့် ငြိမ်းချမ်းရေးဆိုင်ရာ
နိုင်ငံရေးဆွေးနွေးပွဲတွေကို ပြုလုပ်သွားမှာဖြစ်ပါတယ်။” ဟု ပြည်ထောင်စု
ဝန်ကြီး ဦးအောင်မင်းက ပြောသည်။
တပ်မတော်အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် ငြိမ်းချမ်းရေး တည်ဆောက်ရာတွင် တစ်ဖက်နှင့်တစ်ဖက် လက်ဆွဲနှုတ်ဆက်
ခြင်း ၊ အခွင့်အရေးပေးခြင်းတို့ဖြင့် ငြိမ်းချမ်းရေးတည်ဆောက်၍ မရနိုင်ကြောင်း ပညာရေးအတိုင်ပင်ခံတစ်ဦးကဆိုသည်။
“ငြိမ်းချမ်းရေးကို စိတ်ကူးယဉ်ဆန်ဆန် အပေါ်ယံဟန်ဆောင်မှုနဲ့ လက်ဆွဲနှုတ်ဆက်လိုက်မယ် အားလုံးဟာ ချစ်ကြတယ် ပုခုံးဖက်မယ်၊ ဒါဟာလည်း ငြိမ်းချမ်းရေး မရပါဘူး။ ဘယ်လိုမှ ရမလဲဆိုရင် ရင်ထဲအသည်းထဲက တကယ်ကို ယုံကြည်မှုရှိရှိနဲ့ တစ်ဖက်သားကို ယုံကြည်ပြီ ဆိုတော့မှ ကျွန်မတို့က ငြိမ်းချမ်းရေးကို တည်ဆောက်လို့
ရမှာပါ။ ဒါပေမဲ့ တိုတိုပြောရရင် အပြောနဲ့အလုပ်နဲ့ ညီရမှာပေါ့။” ဟု ပညာရေးအတိုင်ပင်ခံ ရှယ်လီနန်းဟွမ်လိတ်က ပြောသည်။
တပ်မတော်အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့မှာ အပစ်အခတ် ရပ်စဲရေးအတွက် လက်မှတ်ရေးထိုးခဲ့သော် လည်း ထာဝရငြိမ်းချမ်းရေး မရရှိသေးသောကြောင့် စစ်မှန်သော ပြည်ထောင်စု
စနစ်ပေါ်ထွက်လာရန် နိုင်ငံရေးပါတီများ ၊ ပြည်သူလူထုနှင့် လက်နက်ကိုင် အဖွဲ့အစည်း များ ရှေ့မှောက်၌ လွတ်လပ်စွာ ပါဝင်ဆွေးနွေးခွင့်ပေးရန် လိုအပ်သည်ဟု ငြိမ်းချမ်းရေးညှိနှိုင်း ဆွေးနွေးရေးအဖွဲ့ခေါင်းဆောင်က ဆိုသည်။
“ထာဝရငြိမ်းချမ်းရေးတည်ဆောက်ရာမှာ တစ်ဖက်တည်း တည်ဆောက်ပြီး မရနိုင်ဘူး၊ငြိမ်းချမ်းရေး တည်ဆောက်မယ် ဆိုရင် နိုင်ငံရေးပါတီ ၊ ပြည်သူလူထုနှင့် လက်နက်ကိုင် အဖွဲ့ အစည်းတွေကို လွတ်လပ်စွာ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ဆွေးနွေးနိုင်ခွင့်ရှိမှသာလျှင် နိုင်ငံတော် အစိုးရနဲ့ ပူးပေါင်းလက်တွဲပြီး နိုင်ငံတော်ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီအသွင်
ဆောင်သောစစ်မှန်တဲ့ ပြည်ထောင်စုကြီးဖြစ်နိုင်မှာ ဖြစ်တယ်” ဟု ရှမ်းပြည်ပြန်လည်တည်ထောင်ရေးကောင်စီ (RCSS) ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးညှိနှိုင်းဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် စ၀်ပေါင်ခေးကပြောသည်။
လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့အစည်းများအနေဖြင့်လည်း ထာဝရငြိမ်းချမ်းရေးအတွက် လက်မှတ်ရေးထိုးနိုင်ရန် ဆက်လက်
ကြိုးပမ်းသွားမည်ဖြစ်သည်ဟု အဖွဲ့ခေါင်းဆောင် စ၀်ပေါင်ခေးက ဆက်ပြောသည်။
အဆိုပါဆွေးနွေးပွဲသို့ နိုင်ငံတော်သမ္မတရုံးမှ ၀န်ကြီးဦးအောင်မင်း ၊ ဦးစိုးသိန်း ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များနှင့်ရှမ်းပြည်တိုးတက်ရေး
ပါတီ (SSPP/SSA) ၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် ရှမ်းပြည်နယ်အရှေ့ပိုင်း (NDAA မိုင်းလား) ၊ရှမ်းပြည်တပ်မတော်
တောင်ပိုင်း(SSA ပြည်သူ့စစ်) ၊ ရှမ်းအမျိုးသမီးလှုပ်ရှားမှုကွန်ယက် (SWAN-Thai) တို့တက် ရောက်ခဲ့ပြီး ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ ကြောင်း သိရသည်။
ဆွေးနွေးပွဲအား နိုဝင်ဘာ(၂၆)ရက်နေ့မှ(၂၈)ရက်နေ့ထိ ရန်ကုန်မြို့ရှိ
တော်ဝင်နှင်းဆီခန်းမ၌ ဆွေးနွေးကြမည် ဖြစ်သည်။
ဝင့်သင်ဇာကျော် (မြစ်မခ)
Myit Makha Mediagroup

0 comments:
Post a Comment