ချင်းမိုင်(မဇ္စျိမ) ။ ။ မြန်မာအစိုးရနှင့် အစိုးရကို ထောက်ခံသူများထံမှ လူ့အခွင့်အရေးချိုးဖောက်မှု ၁၁၄ မှု ကောက်ခံရရှိသည်ဟု ထိုင်းနိုင်ငံ ချင်းမိုင်မြို့အခြေစိုက် လူ့အခွင့်အရေးမှတ်တမ်းကွန်ရက်(မြန်မာနိုင်ငံ)က ယနေ့ ကြာသပတေးနေ့ ထုတ်ပြန်လိုက်သည်။
ပြီးခဲ့သည့် ဧပြီလမှ စက်တင်ဘာလအထိ ၆ လကြာ ကောက်ယူရရှိခဲ့ရာ အချက်အလက်များအရ အတင်းအဓမ္မ လုပ်အားပေးခိုင်းစေမှု ၂၇ မှု၊ မြေယာ သိမ်းဆည်းမှု ၂၆ မှု၊ ညှဉ်းပန်းနှိပ်စက်မှု ၂၁ မှု တို့သည် တိုင်းရင်းသား လက်နက်ကိုင်တိုက်ပွဲများ၊ အစိုးရ စစ်တပ်နှင့် စီးပွားရေးလုပ်ငန်းများကြောင့် ဖြစ်သည်ကို
လေ့လာတွေ့သည်ဟု အစီရင်ခံစာက ဆိုသည်။
“မြန်မာနိုင်ငံလူ့အခွင့်အရေး အခြေအနေ အစီရင်ခံစာ”တွင် အမည်ရ ပြည်နယ်နှင့် တိုင်း ၁၄ ခုတွင် အတင်း အဓမ္မခိုင်းစေခြင်း၊ မတရားဖမ်းဆီး နှိပ်စက်ခြင်း၊ ပုဂ္ဂလိကပိုင်ဆိုင်မှု ပစ္စည်းများ သိမ်းယူခြင်း၊ ဖျက်ဆီးခြင်း၊ လူကုန်ကူးခံရခြင်း၊ လွတ် လပ်စွာ သွားလာခွင့်၊ ပြောဆိုခွင့်၊ စုဝေးခွင့် ၊ ညှဉ်းပန်း နှိပ် စက်ခြင်း စသည့် လူ့အခွင့်အရေး ချိုးဖောက်မှု အပါ အဝင် အမျိုးအစား ၁၆ ခုတွင် ၁၁၄ မှု ချိုးဖောက်ခံရသည်ဟု ပါရှိသည်။
“မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေလုပ်နေပါပြီလို့ ပြောနေပေမဲ့ မြန်မာနိုင်ငံလုံး ဖြစ်ထွန်းမှုမဖြစ်သေးဘူး။ အထူးသဖြင့် စစ်ပွဲတွေ ရှိနေသေးတယ်။ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အများကြီးရှိနေသေးတယ်။ အဲဒီထဲ မှာ ကျွန်မတို့ ကွင်းဆင်းလုပ်သားတွေ ကောက်တဲ့အချက်ထဲမှာဆိုရင်လည်း အဓိက မြေယာသိမ်းတဲ့ ကိစ္စတွေ
ဖြစ်နေတယ်” ဟု ပလောင် အမျိုးသမီးအစည်းအရုံးမှ အဖွဲ့ဝင် လွေပိုးဖိန်းက ပြောသည်။
ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်များတွင် လူ့အခွင့်အရေး ချိုးဖောက်မှု အများဆုံးဖြစ်ကြောင်း ယင်းတို့၏ စာရင်းအရ တွေ့ရှိရသည်။
လူ့အခွင့်အရေးချိုးဖောက်ခံရမှု အခြေအနေများနှင့် ပတ်သက်၍ အချက်အလက်များ စုဆောင်းရာတွင် သက်ဆိုင်ရာ ဒေသများအလိုက် ကွင်းဆင်းလေ့လာရန် လုံခြုံရေးအရ လွတ်လပ်စွာ မကောက်ယူနိုင်ဘဲ
ဒေသအလိုက် တစ်ဦးချင်း အဆက်အသွယ်များအပေါ် အခြေခံ၍ ကောက်ယူစုဆောင်းခဲ့သည်ဟု သူက မဇ္စျိမကို ပြောသည်။
“သိပ်ပြီးပေါ်ပေါ်ထင်ထင် မလုပ်ဘူး။ ကျွန်မတို့ သွားပြီး သတင်းကောက်တဲ့အခါ အန္တရာယ်ရှိတယ်။ အမြဲတမ်း
စောင့်ကြည့်ခံရတယ်။ တောပိုင်းမှာ မသွားနိုင်ဘူး။ တိုင်းရင်းပြည်နယ် ၁၄ ခုပြောပေမဲ့ အကုန်လုံး ဒီလောက်ပဲ ရှိတယ်လို့ ပြောလို့မရဘူး။ တစ်နိုင်ငံလုံးကို ခြုံပြောလို့ မရဘူး။ ကျွန်မတို့ လက်လှမ်းမမီတာ အများကြီး ရှိတယ်”ဟု သူက ဆက်ပြောသည်။
မြေယာသိမ်းဆည်းမှုတွင် ကရင်ပြည်နယ် ဘုရင့်နောင်တပ်မြို့အနီး စက်ပစ်ကွင်းပြုလုပ်ရန်သိမ်းဆည်းခဲ့ပြီး ယင်းဒေသအခြေစိုက် တပ်ခွဲမှူးသင်တန်းတွင်
စစ်သားများ၏ ပစ်ခတ်မှုကြောင့် ဒေသခံတောင်သူများ၏ သစ်သီးများ စိုက်ပျိုးထားသော ဥယျာဉ် ခြံမြေ ဧက ၁၆ တွင် ဆုံးရှုံးမှု တန်ဖိုး ၉၆၈၄၅ဝဝ (အမေရိကန်ဒေါ်လာ ၁၁၃၄ဝ) ရှိခဲ့ပြီး ချင်းပြည်နယ် တီးတိန်မြို့နယ် လမ်းဖောက်လုပ်မှုတွင် ဒေသခံများအား အတင်းအဓမ္မခိုင်းစေခဲ့ရာ မလာနိုင်ပါက ဒဏ်ငွေအဖြစ် ကျပ် ၂ဝဝဝ(ကန်ဒေါ်လာ ၂.၅) ပေးရသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။
အခြား ကောက်ခံရရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုအသေးစိတ် အချက်အလက်များကို လာမည့်
နှစ်ဆန်းပိုင်းတွင် ထပ်မံ ထုတ်ပြန်သွားရန် စီစဉ်ထားသည်ဟု လွေပိုးဖိန်းက ပြောသည်။
မြန်မာနိုင်ငံ လူ့အခွင့်အရေးမှတ်တမ်းကွန်ယက်(မြန်မာနိုင်ငံ)ကို အိန္ဒိယ၊ ထိုင်းနယ်စပ်ရှိ နိုင်ငံရေးအကျဉ်းသား များ ကူညီစောင့်ရှောက်ရေး အသင်း(မြန်မာနိုင်ငံ)၊ ကချင်၊ လားဟူ၊ ပအိုဝ့်၊ ပလောင်၊ ချင်း၊ ရခိုင်၊ တအောင်း စသည့် တိုင်းရင်းသား အမျိုးသမီး အဖွဲ့အစည်းများ၊ လူ့အခွင့်အရေးဆိုင်ရာအဖွဲ့များ အပါအဝင် ၁၂ ဖွဲ့က စုပေါင်း၍ ၂ဝဝ၄ ခုနှစ်က စတင် တည်ထောင်ခဲ့သည်။

0 comments:
Post a Comment