Pages

Monday, November 19, 2012

အိုဘားမားပုံနှင့်အမေရိကန်အလံများ ပစ္စည်းပြတ်သည်အထိ အရောင်းသွက်



Monday, 19 November 2012

အမေရိကန်သမ္မတအိုဘားမား၏ မြန်မာပြည်ခရီးစဉ်ကို ကြိုဆိုရန် အမေရိကန်အလံနှင့် အိုဘားမားပုံပါ တီရှပ်များကို ပစ္စည်းပြတ်လပ်
သည်အထိ လာရောက်ဝယ်ယူခဲ့ကြကြောင်း တံဆိပ်ရိုက်လုပ်ငန်းများက သိရသည်။

လာရောက်ဝယ်ယူသူများမှာ အလံငယ်များနှင့် အိုဘားမားပုံပါ
တီရှပ်များကိုသာ အများဆုံးလာ ရောက်ဝယ်ယူကြပြီး အမေရိကန်ပုံပါ
အလံများကိုမူ ဌာနဆိုင်ရာများမှသာ လာရောက်ဝယ်ယူခဲ့ခြင်း
ဖြစ်ကြောင်းကိုလည်း သိရသည်။

“လာဖို့နှစ်ရက်လောက်အလိုက စရောင်းတယ်။ (၁၈) ရက်နေ့က
ကောင်လေးတွေက ကြိုဖို့ဆိုပြီးတော့ တီရှပ်တွေ လာဝယ်တယ်။ အလံသေးလေးတွေဆို ပစ္စည်းပြတ်သွားပြီ။ တီရှပ်ဆိုရင်လဲ (၁၈) ရက်နေ့ ကတည်းက ပစ္စည်းပြတ်သွားပြီ။ အခုတောင် ထပ်ရိုက်နေသေးတယ်။”ဟု ကြွယ်ကြွယ် တံဆိပ် ရိုက်လုပ်ငန်းမှတာဝန်ရှိသူတစ်ဦးက ပြောသည်။

အလံတွင် နှစ်မျိုးနှစ်စားရှိပြီး အလံကြီးများသည် ဌာနဆိုင်ရာများမှသာ အများဆုံးလာရောက်ဝယ်ယူပြီး အလံသေးနှင့်တီရှပ် များကိုမူ အိုဘားမားလာရောက်ရာတွင် သွားကြိုမည့်သူများနှင့် ပြည်သူများမှ ၀ယ်ယူခြင်းဖြစ်သည်ဟု သိရသည်။

အလံကြီးများသည် ၅ ပေ ၃ လက်မ အရွယ်ရှိပြီး တန်ဖိုးကျပ် (၁) သောင်းခန့်ရှိကာ အလံ အသေးမှာ ကျပ် ၃၅၀၀၊ ၄၀၀၀ တန်ဖိုး အသီးသီးရှိကြသည်။ တီရှပ်များတွင်လည်း ကျပ် ၅၀၀၀၊ နှင့် ၃၀၀၀ ဟူ၍ နှစ်မျိုး နှစ်စားရှိကြောင်း သိရသည်။

“ကျွန်တော်တို့ ဒီလို ရက်တိုအတွင်းမှာရောင်းရတာ ဒါနဲ့ဆို နှစ်ခေါက်ရှိပါပြီ။ ကြားဖြတ်ရွေးကောက် ပွဲတုန်းက ဒေါ်စု အင်္ကျီတွေ ရောင်းခဲ့ရတယ်။”ဟု စူပါ တံဆိပ်ရိုက်လုပ်ငန်းမှ တာဝန်ရှိသူကပြောသည်။

စူပါတံဆိပ်ရိုက်လုပ်ငန်းမှ ယခုရက်ပိုင်း အတွင်း အမေရိကန် အလံအကြီး (၅၀)ခု၊ အိုဘားမားပုံပါ တီရှပ် (၃၀၀) ခန့်၊ အလံသေး (၅၀၀) ခန့်
ရောင်းအားသွက်ခဲ့ကြောင်း သိရသည်။

အိုဘားမားမလာမီ (၃) ရက်လောက်အလိုတွင် အလံများသာရောင်းရပြီး
နိုဝင်ဘာလ (၁၈) ရက်နေ့ တွင်မူ တီရှပ်များနှင့် အလံငယ်များ ပစ္စည်းပြတ်လပ်သည်အထိ ရောင်းရခဲ့ကြောင်း သိရသည်။

အိုဘားမားပြန်ပြီးနောက်ပိုင်းတွင်လည်း လာရောက်မေးမြန်း
ဝယ်ယူသူများရှိသဖြင့် တီရှပ် အသစ်များ ထပ်မံ၍ တံဆိပ်ရိုက်ကာ ရောင်းချနေကြောင်းကိုလည်း သိရသည်။

ထက်အောင်ခန့် (မြစ်မခ)
Myit Makha Mediagroup

0 comments:

Post a Comment