Monday, 19 November 2012
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် ဂျပန်ဝန်ကြီးချုပ် ယိုရှီဟီကို နိုဒ တို့သည်
နိုဝင်ဘာလ ၁၉ ရက်နေ့တွင် (၂၁) ကြိမ်မြောက် အာဆီယံ ထိပ်သီး
ဆွေးနွေးပွဲ ကျင်းပရာ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်ရှိ Peace Palace အဆောက်အအုံ၌ တွေ့ဆုံခဲ့ကြပါသည်။
တွေ့ဆုံချိန် မိနစ်(၃၀) ကျော် ကြာမြင့်ခဲ့သော အဆိုပါ တွေ့ဆုံမှု အပြီးတွင် ဂျပန်အစိုးရမှ မြန်မာနိုင်ငံ အတွက် ယန်းငွေ သန်းပေါင်း ၅၀၀၀၀ (အမေရိကန်ဒေါ်လာ ၆၀၂ သန်း) ချေးပေးမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ချေးငွေများကို သီလ၀ါ အထူး စီးပွားရေးဇုန်၊ နယ်စပ်ဒေသ တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးတို့တွင် အသုံးပြုရန်ပေးအပ်ခဲ့ခြင်း ဖြစ်သည်ဟု
တွေ့ဆုံမှုတွင် ပါဝင်ခဲ့သည့် မြန်မာနိုင်ငံခြားရေး ၀န်ကြီးဌာနမှ
တာဝန်ရှိသူ တစ်ဦးက ပြောပါသည်။
အကျိုးဆက်အနေဖြင့် ဂျပန်နိုင်ငံမှ Mitsubishi၊ Sumitomo နှင့် Marubeni အစရှိသော ကုမ္ပဏီများ မြန်မာနိုင်ငံသို့ ၀င်ရောက်ကာ ဂျပန် ချေးငွေဖြင့် အသုံးပြုလုပ်ဆောင်မည့် စီမံကိန်းများတွင် ဦးဆောင် လုပ်ကိုင်သွားမည်ဟု သိရသည်။
ဂျပန်နိုင်ငံ အနေဖြင့် ယခုနှစ်ဦးပိုင်းက မြန်မာနိုင်ငံမှ တင်ရှိနေသော အကြွေးငွေ အမေရိကန် ဒေါ်လာ သန်း ၅၀၀၀ ကျော်အနက် သန်း ၃၀၀၀ ကျော်ကို လျှော်ပေးခဲ့သည်။ ကျန်ရှိနေသော ကြွေးမြီများကို
၂၀၁၃ ခုနှစ် ဇန်န၀ါရီလ မတိုင်မီ လျှော့ချ ပေးနိုင်ရန် ဆွေးနွေးမှုများကို ယခုတွေ့ဆုံမှု၌ ပြုလုပ်ခဲ့ကြောင်း သိရပါသည်။
ထို့အပြင် ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပမည့် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲတွင် တယ်လီဖုန်း ဆက်သွယ်ရေး
ဆိုင်ရာ ကဏ္ဍအတွက် ဂျပန်နိုင်ငံက ကူညီမည်ဟု ပြောကြားခဲ့ပြီး
ပြိုင်ပွဲဝင် မြန်မာအားကစား သမားများအတွက် ၀တ်စုံ ထောက်ပံ့ရေး များကိုလည်း ဂျပန်နိုင်ငံမှ လုပ်ဆောင် ပေးမည်ဟု သိရသည်။

0 comments:
Post a Comment