Saturday 24th November 2012

ယခုနှစ် နွေစပါး အတွက် မြန်မာ့ လယ်ယာ ဖွံ့ဖြိုးရေး ဘဏ်မှ တောင်သူ လယ်သမား များကို ငွေကျပ် သန်းပေါင်း ကိုးသောင်း ကျော်အထိ ထုတ်ချေး
ပေးသွားဖို့ ရှိတယ်လို့ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေး ဘဏ်မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ တောင်သူ လယ်သမား များကို စိုက်စရိတ် ချေးငွေ ထုတ်ချေး ပေးမှုမှာ ပြီးခဲ့တဲ့နှစ် နွေစပါး အတွက် တစ်ဧကကို ငွေကျပ် လေးသောင်း နှုန်းနဲ့ ထုတ်ချေး ပေးခဲ့တာ ဖြစ်ပြီး ယခုနှစ် မှာတော့ နွေစပါး အတွက် တစ်ဧကကို ငွေကျပ် ရှစ်သောင်း အထိ နှစ်ဆ တိုးမြှင့် ထုတ်ချေး ပေးတာ ဖြစ်ပါတယ်။

အဲ့ဒီလို ထုတ်ချေးရာ မှာတော့ ယခုနှစ် နွေစပါး အတွက်ကို နိုဝင်ဘာလ ၂၂ ရက်နေ့ အထိ ငွေကျပ်သန်းပေါင်း ၂၄၁၆၁.၆၅ သန်းကို ထုတ်ချေး ပေးခဲ့ပြီး ဖြစ်တယ် လို့လည်း သိရပါတယ်။ အဲ့ဒီ နွေစပါး အတွက် ထုတ်ချေးမှု ကိုတော့ စက်တင်ဘာလမှ ဒီဇင်ဘာလ အတွင်း ထုတ်ချေး ပေးမှာ ဖြစ်ပါတယ်။ အဲ့ဒီလို ထုတ်ချေးရာမှာ တောင်သူ လယ်သမား တစ်ဦးလျှင် အများဆုံး ၁၀ ဧက အထိ ထုတ်ချေး နိုင်ပြီး တစ်နှစ်လုံး အတွက် ငွေကျပ် ၁၀၀ ကို အတိုးနှုန်း ၈.၅ ရာခိုင်နှုန်းသာ ပေးဆောင် ရမှာ ဖြစ်ပါတယ်။ အဲ့ဒီချေးငွေ များကို တောင်သူ လယ်သမားများ အနေနဲ့ သက်ဆိုင်ရာ မြန်မာ့ လယ်ယာ ဖွံ့ဖြိုးရေး ဘဏ်ရဲ့ ဘဏ်ခွဲ ၂၀၅ ခုမှ ထုတ်ချေး နိုင်တာ ဖြစ်တယ်လို့ သိရပါတယ်။